ကယန်းကိုယ်ပိုင်အုပ်ချုပ်ရေးအိပ်မက်

ကယန်းပြည်သစ်ပါတီသည် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်မှု မရှိသည်မှာ ၂၆ နှစ်ရှိပြီဖြစ်သည်။ သို့ရာတွင် ကယန်းပြည်သူများတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရေးအတွက်မူ ကြိုးစားနေဆဲဟု အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပြောသည်။

အက်ရှ်လေဆောက်သ် ရေးသားသည်။

သစ်ပင်ကြီးများဖုံးနေသော တောင်ကုန်းထိပ်ရေဝေကုန်းတန်းများနှင့် ကယန်းတောင်ကုန်းများ၏ မတ်စောက်သော စိုက်ခင်းများက လှပသည်။ သို့သော်လည်း ယင်းအလှက ကြမ်းတမ်းသည့် ဘဝလမ်းတစ်ခုနှင့် ခြားနားနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀ မှ ၁,၅၀၀အထိရှိပြီး လိပ်သိုနှင့် စီဘူးကြား လူဦးရေကျဲပါးသော ကုန်းမြေမြင့်များက ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်အနောက်ပိုင်းတို့ကို ပိုင်းခြားထားသော တောင်ရိုးကြီးတစ်ခုကို ဖြစ်ပေါ်စေပြီး ရှမ်းပြည်နယ်တောင်းပိုင်းအထိ ကျယ်ပြန့်သည်။

နွားစာ မြင်းစာရှာရန် (အတိတ်က အမဲလိုက်နိုင်သည်အထိ) ကျယ်ပြန့်စွာကျန်ရှိနေသည့် သစ်တောများက အခွင့်အလမ်းပေးနေသော်လည်း ယင်းနယ်မြေကိုဖြတ်၍ ခရီးသွားခြင်းကမူ ခက်ခဲပြီး ကယန်းပြည်သူများမှာ တောရှင်းစိုက်ပျိုးခြင်း၊ မြေကိုအနားပေးစိုက်ပျိုးခြင်းတို့အားဖြင့် ၎င်းတို့၏လိုအပ်ချက်များ ဖြည့်ဆည်းရန် ရုန်းကန်နေကြရသည်။

ကယန်းအသိုင်းအဝိုင်းခေါင်းဆောင်များက ၎င်းတို့ပြည်သူများ၏ ကြွယ်ဝသည့်သမိုင်းအပေါ် ဂုဏ်ယူလျက်ရှိပြီး ၎င်းတို့မှာ ပထမဆုံးထောင်စုနှစ်များအတွင်း သမိုင်း၌အရေးပါခဲ့သည့် မွန်ဂိုလီးယားတို့မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ရှိစဉ်က ကယန်းလူမျိုးအများအပြားမှာ အီတလီမှ ရိုမန်ကက်သလစ်သာသနာပြုအဖွဲ့များ၏ လွှမ်းမိုးမှုအောက်တွင် ခရစ်ယာန်များဖြစ်လာခဲ့ကြသည်။ သို့ရာတွင် ကယန်းလူမျိုးများမှာ နဂါးမနှင့် လူတပိုင်းနတ်တပိုင်းယောကျ်ားတို့ သင့်မြတ်ရာမှ ဆင်းသက်လာသည်ဆိုသော ဒဏ္ဍာရီများအပါအဝင် ရိုးရာယဉ်ကျေးမှုအယူအဆများမှာ ရှင်သန်နေဆဲဖြစ်သည်။

သင်္ကြန်ကာလနှင့် တချိန်တည်းလိုပင် ကျင်းပသည့် နှစ်စဉ် ကေထိန်ဘို ပွဲတော်တွင် ဝါးလုံးစိုက်ကာ ဝိုင်းပတ်ကခုန်မှုလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာသိထားသည့် ကယား၊ ရှမ်းဘာသာဖြင့် ပဒေါင်ဆိုသည်မှာ ဌာနေတိုင်းရင်းအမည် မဟုတ်ပေ။ ကယန်းလူမျိုးများက ပြည်တွင်းမှ အမျိုးအစားခွဲမှုကို သဘောတူညီမှုမရှိခဲ့ပေ။

သို့သော် ၂၀၁၇ခုနှစ်က ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ကယန်းအမျိုးသားကွန်ဖရင့်တွင်မူ အုပ်စုခွဲလေးမျိုးသတ်မှတ်မှုကိုမူ သဘောတူညီမှုရရှိခဲ့သည်။ ယင်းတို့မှာ မြောက်ပိုင်းမှလာသူများဟု အဓိပ္ပာယ်ရသည့် လထ(ဇယိမ်းဟုလည်းခေါ်သည်)၊ တောင်ပေါ်မှလာသူများဟု အဓိပ္ပာယ်ရသည့် ကကောင် (လာဟွီး သို့မဟုတ် ပဒေါင်ဟုလည်းခေါ်သည်)၊ လွင်ပြင်များမှ လာသူများဟု အဓိပ္ပာယ်ရသည့် ကငန် (ယင်းဘော်ဟုလည်းခေါ်သည်)နှင့် တောင်ကြီး၏နောက်ဖက်မှလာသူများဟု အဓိပ္ပာယ်ရသည့် ကဒေါ့(ဂေခိုဟုလည်းခေါ်သည်) တို့ဖြစ်သည်။

ကယန်းအမျိုးသမီးများက ၎င်းတို့၏လည်ပင်းတွင် ကြေးဝါကွင်းများ ဝတ်ဆင်သည့်ဓလေ့မှာ ကျေးကျွန်အဖြစ် ဝင်ရောက်ဖမ်းဆီးခံရခြင်းမှ ကာကွယ်သည့် ပုံစံတစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်နိုင်သည်။ ဇစ်မြစ်က မည်သို့ပင်ဖြစ်စေ ယင်းအစဉ်အလာမှာ အထူးကျွမ်းကျင်သူသုတေသီအချို့ပင် မသိနိုင်သည့် ကယန်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာ တစ်ခုဖြစ်နေသည်။

တခါတရံ ခါးသည်းလှသည့် ကာလရှည်ကြာ အတွေ့အကြုံများကနေ ကယန်းလူမျိုးများ ကျယ်ပြန့်စွာ ခံယူထားသည်က ၎င်းတို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုများကနေ ချန်လှပ်ခံထားရသည်၊ အလားတူပင် ကယန်းနိုင်ငံရေးခေါင်းဆောင်များကလည်း မြန်မာ့နိုင်ငံရေးတွင် ဘေးဖယ်ခံထားရသည် ဟူသောအချက်တို့ဖြစ်သည်။

၁၉၆၄ ခုနှစ်က ကယန်းပြည်သစ်ပါတီ Kayan New Land Party (KNLP) သည် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရကို တော်လှန်ရန် လက်နက်ကိုင်စွဲခဲ့သည်။ ယင်းပါတီ၏ လက်နက်ကိုင်အဖွဲ့ KNLA က လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုခဲ့သည်။ ရိုမန်ကက်သလစ် ဘုန်းတော်ကြီးများ အပါအဝင် ပြည်ပမှခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကို စစ်အစိုးရက မြန်မာနိုင်ငံမှ နှင်ထုတ်ပြီးနောက် ဘာသာရေးလွတ်လပ်ခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ထိုင်းနယ်စပ်နှင့် ဝေးလံသည့်နေရာ၌ရှိနေသည့် ကယန်းပြည်သစ်ပါတီသည် ထိုလမ်းကြောင်းမှ ကူညီပံ့ပိုးမှု သိပ်မရပေ။ ထို့ကြောင့် ကယန်းပြည်သစ်ပါတီသည် တရုတ်နယ်စပ်တလျှောက် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခိုင်မြဲသည့် မဟာမိတ်အဖွဲ့တစ်ခုကို ထူထောင်ခဲ့သည်။

၁၉၇၉ ခုနှစ်က ယင်းပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရားဝင်မဟာမိတ်ဖွဲ့ခဲ့ပြီး ကွန်မြူနစ်ပြည်သူ့စစ် မဟာဗျူဟာ အခြေခံသဘောတရားများကို ကျင့်သုံးခဲ့သည်။ ယင်းမဟာဗျူဟာက စစ်ရေးဖွဲ့စည်းခြင်း၊ ရွာသားများကြားနေထိုင်ခြင်း၊ ကျေးလက်၌တော်လှန်ရေး အခြေစိုက်ခြင်းတို့ကို အလေးအနက်ထားသည်။ ယနေ့အချိန်ထိ ကယန်းပြည်သစ်ပါတီခေါင်းဆောင်များက ရွာသားများနှင့် အားကောင်းသည့်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ဆဲဖြစ်သည်။

ကယန်းပြည်သစ်ပါတီသည် ကုန်းမြင့်ပိုင်းမှ ရွာငယ် ၂၀၀ ခန့်ရှိနယ်မြေကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးတိုင်း လေးခုအပြင်ထပ်ပိုးထားသည်။ ဓာတ်ပုံ - အေအက်ဖ်ပ

ကယန်းပြည်သစ်ပါတီသည် ကုန်းမြင့်ပိုင်းမှ ရွာငယ် ၂၀၀ ခန့်ရှိနယ်မြေကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးတိုင်း လေးခုအပြင်ထပ်ပိုးထားသည်။ ဓာတ်ပုံ – အေအက်ဖ်ပ

၁၉၈၉ ခုနှစ်တွင် ဗကပပြိုလဲပြီးနောက် ၎င်းတို့၏လက်နက်ကိုင်တော်လှန်ရေးမှာ ကယန်းပြည်သစ်ပါတီအတွက် ခက်ခဲလာခဲ့သည်။ နိုင်ငံတကာနယ်စပ် တစ်ခုခုနှင့် ဝေးနေသည့်အတွက် ကယန်းသူပုန်များမှာ ကုန်သွယ်ရန်၊ သို့မဟုတ် အင်အားရိက္ခာပြန်လည်ဖြည့်တင်းရန်၊ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခ၏ အရပ်ဘက် ဒုက္ခသည်များအတွက် အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ခိုလှုံနိုင်ရန် အခွင့်အလမ်းနည်းပါးသည်။

၁၉၉၄ ခုနှစ်တွင် ထိုစဉ်ကအင်အား ၁,၅၀၀ ခန့်ရှိသော ကယန်းပြည်သစ်ပါတီသည် စစ်အစိုးရနှင့် အပစ်ရပ်ရေး သဘောတူခဲ့သည်။ ကယန်းပြည်သစ်ပါတီက ထိန်းချုပ်သော နယ်မြေအစိတ်အပိုင်းကို ကယားပြည်နယ် အထူးဒေသ – ၃ အဖြစ် အသိအမှတ်ပြုခဲ့သည်။

အပစ်အခတ်ရပ်စဲမှုက စေ့စပ်ညှိနှိုင်းမှုရှိသည့် နိုင်ငံရေးဖြေရှင်းမှုဆီသို့ ဦးတည်မှုမရှိခဲ့သော်လည်း ဆယ်စုနှစ်များစွာ ပဋိပက္ခဒဏ်ခံ အရပ်သားများအတွက်မူ အသက်ရှူပေါက်ရခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက အစိုးရ၊ တပ်မတော်တို့နှင့် ကယန်းပြည်သစ်ပါတီ၏ဆက်ဆံရေးတို့မှာ ယခင်ကနှင့်စာလျှင် ချောမွေ့လာခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်သည်။

ကယန်းတောင်ကုန်းများပေါ်တွင် ကယန်းပြည်သစ်ပါတီက တပ်မတော်နှင့်အတူ ယှဉ်တွဲနေနိုင်သော်လည်း ကယန်းပြည်သူများ လွတ်မြောက်ရေးကိုမူ ကတိပြုထားဆဲဖြစ်သည်။ ဆယ်စုနှစ်များစွာ ၎င်းအုပ်စု၏ လက်နက်ကိုင်တော်လှန်ရေး၌ ကျဆုံးခဲ့သည့် ကယန်းပြည်သစ်ပါတီ စစ်သားများအတွက် ဂူဗိမာန်တစ်ခုကို အထိမ်းအမှတ်အဖြစ် ခမ်းနားစွာပြုလုပ်ထားသည်။

ဂူဗိမာန်ကို ဗြိတိသျှဓနသဟာယစစ်သင်္ချိုင်းနှင့် နီးနီးကပ်ကပ် ပုံစံတူပြုလုပ်ထားဟန်ရှိပြီး အမှတ်တရစစ်သားများ၌ ကယန်းပြည်သစ်ပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ကေအိုင်အိုမှ စစ်သားများလည်း ပါသည်။

ကယန်းပြည်သစ်ပါတီသည် လက်တွေ့တွင် ၎င်း၏အနေအထားမှာ ဒွိဟဖြစ်ပြီး တပ်မတော်နှင့် နီးကပ်စွာထိတွေ့ဆက်ဆံသည့် ပြည်သူ့စစ်ပုံစံနှင့် ဆင်တူသော်လည်း ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်မှုကို ထိန်းထားရန် ၁၉၉၀ ပြည့်လွန်နှစ်များက အပစ်ရပ်ထားသည့် အဖွဲ့အနည်းငယ်ထဲက တစ်ဖွဲ့ဖြစ်သည်။

ကယန်းပြည်သစ်ပါတီခေါင်းဆောင်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဖိတ်ကြားထားသော်လည်း အဖွဲ့ကိုမူ အခက်တွေ့နေသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှ ချန်လှပ်ထားသည်။ ယင်းအခြေအနေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကယန်းတို့၏ နစ်နာချက်များ ပါဝင်မှုမရှိခြင်းက မကျေမချမ်းဖြစ်မှုကို ဦးတည်စေသည်။

ကယန်းပြည်သစ်ပါတီနှင့် ဆက်စပ်မှုရှိသော ကယန်းအမျိုးသားပါတီ၏ ဥပဒေပြုအမတ်နှစ်ဦး ၂၀၁ဝ ပြည့်နှစ်က ရွေးချယ်ခံခဲ့ရသော်လည်း ပါတီကမူ ၂၀၁၅ တွင် အမတ်နေရာတစ်ဦးမျှ မရရှိခဲ့ချေ။

သို့သော်လည်း တရားဝင်နိုင်ငံရေးပိုင်း တိုးတက်မှုရရှိရေးအတွက် ရွေးချယ်စရာများ အကန့်အသတ်ရှိနေစဉ် ကယန်းအရပ်ဘက်အဖွဲ့အစည်းကမူ ကြွယ်ဝ၍ ရွေးစရာအမျိုးမျိုးရှိနေသည်။ အတက်ကြွဆုံးအုပ်စုများတွင် ကယန်းမျိုးဆက်သစ်လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပါဝင်သည်။

၎င်းတို့နှစ်ခုပေါင်းထားသည့် ကယန်းဒေသကွန်ရက် Network of Kayan Region သည် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးရေးနှင့် အားပေးကူညီမှုတို့လုပ်ဆောင်သည်။ ကယန်းပြည်သစ်ပါတီသည် ကုန်းမြင့်ပိုင်းမှ ရွာငယ် ၂၀၀ ခန့်ရှိနယ်မြေကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးတိုင်း လေးခုအပြင်ထပ်ပိုးထားသည်။ ယင်းလေးခုမှာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ သံတောင်ကြီးမြို့နယ်၊ ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့ဖြစ်သည်။

ကယန်းပြည်သစ်ပါတီက ယင်းမြို့နယ်များနှင့်တဆက်တည်း ကရင်အခြေချနေထိုင်ရာဧရိယာများကို ပေါင်းစည်းပြီး ကယားပြည်နယ်၏ တိုးချဲ့အစိတ်အပိုင်းဖြစ်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်တစ်ခုအဖြစ် အသိအမှတ်ပြုခံချင်သည်။

ယင်းရည်မှန်းချက်ရှိသောနိုင်ငံရေးလုပ်ငန်းစဉ်ကို ကယန်းဒေသတွင် ပိုမိုလက်ဆုပ်လက်ကိုင်ပြနိုင်ပြီး ပိုမိုပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသောဆန္ဒတစ်ခုနှင့် ပေါင်းစည်းထားသည်။ ယင်းသို့လုပ်ဆောင်ရာတွင် ကယန်းယဉ်ကျေးမှုကို အသိအမှတ်ပြုခြင်းနှင့် ဈေးကွက်ဖော်ဆောင်ခြင်းတို့မှတဆင့် လုပ်ဆောင်ခြင်းလည်းပါဝင်သည်။

ရွာသားအများစုမှာ လွန်စွာဆင်းရဲပြီး တောင်ယာစိုက်ခင်းကိုသာ အားကိုးနေရပြီး စဉ်ဆက်မပြတ် စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်စွမ်းမရှိပေ။ သို့ရာတွင် မှန်ကန်သော ကူပံ့မှုနှင့်အတူ အားကောင်းသည့် ကယန်းယဉ်ကျေးမှု အမှတ်တံဆိပ်အောက်တွင် ခရီးသွားလုပ်ငန်းနှင့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလာရန် အလားအလာရှိသည်။

ကယန်းလူ့အဖွဲ့အစည်း ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုများတွင် မြန်မာနိုင်ငံရှိ များပြားလှသည့် အခြားလူ့အသိုင်းအဝိုင်းများနှင့် တူညီသော အရာတစ်ခုမှာ မူးယစ်ဆေးဝါးတလွဲသုံးမှုနှင့် အထူးသဖြင့် ယာဘကဲ့သို့ စိတ်ကြွဆေးများသုံးစွဲမှုအပေါ် စိုးရိမ်မှုဖြစ်သည်။ ၂၀၁၄ ကတည်းက ကယန်းပြည်သစ်ပါတီသည် စီဘူးအနီးတွင် ရိုးစင်းသော်လည်း ထိရောက်ဟန်ရှိသည့် မူးယစ်ဆေးဝါးဒဏ်မှ ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုကို ဖွင့်လှစ်ထားသည်။

ယခုကဲ့သို့အစီအစဉ်များက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်နိုင်ငံရေးဘဝတွင် ဘေးဖယ်ခံရသော်လည်း ယင်းကဲ့သို့ အစီအစဉ်များက ၎င်းတို့၏ကံတရားအတွက် အဓိကကျသည့်အရာများဖြစ်သည်ဆိုသည့် ကယန်းလူမျိုးများကြား အသိတစ်ခုကို မြှင့်တင်ပေးသည်။

အတိတ်ကအကြောင်းရင်းများ၊ ဇာတိမြေနှင့် နက်ရှိုင်းသည့်ဆက်စပ်မှုများနှင့်အတူ ခေတ်မီရေးအတွက် ပြောင်းလဲမှုများစွာနှင့် လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးရေးတို့တွင် ကျယ်ပြန့်သည့်စိတ်ဝင်စားမှုများ ရှိနေသော်လည်း ထူးခြားသည့်ကယန်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာကို ထိန်းသိမ်းမြှင့်တင်ရေးတို့ကိုလည်း ကျယ်ပြန့်သည့် စိတ်ဝင်စားမှုများလည်း ရှိနေသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ပန်ပက်ရွာမှ ကယန်းအမျိုးသမီးတစ်ဦးလည်တွင် ကြေးကွင်းများဝတ်ဆင်ပြီး တိုင်းရင်းသားဝတ်စုံဖြင့်တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.