ဘောလခဲမြို့နယ်ရှိ ကျေးလက်ဒေသမြင်ကွင်းတစ်ခုကို ဩဂုတ်လအတွင်း မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အနီရောင်လွှမ်းဖို့ မသေချာတဲ့ ဘောလခဲရဲ့ အစိမ်းရောင်ဇုန်

ယခင်ရေတပ် စစ်ဦးစီးချုပ်ဟောင်း ဦးစိုးသိန်း၏ရက်ရောသည့် ငွေကြေးသုံးစွဲမှုကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ဘောလခဲမြို့နယ်တွင် ထပ်မံအနိုင်ရရန် အလားအလာကောင်းနေသည်။ ထို့ပြင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကလည်း ၎င်း၏ ပြိုင်ဘက်များကိုလည်း မဲဆွယ်ရာတွင် အခက်တွေ့စေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
အိအိတိုးလွင် ရေးသားသည်။

စက်တင်ဘာလအစောပိုင်း တရားဝင်မဲဆွယ်စည်းရုံးမှုများ စတင်ခဲ့ချိန်တွင် ကယားပြည်နယ်က အမတ်လောင်းများသည် မဲဆွယ်စည်းရုံးရေးကို သောကကင်းဝေးစွာ စတင်နိုင်ခဲ့သည်။ ထူးခြားစွာပင် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ကပ်ရောဂါ ကင်းစင်နယ်မြေတစ်ခုဖြစ်ခဲ့သည်။ သို့သော် အခြားမြို့နယ်များနည်းတူ အောက်တိုဘာ၁၅ရက်တွင် ကိုဗစ်ရောဂါကို မလွှဲမရှောင်လက်ခံလိုက်ရပြီး ပထမဆုံးအတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာခဲ့ရသည်။

သို့သော်ရွေးကောက်ပွဲမတိုင်မီ  နိုဝင်ဘာ၆ရက်တွင် အဆုံးသတ်မည့် မဲဆွယ်စည်းရုံးရေးကာလအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသောလမ်းညွှန်ချက်များမှ ကယားပြည်နယ်သည် မည်သည့်အခါမျှ ကင်းလွတ်ခွင့်မရခဲ့ပေ။ ကော်မရှင်သည် မဲဆွယ်စည်းရုံးမှုများကို လူ ၅၀ဦး ထက်မကျော်ရန် ကန့်သတ်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး‌ ခြောက်ပေအကွာတွင် နေစေခြင်းနှင့် အခြားလိုက်နာရမည့်စည်းကမ်းများကို ချမှတ်ခဲ့သည်။

အဆိုပါကန့်သတ်ချက်များကြောင့် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၏ မဲဆန္ဒနယ်ငါးခုတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီရှစ်ခုမှ ကိုယ်စားလှယ်လောင်း၄၀ဦးနှင့် တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးတို့သည် မဲဆွယ်စည်းရုံးရာတွင် မည်သူမျှ အခြားသူထက် ပိုသည့်အခွင့်အရေး မရကြပေ။ ၎င်းတို့၏ နည်းဗျူဟာမှာ တစ်အိမ်တက်ဆင်းသွားကာ လူ၅၀ထက်နည်းသော လူထုစုဝေးပွဲများကို ကျင်းပခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးအမတ် ဦးကျော်သန်းသည် သူလက်ရှိအနိုင်ရထားသည့် ဘော်လခဲမြို့နယ် ၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးစားနေသူဖြစ်သည်။

“လူအများနဲ့ မဲဆွယ်ပွဲတွေလုပ်ဖို့ အဆင်မပြေဘူး။ လုပ်တဲ့သူတွေလည်း လူထုကမကြိုက်ကြဘူး။ ကျွန်တော့်ကို လူထုကသိပြီးသားပဲလေ။ အခုအချိန်မှာ ငါးနှစ်အတွင်း ကျွန်တော် ဘာတွေလုပ်ခဲ့တယ်ဆိုတာကို သူတို့ကိုပြန်ရှင်းပြတာမျိုး၊ နောက်လုပ်နိုင်မဲ့ အစီအစဉ်တွေကို ရှင်းပြတာမျိုးတော့ လုပ်နေတယ်”ဟု ၎င်းကပြောသည်။

ကယားပြည်နယ်မြေပုံ (Thibi အဖွဲ့က ဖန်တီးသည်)

ဘောလခဲမြို့၏ နိုင်ငံရေးအနေအထားသည် အခြားဒေသများနှင့် ကွဲလွဲသည်။ ထူးခြားချက်မှာ ဒေသ၏ နိုင်ငံရေးကိုဒေါ်အောင်ဆန်းစုကြည်မဟုတ်သော အခြားနိုင်ငံရေးသမားတစ်ဦးက လွှမ်းမိုးထားခြင်းဖြစ်သည်။ ထိုကဲ့သို့ မဲဆန္ဒနယ်မျိုး မြန်မာနိုင်ငံတွင် များများစားစားမရှိပေ။

ဘောလခဲသည် ပြည်ခိုင်ဖြိုးပါတီ အင်အားကောင်းသည့် နေရာတစ်ခုဖြစ်နေသည်။ တပ်မတော်နှင့် မဟာမိတ်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲမဲဆန္ဒနယ်အများစုကို သိမ်းပိုက်လိုက်ခြင်းဖြင့် ပြည်နယ်အတွင်း အစိမ်းရောင်နယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ကယားပြည်နယ်တစ်ခုလုံးတွင် ပြည်ခိုင်ဖြိုးနိုင်ခဲ့သည့် ခုနစ်နေရာအနက် လေးနေရာမှာ ဘောလခဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ကျန်ရှိနေသည့် ဘောလခဲ၏ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉)တွင် ဦးစိုးသိန်းက အနိုင်ရရှိခဲ့သည်။ တပ်မတော်ရေတပ်အကြီးအကဲဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ၎င်းသည် ပါတီအတွင်း ဂိုဏ်းဂဏတိုက်ပွဲများကြောင့် ယခင်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ခွင့်မရရှိခဲ့ပေ။ ၂၀၁၅ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ခဲ့သည့် ဦးစိုးသိန်းသည် ယခုနှစ်တွင် သူ၏မိခင်ပါတီသို့ ပြန်လာပြီး ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်း၏ချမ်းသာကြွယ်ဝမှုကို မဲဆန္ဒရှင်များအတွက်တိုက်ရိုက် သုံးစွဲခြင်းကြောင့် ဦးစိုးသိန်းသည် ဘောလခဲမြို့တွင် လူထုထောက်ခံမှုကို ဆက်လက်သိမ်းပိုက် ထားနေဆဲဖြစ်သည်။ ၎င်း၏ ငွေကြေးကြွယ်ဝမှုနှင့် ရက်ရောသည့် ပေးကမ်းလှူဒါန်းမှုများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီက ၎င်း၏ပြိုင်ဘက် အမတ်လောင်းစိုင်းလင်းလင်းဦးအတွက် မဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံးရာတွင် အဓိကစိန်ခေါ်မှု ဖြစ်နေသည်။

ဖရွန်းတီးယားမြန်မာက ယခင်ဆောင်းပါးတွင် ဖော်ပြခဲ့သကဲ့သို့ ရွေးကောက်ပွဲသည် ဘောလခဲဒေသခံများအတွက် ဝင်ငွေသီးသည့် အချိန်ကာလတစ်ခုဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဦးစိုးသိန်းကဲ့သို့ ၎င်းတို့ကို ပေးကမ်းထောက်ပံ့နိုင်ခြင်းမရှိပေ။ ယခုနှစ်မေလတွင်ဦးစိုးသိန်းသည် သိန်းတစ်ရာကျော်တန်ဖိုးရှိသည့် လူနာတင်ယာဉ်တစ်စီးကို ဘောလခဲအခြေစိုက် ထာဝရတွဲလက်များ လူမှုကူညီရေးအသင်းကို လှူဒါန်းခဲ့သည်။

“ကျွန်တော်တို့အတွက် ဦးစိုးသိန်း ဘယ်နေရာကပြိုင်ပြိုင် အရေးမကြီးဘူး။ အရေးကြီးတာ ဘောလခဲမှာပြိုင်ဖို့ပဲ”ဟု ထာဝရတွဲလက်များလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်ဦးကပြောသည်။ အသင်းသို့လှူဒါန်းမှုများကြောင့် အသင်းဝင် ၃,၂၀၀ ဦးခန့်သည် ဦးစိုးသိန်းကို မဲထည့်မည်ဟု ယုံကြည်ရသည်။

“(အဖွဲ့ဝင်)အားလုံးမဟုတ်တောင် အမာခံအဖွဲ့ဝင် ၇၂၀ရဲ့မဲကို ဦးစိုးသိန်းရဖို့ ကျွန်တော် တာဝန်ယူတယ်။ ကျွန်တော်တို့က ကျေးဇူးသိတတ်တယ်။ သူလုပ်ပေးခဲ့တာတွေအတွက် ကျွန်တော်တို့ ကျေးဇူးပြန်ဆပ်နိုင်တာ ဒါပဲရှိတယ်”ဟု ဦးဇော်ဇော်ဦးကပြောသည်။

၂၀၁၂၊ မေ၂၅ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် နိုင်ငံတကာ အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည့် စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းကို မြင်တွေ့ရစဉ်။ (အေအက်ဖ်ပီ)

ဘောလခဲမဲဆန္ဒရှင် ၈,၀၀၀ကျော်အနက် အသင်းအမာခံများ၏ မဲအရေအတွက်သည် အနည်းငယ်မျှသာဖြစ်သည့်တိုင် ဦးစိုးသိန်းအဖို့ အားသာချက်ဖြစ်ရာ ယင်းကို အင်န်အယ်လ်ဒီအမတ်လောင်းများက လျစ်လျူရှုမထားနိုင်ပေ။ 

“ပွင့်ပွင့်လင်းလင်းပြောရရင် ဦးစိုးသိန်းက လူထုထောက်ခံမှုရနေတုန်းပဲ”ဟု ဘောလခဲပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီအမတ်လောင်း‌ ဒေါ်မိမိမော်ကပြောသည်။ ဦးစိုးသိန်း၏ ထောက်ပံ့လှူဒါန်းမှုများသည် ဘောလခဲဒေသခံများ၏စိတ်ထဲတွင် အမြစ်တွယ်နေသလိုဖြစ်နေသည်ဟု ဒေါ်မိမိမော်ကပြောသည်။

“အစိုးရငွေနဲ့ဆောက်ခဲ့တဲ့ တံတားတောင်သူတို့က ဦးစိုးသိန်းတံတားလို့ ခေါ်ကြတာ”ဟု ၎င်းကပြောသည်။

သို့သော် အားလုံးသည် ပြည်ခိုင်ဖြိုးကိုထောက်ခံသူများ မဟုတ်ဟု ဒေါ်မိမိမော်က ယုံကြည်သည်။ “အစိမ်းကိုထည့်ရမလား ၊အနီကိုထည့်မလား”ဟု တွေဝေနေသူများရှိသည်ကို နားလည်ထားသည့်အတွက် မဲဆွယ်ပွဲကြီးတစ်ခုကို မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ကာ လူထုကို စိတ်ပိုင်းဖြတ်နိုင်အောင် လုပ်ချင်သည့်စိတ်ဆန္ဒ ၎င်းတွင်ရှိနေသည်။ သို့သော် ၎င်း၏ဆန္ဒသည် ကိုဗစ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများကြောင့် အကောင်အထည်ပေါ်ရန် အဟန့်အတားဖြစ်နေသည်။ 

“လူတွေ ကျွန်မတို့ဘက်ကို ပြတ်ပြတ်သားသား ထောက်ခံလာအောင် ကမ်ပိန်း (မဲဆွယ်စည်းရုံးမှု) ကြီးကြီးတစ်ခုလောက် လုပ်ပစ်ချင်တာ။ ဘောလခဲမြေကို အစိမ်းကနေ အနီကိုပြောင်းလဲနိုင်ချင်တာ”ဟု ဒေါ်မိမိမော်က ပြောသည်။

“ဒါပေမဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ထက် လူတွေရဲ့ကျန်းမာရေးကို ဦးစားပေးမှာမို့ မလုပ်ဖြစ်ပါဘူး”ဟု သူကပြောသည်။ မဲဆွယ်ပွဲကြီးအစား လက်ရှိသူလုပ်နိုင်သည်က တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခြင်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းသည် လက်တွေ့တွင် အကျိုးရှိနိုင်ပါ့မလားဆိုသည်ကို သူကိုယ်တိုင်သံသယဖြစ်နေဆဲပင်။

“ကျွန်မအတွေ့အကြုံအရ ဒေသခံတွေက ရိုးသားပြီး ခေါင်းမာတာ။ သူတို့ရဲ့ ခံယူချက်ကိုပြောင်းဖို့ တော်တော်ခက်တယ်။ ဒါဆို ဒါပဲ။ ဖျောက်နိုင်ဖို့ ခက်တယ်။ ဦးစိုးသိန်းက သူတို့အတွက်အများကြီး လုပ်ပေးတယ်။ ကျေးဇူးရှိလို့ မဲထည့်ရမယ်။ မထည့်ရင် သံသရာအထိ အကြွေးပါမယ်လို့ ထင်နေတာ”ဟု ၎င်းကပြောသည်။

ဒေါ်မိမိမော်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ရန် ဗဟိုကော်မတီ၏ အထူးအခွင့်အရေး ပေးခံရသူဖြစ်သည်။ ပါတီအခြေခံစည်းမျဉ်းအရ ယခင်ရွေးကောက်ပွဲများတွင် အခြားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူများသည် ပါတီအလံအောက်တွင်ဝင်ပြိုင်ခွင့်မရှိပေ။ ဒေါ်မိမိမော်သည် အင်န်အယ်လ်ဒီပါတီ၏ အမာခံပါတီဝင်တစ်ယောက်ဖြစ်ခဲ့သော်လည်း  ပါတီတွင်းပြဿနာများကြောင့် ပါတီမှထွက်ကာ ၂၀၁၅တွင် ဘောလခဲပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ကယားလူမျိုးစုဒီမိုကရေစီပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။ 

ဘောလခဲမြို့နယ်၊ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းကြီးက ၂၀၁၅ရွေးကောက်ပွဲတွင် ၎င်းတို့မြို့နယ်ရှိ နေရာအားလုံးတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ဒေသခံမဟုတ်သူကိုယ်စားလှယ်လောင်းများပါဝင်ခဲ့ခြင်းကြောင့်ဟု ယုံကြည်နေသည်။ 

“ဒီတစ်ခါတော့ ကျွန်တော် မရှုံးချင်ဘူး။ နေရာအများစုအနိုင်ရဖို့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ဒေါ်မိမိမော်ကို ပါတီအကျိုးအတွက်လက်ခံဖို့ ပါတီကလူကြီးတွေကို ကျွန်တော်တင်ပြခဲ့တာ”ဟု ဦးစိုင်းကြီးကပြောသည်။

ဖရွန်းတီးယားမြန်မာသည် ယခုနှစ် ဩဂုတ်လက ဘောလခဲမြို့သို့ ရောက်သောအခါဒေသခံအများစုက မည်သူ့ကိုမဲပေးရမည်ကို မဆုံးဖြတ်ရသေးဟုဆိုကြသည်။ သို့သော် ဦးစိုးသိန်းကို ထောက်ခံသည့် ခိုင်မာသောအစုအဖွဲ့က ရှိနှင့်နေပြီးဖြစ်သည်။

အင်န်အယ်လ်ဒီပါတီကို ကိုယ်စားပြု၍ ဘော်လခဲပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ယှဉ်ပြိုင်မည့် ဒေါ်မိမိမော်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် မဲဆန္ဒရှင်များကိုလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပေးခဲ့သည်။ (ဓာတ်ပုံ | ပေးပို့)

ထိုသို့ဖြစ်သော်လည်း အင်န်အယ်လ်ဒီပါတီသည် လာမည့်နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် ၂၀၁၅ကထက် ပို၍အခြေအနေကောင်းလိမ့်မည်ဟု ဦးစိုင်းကြီးက ယုံကြည်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လူထု၏အကြောက်တရားကြောင့် ကိုယ်စားလှယ်လောင်းရှာရန် အခက်အခဲများရှိခဲ့သည်။

တပ်မဟာဗျူဟာ၊ တပ်ရင်းသုံးရင်းနှင့် နယ်ခြားစောင့်တပ်တစ်ခု အခြေစိုက်ထားသည် မြို့ငယ်လေးက ဒေသခံများသည် ဒီမိုကရေစီနစ်ကျင့်သုံးသည်ဟု အစိုးရကကြွေးကြော်နေသည့်တိုင် နှစ်ပေါင်းများစွာ အမြစ်တွယ်သည့် အကြောက်တရားကို တွန်းလှန်နိုင်ခဲ့ကြဟန်မရှိပေ။ ပြည်ခိုင်ဖြိုးပါတီကို ဆန့်ကျင်ကာ အခြားပါတီများကို ထောက်ခံပါက ၎င်းတို့တွင် အန္တရာယ်ရှိနိုင်သည်ဟု ခိုင်မာစွာ ယုံကြည်ထားသောကြောင့် ဖြစ်သည်။

“အဲဒီအချိန်တုန်းက အင်န်အယ်လ်ဒီနဲ့ ပူးပေါင်းမယ်ဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေတောင်ရှိခဲ့ဖူးတယ်။ တပ်ကို ပြားပြားဝပ်နေအောင် ကြောက်ခဲ့ရတာ။ တပ်ကြီးစိုးတဲ့ ဒေသတွေမှာ လူတွေအကြီးအကျယ် ဖိနှိပ်ခံခဲ့ရတယ်။ ကျွန်တော်တို့ စစ်ဖိနပ်နဲ့ အနင်းခံဖူးပြီး ထောင်ခဏခဏ ကျခံခဲ့ရတာ။ ဒီဒေသမှာ နိုင်ငံရေးလုပ်တာ တော်ရုံစိတ်နဲ့ မရဘူး”ဟု ဦးစိုင်းကြီးက ပြောသည်။ အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် လူထု၏ စိုးရိမ်မှုများတဖြည်းဖြည်းလျော့နည်းသွားသည်ဟု သူကဆိုသည်။

“ပါတီဝင်၊ အဖွဲ့ဝင်ဖြစ်ဖို့ စိတ်ဝင်စားလာကြတယ်။ အခုဆိုပါတီဝင် ၁,၀၀၀ ကျော်နေပြီ။ ပြည်ခိုင်ဖြိုးက ဘောလခဲမှာ အနိုင်ရခဲပေမဲ့  ဗဟိုအစိုးရရဲ့ အကူအညီမပါဘဲ ဘာမှမလုပ်နိုင်ဘူးဆိုတာ လူတွေ နားလည်းလာကြပြီ။ ဒီနှစ်မှာ အစိုးရဖွဲ့နိုင်မဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးသင့်တယ်ဆိုတာကို သူတို့နားလည်လာကြပြီ”ဟု ဦးစိုင်းကြီးကပြောသည်။ 

တပ်မတော်ကြီးစိုးသည့် ဒေသဖြစ်ခဲ့သဖြင့် အင်န်အယ်လ်ဒီပါတီနှင့် ဆက်နွှယ်ရမည်ကို ကြောက်ရွံ့စိတ်များ ဘောလခဲရှိ ဒေသခံများအကြား ရှိခဲ့သည်ဟု အင်န်အယ်လ်ဒီဥက္ကဋ္ဌ (ဘောလခဲ) ဦးစိုင်းကြီးကပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အနိုင်ရပြည်ခိုင်ဖြိုးအမတ်များနှင့်  အင်န်အယ်လ်ဒီဦးဆေင်သည့် ပြည်နယ်အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အတွက် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်နယ်၏ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက ဘောလခဲမြို့သည် တိုးတက်မှုတွင် နောက်ကျကျန်ရစ်ခဲ့သည်ဟု ဒေသခံများနှင့် အမတ်များကဆိုသည်။

“ဘောလခဲမှာ အင်န်အယ်လ်ဒီအမတ်တွေ ရှုံးနိမ့်ခဲ့တော့ တစ်ခုခုဆို အစိုးရ ကျွန်တော်တို့ကို မကူညီချင်ဘူး။ ဒေသခံတွေမဲပေးလိုက်တဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက တင်ပြရင်လည်း အစိုးရက သူတို့ပြောတာတွေကို လျစ်လျူရှုလိုက်တယ်”ဟု မြို့ခံရွာသစ်ကျေးရွာမှ ဦးဝင်းမောင်ကပြောသည်။ “ဒါကြောင့် ဘောလခဲကကျန်မြို့တွေနဲ့ယှဉ်ရင် မတိုးတက်တာ အံ့သြစရာမဟုတ်ဘူး”ဟု သူကပြောသည်။

ဘောလခဲ၌ အင်န်အယ်လ်ဒီပါတီဝင်ဦးရေသည် ပြည်ခိုင်ဖြိုးပါတီဝင် ၂,၀၀၀ကျော်နှင့် ယှဉ်ပါက ထက်ဝက်နီးပါး နည်းပါးသေးသည်။ ဦးစိုးသိန်းရရှိထားသည့် လူထုထောက်ခံမှုနှင့် ၁,၂၀၀ ဝန်းကျင်ရှိသည့်တပ်မဲပေါင်းလိုက်ပါက  ပြည်ခိုင်ဖြိုးပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ထပ်မံအောင်ပွဲမခံနိုင်ဟု ယတိပြတ်မပြောနိုင်ပေ။ “ဘောလခဲမှာ အင်န်အယ်လ်ဒီက သုံးနေရာလောက်နိုင်ခဲ့ရင်တော့ ကျွန်တော် အရမ်းဂုဏ်ယူမိမှာ”ဟု ဦးစိုင်းကြီးက စိတ်အားထက်သန်စွာပြောသည်။

ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဘောလခဲပြည်သူ့လွှတ်တော်အမတ် ဦးအေးမောင်က သူ၏ပါတီသည် ဘောလခဲကိုနောက်တစ်ကြိမ် ထပ်မံပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။ 

“အင်န်အယ်လ်ဒီပါတီကြီးစိုးတဲ့လွှတ်‌တော်မှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးအမတ်တွေ အခက်အခဲရှိတာအမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေသိပါဝယ်”ဟု ဦးအေးမောင်ကပြောသည်။

ဦးအေးမောင်သည် ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော် အမတ်အဖြစ်ရွေးချယ်ခံသည့်တိုင် ယခုနှစ်ရွေးကောက်ပွဲတွင် ဦးစိုးသိန်းကို ၎င်း၏နေရာတွင် ကျေနပ်စွာယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဘောလခဲမြို့နယ် ဥက္ကဋ္ဌစောနီနီကမူ ၎င်း၏ပါတီသည် အခြားပါတီများကို လူအင်အား၊ ငွေကြေးအင်အား မယှဉ်နိုင်သဖြင့် နိုင်ဖို့မသေချာကြောင်းပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ဘောလခဲမြို့နယ်ဥက္ကဋ္ဌစောနီနီက အင်အားကြီးသည့် ပါတီကြီး နှစ်ခုကြားတွင် သူ့ပါတီ၏အခြေအနေက စိုးရိမ်စရာအခြေအနေတွင် ရောက်ရှိနေသည်ဟုဆိုသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ ပေါင်းစည်းထားသည့် နိုင်ငံရေးပါတီသစ်ဖြစ်သည်။ ပါတီသစ်သည်  ပြည်နယ်၏အခြားဒေသများတွင်  လူထုထောက်ခံမှု အားကောင်းနေသည့်တိုင် ဘောလခဲတွင် ပါတီဝင်အင်အားမှာ ၂၀၀ခန့်သာရှိသည်။ ပါတီရုံးခန်းမဖွင့်နိုင်သေးသကဲ့သို့ ငွေကြေးအင်အား တောင့်တင်းမှုလည်း မရှိပေ။

“ပါတီက ဘောလခဲအမတ်နေရာအားလုံးကို ဝင်ပြိုင်ပေမဲ့ အမတ်လောင်းတွေကို အကူအညီပေးနိုင်တာမျိုး သိပ်မရှိဘူး။ သူတို့ပိုက်ဆံနဲ့ပဲ စိုက်ပြီးလုပ်ရတာ။ ပါတီမှာလည်း ရန်ပုံငွေဆိုတာ မရှိဘူး”၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။ 

“ကျွန်တော်တို့ နိုင်ဖို့မသေချာဘူး”ဟု ၎င်းက စိတ်မသက်မသာဖြင့် ပြောသည်။

ပါတီများပေါင်းစည်းခြင်းဖြင့် အင်အားကောင်းလာသောသော တိုင်းရင်းသားပါတီများသည်မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများစွာရှိ ရွေးကောက်ပွဲမြေပုံကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားနေကြသည်။ ဘောလခဲတွင်မူ လက်ရှိရွေးကောက်ခံများသာ ဆက်လက်ကြီးစိုးနိုင်မည့် ရွေးကောက်ပွဲ အခင်းအကျင်းကို တွေ့မြင်နေရသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.