Buildings under construction at the Global South Industrial project site in the Loikaw Industrial Zone in Kayah State. (Supplied | Kayah Earthrights Action Network)
Global South Industrial ကုမ္ပဏီကဖော်ဆောင်မည့် ကယားပြည်နယ်စက်မှုဇုန်၊ စီမံကိန်းမြေနေရာရှိ အဆောက်အဦးများ တည်ဆောက်နေမှုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့ | ကယားပြည်နယ်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်)

လွိုင်ကော်မြို့က အငြင်းပွားဖွယ် သတ္တုစီမံကိန်း

ကယားပြည်နယ်မြို့တော်ရှိ စက်မှုဇုန်တွင်ဒေါ်လာသန်းပေါင်းများစွာရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ၏အဆိုပြုချက်ကို ပြည်နယ်အစိုးရက အလျင်အမြန်လက်ခံလိုက်ခြင်းသည် ဒေသခံတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် လူထုကိုဒေါသထွက်စေခဲ့သည်။

ထင်လင်းအောင်နှင့် အိအိတိုးလွင်ရေးသားသည်။

၂၀၁၈၊ ဇန်နဝါရီတွင် ကယားပြည်နယ်အစိုးရက လွိုင်ကော်စက်မှုဇုန်ကို ပြုပြင်မွမ်းမံမည့်အစီအစဉ်စတင်သည့်အခါ စိတ်ပါဝင်စားသူ စီးပွားရေးသမားများအနက် သစ်ကုန်သည် ဦးတေဇဝင်းထွန်းလည်း ပါဝင်ခဲ့သည်။

၂၀၀၇တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုက ၈၁၇ဧကကျယ်ဝန်းသည့် မြေပေါ်တွင်စက်မှုဇုန်တစ်ခု စတင်အကောင်အထည်ဖော်ခဲ့သော်လည်း လိုအပ်သည့် အခြေခံအဆောက်အအုံများမရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများကို မဆွဲဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် စက်မှုဇုန်တည်ရှိရာကွင်းပြင်ကို ထိုစဉ်က ဖမ်းဆီးရမိသော တရားမဝင်သစ်နှင့်မူးယစ်ဆေးဝါးများသိုလှောင်ရန် မြေကွက်လပ်တစ်ခုအဖြစ်သာ အစိုးရက အသုံးပြုခဲ့သည်။

ဦးတေဇဝင်းထွန်းသည် စက်မှုဇုန်တွင်အမှန်တကယ်စီးပွားရေးလုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သည်။ ၎င်းပိုင်ဆိုင်သည့် သစ်စက်သည် ၂၀၁၄တွင် စတင်လည်ပတ်ခဲ့ပြီး ၂၀၁၇အစောပိုင်းတွင် ၎င်းသည် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ရွေးကောက်ခံဥက္ကဋ္ဌဖြစ်လာခဲ့သည်။

“လျှပ်စစ်နဲ့ရေရရှိမှု ပိုကောင်းတဲ့နေရာမှာ စီးပွားရေးလာလုပ်ကြပါ။ လူတိုင်းလွိုင်ကော်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြပါ”ဟု ထိုစဉ်က ဦးတေဇဝင်းထွန်းက ဖရွန်းတီးယားမြန်မာကို ပြောခဲ့သည်။ 

အသုံးမပြုရသေးသည့် ဧက၆၀၀ကျ​ယ်သော မြေပါဝင်သည့် စက်မှုဇုန်ကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားလိုက်သည့်အခါမှ ပြည်နယ်အစိုးရသည် စက်မှုဇုန်ကို အာရုံစိုက်လာခဲ့သည်။

“အရည်အသွေးကောင်းတဲ့ အဆင့်မြင့်ပြောင်းတွေကို နိုင်ငံခြားတင်ပို့နိုင်အောင်လုပ်မယ်။ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်မယ်”ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ကပြောခဲ့သည်။

သို့သော် အဆိုပါအစီအစဉ်သည် များမကြာမီ ပြောင်းလဲသွားသည်။ ၂၀၁၈၊ ဇူလိုင်တွင် တရုတ်ကုမ္ပဏီ Hunan Global South Industrial နှင့် ပြည်တွင်းလုပ်ငန်းရှင် ရတနာကုဋေသိုက် ကုမ္ပဏီတို့သည် Global South Industrial (GSI) ကုမ္ပဏီကို ဖက်စပ်လုပ်ငန်းအဖြစ် မှတ်ပုံတင်ခဲ့သည်။ လွိုင်ကော်စက်မှုဇုန်၌ အမေရိကန်ဒေါ်လာသန်း၂၅၀တန်ဖိုးရှိ အဆင့်သုံးဆင့်ပါ စီမံကိန်းတစ်ခုလုပ်ဆောင်ရန် Myanmar-Global South Industrialကုမ္ပဏီက အဆိုပြုခဲ့သည်။ ယင်းစီမံကိန်းတွင် သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်းအပါအဝင် အုပ်ချုပ်ရေးအဆောက်အဦး၊ ဝန်ထမ်းအိမ်ယာ၊ ပန်းဥယျာဉ်၊ ဟိုတယ်စသည်တို့လည်းပါဝင်သည်။

စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော GSIကုမ္ပဏီကဆောက်လုပ်မည့် သတ္တုသန့်စင်စက်ရုံကို Hunan Global South Industrialကုမ္ပဏီက ၉၀ရာခိုင်နှုန်း (ကန်ဒေါ်လာ၄၅သန်း)နှင့် ရတနာကုဋေသိုက်ကုမ္ပဏီလီမိတက်က ၁၀ရာခိုင်နှုန်း (ကန်ဒေါ်လာငါးသန်း) ထည့်ဝင်၍ ဖော်ဆောင်ခြင်းဖြစ်သည်။

စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် စဉ်းစားသည့်အချိန်ကပင် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ဦးတေဇထွန်းဝင်းက စိုးရိမ်ခဲ့သည်။ အထူးသဖြင့် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့သည် အရွယ်အစားကြီးမားသည့် ယင်းစီမံကိန်းအကောင်အထည်ဖော်မှုကို အားတက်သရော ထောက်ခံသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်မှုဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏အစီအစဉ်များကို ၂၀၁၈၊ စက်တင်ဘာ၂၈ရက်တွင် ကယားပြည်နယ်အစိုးရကို တရားဝင်တင်ပြသသည့်အခါ ၎င်းကို တက်ရောက်ရန်ပင် ဖိတ်ကြားခြင်းမရှိတော့ဟု ဦးတေဇဝင်းထွန်းက ဆိုသည်။ အောက်တိုဘာ၁ရက်တွင် အဆိုပါကုမ္ပဏီက စီမံကိန်းအကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရကို တရားဝင်အဆိုပြုလွှာတင်သွင်းခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏများပြား၍ အဆိုပါစီမံကိန်းသည် ၎င်း၏ ဆုံးဖြတ်ပိုင်ခွင့်ဘောင်အတွင်းမရှိသည့်တိုင် ကိုးရက်အကြာတွင် စီမံကိန်းကို ကန့်ကွက်ရန်မရှိကြောင်း ပြည်နယ်အစိုးရက ထောက်ခံချက်ပေးခဲ့သည်။

သို့သော် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦီးတေဇဝင်းထွန်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာတစ်ခုဖြစ်လာခဲ့သည်။ နောက်ဆုံး ထိုနှစ်၊ ဒီဇင်ဘာတွင် ပြည်နယ်ဝန်ကြီးချုပ်က ၎င်းကို ကော်မတီက တရားဝင်ထုတ်ပယ်လိုက်သည်။

“ကျွန်တော်တာဝန်ယူခဲ့စဉ်က ဒီစက်ရုံကိုလုပ်ကိုင်ခွင့်ပေးလိုက်တဲ့အခါမှာ ဇုန်ကော်မတီကိုအသိမပေးဘူး။ မြေနေရာကိုလည်း အစိုးရအဖွဲ့ကပဲသတ်မှတ်ပြီး ပေးလိုက်တယ်။ နောက်ပြီး EIA (ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း), SIA (လူမှုဘဝထိခိုက်မှုဆန်းစစ်ခြင်း) လုပ်ငန်းစဉ်တွေကို လုပ်တာကိုင်တာ မတွေ့ရတဲ့အတွက် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့က ကော်မတီရဲ့ထောက်ခံချက်ကိုလည်း မယူဘူး၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောဆန္ဒနဲ့ပဲ ခွင့်ပြုပေးလိုက်တယ်။ အဲဒီအချိန်က ကော်မတီအဖွဲ့အနေနဲ့ လွှတ်တော်ကိုလည်း တိုင်စာတွေပို့တာလုပ်ခဲ့ပါသေးတယ်။ တိုင်စာတွေပို့ပြီးတဲ့နောက်ပိုင်းမှာ ကော်မတီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာ ဖြစ်လာခဲ့တယ်။ ကျွန်တော်ကတော့ ပြုတ်သွားတယ်”ဟု ဉီးတေဇဝင်းထွန်းကပြောသည်။

ယခင်က စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များကို မဲပေးသည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်၍ ခန့်အပ်ခဲ့သော်လည်း ၂၀၁၈၊ ဒီဇင်ဘာ၂၈ရက်တွင် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုသည် အဖွဲ့ဝင် ၁၄ဦးပါကော်မတီကို ဖျက်သိမ်းလိုက်ပြီး အဖွဲ့ဝင်ကိုးဉီးပါဝင်သည့် ကော်မတီသစ်ကို ၎င်းရွေးချယ်ထားသူများနှင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကော်မတီအသစ်က စက်မှုဇုန်အပိုင်း(၁)ကို စီမံခန့်ခွဲရန်ဖြစ်ပြီး သတ္တုသန့်စင်စက်ရုံတည်ဆောက်မည့် မြေနေရာများပါဝင်သော စက်မှုဇုန်အပိုင်း(၂)ကို ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စီမံခန့်ခွဲမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

ဦီးတေဇဝင်းထွန်း၏နေရာတွင် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်းမော်ကိုကော်မတီဥက္ကဋ္ဌအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က အစားထိုးခန့်အပ်ခဲ့သည်။

ဦးဝင်းမော်သည် ယခင်စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး GSIကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်တစ်ဉီးဖြစ်သည်။ ၎င်းသည် GSIကုမ္ပဏီက အကောင်အထည်ဖော်မည့်စီမံကိန်းတွင် အစုရှယ်ယာ၁၀ရာခိုင်နှုန်းထည့်ဝင်ထားသော ပြည်တွင်းကုမ္ပဏီကို ဉီးဆောင်နေသူလည်းဖြစ်သည်။ ဉီးဝင်းမော်ကို ခန့်အပ်လိုက်သည့် အဓိကအကြောင်းအရင်းမှာ အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကို ကန့်လန့်မတိုက်ဘဲ၊ ‌ထောက်ခံအားပေးမည့်သူကို ရွေးချယ်ခြင်းဖြစ်ကြောင်း ဉီးတေဇာဝင်းထွန်းကပြောသည်။

စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သည့် အမိန့်ကြော်ငြာစာတွင် အရေးကြီးသောပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး ကော်မတီသည်မြေနှင့်လုပ်ငန်းကိစ္စများကို ပြည်နယ်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ရန်၊ ပြည်နယ်အစိုးရက ပေးအပ်သောတာဝန်များကို လိုက်နာဆောင်ရွက်ရန်‌ သတိပေးချက်များလည်း ပါဝင်လာသည်။ 

၎င်း၏လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်ကော်မတီဝင်များ မရှိတော့သည့်နောက်ပိုင်း ပြည်နယ်အစိုးရအဖွဲ့သည် စီမံကိန်းကို ရှေ့တိုးလုပ်ဆောင်လာသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၉၊ ဇူလိုင်၆ရက်တွင် လွိုင်ကော်မြို့နယ်၊ နွားလပိုးကျေးရွာအနောက်ဘက်၊ စက်မှုဇုန်အပိုင်း(၂)ရှိ မြေ၁၁၃ဧကပေါ်တွင် GSIကုမ္ပဏီအား စက်ရုံတည်ဆောက်ခွင့်ပြုလိုက်သည်။ အစိုးရခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုသက်တမ်းမှာ နှစ်၅၀ဖြစ်သည်။ 

ကော်မတီဥက္ကဋ္ဌသစ် ဦးဝင်းမော်၏လက်ထောက် ဦးတင်ထွန်းကမူ ၎င်းတို့ဖော်ဆောင်မည့် စီမံကိန်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

“စက်မှုဇုန်ကို အပိုင်းတစ်၊ အပိုင်းနှစ်ဆိုပြီး ခွဲပြီးတာဝန်ယူတာဖြစ်ပါတယ်။ သတ္တုစက်ရုံရှိတာက အပိုင်းနှစ်ထဲမှာပါ။ အဲဒါကြောင့် ဒီစက်ရုံကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှပြောလို့မရပါဘူး”ဟု ဦးတင်ထွန်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

၂၀၁၈အတွင်း အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို မြင်တွေ့ရစဉ်။ (Wikimedia Commons)

ဒေသခံများ၏ စိုးရိမ်မှု

သတ္တုသန့်စင်ခြင်းလုပ်ငန်းက ထွက်ရှိသည့် စွန့်ပစ်အညစ်အကြေးများတွင် သတ္တုဓာတ်နှင့် အက်စစ်ဓာတ်များပါဝင်မည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများစွာရှိလာမည့်အပေါ် ဒေသခံများက စိုးရိမ်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ကနဉီးပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (IEE )၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ( EIA)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)များနှင့် သဘာဝအရင်းအမြစ်များတူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ( EITI )စသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဒေသခံများကို သတင်းအချက်အလက် အသိပေးမှုအားနည်းလျက်ရှိသည်ဟု ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက် (KMIW) အဖွဲ့ဝင်များက ဆိုသည်။ ယင်းအခြေအနေတွင် စီမံကိန်းကို လျင်မြန်စွာအကောင်အထည်ဖော်နေခြင်းက ဌာနေတိုင်းရင်းသားများ၏ စိုးရိမ်စိတ်ကို ပို၍ကြီးထွားလာစေကြောင်း KMIW အဖွဲ့ဝင်များက ပြောသည်။

“ကယားပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်တဲ့အခါမှာ ဝင်လာတဲ့စီမံကိန်းတိုင်းက အစိုးရပိုင်းကရော၊ ကုမ္ပဏီလုပ်ငန်းရှင်ပိုင်းကရော ပွင့်လင်းမြင်သာမှုနည်းတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတယ်။ ပြည်နယ်ကသာ ကျဉ်းကျဉ်းလေးဆိုပေမဲ့ မတရားမှုတွပြည့်နှက်နေတဲ့ စီမံကိန်းကြီးတွေရဲ့ ဂယက်တွေကို ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြန်သုံးသပ်ဖို့လိုလာပါပြီ”ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအရပ်ဘက်လူမှုမဟာမိတ်အဖွဲ့ (MATA)က အဖွဲ့ဝင် ဉီးစိုးမိုးကပြောသည်။ 

ဒေသခံအရက်ဘက်အဖွဲ့အစည်းများ၊ စီမံကိန်းကိုစောင့်ကြည့်လေ့လာသူများသည် သြဂုတ် ၂၈ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှုကင်းမဲ့စွာ ဖော်ဆောင်နေသည့်အဆိုပါစီမံကိန်းနှင့်ပတ်သတ်၍ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ “ပူးပေါင်းကြံစည်မှု”ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာတွင် တရုတ်ကုမ္ပဏီ၊ ပြည်နယ်အစိုးရ၊ အစိုးရနှင့်အပစ်ရပ်ထားသည့်လက်နက်ကိုင်အဖွဲ့တို့အကြား သုံးပွင့်ဆိုင်လှုပ်ရှားမှုကို အသေးစိတ်ရှင်းပြထားသည်။ 

“ဒီလို ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မယ့်လုပ်ငန်းတစ်ခုကို ခွင့်ပြုမိန့်ပေးလိုက်တဲ့ အချိန်ကာလက အရမ်းကိုတိုလွန်းတယ်”ဟု ကယားပြည်နယ်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက် (KEAN) အဖွဲ့ဝင် စောဂျော်နီမင်းက ပြောသည်။ 

GSIကုမ္ပဏီသည် တစ်နှစ်လျှင် သတ္တုကုန်ကြမ်းတန်ချိန် ၇၄၀,၀၀၀ခန့်ကို အသုံးပြု၍ ကုန်ချောတန်ချိန် ၅,၀၀၀ကို ထုတ်လုပ်သွားမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရရှိသည့် နှစ်၅၀ကာလအတွင်း ကုန်ကြမ်းတန်ချိန် ၃၇သန်းခန့် သုံးစွဲသွားမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သတ္တုကုန်ကြမ်းများကို လွိုင်ကော်မြို့နှင့် ကပ်လျက်ရှိသည့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ကဆန်းဒေသရှိ သတ္တုတွင်းစီမံကိန်းတစ်ခုတွင် တူးဖော်မည်ဖြစ်သည်။

ကုန်ကြမ်းထုတ်မည့် ဖယ်ခုံမြို့နယ်အတွင်းက အဆိုပါသတ္တုတူးဖော်ရေးစီမံကိန်းကို GSIကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Southern Non-Ferrous Metalကုမ္ပဏီက ၂,၄၈၈ဧက ကျယ်သည့်မြေတွင် လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းအတွက် SNMကုမ္ပဏီကပင် ယင်းဒေသတွင် မြေ၆၆၇ဧကအတွက် လုပ်ကိုင်ခွင့်ထပ်မံလျှောက်ထားကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြေ ၉,၆၆၉ဧကတွင်လည်း Myanmar Kayan Southern International ကုမ္ပဏီအမည်ဖြင့် သတ္တုရှာဖွေရေးအတွက် ခွင့်ပြုချက်လျှောက်ထားခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

GSIကုမ္ပဏီက အဆိုပါကုန်ကြမ်းများအတွက် စွန့်ပစ်ပစ္စည်းများ မည်သို့စီမံခန့်ခွဲမည်ကို ပွင့်လင်းမြင်သာစွာချပြမှုမရှိသည့်အပြင် စက်ရုံတည်ဆောက်ရန် စက်မှုဇုန်ဧရိယာအတွင်းပါဝင်သော စိုက်ပျိုးမြေများကို တစ်ဧကလျှင် ငွေကျပ်သိန်း၈၀နှုန်းဖြင့် ဝယ်ယူခဲ့သောကြောင့်လည်း ဒေသခံများက မကျေမနပ်ဖြစ်ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံတည်ရာနေရာသည် စက်မှုဇုန်အတွင်းဖြစ်သော်လည်း လွိုင်ကော်မြို့နှင့် နှစ်မိုင်ခန့်သာ ကွားဝေးပြီး စီမံကိန်းမြေနေရာပတ်လည်တွင် လွိုင်ကော်၊ မိုးဗြဲ၊ လွယ်လင်စသည့် မြို့ပြလူနေဧရိယာများတည်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် စီမံကိန်းနှင့် နှစ်မိုင်ပတ်လည်အတွင်း ကျေးရွာအုပ်စုလေးခုရှိပြီး ကျေးရွာပေါင်း၂၉ရွာရှိသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

စီမံကိန်းအတွက် တစ်နှစ်လျှင် ရေဂါလံငါးသန်းနှင့် လျှပ်စစ်ဓာတ်အား ၇၂,၈၀၀ မဂ္ဂါဝပ်နာရီလိုအပ်မည်ဟု ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်က ဆိုသည်။ သို့သော် စီမံကိန်းလည်ပတ်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်နည်းလမ်းနှင့် စက်ရုံထွက်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအစီအစဉ်ကို ကုမ္ပဏီက ယနေ့အထိ ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ကုမ္ပဏီ၏အဆိုပြုချက်တွင် စီမံကိန်းအတွက် ဒေသခံ ၅၃၉ဦီးကို အနိမ့်ဆုံးလစာ ကျပ်၂၀၀,၀၀၀ဖြင့် ခန့်အပ်မည်ဟု ဖော်ပြထားသော်လည်း လက်ရှိအချိန်အထိ ဒေသခံ ၁၅ဦီးကိုသာ အချိန်ပြည့်ဝန်ထမ်းအဖြစ်ခန့်ထားသည်ဟု တက်ကြွလှုပ်ရှားသူများကပြောသည်။ 

“ဒေသခံတစ်ဦးကို နေ့စားအလုပ်သမားအဖြစ်ငှားရမ်းခြင်းက သူတို့ကိုလစာနဲ့ ခန့်အပ်တာနဲ့မတူဘူး။ ဒါကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတယ်လို့ ခေါ်လို့မရပါဘူး”ဟု MATAအဖွဲ့ဝင် ခွန်အန်ဂျလိုက ပြောသည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့သည် မြေယာအသုံးချမှုအတွက် ဒေသခံဌာနေတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုများကို လျစ်လျူရှုထားကြောင်းအစီရင်ခံက ဆိုသည်။ သဘာဝသယံဇာတတူးဖော်သည့်စီမံကိန်းများက ထွက်ရှိသောအကျိုးအမြတ်များကို ရင်းနှီးမြှုပ်နှံသူများသာရရှိပြီး နောက်ဆက်တွဲဆိုးကျိုးများကိုမူ ဒေသခံမျိုးဆက်သစ်များက ခံစားရလေ့ရှိသောကြောင့် ယင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်များကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

လက်ရှိအချိန်တွင် စီမံကိန်းတည်ဆောက်မှုသည် ၈၀ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကာ ၂၀၂၁၊ ဇွန်တွင် သတ္တုသန့်စင်ရေးလုပ်ငန်းများ စတင်လည်ပတ်မည်ဖြစ်သည်။ သို့သော်တက်ကြွလှုပ်ရှားသူများကမူ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုများမရှိကြောင်း သေချာစေရန် စီမံကိန်းကိုပြန်လည်သုံးသပ်သင့်ကြောင်း အစိုးရကိုတိုက်တွန်းထားသည်။ စီမံကိန်းနှင့်ပတ်သက်သည့် လေ့လာဆန်းစစ်မှုအစီရင်ခံစာများကို သက်ဆိုင်ရာ အစိုးရနှင့် လွှတ်တော်အဖွဲ့အစည်းများသို့ ပေးပို့ရန်လည်း တောင်းဆိုထားသည်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ပါတီရုံးချုပ်ကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

မြို့ပေါ်ရောက်လာတဲ့ အပစ်ရပ်အဖွဲ့

စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအကြီးအကဲသစ် ဦးဝင်းမော်သည် သာမန်ရင်းနှီးမြှုပ်နှံသူ မဟုတ်ချေ။ သူသည် ၁၉၆၄တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ်အစိုးရကိုဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကယန်းပြည်သစ်ပါတီတွင် ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

၁၉၉၄တွင် ကယန်းပြည်သစ်ပါတီသည် တပ်မတော်နှင့်အပစ်အခတ်ရပ်စဲခဲ့သည်။ ထို့နောက် အဆိုပါအဖွဲ့အခြေချသော နယ်မြေအချို့ကို ကယားပြည်နယ် အထူးဒေသ-၃ အဖြစ် စစ်အစိုးရက အသိအမှတ်ပြုခဲ့သည်။ သုတေသနပညာရှင် ဒေါက်တာအက်ရှ်လေဆောက်ရေးသား၍ ဖရွန်းတီးယားမြန်မာက ယခုနှစ်၊ ဧပြီတွင်ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ကယန်းပြည်သစ်ပါတီကို “မပြတ်သားသည့်အုပ်စု” အဖြစ်သတ်မှတ်ခဲ့သည်။

“အဆိုပါအဖွဲ့၏ လုပ်ဆောင်ချက်များသည် ပြည်သူ့စစ်အဖွဲ့များ၏ လှုပ်ရှားပုံနှင့်တူညီပြီး တပ်မတော်နှင့်နီးကပ်သည့် ဆက်ဆံရေးရှိသည်”ဟု အက်ရှ်လေဆောက်က ဆိုသည်။ ကယန်းပြည်သစ်ပါတီသည် ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးမြို့နယ်၊ ကယားပြည်နယ်ရှိ ဒီမောဆိုမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေစသည့် ဒေသများနှင့် ထိစပ်နေသောကျေးရွာ၂၀၀ခန့်ကို ထိန်းချုပ်ထားပြီး ယင်းကျေးရွာများကို‌ပေါင်းစည်းကာ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အစိုးရထံက အသိအမှတ်ပြုခံရရန် လိုလားနေသည့်အဖွဲ့အစည်းဟု အက်ရှ်လေဆောက်က ရေးသားခဲ့သည်။

၂၀၁၄က မြန်မာတိုင်း(မ်)သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် ဦးဝင်းမော်ကို ကယန်းပြည်သစ်တီ၏ “အကြီးတန်းအဖွဲ့ဝင်”အဖြစ် ရည်ညွှန်းသုံးစွဲခဲ့သည်။ ကယန်းပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့်ရှိသူဟုလည်း ၎င်းကို အဆိုပါသတင်းက ဖော်ပြခဲ့သည်။

GSIကုမ္ပဏီအပေါ် စောင့်ကြည့်လေ့လာရာတွင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆိုသည်။

“အပစ်အခတ်ရပ်စဲရေးကိုလုပ်ခဲ့တဲ့ ၂၅နှစ်လုံးလုံးမှာ သေနတ်တစ်ချက်မှ မဖောက်ခဲ့ဘူး။ ဒါကြောင့် ဒီစီမံကိန်းကို အစိုးရကလုပ်ကိုင်ခွင့်ပေးထားတာပါ။ ‘အဲဒီစီမံကိန်းကို နှောက်ယှက်တဲ့သူတွေအပေါ် ကျွန်တော်တို့တာဝန်မယူဘူး’ဆိုပြီး ကယန်းပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့က အစိုးရအဖွဲ့ရှေ့မှာ တိုက်ရိုက်ခြိမ်းခြောက်တဲ့အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်”ဟု MATA အဖွဲ့ဝင် ခွန်အန်ဂျလိုက ပြောသည်။ 

ဉီးဝင်းမော်ကမူ ယင်းသို့ စွပ်စွဲချက်ကို ပယ်ချသည်။ “နှောက်ယှက်တဲ့သူတွေကို တာဝန်မယူဘူးဆိုတဲ့စကားကို လုံးဝကန့်ကွက်တယ်။ ဒီလို လူမိုက်စကားမျိုး ကျွန်တော်ဘယ်တော့မှ မပြောဘူး”ဟု ၎င်းက ပြောသည်။

ကယန်းပြည်သစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)အကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ဦးဝင်းမော်၏သမီးဖြစ်သူ ဒေါ်ဝင့်ဝါထွန်းသည် အင်န်အယ်လ်ဒီပါတီ၏ ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်ကပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အရည်အသွေးမြင့် သတ္တုသန့်စင်စက်ရုံစီမံကိန်းကို ဖော်ဆောင်ခြင်းသည် ၂၀၁၂၊​ ဇွန်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအင်န်ပီပီ)နှင့် အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များကိုလည်း ချိုးဖောက်ရာရောက်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ အဆိုပါ သဘောတူချက်အရ ‘ကယားပြည်နယ်အတွင်း အကြီးစားစီမံကိန်းများအကောင်အထည်ဖော်မည်ဆိုပါက အစိုးရသည် ကေအင်န်ပီပီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်’ဖြစ်သည်။

ကေအင်န်ပီပီအတွင်းရေးမှူး ခူရ်ဒန်နီရယ်ကမူ တရုတ်ကုမ္ပဏီက လုပ်ဆောင်နေသည့် အကြီးစားသတ္တုသန့်စင်စက်ရုံစီမံကိန်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ သဘောတူညီချက်တစ်စုံတစ်ရာတောင်းခံခြင်း၊ ညှိနှိုင်းတိုင်ပင်ခဲ့ခြင်းမရှိကြောင်း ပြောသည်။

“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့အစည်းကို ဘာမှ လာရောက်ပြောဆိုတာမျိုးမရှိသလို ကျွန်တော်တို့ဘက်ကလည်း တရားဝင်ထုတ်ဖော်ပြောဆိုတာမျိုး၊ မှတ်ချက်ပေးတာမျိုး မရှိသေးဘူး။ သို့ပေမဲ့ လူထုကလက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့က လူထုဘက်က ရပ်တည်ဆောင်ရွက်သွားမှာပါ”ဟု ခူရ်ဒန်နီရယ်ကပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး လူထုသဘောထားနှင့် ဆန့်ကျင်၍ စီးပွားရေးလုပ်ငန်းအချို့တွင် ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။

“ကေအန်ပီပီမှာတော့ လူထုလက်မခံတဲ့ စီးပွားရေးလုပ်ငန်းမလုပ်ရဘူးဆိုတဲ့ မူဝါဒရှိပါတယ်” ဟု ၎င်းက ပြောသည်။

GSIကုမ္ပဏီတွင် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဉီးဝင်းမော်ကမူ ကုမ္ပဏီသည် စီမံကိန်းကို အစိုးရကထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ဆောင်နေပြီး ဒေသခံများနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ တောင်သူတွေရဲ့မိသားစုနောင်ရေးအတွက် စက်ရုံမှာအလုပ်အကိုင် အခွင့်အလမ်းကို အဆင်ပြေအောင်ဖန်တီးပေးမယ်။ တကယ်လို့အကောင်းဆုံးလုပ်ရင်းနဲ့မှ ဆိုးကျိုးပဲဖြစ်လာခဲ့ရင်လည်း ဒီစက်ရုံကို ပြန်ပိတ်ပေးပါ့မယ်လို့ ပွင့်ပွင့်လင်းလင်းကတိပေးပြီးညှိနှိုင်းခဲ့တယ်”ဟု ဦးဝင်းမော်က ပြောသည်။ 

မြေလျော်ကြေးအဖြစ် တစ်ဧကလျှင် သိန်း၈၀ပေးရန် တောင်သူများနှင့် သဘောတူညီမှုရခဲ့ပြီးနောက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် စီမံကိန်းအဆိုပြုလွှာကို မြန်မာနိုင်င်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြခဲ့သည်ဟု ၎င်းကဆိုသည်။

စက်ရုံတည်ဆောက်မှုကို ပွင့်လင်းမြင်သာစွာလုပ်ဆောင်နေပြီး မည်သူမဆို သိရှိလိုသည့်အချက်များရှိပါက မေးမြန်းနိုင်ကြောင်း ၎င်းကဆိုသည်။

“အရပ်ဘက်အဖွဲ့အစည်းတွေတိုင်လို့ လွှတ်တော်ကလူတွေနဲ့ အရပ်ဘက်အဖွဲ့တွေ လာပြီးစစ်တယ်။ အဲဒီအချိန်ကလည်း ဒီကိစ္စတစ်ခုလုံးကို သေချာရှင်းပြတယ်။ တာဝန်ယူတာ၊ တာဝန်ခံတာ အပြည့်ရှိတယ်။ ဆိုးကျိုးဖြစ်လာရင် ပိတ်ပေးမယ်ဆိုတာ အဲဒီတုန်းကလည်း ပြောခဲ့တယ်” ဟု ဦးဝင်းမော်က ပြောသည်။

“ဒါပေမဲ့ သူတို့က ‘စောင့်ကြည့်လေ့လာရေးအဖွဲ့ ထားမယ်၊ အဖွဲ့ကသဘောတူမှ ဆက်လုပ်ရမယ်၊ သဘောမတူရင် ရပ်ထားရမယ်’လို့ပြောတယ်။ ဒီလိုတော့လက်မခံနိုင်ဘူး။ ကျွန်တော့်မှာ MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်) ရဲ့ခွင့်ပြုမိန့်မှာပါတဲ့ နှစ်နှစ်သက်တမ်းအတွင်း ပြီးအောင်လုပ်ရမယ့် ကတိကဝတ်တွေရှိတယ်။ တည်ဆောက်ရေးကာလကျော်သွားရင် ဒဏ်ကြေးတွေ ဘာတွေရှိတယ်။ ဆိုင်းငံ့တာတွေဖြစ်လာရင် လုပ်ငန်းနှောင့်နှေးကြန့်ကြာသွားနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုတစ်ကြိမ် တွေ့ဆုံမှုအပြီး ၎င်းကိုမည်သည့် အရပ်ဘက်အဖွဲ့အစည်းကမျှ တရားဝင်ဆက်သွယ်မေးမြန်းလာခြင်းမရှိတော့ဘဲ ဝေဖန်မှုများသာ ဆက်တိုက်လုပ်နေသည်ဟု ၎င်းကဆိုသည်။

ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စပ်လျဉ်း၍ စက်ရုံတည်ဆောက်ရေးကာလတွင် ဒေသခံ၂၀၀ကျော်ကို နေ့စားလုပ်သားများအဖြစ်ခန့်ထားပြီး လာမည့်နှစ် သတ္တုသန့်စင်စက်ရုံ စတင်လည်ပတ်ချိန်တွင် ဒေသခံများကို အချိန်ပြည့်ဝန်ထမ်းများအဖြစ် ခန့်ထားမည်ဟု ၎င်းကပြောသည်။

“သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ဖို့က ကုမ္ပဏီငှားထားတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ငှားရမ်းခွင့်အတည်ပြုပေးဖို့ ခွင့်ပြုချက်ရတာ နည်းနည်းကြာသွားတယ်။ ပြီးတော့ ကိုဗစ်ဖြစ်လိုက်တာကြောင့် စဖို့နည်းနည်းကြာသွားတယ်။ ဒီနှစ်ဒီဇင်ဘာ မကုန်ခင်မှာ ပြီးပြတ်အောင် (သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို) စိစစ်ဖို့လုပ်သွားမှာပါ”ဟု ဉီးဝင်းမော်က အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုအပေါ် တုံ့ပြန်ခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.