ကမ္ဘာကို လက်ကမ်းကြိုနေတဲ့ ကယားပြည်နယ်

ကယားပြည်နယ်သို့ ပထမဆုံးသော နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များ ရောက်ရှိလာခဲ့အပြီး ဆယ်စုနှစ်နှစ်စုမျှအကြာတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပြည်နယ်တွင်း လက်ခံလာခဲ့ပြီဖြစ်သော်လည်း အစောပိုင်း အလာအလာကောင်းများကို အခြေခံကာ ဆက်လက်တည်ထောင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများ ပိုမိုလိုအပ်လျက် ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

၁၉၉၆ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်များ၏ “မြန်မာခရီးသွားနှစ်” ကို ဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်၏ ပထမဆုံးသော ဧည့်လမ်းညွှန်လိုင်စင်ကို အစိုးရထံမှ ဦးဌေးအောင် ရရှိခဲ့သည်။

“ဒါပေမယ့် အသုံးပြုလို့ မရသလောက်ပါဘဲ။ ကမ္ဘာလှည့်ခရီးသွားတွေ မရှိသလောက်ပါဘဲ။ တကယ်လာခဲ့တဲ့သူတွေကိုလည်း တစ်နှစ်မှာ လေးလလောက်ပဲ ခွင့်ပြုခဲ့တာပါ” ဟု ရှုခင်းကောင်းများကို ပိုင်ဆိုင်ထားသော ပြည်နယ်သို့ မကြာမီက သွားရောက်စဉ်အတွင်း Frontier ကို ဦးဌေးအောင်က ပြောကြားသည်။

သို့သော် လိုင်စင်ရရှိအပြီး နှစ် ၂၀ အကြာတွင်မူ ထိုစဉ်က ရင်းနှီးမြုပ်နှံခဲ့မှု၏ အကျိုးကျေးဇူးများအား ဦးဌေးအောင် မြင်တွေ့ခဲ့ရပြီဖြစ်သည်။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့် ၂၀၁၂ ခုနှစ်တွင် အပစ်ရပ်ဆိုင်းရန် လက်မှတ်ရေးထိုးပြီးနောက် မြန်မာအစိုးရက ကမ္ဘာ့လှည့်ခရီးသွားများအား ကယားပြည်နယ်သို့ သွားရောက်လည်ပတ်ရန် စတင်ခွင့်ပြုခဲ့သည်။ ထိုအချိန်က စတင်ကာ ကမ္ဘာ့လှည့်ခရီးသွားအရေအတွက် တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

“အခုဆိုရင် ကျွန်တော့်မှာ သီတင်းပတ်တိုင်းလိုလို ဧည့်သည်တွေ ရှိနေပါပြီ။ ခရီးသွားရာသီအတွင်းမှာဆိုရင် တစ်ခါတစ်လေ နေ့တိုင်းလိုလို ရှိနေပါတယ်” ဟု ကယားပြည်နယ်အတွင်းရှိ လက်တစ်ဆုပ်စာမျှသာရှိသော လိုင်စင်ရ ဧည့်လမ်းညွှန်များအနက် တစ်ဦးဖြစ်သူ ဦးဌေးအောင်က ဆိုသည်။

ထိုနေရာတွင် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကဏ္ဍမှာ အစပျိုးရုံမျှသာ ရှိသေးသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် စာရင်းများအရ ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဟိုတယ် ကိုးလုံးနှင့် အခန်းပေါင်း ၂၀၁ ခန်းမျှသာ ရှိနေသည်။ ဦးဌေးအောင်၏ အဆိုအရ ဟိုတယ်သစ်အချို့အား တည်ဆောက်ပြီးဖြစ်သည်။ သို့သော် အမှန်တကယ် လာရောက်လည်ပတ်သော ကမ္ဘာ့လှည့်ခရီးသွား ဦးရေအတွက်မူ ယုံကြည်စိတ်ချရသော ကိန်းဂဏန်းဟူ၍ မရှိသေးပေ။ သို့သော် လွိုင်ကော်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းကို စောင့်ငဲ့ကြည့်ရှုမည်ဆိုပါက တစ်ပတ်လျင် ဧည့်သည် ၁၀၀ ကျော်ခန့် လာရောက်သည်ကို တွေ့ရှိရသည်။

ခရီးသွားဧည့်သည်များသည် လွိုင်ကော်ဆင်စခန်းတွင် ဆင်စီးနိုင်မည်ဖြစ်သည်။ ဓာတ်ပုံ-ကျော်ဇေယျ

ခရီးသွားဧည့်သည်များသည် လွိုင်ကော်ဆင်စခန်းတွင် ဆင်စီးနိုင်မည်ဖြစ်သည်။ ဓာတ်ပုံ-ကျော်ဇေယျ

လာရောက်လည်ပတ်သူဦးရေ နည်းပါးရသော အကြောင်းအရင်းတစ်ရပ်မှာ ကယားပြည်နယ်၏ ဝေးလံခေါင်ဖျားမှုပင်ဖြစ်သည်။ ရန်ကုန်မှ ကယားပြည်နယ်မြောက်ပိုင်း လွိုင်ကော်သို့ သွားရောက်သည့် ကုန်းလမ်းခရီးမှာ နာရီ ၂၀ ကျော် ကြာမြင့်သည်။ အနီးဆုံးသော မြို့ကြီးမှာ ညောင်ရွှေဖြစ်ပြီး လွိုင်ကော်မြို့မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာ၊ ကားဖြင့် ငါးနာရီအကြာခရီးတွင် တည်ရှိသည်။ အချို့သော လေကြောင်းလိုင်းများမှာ ရန်ကုန်မှ လွိုင်ကော်သို့ ပြေးဆွဲနေသော်လည်း  အကန့်အသတ်ဖြင့်သာ ရှိနေသေးသည်။

စိန်ခေါ်မှုများ ရှိနေသော်ငြားလည်း မြန်မာနိုင်ငံ၏ ရင်သပ်ရှုမှုဖွယ်ကောင်းသည့် တစ်ဒေါင့်တစ်နေရာသို့ အမှန်တကယ် သွားရောက်လည်ပတ်ခဲ့သူများအဖို့ ပြည့်ဝစုံလင်သော ဆုလာဘ်တစ်ခုကို ရရှိပေလိမ့်မည်ဖြစ်သည်။

လွိုင်ကော်မှာ သေးငယ်လှသော်လည်း ရှုချင်စဖွယ် မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ကောင်ရှိ အထပ်လိုက် တည်ရှိနေသော ထုံးကျောက်တောင် ကမ်းပါးယံများထိပ်တွင် ရွှေရောင်တစ်လက်လက် တောက်ပနေသော စေတီပုထိုးများ တည်ရှိနေသည်။ ဒေသဖြစ် အစားအစာမှာလည်း ကျော်ကြားလှပေသည်။ အထူးသဖြင့် ကယားဝက်အူချောင်းနှင့် ဟင်းထုပ်တို့ဖြစ်သည်။ ဟင်းထုပ်မှာ ဝက်သားနှင့် ကြက်သွန်မိတ်တို့ဖြင့် အစာသွတ်ထားသော ပေါင်မုန့်လုံးတစ်မျိုးကဲ့သို့ပင် ဖြစ်သည်။ အစားအစာကို အလေးပေးတတ်သော ခရီးသွားများအဖို့ ဤဟင်းမယ်နှစ်မျိုးစလုံးကို မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပေသည်။

သို့သော် ကယားပြည်နယ်၏ စစ်မှန်သော အလှတရားမှာ ပြည်နယ်မြို့တော်၏ အပြင်ဘက်တွင် တည်ရှိနေသည်။ လွိုင်ကော်မြို့မှ ထွက်ခွါလာပြီးနောက် မိနစ်အနည်းငယ်အတွင်းတွင် ထူထပ်သော သစ်တောများ ပြည့်နှက်နေသည့် အစိမ်းရောင် တောင်ကုန်းအထပ်ထပ်သည် လမ်းနှစ်ဘက်စလုံးတွင် တည်ရှိနေသည်။ ကယားပြည်နယ်၏ ကျေးလက်ဒေသအတွင်းတွင် ရွေးချယ်နိုင်ဖွယ်ရာများအနက် ယဇ်ပူဇော်သော ကျေးရွာများ၊ အံ့သြရှုမောဖွယ်ရာ လှိုဏ်ဂူများနှင့် သေးငယ်နှစ်လိုဖွယ်ရာ လွိုက်ကော်ဆင်စခန်းသို့ သွားရောက်လည်ပတ်ခြင်းများလည်း ပါဝင်ပေသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ ထပ်မံဖွံ့ဖြိုးလာသည့်အလျောက် သံလွင်မြစ်နှင့် ဘီလူးချောင်း အနီးနား ပတ်ဝန်းကျင်တစ်လျှောက်တွင် နှစ်ည သို့မဟုတ် သုံးညမျှ ကြာမြင့်သော ခြေကျင်ခရီးစဉ်နှင့် လှေစီးခရီးစဉ်များအား ဆောင်ရွက်နိုင်လိမ့်မည်ဟု မိမိမျှော်လင့်လျက်ရှိကြောင်း ဦးဌေးအောင်က ဆိုသည်။

“ဒီနေရာမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာဖို့အတွက် ဒေသတွင်းနေအိမ်တွေမှာ နေထိုင်လည်ပတ်တဲ့ အစီအစဉ်က အရေးပါလာပါလိမ့်မယ်။ ခြေကျင်သွားရောက်တဲ့ ခရီးစဉ်တွေနဲ့ မြစ်အတွင်း လှည့်လည်သွားလာတဲ့ ခရီးစဉ်တွေအတွက် မြေပုံထောက်ကြည့်ပြီးပါပြီ။ မတိုမထိရသေးတဲ့ နေရာတွေပါ။ အဲဒီနေရာတွေကို ခရီးသွားတွေ သဘောကျကြပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

 

တောင်ကွဲစေတီအနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအနီးတွင် ဆွမ်းခံကြွလာသည့် သံဃာတော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်ဇေယျ

တောင်ကွဲစေတီအနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအနီးတွင် ဆွမ်းခံကြွလာသည့် သံဃာတော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်ဇေယျ

ကယားပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော်လည်း နယ်စပ်ဖြတ်ကျော် စခန်းများ မရှိသေးပေ။ ပြီးခဲ့သည့်အတွင်းက ကယားပြည်နယ် တောင်ပိုင်းဒေသ မယ်ဆယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့အကြား ဆက်သွယ်မည့် လမ်းတစ်ခု ဖွင့်လှစ်ရန် အစီအစဉ်များကို မြန်မာအစိုးရက ကြေညာခဲ့သော်လည်း ဖွင့်လှစ်ရခြင်း မရှိသေးပေ။

သို့သော် မယ်ဟောင်ဆောင်ဒေသသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက် နည်းပါးခြင်းကြောင့် ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်စခန်း ဖွင့်လှစ်ခြင်းမှာ ခရီးသွားလုပ်ငန်းအပေါ် အနည်းငယ်မျှသာ အားပေးမြှင့်တင်မှု ဖြစ်စေလိမ့်မည်ဟု Khiri Travel Myanmar ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ အက်ဒဝင် ဘရီရယ်ကပြောကြားသည်။

“ဘုရားသုံးဆူလမ်း [ကရင်ပြည်နယ်တောင်ပိုင်း] ကနေ ထိုင်းနိုင်ငံဘက်ကို ကူးတာနဲ့ အများကြီး ကွာခြားပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွား အများကြီး ရှိနှင့်ပြီး ဖြစ်နေလို့ပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်သို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသွား အနည်းငယ်သာ ရှိနေသေးသောကြောင့် ဝန်ဆောင်မှုပေးရန်မှာ အဓိကကျသော ပြဿနာမဟုတ်သေးဟု သဟာယခရီးသွားလုပ်ငန်း၏ လုပ်ငန်းလည်ပတ်မှု မန်နေဂျာ မစ္စတာ တင်မ်ဝုဒ်က ပြောကြားသည်။

“ဒါပေမယ့် ဝန်ဆောင်မှုလိုအပ်ချက်တွေ ပိုများလာတာကို ကျွန်တော်တို့ တွေ့လာရတာနဲ့အမျှ ဈေးကွက်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ချဲ့ထွင်ဖို့နဲ့ တိုးတက်မှု တန့်သွားတာမျိုးတွေကို ကြိုတင်ကာကွယ်ဖို့အတွက် [အခြေခံ အဆောက်အအုံ] အပိုင်းလည်း တိုးတက်လာရပါလိမ့်မယ်” ဟု ၎င်းက Frontier ကို ပြောကြားသည်။ ထို့အပြင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်သူများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသနေ လူမှုအသိုင်းအဝိုင်းကို အကျိုးရှိစေမည့် တိုးတက်မှု ဖြစ်ပေါ်လာစေရေးအတွက် အာမခံရန် အဓိကကျလိမ့်မည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ကုန်းလမ်းဖြင့်သွားလျင် နှစ်နာရီမျှပင် မရှိသော ကိုလိုနီခေတ် တောင်ပေါ်စခန်းဖြစ်သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမှ ကယားပြည်နယ်သို့ လမ်းတစ်လမ်း ဖောက်လုပ်ရန်ကိုလည်း အာဏာပိုင်များကို ၎င်းက တောင်းဆိုလိုက်သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှုမှာ ရေရှည်တည်တံ့သော နည်းလမ်းတစ်ရပ်ဖြင့် စီမံနိုင်ခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းနှင့်အတူ အစဉ်သဖြင့် ပေါ်ထွက်လာတတ်သည်။ ဤသည်မှာ ကယားပြည်နယ်အတွင်းရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အဓိကပါဝင်ဆောင်ရွက်သူများက အမှန်တကယ်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းနေသောအရာပင် ဖြစ်သည်။

ကယားပြည်နယ်အတွင်း ရေရှည်တည်တံ့သော ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကဏ္ဍကို ဖော်ဆောင်မည့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉ သန်းတန်ဖိုးရှိ အစီအစဉ်တစ်ရပ်အား နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ (International Trade Centre)က ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းကာ ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ဤအစီအစဉ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းများကို ဝင်ငွေတိုးမြှင့်ပေးရန် ရည်မှန်းထားသည်။ ထို့အတူ အစားအသောက်များ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးတို့သာမက ဝန်ဆောင်မှု စီမံခန့်ခွဲရေးတို့အတွက် မွန်းမံသင်တန်းများလည်း စီစဉ်ပေးထားသည်။

နိုင်ငံတကာကုန်သွယ်ရေးစင်တာသည် ကယားပြည်နယ်အတွင်းရှိ ကျေးရွာများ စုပြုံတည်ရှိနေသော ပန်ပက်ဒေသ၌ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း အစီအစဉ်တစ်ရပ်ကိုလည်း စတင်ပေးခဲ့သေးသည်။

ပန်ပက်မှာ ကယားတိုင်းရင်းသားအများစုနေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ပဒေါင် (ရှမ်းအသုံးအနှုန်း တစ်ရပ်အရ) ဟု ပိုမိုလူသိများသည်။ မိမိတို့လည်ပင်းအသွင်အပြင်ကို ပိုမိုရှည်လျားလာစေရန်အတွက် လည်ပင်းပတ်လည်တွင် ဆင်မြန်ထားသည့် တစ်မူထူးခြားသော ကြေးကွင်းများကြောင့် ကယားအမျိုးသမီးများအား “လည်ပင်းရှည် အမျိုးသမီးများ” ဟုလည်း ရည်ညွှန်းခေါ်ဝေါ်လေ့ရှိကြသည်။

ကယန်းအမျိုးသမီးအများအပြားသည် ထိုင်းနိုင်ငံမှ ကယားပြည်နယ်သို့ ပြန်လာကြပြီဖြစ်သည်။ ဓာတ်ပုံ-ကျော်ဇေယျ

ကယန်းအမျိုးသမီးအများအပြားသည် ထိုင်းနိုင်ငံမှ ကယားပြည်နယ်သို့ ပြန်လာကြပြီဖြစ်သည်။ ဓာတ်ပုံ-ကျော်ဇေယျ

ကြေးကွင်းများကို ဝတ်ဆင်ရခြင်းနှင့် ပတ်သက်သော ယူဆချက် အနည်းငယ်လည်း ရှိနေသေးသည်။ ပထမတစ်ခုမှာ  အလှပဆုံးသော အမျိုးသမီးများကို ပြိုင်ဘက်ကျေးရွာမျာက လာရောက်ခေါ်ဆောင်သွားခြင်းမှ ကာကွယ်ရန်ဟူ၍ ဖြစ်ပြီး အခြားအယူအဆတစ်ရပ်မှာ ကျားများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။ (ကျားများမှာ ဤနေရာပတ်ဝန်းကျင်ရှိ သစ်တောများအတွင်း အများအပြား သွားလာကျက်စားခဲ့သော်လည်း ၎င်းတို့အရေအတွက်မှာ တစ်စတစ်စ လျော့နည်းလာပြီ ဖြစ်သည်။)

၎င်းတို့မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ မရှိသလောက် နည်းပါးခြင်းကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ကယားအမျိုးသမီးများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် များသောအားဖြင့် ကမ္ဘာလှည့်ခရီးသွားများ ဓာတ်ပုံများရိုက်ရန် ကိုယ်ဟန်ပြရသောနေရာများတွင် ရှိနေတတ်ကြသည်။ အဆိုပါနေရာများကို ဝေဖန်သူများက “လူသား တိရိစ္ဆာန်ရုံ” ဟု ခေါ်ဆိုကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာအစီအစဉ်သည် ဒေသန္တရဖြစ် လက်မှုပစ္စည်းများနှင့် ယင်းတို့ကို အရောင်းမြှင့်တင်ပုံတို့အား သင်ကြားပေးခြင်းအားဖြင့် ထိုအမျိုးသမီးများ နေရပ်ပြန်လာရေးကို အားပေးရန် ရည်ရွယ်ထားသည်။ ထို့အတူ ကျေးရွာနှင့် အနီးနားပတ်ဝန်းကျင်သို့ နေ့တစ်ဝက် သို့မဟုတ် တစ်ရက်တာ လှည့်လှည်သွားလာသော အစီအစဉ်ကိုလည်း အားပေးမြှင့်တင်ပေးသည်။ သို့သော် ကမ္ဘာလှည့် ခရီးသွားများက ကယားအမျိုးသမီးများကို ငေးမောကြည့်ရှုရန် ပုံဖော်ထားခြင်းမျိုုးမဟုတ်ဘဲ လာရောက်လည်ပတ်သူများကို ကယားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကြောင်း သင်ကြားပေးရန် ရည်ရွယ်ထားသည်။

ပန်ပက်ဒေသပတ်ဝန်းကျင်တွင် ခေတ္တခဏမျှ လမ်းလျှောက်ခြင်းဖြင့် ဒေသခံများစွာက ၎င်းတို့၏ နေအိမ်များအား မည်သို့စွန့်ခွာခဲ့ကြသည်ဆိုသည်ကို ပြသသည်။ အိမ်များ၏ သုံးပုံနှစ်ပုံခန့်မှာ တံခါးများ ပိတ်ထားပြီး ထိုအိမ်ပိုင်ရှင်များ ပြည်ပသို့ ခရီးသွားနေသည်ဆိုသည်ကို ညွှန်ပြနေသည်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံသို့ ၎င်းတို့ သွားရောက်နေကြခြင်းဖြစ်သည်။

ထိုသို့မသွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သူမှာ ကြေးကွင်းများကို ဝတ်ဆင်ထားသည့် အသက် ၆၀ အရွယ် မူရှန့်ပင်ဖြစ်သည်။ သူမ၏ မိသားစုဝင်အားလုံးနှင့် မိတ်ဆွေသူငယ်ချင်းအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခြင်း အပါအဝင် ပြည်ပသို့ ထွက်ခွာသွားခဲ့ကြပြီဖြစ်သော်လည်း သူမကမူ သူမ၏ ဘဝတစ်သက်လုံးကို ပန်ပက်တွင်သာ ကုန်ဆုံးစေခဲ့သည်။

Frontier က သွားရောက်လည်ပတ်ချိန်တွင် သူမမှာ နေအိမ်တွင် လည်စည်းပဝါတစ်ထည်ကို ယက်လုပ်လျက်ရှိသည်။ သူမ၏ ဘေးရှိ စားပွဲတစ်လုံးပေါ်တွင် မာဖလာများ၊ ရုပ်တုငယ်များနှင့် လက်ဝတ်တန်ဆာများအပါအဝင် သူမယက်လုပ်ထားသော လက်မှုပညာအမျိုးမျိုးကို တွေ့ရှိခဲ့ရသည်။ ထိုပစ္စည်းအားလုံးမှာ နိုင်ငံတကာ ကုန်သွယ်ရေးစင်တာအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီရွာအတွင်းမှာ အခွင့်အလမ်းအမျိုးမျိုး မရှိခင်တုန်းကတော့ ပြည်ပကို လူတိုင်းသွားချင်ခဲ့ကြတယ်” ဟု သူမကဆိုသည်။ “အခုတော့ ကျွန်မတို့နိုင်ငံအတွင်းက အခြေအနေတွေ ပိုကောင်းလာသလို ဒီအစီအစဉ်ကလည်း အခွင့်အလမ်းတွေကို ပိုမိုဖန်တီးခဲ့တာကြောင့် လူတွေ ပြန်လာနေပါပြီ” ဟုလည်း သူမက ဆက်လက်ပြောကြားခဲ့သည်။

ဤဆောင်းပါးသည် Frontier Myanmar မဂ္ဂဇင်း၏ ခရီးသွားလုပ်ငန်းအထူးထုတ် စာစောင်ဖြစ်သည့် Discover Myanmar ကဏ္ဍတွင် ပါဝင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ကျော်ဇေယျ

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.