ဟံသာဝတီလေဆိပ်မှ ပျံတက်ဖို့ စောင့်စားလျက်

ပဲခူးမြို့အနီးက အချိန်များစွာ ကြန့်ကြာနှောင့်နှေးနေတဲ့ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်စီမံကိန်းကို ပြန်လည်စတင်ဖို့က စီမံကိန်းအတွက် လိုအပ်တဲ့ ဒေါ်လာဘီလျံများစွာရှိတဲ့ တရားဝင် ဖွံ့ဖြိုးရေးကူညီမှု ချေးငွေအတွက် ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ် မူတည်နေပါတယ်။

ဟိန်းကိုစိုး ရေးသားသည်။

ရန်ကုန်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ အကွာ ပဲခူးမြို့အနီးက အဲသည် ဟံသာဝတီ နိုင်ငံတကာလေဆိပ်စီမံကိန်းရဲ့ လုပ်ငန်းခွင်နေရာကြီးမှာ ကြည့်စရာအနေနဲ့ များများစားစားတော့ မရှိသေးပါဘူး။

အဲဒီမှာရှိတဲ့ အဆောက်အအုံ အနည်းငယ်ထဲက စီမံကိန်းရုံးမှာတောင် ပရိဘောဂက မရှိသလောက်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က နိုင်ငံတကာ လေဆိပ်တစ်ခုအတွက် စစ်အစိုးရက ပထမဆုံးရွေးချယ်ခဲ့တဲ့ ဒီလုပ်ငန်းခွင်ကို ဂျပန်ဆီက ငွေကြေးအထောက်အပံ့ရတာနဲ့ လုပ်ငန်းပြန်စမှာ ဖြစ်ပါတယ်။

လေဆိပ်ကို လက်ရှိအစိုးရသက်တမ်းမှာ အကောင်အထည်ဖော်မှာ ဖြစ်တဲ့အကြောင်း စီမံကိန်းကို ကြီးကြပ်ဖို့ ခန့်အပ်ထားတဲ့ ကော်မတီကို ဦးဆောင်တဲ့ ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူရဲ့ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းစာက ပြီးခဲ့တဲ့နှစ်ကုန်က ကိုးကားဖော်ပြခဲ့ပါတယ်။ လေဆိပ်ဟာ ၂၀၂၂ ခုနှစ်မှပဲ ပြီးစီးမယ်လို့ အစောပိုင်းက သတင်းတွေက ဆိုပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး အဆင့်အားလုံးမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့လည်း သူ့ရဲ့ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်က သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ကော်မတီရဲ့ ပထမဆုံးအစည်းအဝေးမှာ ဒု-သမ္မတက ဒီအချက်ကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကော်မတီမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်တို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ မြို့ပြလေကြောင်းဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်တို့လည်း ပါဝင်ပါတယ်။

ဧကပေါင်း ၉,၆၉၀ ရှိတဲ့ စီမံကိန်းမြေပေါ်က ဒီလေဆိပ်ဟာ ဒီနေရာမှာ စဆောက်တဲ့ ပထမဆုံးလေဆိပ်တော့ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက အဲဒီနေရာမှာပဲ ဂျပန်တို့ရဲ့လေယာဉ်ကွင်း တစ်ခုရှိခဲ့ဖူးပါတယ်။

မကြာသေးမီနှစ်တွေအတွင်း စီမံကိန်းလုပ်ငန်းနေရာကို လာရောက်လည်ပတ်သူ မရှိသလောက်ပဲလို့ ဥသာမြို့သစ်အနီးမှာ နေထိုင်သူတဲ့ ဦးမြင့်စိုးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း “ဘယ်သူမှ ဒီကို မလာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက သစ်ပင်တွေ အများကြီးမရှိဘူးလေ။ တောလည်းကျတယ်” လို့ Frontier ကို သူက ပြောပါတယ်။

ဒီလေဆိပ်ကို နိုင်ငံရဲ့အဓိက နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်ဖြစ်လာဖို့ စီစဉ်ထားပါတယ်။ တစ်နှစ်ကို ခရီးသည် ၁၂ သန်း လက်ခံနိုင်ပါလိမ့်မယ်။ ဒါဟာ လက်ရှိရန်ကုန် နိုင်ငံတကာ လေဆိပ်ထက် ကိုးသန်း ပိုပါတယ်။

လုပ်ငန်းလေ့လာသူတွေကတော့ ရန်ကုန် နိုင်ငံတကာ လေဆိပ်ထက် ကိုးဆပိုပြီး ကျယ်ဝန်းတဲ့ ဟံသာဝတီလေဆိပ်ဟာ မြန်မာနိုင်ငံရဲ့လေကြောင်းကဏ္ဍအတွက် ကြီးမားတဲ့ တိုးတက်မှုကြီး တစ်ခုဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီလေဆိပ်က ဥရောပကနေ အရှေ့တောင်အာရှကိုလာတဲ့ လေကြောင်းခရီးတွေအတွက် ဗဟိုဌာနကြီး ဖြစ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ပြီးတော့ ဒေသတွင်း ဝင်ပေါက်တစ်ခုဖြစ်တဲ့ ဘန်ကောက်က သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကိုလည်း ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။

ဟံသာဝတီလေဆိပ် စီမံကိန်းနေရာရှိ အဆောက်အအုံ အနည်းငယ်ထဲမှ တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

ဟံသာဝတီလေဆိပ် စီမံကိန်းနေရာရှိ အဆောက်အအုံ အနည်းငယ်ထဲမှ တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

ဟံသာဝတီနဲ့ ဥရောပကြား လေကြောင်းပျံသန်းမှုက သုဝဏ္ဏဘူမိကနေ ပျံသန်းခြင်းထက် တစ်နာရီလောက် အချိန်သက်သာတယ်လို့လည်း ဆိုပါတယ်။ ဒီလေဆိပ်ကို ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေက တောင်ကိုရီးယားကုမ္ပဏီက ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပန္နက်တင်အခမ်းအနားပြီးလို့ မကြာခင် ၁၉၉၄ ခုနှစ်မှာပဲ လုပ်ငန်းကို စွန့်လွှတ်သွားခဲ့ပါတယ်။

၂၀၁၂ မှာ ဦးသိန်းစိန်အစိုးရက စီမံကိန်းကို ပြန်လည်သုံးသပ်ခဲ့ပြီး တင်ဒါတွေကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။  စီမံကိန်းပြီးဆုံးရမယ့် နောက်ဆုံးကာလကိုလည်း ၂၀၂၀ ကနေ ၂၀၂၂ အထိ ရွှေ့ပေးခဲ့ပါတယ်။

လေဆိပ်ရဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန် ပထမအဆင့်ကို ဒီဇိုင်းဆင် တည်ဆောက်စီမံဖို့ အစိုးရ-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းအဖြစ် ဂျပန်-စင်ကာပူ ပူးပေါင်းအဖွဲ့အစည်းကို တင်ဒါအောင်မြင်သူအဖြစ် မြို့ပြလေကြောင်းဦးစီးဌာနက ၂၀၁၄ ခုနှစ် အောက်တိုဘာမှာ ကြေညာခဲ့ပါတယ်။

ဂျပန်ရဲ့ JGC Corporation နဲ့ စင်ကာပူက Yongnam Holdings နဲ့ Changi Airports International တို့ဟာ မြန်မာနိုင်ငံရဲ့ မြို့ပြလေကြောင်းဦးစီးဌာန DCA နဲ့ မူဘောင်သဘောတူညီချက်တစ်ရပ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

“ကျနော်တို့ ဂျပန်နိုင်ငံဆီက အကူအညီ ODA ချေးငွေ ဒေါ်လာသန်း ၈၉၀ ရဖို့ ဆွေးနွေးနေပါတယ်။ ဘယ်အချိန်ရမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး” လို့ ဦးမင်းလွင်က ဇန်နဝါရီ ၁၂ ရက်က Frontier ကို ပြောပါတယ်။ “စီမံကိန်းက ချေးငွေအပေါ် မူတည်ပါတယ်။ ရတာနဲ့ စနိုင်ပါတယ်” လို့လည်း သူက ပြောပါတယ်။

ဂျပန်အစိုးရက စီမံကိန်းအတွက် ODA ချေးငွေကို ဒီနှစ်ဇန်နဝါရီလ ဒုတိယပတ်ကပဲ အတည်ပြုလိုက်ပြီဖြစ်ပြီး စီမံကိန်းအတွက် ဒေါ်လာသန်း ၇၆၀ ချပေးမယ်လို့ DCA က ဇန်နဝါရီ ၁၈ ရက်က ကတိပြုခဲ့တဲ့အကြောင်း၊ စီမံကိန်းနဲ့ပတ်သက်ပြီး စင်ကာပူ-ဂျပန်ပူးပေါင်းအဖွဲ့နဲ့အတူ အလုပ်လုပ်နေတဲ့ ကုမ္ပဏီသုံးခုရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်သူ ဦးသန့်ဇင်က Frontier ကို ဇန်နဝါရီလ ၁၉ ရက်က ပြောပါတယ်။ ဦးမင်းလွင်ကတော့ ပြည်ပကို ခရီးထွက်နေလို့ သူ့ဆီက သုံးသပ်ချက်ကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဟံသာဝတီ နိုင်ငံတကာလေဆိပ်ပုံစံငယ်။ ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန

ဟံသာဝတီ နိုင်ငံတကာလေဆိပ်ပုံစံငယ်။ ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန

စီမံကိန်းအောင်မြင်မှုက စေ့စပ်သေချာစွာ စီစဉ်မှုအပေါ် မူတည်နေကြောင်း မြန်မာ့လေကြောင်းလုပ်ငန်းမှာ အတွေ့အကြုံရင့်ကျက်ပြီး အဲမန္တလေး Air Mandalay ရဲ့အမှုဆောင်အရာရှိချုပ် မစ္စတာ ဆယ်လ်ဗာကူမာက ပြောပါတယ်။

“လေဆိပ်သစ် တစ်ခုကို စီစဉ်တည်ဆောက်ဖို့ အချိန်အများကြီး လိုပါတယ်။ ဒါကို ထည့်သွင်းစဉ်းစားရပါမယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်တာ အမြဲတမ်း ကောင်းမွန်တဲ့အရာ တစ်ခုပါ။ ပြေးလမ်းတွေ အများကြီးပါတဲ့ ပုံစံသစ်ဖြစ်ပြီး ဂရုတစိုက် စီစဉ်ရတဲ့ လေဆိပ်တစ်ခုဟာ နိုင်ငံအတွက် သေချာပေါက် အကျိုးရှိမှာ ဖြစ်ပါတယ်” လို့ Frontier ကို သူက ပြောပါတယ်။

ရန်ကုန် နိုင်ငံတကာလေဆိပ် YIA မှာ တိုးချဲ့စီမံကိန်းတွေ ဆောင်ရွက်နေတာမို့ ဟံသာဝတီလေဆိပ်သစ် မလိုတော့ဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဟံသာဝတီ လေဆိပ်စီမံကိန်းကို ဒီဇင်ဘာ ၂၁ ရက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရန်ကုန်လေဆိပ်ရဲ့ပြဿနာတွေထဲမှာ နောက်ထပ်ပြေးလမ်း ချဲ့ထွင်ဖို့နေရာက အကန့်အသတ် ရှိနေတာ၊  လေယာဉ်ရပ်နားနေရာ အကန့်အသတ် ရှိနေတာ အနီးမှာနေထိုင်သူတွေအတွက် ဆူညံသံတွေ ရှိနေတာအပြင် လေတပ်နဲ့ မျှဝေသုံးနေရတာတွေ ရှိနေတဲ့အကြောင်း ဒု-သမ္မတရဲ့ပြောကြားချက်တွေကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်နဲ့ ကုန်တင်လေယာဉ်တွေ အများအပြား ဖြတ်သန်းမှာကို မျှော်လင့်ထားတဲ့အတွက် အရည်အသွေးမြင့် လေဆိပ်တစ်ခု အဆောတလျင်လိုအပ်နေကြောင်းလည်း ဒု-သမ္မတက ပြောကြားပါတယ်။

ရန်ကုန်နဲ့ လေဆိပ်သစ်တို့ရဲ့အကွာအဝေးနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေကိုလည်း ဒု-သမ္မတက တုံ့ပြန်ပြောကြားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတွေ အဆင့်မြှင့်တင်ဖို့ လိုမယ်လို့ ဆိုပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်အလိုမှာ ဦးသိန်းစိန်အစိုးရဟာ လေဆိပ်သစ်နဲ့ ရန်ကုန်ကို ချိတ်ဆက်ပေးမယ့် အမြန်လမ်းတစ်ခုအတွက် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

အမြန်လမ်းဖောက်လုပ်ဖို့  Capital Diamond Star Group ဟာ တောင်ကိုရီးယားက Lotte E&C ၊ Halla Corporation တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ခဲ့တယ်လို့ ဆိုပါတယ်။ အတည်ပြုရင်တော့ ပထမအဆင့်ဟာ ၂၀ ဒသမ ၅ ကီလိုမီတာရှိပြီး  ရန်ကုန်မြို့တွင်းနဲ့ မင်္ဂလာဒုံမြို့နယ်ကြား လေးလမ်းသွားအတွက် ဒေါ်လာသန်း ၆၂၀ ကုန်ကျမယ်လို့ မျှော်လင့်ထားပါတယ်။ ဒုတိယအဆင့်မှာတော့ အမြန်လမ်းဟာ ပဲခူးနဲ့ လေဆိပ်သစ်အထိ ရောက်မှာဖြစ်ပါတယ်။

အမြန်လမ်းနဲ့စပ်လျဉ်းပြီး ဖြစ်နိုင်ခြေလေ့လာမှုတွေကိုတော့ ဆက်စပ်ပါဝင်နေတဲ့ ပြည်ပကုမ္ပဏီတွေက ပြုလုပ်နေကြတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးတန်း ပြည်သူ့ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးသိန်းဇော်က နေပြည်တော်မှာ ဒီဇင်ဘာ ၂၁ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ လေဆိပ်ဆောက်ပြီးသွားတဲ့ထိ ဟံသာဝတီနဲ့ ရန်ကုန်ကြား လမ်းသစ်တစ်ခု ထပ်ဖောက်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဦးသိန်းဇော်က ပြောပါတယ်။

လေဆိပ်သစ် ဆောက်ပြီးသွားတဲ့နောက် ရန်ကုန်နဲ့ ပဲခူးကြား ဈေးသက်သာတဲ့ အမြန်ရထားလမ်းတစ်ခု ရှိလာမှာဖြစ်ပြီး ယင်းက ခရီးသည်တွေကို အချိန်ကုန်သက်သာစေမယ်လို့ ဆယ်လ်ဗာ ကူးမားက ပြောပါတယ်။ ကြီးမားတဲ့ စီမံကိန်းကြီးကို အလောသုံးဆယ် မလုပ်မိဖို့ကိုလည်း အစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။

“ဒီစီမံကိန်းကို အလျင်စလို မလုပ်ဖို့ နှိုင်းနှိုင်းချိန်ချိန် လုပ်ဖို့လိုပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်ထိခိုက်မှု အနည်းဆုံးနဲ့ နိုင်ငံအတွက် အကျိုးအများဆုံး ဖြစ်စေမယ့်နေရာမှာ လေဆိပ်က ရှိရမှာ ဖြစ်လို့ပါပဲ။ လေဆိပ်တွေဟာ လုပ်ငန်းရှုပ်ထွေးပြီး ငွေအကုန်အကျလည်း အလွန်များပါတယ်။ ကျနော်တို့ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်” လို့ သူက ပြောကြားပါတယ်။

ခေါင်းစီးဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီး၊ ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းနေရာ ဝင်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင် 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.