လေယာဉ်ဆီဈေးကွက် ပေါ်ထွက်လာတော့မည်

အစိုးရ၏ကျောထောက်နောက်ခံဖြင့် လေယာဉ်ဆီဈေးကွက်ကို တစ်ဦးတည်း မောင်ပိုင်စီးထားသော ကုမ္ပဏီကို ရင်ဆိုင်ယှဉ်ပြိုင်ရန် ကုမ္ပဏီ သုံးခုထက်မနည်း ပြင်ဆင်လျက်ရှိကြရာ လေယာဉ်ဆီဈေးကွက်တွင် ဈေးပြိုင်ရောင်းချလာတော့မည်ဖြစ်၍ လေယာဉ်ခနှုန်းများလည်း ကျလာမည်ဟု မျှော်လင့်ရလေသည်။

ကျော်ရဲလင်း ရေးသားသည်။

လေယာဉ်ဆီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက် ခြောက်လကျော်ကြာမှ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် လေယာဉ်ကွင်း ရှစ်ခုတွင်၊ သို့မဟုတ် အနီးအနားတွင် မြေငှားရမ်းရန် ဆွေးနွေးညှိနှိုင်းမှုများ အပြီးသတ်ပါတော့မည်ဟု Golden Myanmar Airlines Co. Ltd က ပြောသည်။

အစိုးရ၏အထောက်အပံ့ဖြင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခဲ့သော လေယာဉ်ဆီဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးစားနေသောကုမ္ပဏီ သုံးခုထက်မနည်းရှိရာ GMA မှာ တစ်ခုအပါအဝင်ဖြစ်သည်။ လေယာဉ်ဆီဈေးကွက်ကို ကုမ္ပဏီတစ်ခုတည်းက ချုပ်ကိုင်ဆောင်ရွက်နေသောကြောင့် ဈေးနှုန်းကြီးမြင့်နေရာ ပြည်တွင်းလေကြောင်းလိုင်းများမှာ မလုပ်သာမကိုင်သာ ဖြစ်နေပြီး နိုင်ငံခြားလေကြောင်းလိုင်းများကလည်း မြန်မာပြည်၌ ဆီဖြည့်ရန် တတ်နိုင်သလောက် ရှောင်ရှားကြသည်ဟု ဝေဖန်သူတို့က ဆိုကြသည်။

GMA ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ အုပ်ချုပ်ရေးညွှန်ကြားမှုဦးစီးဌာန DICA ထံမှ လေယာဉ်ဆီရောင်းချရန် ခွင့်ပြုမိန့်ကို ဧပြီလ ၅ ရက်က ရရှိခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များအပါအဝင် လေဆိပ်များ၌ မြေငှားရမ်းခွင့်ကို မြို့ပြလေကြောင်းဦးစီးဌာန DCA နှင့် စတင်ညှိနှိုင်းခဲ့သည်။

“မြေငှားရန်အစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတဆင့် သမ္မတရုံးသို့ ယခုအပတ်အတွင်း တင်ပြလိုက်ပြီဖြစ်ရာ လုပ်ငန်းစဉ်မှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီ” ဟု GMA အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နှင့် မြေပြင်လုပ်ငန်း အထွေထွေမန်နေဂျာ general manager for admin, HR and ground operations ဦးဝင်းကျော်မိုးက Frontier ကို အောက်တိုဘာ ၂၅ ရက်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မြေနေရာလွတ် သိပ်မရှိတော့တာကြောင့် လုပ်ငန်းစဉ်မှာ မျှော်လင့်ထားတာထက် ပိုကြာသွားခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။

ရန်ကုန်လေဆိပ်မှ ကားဖြင့် ငါးမိနစ်ခန့် အကွာရှိ ဝန်ကြီးဌာနပိုင် မြေငှားရန် DCA က သဘောတူခဲ့ပါသည်ဟု ဦးဝင်းကျော်မိုးက ပြောသည်။ DCA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကလည်း GMA ကို ဤလုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာနက မြေပေးငှားရန် သဘောတူခဲ့သည်ဟု အတည်ပြုပြောကြားသည်။

GMA ကို ငှားရမ်းသည့် မြေငှားရမ်းခမှာ NEPAS ကို ငှားရမ်းသည့်နှုန်းထားအတိုင်းပင် ငှားခဲ့ပါသည်ဟု ဦးရဲထွဋ်အောင်က ပြောသည်။ National Energy Puma Aviation Services, NEPAS ကုမ္ပဏီကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း Myanma Petroleum Products Enterprise, MPPE နှင့် Singapore Puma Energy ကုမ္ပဏီတို့ ၂၀၁၅ တွင် ဖက်စပ်တည်ထောင်ထားခဲ့သော တစ်ဝက်နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပါသည်။

မြေငှားခနှုန်းထားမှာ မြေတစ်စတုရန်းမီတာကို တစ်နှစ် ကျပ် ၅,၀၀၀ ဖြစ်သည်ဟု ဦးရဲထွဋ်အောင်က DCA မှ သူအငြိမ်းစားမယူမီ တစ်ပတ်အလို အောက်တိုဘာ ၁၈ ရက်က သူ့ရုံးခန်းတွင် တွေ့ဆုံမေးမြန်းစဉ် Frontier ကို ပြောပြခဲ့သည်။

ထိုနှုန်းထားသည် ကာလပေါက်ဈေးထက် များစွာလျော့နည်းသော်လည်း DCA သည် မြန်မာ့မြို့ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တတပ်တအား မြှင့်တင်လိုသောကြောင့် GMA ကုမ္ပဏီကို ပေါက်ဈေးမတောင်းရန် DCA က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်ဟု ဦးရဲထွဋ်အောင်က ရှင်းပြသည်။

၂၀၁၈ တွင် ထုတ်ပြန်ခဲ့သော အမိန့်အရ နိုင်ငံပိုင်မြေကို အငှားချထားရာတွင် ငါးနှစ်ထက်ပိုပါက သမ္မတရုံး၏ သဘောတူခွင့်ပြုချက် တောင်းခံရန်လိုအပ်သည်။ ယခုငှားရမ်းမှုသည် ၁၀ နှစ် စာချုပ်ဖြစ်၍ သမ္မတရုံး၏ အတည်ပြုချက်ခွင့်ပြုမိန့်လိုအပ်ပါသည်။

GMA အဆိုပြုထားသော မြေငှားစာချုပ်ကို သမ္မတရုံးက သဘောတူခွင့်ပြုမိန့်ရရှိပြီး တစ်နှစ်အကြာတွင် GMA က လုပ်ငန်းကို စတင်လုပ်ကိုင်နိုင်မည်ဟု ဦးရဲထွဋ်အောင် ကပြောပြသည်။

အပြိုင်အဆိုင်မရှိခဲ့

စစ်အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များတလျှောက်လုံး MPPE သည် လေယာဉ်ဆီရောင်းချရေးလုပ်ငန်းကို အပြိုင်အဆိုင်မရှိ တစ်ဦးတည်း အကျိုးအမြတ်များ ရရှိနေခဲ့သည်။ သို့သော် လေယာဉ်ဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ အရည်အသွေး ညံ့ဖျင်းခြင်းတို့ကြောင့် လေကြောင်းလိုင်းလုပ်ငန်းဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတို့တွင် အဟန့်အတားဖြစ်နေသည်ကို ဦးသိန်းစိန်အစိုးရက  အလျင်အမြန်သဘောပေါက်သွားခဲ့သည်။ ၂၀၁၃ ခု၊ ဇွန်လတွင် စွမ်းအင်ဝန်ကြီးဌာနက ဖက်စပ်လုပ်ကိုင်လိုသော ကုမ္ပဏီကို တင်ဒါခေါ်ယူခဲ့ရာ နောက်နှစ်မှာပင် Puma Energy ကို တင်ဒါအောင်ကုမ္ပဏီအဖြစ်ကြေညာသည်။ ဖက်စပ်ကုမ္ပဏီ NEPAS သည် လေယာဉ်ကွင်း ၁၁ ခုတွင် လုပ်ငန်းဖွင့်လှစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်း ၂၂ လိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်းတို့ကို လေယာဉ်ဆီရောင်းချပေးခဲ့သည်။

Puma Energy က ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုဖြင့် အခြေခံအဆောက်အအုံနှင့် ကိရိယာတန်ဆာပလာများ တိုးတက်ကောင်းမွန်လာသောကြောင့် လေယာဉ်ဆီအရည်အသွေးလည်း ကောင်းမွန်လာသည်။ သို့သော်ပြိုင်ဘက်မရှိ တစ်ဦးတည်း ရန်ကုန်လေယာဉ်ကွင်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည်ဟု စွပ်စွဲပြောဆိုလာကြသည်။ ၇၅ ရာခိုင်နှုန်းသော လေယာဉ်များက ရန်ကုန်လေဆိပ်မှာ ဆီဖြည့်ကြသောကြောင့်ဖြစ်သည်။

မြို့ပြလေကြောင်း ညွှန်ကြားမှုဦးစီးဌာန DCA သည် မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းများနှင့် လေကြောင်းလိုင်းများ ထိန်းကျောင်းညွှန်ကြားမှုတွင် တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည်။ လေယာဉ်ဆီထောက်ပံ့ရေးကဏ္ဍတွင် ယှဉ်ပြိုင်ရောင်းချမည့်သူမရှိ၊ NEPAS ကုမ္ပဏီတစ်ခုတည်းက ချုပ်ကိုင်လုပ်ကိုင်နေခြင်းကို DCA ကလည်း သဘောမကျချေ။ အထူးသဖြင့် ရန်ကုန်လေဆိပ်ဈေးကွက်အား လက်ဝါးကြီးအုပ်ထားခြင်းကို မကြိုက်ချေ။

“ဂျက်လေယာဉ်ဆီဈေးတွေ တခြားနိုင်ငံထက်မြင့်မားနေရတဲ့ အဓိကအကြောင်းရင်းကတော့ အဓိကလေဆိပ် နှစ်ခု ရန်ကုန်နဲ့ မန္တလေးလေဆိပ်တွေမှာ ယှဉ်ပြိုင်ရောင်းချမယ့် ကုမ္ပဏီမရှိတာကြောင့်ပါပဲ” ဟု အမည်မဖော်လိုသော DCA အရာရှိက ပြောပြသည်။ သူက မီဒီယာကို ပြောနိုင်သော တရားဝင်ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်သောကြောင့်ဖြစ်သည်။

“ဒါကြောင့် အပြိုင်ကုမ္ပဏီတွေ ပေါ်ပေါက်လာအောင် DCA က ပုဂ္ဂလိက  ကုမ္ပဏီနှစ်ခုနဲ့ ညှိနှိုင်းပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်” ဟု သူက စက်တင်ဘာလလယ်တုန်းက ပြောခဲ့သည်။ လေယာဉ်ဆီရောင်းချသော အခြားကုမ္ပဏီဆို၍ Yangon Aerodrome Co. Ltd တစ်ခုတည်းသာ ရှိကြောင်း ထိုကုမ္ပဏီကလည်း နေပြည်တော် နိုင်ငံတကာလေဆိပ်တွင် နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်ဆင်းသက်မှုမှာ အလွန်နည်းပါးကြောင်း DCA ပြောခွင့်ရ ဦးရဲထွဋ်အောင်က ပြောပါသည်။

“ဒီတော့ NEPAS တစ်ခုတည်းရှိတယ်လေ၊ လေယာဉ်ဆီဈေးက သူများထက် မြင့်နေပြီပေါ့” ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ လေယာဉ်ဆီဈေးဟာ တခြားအရှေ့တောင်အာရှနေရာတွေထက် တစ်ဂါလံကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ ဆင့် US 50 Cent (ဒေါ်လာဝက်) လောက် ပိုများနေတယ်လို့ လေကြောင်းလိုင်းတွေက တိုင်ကြားတာတွေရှိတယ်” ဟု ဦးရဲထွဋ်အောင် ပြောသည်။

“မြန်မာနိုင်ငံမှာ လေယာဉ်ဆီဈေးက တစ်ဂါလံ ၂ ဒေါ်လာခွဲနဲ့ ရောင်းနေတယ်၊ စင်ကာပူမှာ ၁ ဒသမ ၉၀ ဒေါ်လာနဲ့ နှစ်ဒေါ်လာ ကြားမှာပဲရှိတယ်။ ထိုင်းမှာ ၂ ဒသမ ၀၁ ဒေါ်လာပဲရှိပါတယ်” ဟု သူကပြောသည်။

“မြန်မာပြည်ဆင်းတဲ့ နိုင်ငံတကာလေကြောင်းလိုင်း ၄၁ လိုင်းရှိတယ်။ အများစုက စင်ကာပူနဲ့ ထိုင်းမှာ အခြေစိုက်တဲ့ လိုင်းတွေပါ၊ ဒီလေယာဉ်တွေက ရန်ကုန်မှာ ဆီဖြည့်တာကို တတ်နိုင်သလောက်ရှောင်ကြတယ်၊ ဈေးကြီးတာကိုး” ဟု ဦးရဲထွဋ်အောင်ကပြောသည်။

“ဒါကြောင့် ကျွန်တော်တို့က လေယာဉ်ကွင်းတစ်ခုမှာ အနည်းဆုံး ဆီဖြည့်လုပ်ငန်း နှစ်ခုတော့ ရှိစေချင်တာ၊ ဒီလိုပြိုင်ဘက်ရှိမှ ဈေးကလည်း ကျလာမှာ။ ဒီတော့မှ လေယာဉ်ခတွေလည်း နောက်ဆက်တွဲ ကျလာနိုင်တာပေါ့” ဟုဆိုသည်။

မြို့ပြလေကြောင်း ညွှန်ကြားမှုဦးစီးဌာန DCA ဒုညွှန်ချုပ် ဦးရဲထွဋ်အောင်။ ဓာတ်ပုံ - သူရဇော်

မြို့ပြလေကြောင်း ညွှန်ကြားမှုဦးစီးဌာန DCA ဒုညွှန်ချုပ် ဦးရဲထွဋ်အောင်။ ဓာတ်ပုံ – သူရဇော်

တတိယကုမ္ပဏီ

မြန်မာနိုင်ငံတွင် ဓာတ်ဆီများ ပြည်ပမှ တင်သွင်းရောင်းချနေသော ‘မြတ်မေတ္တာမွန်’ MMTM ပုဂ္ဂလိကကုမ္ပဏီသည် လေယာဉ်ဆီပါ ရောင်းချရန် စီစဉ်နေသည်။ MMTM ကုမ္ပဏီသည် လေယာဉ်ဆီရောင်းချရန် ဝန်ကြီးဌာနထံ အဆိုပြုထားကြောင်း၊ သို့သော် လုပ်ငန်းစီမံချက်တင်ပြဖို့ လိုသေးကြောင်း ဦးရဲထွဋ်အောင်က ပြောသည်။

“MMTM ဟာ ဓာတ်ဆီတွေ တင်သွင်းရောင်းချတဲ့ အတွေ့အကြုံလည်းရှိတယ်၊ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေလည်း ရှိတယ်ဆိုတော့ သူတို့ ဒီအလုပ်ကို လုပ်နိုင်လိမ့်မယ်ထင်ပါတယ်” ဟု သူက ပြောသည်။

“ဒီတော့ လေဆိပ်တိုင်းမှာ ဆီဖြည့်ပေးတဲ့ ကုမ္ပဏီနှစ်ခု၊ သုံးခု ရှိလာတော့မှာပေါ့” ဟု ပြောသည်။

MMTM ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “ဓာတ်ဆီတွေ လက်လီစိတ် ရောင်းနေရတာနဲ့ ယှဉ်ရင် လေယာဉ်ဆီလုပ်ငန်းက ပိုပြီးအမြတ်အစွန်းမြိုးမြိုးမြက်မြက်ရတယ်ဗျ” ဟု ပြောသည်။

NEPAS သည် အမြတ် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရနေသည်ဟု သူကခန့်မှန်းသည်။ ဓာတ်ဆီရောင်းနေတာက အမြတ် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိသာ ရသည်ဟု သူကပြောသည်။ MMTM သာ လေယာဉ်ဆီလုပ်ငန်း လုပ်ကိုင်ခွင့်ရလျှင် သူတို့က အမြတ် ငါးရာခိုင်နှုန်းထက် ပိုမယူပါဟုလည်း DCA ကို ကတိပေးထားသည်ဟု ဦးဝင်းမြင့်ကဆိုသည်။

“အခုဖြစ်နေတဲ့ အခြေအနေကို ‘လက်ဝါးကြီးအုပ်တယ်’ ဆိုတဲ့ စကားတော့ မသုံးချင်ပါဘူး။ ဒါက ပြင်းလွန်းပါတယ်၊ တန်းတူရည်တူ ကန်နေကြတဲ့ကွင်းတော့ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်” ဟု ဦးဝင်းမြင့်က အောက်တိုဘာ ၁၇ ရက်က Frontier ကို ပြောပြသည်။

နိုင်ငံတော်အစိုးရ၏ ကျောထောက်နောက်ခဖြင့်လုပ်နေသော NEPAS ကုမ္ပဏီအဖို့ ပြိုင်ဘက်သစ်တွေအပေါ် အသာစီးရထားသည့်အချက်များရှိကြောင်း၊ မြေနေရာနှင့် အခြေခံအဆောက်အအုံကဲ့သို့ နေရာကောင်းများ ရထားခြင်းဖြစ်ကြောင်း သူကရှင်းပြသည်။

NEPAS မထောင်ခင်ကတော့ အမြတ်အစွန်းအားလုံးသည် နိုင်ငံတော်ထံ ရောက်သွားကြောင်း၊ MPPE က နိုင်ငံပိုင်လုပ်ငန်းဖြစ်၍ဖြစ်ကြောင်း သူကဆိုသည်။

“NEPAS က နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်ထူထောင်ထားတာဖြစ်တော့ အမြတ်တချို့က နိုင်ငံခြားကုမ္ပဏီဆီ ရောက်သွားတာပေါ့၊ ပြည်တွင်းက လုပ်နိုင်ကိုင်နိုင်တဲ့ ကုမ္ပဏီပေါ်လာရင် ဒီအမြတ်ကို ပြည်တွင်းက ကုမ္ပဏီက ခံစားသင့်တာပေါ့” ဟု ဦးဝင်းမြင့်ကပြောသည်။

မြန်မာနိုင်ငံသည် လစဉ်လေယာဉ်ဆီဒေါ်လာ ၁၁ သန်းဖိုးခန့် ပြည်ပမှတင်သွင်းနေရသောကြောင့် နိုင်ငံခြားငွေ ဒေါ်လာ ၁ ဒသမ ၆ သန်းထက်မနည်း နိုင်ငံပြင်ပထွက်နေသည်ဟု ဦးဝင်းမြင့်က ခန့်မှန်းသည်။

Asia World ကုမ္ပဏီကြီး၏ လက်ခွဲကုမ္ပဏီဖြစ်သော Yangon Aerodrome သည် ရန်ကုန်လေဆိပ်ကို လုပ်ကိုင်လျက်ရှိရာ ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီထောက်ပံ့ရေးလုပ်ငန်းကိုပါ လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိသည်။

“ဒါကြောင့် သူတို့က GMA ကို မြေခွဲမပေးနိုင်ဘူးလို့ ငြင်းတာပေါ့” ဟု အမည်မဖော်လိုသော DCA ညွှန်ကြားရေးမှူးတစ်ယောက်က ပြောသည်။

လက်ရှိကန်ထရိုက်စာချုပ်အရ Yangon Aeordrome  သည် ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီ ရောင်းချရေး လုပ်ကိုင်ခွင့်ရှိပါသည်ဟု ဦးရဲထွဋ်အောင်က အတည်ပြုပြောကြားသည်။ Frontier က Yangon Aerodrome ၏ မှတ်ချက်ကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

တခြားကုန်ကျစရိတ်တွေကြောင့်ပါ

MPPE က စာဖြင့် ပြန်ကြားရာတွင် လေယာဉ်ဆီထောက်ပံ့ရေးလုပ်ငန်းကို ၎င်းတို့ လက်ဝါးကြီးအုပ်ထားခဲ့သည် ဟူသောစွပ်စွဲမှုကို ပယ်ချငြင်းဆိုခဲ့ပါသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လေယာဉ်ဆီထောက်ပံ့ရေးကဏ္ဍ၌ ယှဉ်ပြိုင်မှုကို အားပေးခဲ့ပါကြောင်း GMA က သူ့လုပ်ငန်းအတွက် အခြေခံအဆောက်အအုံများ ထူထောင်မည့်အစီအစဉ်ကို ဝန်ကြီးဌာနက သဘောတူခွင့်ပြုခဲ့ကြောင်း ထောက်ပြပါသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကြေညာချက်အမှတ် ၁၅/၂၀၁၇ တွင် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ မည်သည့်ကုမ္ပဏီမဆို ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ခြင်း၊ ဖြန့်ဝေခြင်း၊ ပို့ဆောင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု ဖော်ပြထားကြောင်း ထောက်ပြပါသည်။ Puma Energy နှင့် ဖက်စပ်လုပ်ကိုင်လိုက်သဖြင့် အချိန်တိုအတွင်း နိုင်ငံတကာအဆင့်အတန်းမီ လုပ်ကိုင်နိုင်ခဲ့ကြောင်းကိုလည်း ထောက်ပြပါသည်။

NEPAS က ရောင်းချသော လေယာဉ်ဆီဈေးနှုန်းမှာ စင်ကာပူက ဈေးနှုန်းထက် တစ်ဂါလံကို တစ်ဒေါ်လာလောက် မြင့်နေသည် ဆိုတာကိုတော့ MPPE က ဝန်ခံသည်။ မြန်မာပြည်တွင် ရောင်းချနေသော လေယာဉ်ဆီများကို စင်ကာပူမှသာ အဓိကတင်သွင်းရောင်းချခြင်းဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခွန်အခများ ကြီးမားသည်ကိုလည်း ထောက်ပြပြောဆိုသည်။

ရေနံစိမ်းတင်သွင်းပြီး နိုင်ငံအတွင်းမှာပင် လေယာဉ်ဆီချက် ရေနံချက်စက်ရုံကနေ လေဆိပ်အထိ ဘောက်ဆာကားများဖြင့်မသယ်ဘဲ ပိုက်လိုင်းများသွယ်ထားပါက ဈေးတွေချနိုင်ပါလိမ့်မယ်ဟု MPPE  က ပြောပါသည်။ MMTM နှင့် အခြားကုမ္ပဏီတွေက မြန်မာပြည်တွင် လေယာဉ်ဆီဈေး သူများထက် ကြီးမြင့်နေရသည့်အကြောင်းကို သူတို့သိရှိထားပါကြောင်း၊ မည်သို့ပင်ဖြစ်စေ NEPAS သည် ဆီဈေးကို ယခုထက်လျှော့နိုင်သေးသည်ဟု သူတို့ယုံကြည်ကြောင်း ပြောကြသည်။

“NEPAS သာ ဈေးတွေ တကယ်လျှော့ချချင်တယ်ဆိုရင်၊ ခုချက်ချင်းလျှော့ချရောင်းလို့ရပါတယ်၊ ဒါပေမဲ့ အမြတ်တွေလျော့သွားမှာပေါ့၊ ပြိုင်ရောင်းမယ့်လူမှ မရှိဘဲ၊ သူတို့က ဘာလို့ ဈေးလျော့ရောင်းရမှာလဲ”  ဟု လုပ်ငန်းမှ ပုဂ္ဂိုလ်တစ်ဦးက Frontier ကိုပြောသည်။

“ပြိုင်ဘက်တွေရှိလာရင်တော့ ဈေးကျသွားမှာ သေချာပါတယ်” ဟု ဦးရဲထွဋ်အောင်က ပြောသည်။

“GMA ကတော့ သူတို့အစိုးရနဲ့ အပြီးသတ်သဘောတူညီမှုရပြီး တစ်နှစ်အတွင်း ရန်ကုန်လေဆိပ်နဲ့ တခြားလေဆိပ်တွေမှာ လောင်စာဆီ စတင်ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်” ဟုဆိုသည်။

GMA ကုမ္ပဏီသည် ထိုင်းနှင့် နယ်စပ်၊ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်လည်း လေယာဉ်ဆီရောင်းနိုင်ဖို့ စီစဉ်နေသည်ဟုဆိုသည်။

“အဲဒီမှာက စီမံကိန်းအစမ်းသဘောပေါ့၊ ဒါပေမဲ့ တချိန်တည်းမှာပဲ တခြားလေဆိပ်တွေမှာ တပြိုင်တည်း ရောင်းချသွားမှာပါ” ဟု ဦးဝင်းကျော်မိုးက ပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စင်ကာပူ Puma Energy နှင့်MPPE ကုမ္ပဏီတို့ ဖက်စပ်ထူထောင်သည့် NEPAS သည် ၂၀၁၅ ကတည်းက တစ်ဦးတည်း လေယာဉ်ဆီရောင်းချပေးခဲ့သည်။ ဓာတ်ပုံ – ပံ့ပိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.