ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများက ပြနေသော လုပ်ငန်းများ ဖြန့်ကျက်ဆောင်ရွက်နိုင်မှု

မကြာမီက ကျင်းပသည့် ရင်းနှီးမြှုပ်နံှမှုဖိုရမ်ကို အာရှစီးပွားရေးလုပ်ငန်းများက လွှမ်းမိုးနေသည့်တိုင် ၂၀၁၇-၁၈ ခုနှစ် တရားဝင်စာရင်းများအရ အိမ်ခြံမြေ၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍအားလုံး မြင့်တက်မှုနှင့်အတူ လုပ်ငန်းများဖြန့်ကျက်ဆောင်ရွက်မှု မြင့်မားလာသည်ကို တွေ့ရသည်။

ကျော်လင်းထွန်းနှင့် သောမတ်စ်ကင်းန် ရေးသားသည်။                                                                                                 

မကြာသေးမီက ကျင်းပခဲ့သော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ခန်းမကို ဝေ့ဝိုက်ကြည့်ပါက အံံသြစရာတစ်ခုကို တွေ့ရလိမ့်မည်။ အနောက်တိုင်း စီးပွားရေးလုပ်ငန်းရှင်များ မပါသလောက် ဖြစ်နေခြင်းပင်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးရေးအသင်း MIDA နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးစီးကျင်းပသော ဖိုရမ်၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ “စီးပွားရေးဗဟိုချက်မ” နှင့် အထူးသဖြင့် ရန်ကုန်မြို့တော်အတွင်း ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသော အနောက်ဘက်ကမ်းတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အလုံးအရင်းဖြင့် ဆောင်ရွက်နေသော ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို မြှင့်တင်ရန်ဖြစ်သည်။

တက်ရောက်လာကြသော နိုင်ငံခြားသားများအနက် ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် သြစတြေးလျတို့အပါအဝင် အနောက်နိုင်ငံသား ခုနစ်ရာခိုင်နှုန်းသာ ပါရှိသည်။ သို့ရာတွင် တရုတ်နိုင်ငံသားများက တက်ရောက်သူများ၏ ၃၀ ရာခိုင်နှုန်းနှင့် အာဆီယံနိုင်ငံများက ၃၅ ရာခိုင်နှုန်း ပါဝင်သည်။ ကျန်နိုင်ငံအားလုံးနီးပါးမှာ အာရှနိုင်ငံများဖြစ်ကြပြီး အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သည်။ အလားတူ ရင်းနှီးမြှုပ်နှံမှုဖိုရမ်များကို ဇွန်လတွင် တရုတ်နိုင်ငံနှင့် ယခုနှစ်ကုန်ပိုင်း၌ အိန္ဒိယနိုင်ငံတို့တွင် ကျင်းပရန်စီစဉ်ထားကြောင်း MIDA က ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်၊ တောင်ကိုရီးယားနှင့် အာဆီယံတို့မှ ရင်းနှီးမြှုပ်နှံသူတ့ိုက စိတ်ဝင်စားခဲ့ကြကြောင်း အခမ်းအနားမတိုင်မီကပင် ဝန်ကြီးချုပ်က လူသိရှင်ကြား ပြောကြားခဲ့သည်။ သို့ရာတွင် ဖိုရမ်၌ ကွဲပြားခြားနားမှု မြင့်မားခဲ့ရခြင်းက အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူတို့က မြန်မာနိုင်ငံကို ကျောခိုင်းထွက်ခွာနေပြီဟူသောအချက်နှင့် အာရှဒေသ၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နံှသူတို့က ပိုမိုထင်ရှားလာပြီဟူသောအချက်ကို နက်နက်နဲနဲ မီးမောင်းထိုးပြလျက်ရှိသည်။

၂၀၁၈ ခုနှစ်တွင် အဓိကစီမံကိန်းကြီး အများအပြားကို တရုတ်ရင်းနှီးမြှုပ်နှံသူတို့အား လုပ်ကိုင်ခွင့်ပြုခဲ့ရာ ထိုအထဲတွင် ရန်ကုန်ဗဟိုမီးရထားရုံး ဖွံ့ဖြိုးရေးနှင့် ဧရာဝတီတိုင်းဒေသကြီး သဘာဝဓာတ်ငွေ့ရည် စီမံကိန်းတို့လည်း ပါဝင်သည်။ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီသည် စီမံကိန်း၏ အဆင့်တစ်အတွက် အခြေခံအဆောက်အအုံလုပ်ငန်း အဆိုပြုချက်ကို အသေးစိတ်ပြင်ဆင်ရန် တရုတ်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကုမ္ပဏီ China Communications Construction Company(CCCC) နှင့် မူဘောင်သဘောတူညီချက် တစ်ရပ်ကို ဧပြီ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိမည်ဟု ခန့်မှန်းရသည်။

တရုတ်က ဦးဆောင်နေသလော

ယင်းမှာ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရသာ ဖြစ်သည်။ ၂၀၁၇-၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုပြီးသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၅ ဘီလျံရှိရာ ၂၀၁၁-၁၂ ခုနှစ်နောက်ပိုင်း နှစ်အလိုက် ဒုတိယမြောက် အမြင့်ဆုံးနှစ်ဖြစ်ခဲ့သည်။ ထိုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ခဲ့သော စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ လေးပုံတစ်ပုံဖြစ်ခဲ့သည်။ ဟောင်ကောင်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကလည်း တနိုင်ငံချင်းအလိုက် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသဖြင့် အရေးပါသော ရင်းနှီးမြှုပ်နှံမှုရင်းမြစ်များအဖြစ် တည်ရှိနေဆဲဖြစ်သည်။

သို့ရာတွင် နယ်သာလန်( အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၉ သန်း )၊ ယူနိုက်တက်ကင်းဒမ်း ( အမေရိကန် ဒေါ်လာ ၂၁၁ ဒသမ ၂ သန်း)နှင့် အမေရိကန်ပြည်ထောင်စု ( အမေရိကန်ဒေါ်လာ  ၁၂၈ ဒသမ ၇ သန်း ) တို့ကလည်း ထူးထူးခြားခြား ရင်းနှီးမြှုပ်နံှလျက်ရှိသည်။

ကုမ္ပဏီအများစုမှာ စင်ကာပူမှတဆင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသဖြင့် တသီးတခြားစီ ခွဲခြား၍ ထုတ်ဖော်ပြရန် ခက်ခဲသည်။ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၄ဘီလျံဖြင့် စင်ကာပူသည် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ကြီးဖြစ်သော်လည်း ယခုပမာဏမှာ ၂၀၁၂-၁၃ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုချက်များသည်  ၂၀၁၇-၁၈ ခုနှစ်တွင် ကျဆင်းခဲ့သည်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုက ပုံမှန်သာရှိနေခဲ့ပြီး “မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နေဆဲဖြစ်ကြောင်း” မေ ၁၇ ရက်က  ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ်ပြန်ခဲ့သော မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု  Myanmar Economic Monitor – MEM အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

typeof=

ရင်းနှီးမြှုပ်နှံမှုသည် ကုန်ထုတ်လုပ်ရေး၊ အိမ်ခြံမြေနှင့်အခြားဝန်ဆောင်မှုများနှင့် လယ်ယာစိုက်ပျိုးရေးတို့ အပါအဝင် ကဏ္ဍအများအပြားသို့ ပိုမိုခွဲဖြာစီးထွက်သွားသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့တို့ကဲ့သို့ ယခင်ကအရေးပါခဲ့သော ကဏ္ဍများ၌ စီးဆင်းမှုနည်းပါးခဲ့သည်။

ထို့အပြင် ရင်းနှီးမြှုပ်နံှမှု ရင်းမြစ်များမှာလည်း အမျိုးမျိုးခွဲဖြာသွားသည်။ စင်ကာပူနိုင်ငံသည် ၂၀၁၅-၁၆ ခုနှစ်က ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့သော FDI ၏ထက်ဝက်ရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် လေးပုံတစ်ပုံမျှသာ ရှိခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ စင်ကာပူမှတဆင့် ရင်းနှီးမြှပ်နှံမှုများ စီးဝင်လာအောင် မြန်မာကုမ္ပဏီများက  မက်လုံးမပေးနိုင်သောကြောင့် ဖြစ်သည်။

အထိုက်အလျောက် ခိုင်မာလာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုသည် လက်ရှိဖြစ်ပေါ်နေသော  နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း လိုငွေပြမှုကို ကူညီဖြေရှင်းပေးသည်။  သို့သော် ရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာ ကျဆင်းခြင်းက ပြည်ပငွေပေးငွေယူရှင်းတမ်းနှင့် ပြည်တွင်းငွေကြေးကို အခက်အခဲဖြစ်ပေါ်စေသည်။

ကြိုတင်မှန်းဆနိုင်မှုနှင့် နိုင်ငံရေး

မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မည်သည့်နိုင်ငံမှ ရင်းနှီးမြှုပ်နံှသူမဆို ကြိုမှန်းဆနိုင်မှုရှိသော အခြေအနေကို လိုချင်ကြောင်းပြောသည်။

“ကျွန်မတို့နိုင်ငံက အဲဒါကို မပေးနိုင်သေးဘူးထင်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နံှမှုအတွက် စွန့်စားမှု အန္တရာယ်များတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သူတို့ ယူဆထားပုံရတယ်” ဟု ၎င်းကပြောသည်။

ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်စေရန် ရေရှည်ဖွံ့ဖြိုးမှုကို အဓိကထားလျက် စီးပွားရေးမူဝါဒ တည်ငြိမ်မှု ရရှိရေးကို အစိုးရက ပိုမိုအလေးထားရန် ဒေါ်ခိုင်ခိုင်နွယ်က တိုက်တွန်းသည်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများထက် အာရှရင်းနှီးမြှုပ်နံှသူတို့က မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း ၎င်းကပြောသည်။ အကြောင်းတစ်ခုမှာ သူတို့မိခင်နိုင်ငံ၌ ခံစားခွင့်မရသည့် အထွေထွေ ဦးစားပေးစနစ်ကဲ့သို့သော ကုန်သွယ်ရေး ဦးစားပေးအဆင့်ကို ရနိုင်၍ဖြစ်သည်။

အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံမှု နှေးကွေးကျဆင်းရခြင်းမှာ “အခြားသောအရာများထက်” နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ ခံယူချက်တို့နှင့် ဆက်နွယ်နေကြောင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအင်စတီကျု သုတေသန ညွှန်ကြားရေးမှူး မစ္စတာရှောင်တာနယ်က ပြောသည်။

“တနည်းပြောရရင် လောလောဆယ်အချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ ဘာမှလုပ်နိုင်ဟန် မတူပါဘူး” ဟု သူကဆိုသည်။

စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံက အလွန်စွန့်စားရသည့် နိုင်ငံမဟုတ်ဟု ယုံကြည်ကြောင်း သူက ပြောသည်။

“အထူးသဖြင့် ကျယ်ပြန့်တဲ့ အပြည်ပြည်ဆိုင်ရာ အလားအလာတွေအရ အစိုးရက အကောင်းဆုံး လုပ်ပေးနိုင်တာကတော့ ပြည်တွင်းစည်းမျဉ်းစည်းကမ်းနဲ့ နည်းဥပဒေတွေကို အတတ်နိုင်ဆုံး လျော်ကန်သင့်မြတ်မှုရှိအောင် ဆောင်ရွက်ရပါမယ်” ဟု သူကဆိုသည်။

စီးပွားရေးလုပ်ငန်းဝန်းကျင် တိုးတက်ကောင်းမွန်ရေး

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဥပဒေများနှင့် ယင်းတိ့ုနှင့် ဆက်နွယ်နေသော နည်းဥပဒေများကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူမှုရှိအောင် ဖန်တီးပေးဖို့လိုကြောင်း “မရေရာမှုများကြားမှ ဖွံ့ဖြိုးမှု” Growth Amidst Uncertainty ဟုအမည်ပေးထားသော MEM အစီရင်ခံစာတွင် ဖော်ပြသည်။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမှုအဖြစ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၉၀ ရှိသည့်အနက် အဆင့် ၁၇၁ တွင်ရှိနေရာမှ ထိပ်တန်းအဆင့် ၁၀၀ အတွင်းဝင်အောင် အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

ယင်းရည်မှန်းချက် ပြည့်မီရေးအတွက် ဆောင်ရွက်သော ပြုပြင်ပြောင်းလဲရေးများက “ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးပြီး စီးပွားရေးကို ကမ္ဘာနှင့်ယှဉ်နိုင်အောင် အထောက်အကူပေးသည်” ဟုဆိုသည်။  မကြာမီက တိုးတက်မှုများ ရရှိခဲ့သော်လည်း ဆောင်ရွက်ဖွယ်ရာများ ကျန်ရှိနေဆဲဖြစ်ပြီး ထိုကိစ္စများမှာလည်း အဆောတလျင် ဆောင်ရွက်၍ ရနိုင်သောကိစ္စများ မဟုတ်ကြောင်း သတိပေးထားသည်။

“ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုဝန်းကျင် တိုးတက်ကောင်းမွန်စေဖို့ ဆောင်ရွက်ရာမှာ ဗျူရိုကရေစီစနစ်ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှု၊ ဆုံးဖြတ်ချက်ချရာမှာ ဗဟိုကချုပ်ကိုင်မှုနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးပေါ်ထွန်းမှုတို့က အဟန့်အတားတွေ ဖြစ်နေတယ်ဆိုတဲ့ အယူအဆတွေ ရှိနေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့အတွင်း ပေါင်းစပ်ညှိနှိုင်းမှု ခိုင်မာစေရေးနှင့် မကြာမီကပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၌ ပြည်သူလူထု ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ကောင်းမွန်စေရေး၊ စီးပွားရေးဝန်းကျင် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု၏ တိုးတက်မှုများကို စောင့်ကြည့်ရေးနှင့် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းအပါအဝင် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုအတွက် နည်းဥပဒေများကို ထပ်မံဖြေလျှော့ရေးတို့ကို ဆောင်ရွက်ရန် ထောက်ခံတင်ပြထားသည်။

အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ဆောင်ရွက်ရာတွင် ဥပဒေနှင့် နည်းဥပဒေသစ်များကို နားလည်သိမြင်မှု ပိုမိုရှိလာကြစေရန်၊ ဒေသဆိုင်ရာအဆင့်၌ ဝန်ထမ်းစွမ်းဆောင်ရည် တည်ဆောက်ကြရန်နှင့် ရင်းနှီးမြှုပ်နှံသူ ကူညီရေးအသင်း ထူထောင်ရေးတို့အတွက် အစိုးရက ပိုမိုဆောင်ရွက်ရန်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

“ရင်းနှီးမြှုပ်နှံသူတွေက မြေနေရာ၊ အခြေခံအဆောက်အအုံ၊ ကျွမ်းကျင်လုပ်သားနဲ့ အရည်အသွေးမီ ပြည်တွင်းသွင်းအားစုများ ရရှိအောင် ဆောင်ရွက်ရာမှာ လုပ်ငန်းတိုးတက်ကောင်းမွန်စေဖို့အတွက် ဖြည့်စွက်ပြုပြင် ပြောင်းလဲရေးတွေကိုလည်း အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆိုသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မေ ၉ ရက်က ကျင်းပသော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမှာစကားပြောကြားစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.