မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအတွက် မီဒီယာ၏ အရေးပါမှု

မြန်မာနိုင်ငံတွင် စီးပွားရေးလောကသားတို့က သတင်းသမားများကို သံသယမျက်စိဖြင့် ကြည့်တတ်ကြသည်။ စီးပွားရေးအသိုက်အဝန်းသည် သတင်းသမားများနှင့် မီဒီယာအဖွဲ့အစည်းများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေနိုင်သော နည်းလမ်းများစွာဖြင့် အထောက်အပံ့ပြုပေးနိုင်ပါသည်။

ဗစ်ကီဘိုးမင်းန်နှင့် သွမ်ပ်ဆင်ချောင်တို့ရေးသားသည်။

မြန်မာ့မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်လျှင် ၂၀၂၀ ပြည့်နှစ်သည် ယနေ့အထိတော့ နှစ်ကောင်းတစ်နှစ်ဟု မဆိုနိုင်သေးချေ၊ ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် ကိုးခုတွင် ကမ္ဘာပေါ်၌ အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကို ဆက်လက်ပြုလုပ်ထားဆဲဖြစ်သည်။ ‘သတင်းမှား’ ဝက်ဘ်ဆိုက် ၇၀ ကျော်ကို ပိတ်ထားပြီး သတင်းထောက်များကိုလည်း ဆက်လက်ဖမ်းဆီးနေဆဲပင်ဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါဆိုးအန္တရာယ် ကမ္ဘာအနှံ့ကျရောက်နေသဖြင့် သတင်းပေးပို့မှုအလွန်အရေးပါနေချိန်တွင် ထိုသို့ဖြတ်တောက်ထားခြင်းဖြစ်သည်။

ယနေ့ထုတ်ပြန်လိုက်သော Free Expression Myanmar ၏ နှစ်ပတ်လည်လေ့လာချက်အရ မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်မှာ သုံးနှစ်ဆက်တိုက်ကျဆင်းနေပြီး အစိုးရနှင့် စစ်တပ်ကြောင့် ဤသို့ကျဆင်းနေရခြင်းဖြစ်သည်ဟု ဆိုပါသည်။

မီဒီယာလွတ်လပ်ခွင့်ကျဆင်းရခြင်းတွင် အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုမှာ အဓိကတာဝန်ရှိ‌သော်လည်း ပုဂ္ဂလိကကဏ္ဍမှာလည်း အပြစ်မကင်းချေ။ ကျွန်တော်တို့ဆက်သွယ်မေးမြန်းကြည့်သော ကုမ္ပဏီအချို့ (ပြည်တွင်းရော နိုင်ငံခြားအပါအဝင်) တို့က မီဒီယာများကို အထောက်အကူပေးမည့်သူများအဖြစ် မမြင်ကြဘဲ ပြဿနာကောင်တွေဟုသာ ရှုမြင်တတ်ကြသည်ကို တွေ့ရသည်။ ရေးသားသောသတင်းတွေက မမှန်ကန်မတိကျ၊ လက်လိုက်မှုများရှိကြောင်း၊ ကုမ္ပဏီများ၏ အဓိကလုပ်ဆောင်ချက်များကိုလည်း မသိရှိကြကြောင်း၊ ကုမ္ပဏီများထံ မေးမြန်းစုံစမ်းအတည်ပြုမှုရယူခြင်း မပြုလုပ်ကြဘဲ သတင်းရေးသားခြင်း၊ အွန်လိုင်းမှ ဝေဖန်ခြင်းများကိုသာ အလျင်စလိုပြုလုပ်ကြကြောင်း ကုမ္ပဏီများက တိုင်တန်းကြသည်။

သို့သော် ထိုသို့ပြောနေကြသော ကုမ္ပဏီများကပင် သတင်းထောက်များအား သတင်းမှန်အချက်အလက်မှန် ရယူဖို့ ခက်ခဲအောင်လုပ်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများအကြောင်း၊ လုပ်ငန်းများအကြောင်းကို အွန်လိုင်းပေါ်တွင် အချက်အလက်အပြည့်အစုံ တင်ပြလေ့မရှိကြပေ။

မြန်မာကုမ္ပဏီများထံတွင် သူတို့ကုမ္ပဏီဝက်ဘ်ဆိုက်ရှိခဲလှပါသည်။ ရှိခဲ့ပါလျှင်လည်း သူတို့ကုမ္ပဏီ၏ နောက်ဆုံးမကြာမီက လုပ်ဆောင်ချက်များ၊ အဓိပ္ပာယ်ရှိသော လုပ်ဆောင်မှုများကို တင်လေ့မရှိကြပေ။ ဤသို့လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော စီးပွားရေးသတင်းအတွက် အရေးပါသော ပထမခြေလှမ်းပင် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်လို ပုံနှိပ်ထုတ်ဝေခဲ့သော ‘တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းအတွက် မြန်မာ့ဗဟိုဌာန Myanmar Centre for Responsible Business (MCRB) ၏ ‘ပွင့်သစ်စ’ (မြန်မာ့လုပ်ငန်းကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု) Transparency in Myanmar Enterprise တွင် ဤချို့ယွင်းချက်ကို ထင်ဟပ်ဖော်ပြနေသည်။ MRCB က ၂၀၂၀ အတွက် ရမှတ်မူကြမ်း ပထမအဆင့်ကို ကုမ္ပဏီများထံပေးပို့ခဲ့သည်။ ထိုအစီရင်ခံစာအရ ဆက်သွယ်ရရှိသော ကုမ္ပဏီ ၂၇၇ ခုအနက် ၅၈ ရာခိုင်နှုန်းတွင်သာ ဝက်ဘ်ဆိုက်များထားရှိသည်။ ထိုဝက်ဘ်ဆိုက်တင်ထားသော ကုမ္ပဏီများအနက် လွန်ခဲ့သောနှစ်အထိသာ ဖော်ပြခဲ့ကြပြီး နောက်ပိုင်းလှုပ်ရှားမှုကို ဆက်လက်ဖော်ပြထားသော ကုမ္ပဏီမှာ ၃၀ သာရှိသည်ဟုဆိုပါသည်။

သတင်းအချက်အလက်များကို ဖော်ထုတ်ထားခြင်းသည် လူထုဆက်သွယ်ရေးအတွက်သာ အရေးကြီးသည် မဟုတ်ပါ။ မြန်မာ့လုပ်ထုံးဥပဒေအရလည်း အကျုံးဝင်ပါသည်။ အထူးသဖြင့် အများပိုင်ကုမ္ပဏီနှင့် ဘဏ်များအတွက် ပို၍အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် သတင်းလွတ်လပ်ခွင့်မရှိခဲ့ပါ၊ ထို့ကြောင့် မီဒီယာများအတွက် ခိုင်မာပြည့်စုံသော ဝန်းကျင်အခြေအနေတည်ရှိနေရေးအတွက် အရေးကြီးပုံကို စီးပွားရေးသမား အချို့က လျှော့တွက်ထားခဲ့ကြသည်မှာ မဆန်းပါ၊ သို့သော် မီဒီယာနှင့် စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံရေးမှာ အပြန်အလှန်သံသယဖြစ်နေဖို့၊ ဝိရောဓိတွေဖြစ်နေဖို့ မထိုက်ပါ။ သတင်းသမားတွေ ဘက်ကရော စီးပွားရေးလုပ်ငန်းများဘက်ကပါ နှစ်ဘက်စလုံးအကျိုးဖြစ်စေမည့် ဆက်ဆံရေးမျိုးသာဖြစ်သင့်ပါသည်။

စီးပွားရေးသမားများ၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအဖို့ လုပ်ငန်းကျွမ်းကျင်သော၊ ကိုယ်ကျင့်သိက္ခာရှိသော သတင်းသမားများ၏ တိကျမှန်ကန်သော ဈေးကွက်သတင်းများ၊ အစိုးရပေါ်လစီများ၊ ကုမ္ပဏီလှုပ်ရှားမှုသတင်းများ လိုအပ်ပါသည်။ ထိုသတင်းများကသာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များချမှတ်ရာတွင် များစွာအထောက်အကူပြုပါသည်။

မိမိ၏ ပြိုင်ဖက်ကုမ္ပဏီများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းကမ်းများ၊ အလုပ်သမားဥပဒေများကို လေးစားလိုက်နာသော တန်းတူမျှတသော ယှဉ်ပြိုင်မှုကို ဖန်တီးပေးမည့် အကျင့်ပျက်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အလေးထားသော သိက္ခာရှိကုမ္ပဏီများသည် စုံစမ်းထောက်လှမ်းသည့် သတင်းစာပညာကို ထောက်ခံကြိုဆိုသင့်ပါသည်။ အဂတိလိုက်စားသော၊ မျှတသော ယှဉ်ပြိုင်မှုမဟုတ်သော ဘက်လိုက်မှုရှိသည်ဟု သံသယရှိပါက၊ သို့မဟုတ် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ညံ့ဖျင်းကြောင်းတွေ့ရှိပါက သတင်းထောက်များကို မှတ်တမ်းမတင်ဘဲ အကြောင်းကြားထောက်ပြနိုင်သည်။ မီဒီယာ၏အကူအညီဖြင့် သက်ဆိုင်ရာအာဏာပိုင်များကို တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်စေရန် ဖိအားပေးနိုင်ပါသည်။

ပုဂ္ဂလိကမီဒီယာများမှာလည်း စီးပွားရေးလုပ်ငန်းများသာဖြစ်ရာ အရည်အသွေးမီ စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်နိုင်ရန် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဝင်ငွေရရှိဖို့လိုပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် အရည်အသွေးမီသတင်းများ ရေးသားနေသော မီဒီယာများတွင် ကြော်ငြာထည့်ခြင်း၊ လပေးမှာယူ ဖတ်ရှုခြင်းများ ပြုလုပ်သင့်ပါသည်။

အခြားသူများ၏ သတင်းနှင့် ဆောင်းပါးများကို ခိုးယူပြီး ထပ်မံဖော်ပြသည့်သိက္ခာမဲ့သော၊ သိက္ခာရှိသတင်းစာလုပ်ငန်းကို သေးသိမ်အောင်ဖျက်ဆီးသော သူများနှင့် ဝေးဝေးရှောင်နေသည့် သတင်းမီဒီယာများကို မှာယူဖတ်ရှုခြင်း၊ ကြော်ငြာထည့်သွင်းခြင်းဖြင့် အားပေးရပါမည်။ ထိုသို့သော အကျင့်ပျက်၊ သိက္ခာမဲ့မီဒီယာအချို့ကို မြန်မာစာနယ်ဇင်းကောင်စီက ဖော်ထုတ်ခဲ့ဖူးပါသည်။

ထောက်ပံ့ပေးသည်ဆိုရာ၌ မိမိသတင်းဖော်ပြပေးသဖြင့် သတင်းထောက်တွေကို ပိုက်ဆံပေးခြင်းကို မဆိုလိုပါ။ ဤလုပ်ဆောင်မှုမျိုးသည် အရည်အသွေးရှိသော သတင်းစာပညာကို ထိခိုက်ကျဆင်းစေပါသည်။ သတင်းက သိသင့်သိထိုက်သော သတင်းဖြစ်နေလျှင် ဒါမျိုးမလိုအပ်ပါ။

ကုမ္ပဏီဥက္ကဋ္ဌ၏ ကိုဗစ် ၁၉ အလှူထည့်ဝင်ငွေကို သတင်းစာထဲပါစေလိုက ကြော်ငြာခပေးပြီးထည့်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများ မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများတို့သည် ကိုယ့်နေရာနှင့်ကိုယ်ရှိကြပြီး တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့မှ ကိုယ်စီကိုယ်စီ အကျိုးကျေးဇူးခံစားကြရပါသည်။ ဒီလိုကိုယ်ပိုင်နေရာလေးတွေကို ကိုယ်စီကာကွယ်ထားသင့်ကြပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်တို့ ခြိမ်းခြောက်ခံလာရလျှင် စီးပွားရေးလုပ်ငန်းများက အစိုးရကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ စိုးရိမ်ကြောင်းပြောကြားသင့်ပါသည်။

ဤကဲ့သို့ လုပ်ဆောင်နေကြသော စီးပွားရေးလုပ်ငန်းများရှိနေပါပြီ၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားသဖြင့် စီးပွားရေးနှင့် လူမှုရေးဆိုးကျိုးများဖြစ်စေကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများအတွက်မြန်မာ့ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံတွင် ဥရောပမှ ရင်းနှီးမြှုပ်နှံထားသူများက ဝေဖန်ခဲ့ကြပါသည်။

အစိုးရသတင်းစာကို ဆင်ဆာဖြတ်ခြင်း၊ သတင်းသွားရောက်မယူနိုင်အောင် ကန့်သတ်ခြင်းများ ပြုလုပ်လျှင် မီဒီယာကိုသာ ထိခိုက်သည်မဟုတ်ပါ၊ ကုမ္ပဏီများကိုလည်း တိုက်ရိုက်ထိခိုက်ပါသည်။ မကြာမီက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုတွင် လွတ်လပ်သော သတင်းအဖွဲ့များဖြစ်ကြသည့် Karan News, Rakhine based Narinjara and Development Media Group သတင်းများကို ဆင်ဆာဖြတ်တောက်ဖို့ ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးနေသူများမှာ အကျဉ်းအကျပ်အခြေအနေဆိုက်ခဲ့ပါသည်။ ဤသည်မှာ လူ့အခွင့်အရေးလေးစားလိုက်နာရမည့် တာဝန်များကို ချိုးဖောက်ရာကျပါသည်၊ ထိုသို့ဖြတ်တောက်မှု မလုပ်ပါကလည်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် အသိမ်းခံရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပါသည်။

ဤပြဿနာမှာ မြန်မာ့လုပ်ထုံးလုပ်နည်း ဥပဒေကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်၊ ၂၀၁၃ ဆက်သွယ်ရေးဥပဒေက လူ့အခွင့်အရေးကို အကာအကွယ်ပေးမထားပါ၊ ဤဥပဒေကို အစိုးရက အသုံးပြုနေပုံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းကို ချိုးဖောက်ရာကျပါသည်။

စီးပွားရေးလုပ်ငန်းများသည် ထိန်းသိမ်းရန် အပ်နှင်းထားသော ထောက်ခံမှုကို ကျင့်သုံးရာတွင်လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိအားပေးတောင်းဆိုရာတွင်လည်းကောင်း၊ အစိုးရလုပ်ကိုင်ပုံအပေါ်တွင် သက်ရောက်မှုရှိစေမည့် ဥပဒေများပါဝင်သင့်ပါသည်။

ထိုသို့မလုပ်ဆောင်ခဲ့လျှင် ဒေသတွင်း ဥပဒေအတိုင်းပင် လိုက်နာရမည်လော၊ လူ့အခွင့်အရေးကိုပင် လေးစားလိုက်နာရမည်လောဟု ဒီနှစ်ခုအကြားတစ်ခုခုကို ရွေးရတော့မည့်ကိန်းဆိုက်သွားနိုင်ပါသည်။ တာဝန်ယူသော စီးပွားရေးလုပ်ငန်းအတွက် ဤသို့သောနိုင်ငံမျိုးတွင် ရင်းနှီးမြှုပ်နှံလိုကြမည်မဟုတ်ချေ၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်နိုင်ပါသည်။

သတင်းယူပိုင်ခွင့်နှင့် လွတ်လပ်စွာဖော်ထုတ်ခွင့် ရရှိရေးအတွက် စီးပွားရေးလုပ်ငန်းများအပေါ်တွင်သာ တာဝန်ကျရောက်သည်မဟုတ်ပါ၊ မြန်မာ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပေးမည့် အကောင်းဆုံးကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ချင်အောင် ဆွဲဆောင်နိုင်ရေးနှင့် ထိန်းသိမ်းထားနိုင်ရေးအတွက် အစိုးရတွင်လည်း တာဝန်ရှိပါသည်၊ ဤပြဿနာများသည် အရေးကြီးသည်။ သူတို့ မည်သည့်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဟု ဆုံးဖြတ်ရာတွင်လည်း ထည့်စဉ်းစားသည့် အရေးပါသောကိစ္စပင်ဖြစ်ပါသည်။

Vicky Bowman သည် “Myanmar Centre for Responsible Business” ၏ ညွှန်ကြားရေးမှူးဖြစ်ပြီး ယခင်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါသည်။

Thompson Chau သည် ဟောင်ကောင်-မြန်မာ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဖော်ပြချက်များသည် စာရေးသူ၏အမြင်အာဘော်သာဖြစ်ပြီး ဟောင်ကောင်-မြန်မာစက်မှုကုန်သည်အသင်း၏အာဘော်ဟု မယူဆနိုင်ပါ။

ဦးကိုကို ဘာသာပြန်သည်။​

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.