မြန်မာ့ဒီမိုကရေစီ ပိုမိုကောင်းမွန်လာစေရန် NLD က ဘယ်လို ဆောင်ရွက်နိုင်မလဲ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် ၂၀၁၂ ခုနှစ်က အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ ခုံရုံးအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ခုံရုံးသည် ယခုထိတိုင် ထိုအခြေအနေမှ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ သို့သော် NLD ပါတီသည် လွတ်လပ်သော တရားစီရင်ရေး ပြန်လည်ရရှိရန်နှင့် ၎င်း၏အာဏာကို ပြန်လည ်ထူထောင်ရန် အရေးယူလုပ်ဆောင်မှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ခဲ့သည်။

ထင်ကျော်အေး ရေးသားသည်။

အကျင့်ဆိုးဟူသည် အမြစ်တွယ်ရန် လွယ်ကူပါဘိချင်း။ ထို့အတူ မြန်မာနိုင်ငံ၏ သန္ဓေတည်စ ဒီမိုကရေစီတွင်လည်း လစ်ဘရယ်မဆန်သော အသွင်လက္ခဏာများကို အလျင်အမြန် ဖြစ်ထွန်းနေရသည်။ ယေဘုယျအားဖြင့် ဒီမိုကရေစီစနစ်တွင် မတူညီသော အဖွဲ့အစည်း ဌာနများအကြား အပြန်အလှန် တာဝန်ခံမှုအပေါ် အာဏာပြိုင်မှု လွှမ်းမိုးလာခြင်းကို ထိန်းချုပ် ကန့်သတ်ထားသည်။ သို့သော် ၎င်းတို့၏ အမှီအခိုကင်းမှုကြောင့် တစ်သင်းတစ်ဖွဲ့ တစ်ပါတီ၏ လွှမ်းမိုးကြီးစိုးမှုကို ကန့်သတ်ထားခြင်းဖြင့် နိုင်ငံရေးကို ပုံမှန်အနေအထား ရှိနေစေသည်။ မြန်မာနိုင်ငံတွင် အပြန်အလှန် ထိန်းညှိမှု Checks and balance ဟူသော ဝေါဟာရမှာ အဓိက အင်အားကြီးများအကြား ပြိုင်ဆိုင်မှုကို ဖော်ညွှန်းသော ဝေါဟာရအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်။

၂၀၁၅ ရွေးကောက်ပွဲက လူထုအကြိုက် အစိုးရကို တင်မြှောက်ပေးနိုင်ခဲ့သည် မှန်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က တိုက်ရိုက်ခန့်ထားခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၃ ခုကို စစ်တပ်က ရယူထားခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စစ်တပ်က ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြင်းတို့ကို ပြဋ္ဌာန်းထားရာ နိုင်ငံရေးကို စစ်တပ်က ထိန်းချုပ်ထားဆဲပင်ဖြစ်သည်ဟု သုံးသပ်သူအများစုက ထောက်ပြကြသည်။

ထို့ကြောင့် မြန်မာတပ်မတော်သည် အာဏာကို စွန့်လွှတ်သည် ဆိုရုံမျှသက်သက်သာ စွန့်လွှတ်ခြင်းဖြစ်သည်။ ထိုမျှမက ဒီမိုကရေစီကို  ပိုမိုခိုင်မာအောင်လုပ်ရန် ကြိုးပမ်းလာပါက တားဆီးပိတ်ပင်မည်၊ စစ်အုပ်ချုပ်ရေးကို ပြန်သွားမည်ဆိုသည့် သဘောထားဖြင့် သွယ်ဝိုက် ခြိမ်းခြောက်နေကြသည်။

သို့သော် မေးသင့်မေးထိုက်သည့် မေးခွန်းကိုတော့ မေးလိုက်ရဦးမည်ဖြစ်သည်။ “ဒီမိုကရေစီအစိုးရ တက်လာခဲ့သည်မှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်သော်လည်း ဒီမိုကရေစီ အခြေခိုင်အောင် NLD က ဘာတွေများ လုပ်နိုင်ခဲ့ပါသလဲ။” မဖြစ်စလောက်သာ လုပ်နိုင်ခဲ့ပုံရပါသည်။

တိုးတက်မှုမရှိခဲ့သော ကဏ္ဍတစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဆင့်မြင့် တရားရုံးများသည် နိုင်ငံရေးသြဇာ လွှမ်းမိုးမှုနှင့် လွတ်လပ်သော တရားစီရင်မှုကို ချည့်နဲ့အားပျော့အောင် ကြိုးပမ်းမှုများကို ကာလကြာရှည် ကြုံတွေ့ခဲ့ရသည်။ လူ ၂၄၀,၀၀၀ နီးပါး သေဆုံးခဲ့ရသော နာဂစ်ဆိုက်ကလုံး မုန်တိုင်းအပြီး သီတင်းပတ်များတွင် တက်သုပ်ရိုက် ပြုလုပ်ခဲ့သော လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံက လစ်ဘရယ် မကျလွန်းသော ပြဋ္ဌာန်းချက်များကို ခွင့်ပြုထားသည်။ ဥပမာအားဖြင့် နိုင်ငံ၏ ဖွဲ့စည်းပုံကို အဓိပ္ပာယ်ဖွင့်ဆိုရန် အာဏာအပ်နှင်းထားသော ဖွဲ့စည်းပုံခုံရုံးကို အာဏာရအစိုးရက တိုက်ရိုက် ရွေးချယ်ခန့်ထားရန် ခွင့်ပြုထားသည်။ တရားဝင်အရ တရားရုံးချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော်လည်း ဖွဲ့စည်းပုံခုံရုံးတွင်လည်း အလွန်သိသာ ထင်ရှားသော အာဏာများရှိနေရာ ထိုအာဏာကို နိုင်ငံရေးစက်ပုန်းခုတ်၍ အသုံးချနိုင်သော အခြေအနေတွင် ရှိနေသည်။

အာဏာပြိုင်ဆိုင်မှု၏ ဆိုးမွေ

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ မည်သည်ကို ဆိုလိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းပုံခုံရုံးအား တာဝန်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချမှတ်သော ပြဋ္ဌာန်းချက်အရ လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ဟု ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် လွှတ်တော်ကော်မတီများ၏ အလုပ်ကို သေးသိမ်စေပြီး လွှတ်တော်ကိုယ်စားလှယ်များကို မလေးမစား စော်ကားရာ ရောက်သည်ဟုဆိုကာ လွှတ်တော်အမတ်များက ဒေါသအမျက်ထွက်ကြသည်။ အမတ်မင်းများက ဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်များကို ပြစ်တင်စွဲချက်တင်ရန် စီစဉ်ခဲ့ကြသည်။ သို့သော် လွှတ်တော်အမတ်များ၏ စွဲချက်တင်ရေးအဆိုကို လွှတ်တော်က အတည်မပြုမီကလေးမှာပင် ခုံအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နှုတ်ထွက်သွားခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် မွေးရာပါ ချို့ယွင်းချက်များရှိနေကြောင်း၊ သို့မဟုတ် နိုင်ငံရေး ကြိုတင် တွက်ချက်မှုများ ရှိနေကြောင်း ဤအဖြစ်အပျက်က ပြသနေသည်။

ဤအဖြစ်အပျက်သည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ (USDP) အတွင်း ပြိုင်ဆိုင်မှု အရှိန်မြင့်နေချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်က သမ္မတဦးသိန်းစိန် အစိုးရကို အံတုပြိုင်ဆိုင်၍ USDP ပါတီတွင်း ပြိုင်ဆိုင်မှု ကြီးထွားနေချိန်ဖြစ်သည်။ ထိုပဋိပက္ခမှာ သူရဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်တို့အကြား ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုမှလည်းကောင်း၊ လွှတ်တော်သည် ဦးသိန်းစိန်အစိုးရ၏ လက်ညှိုးထောင်၊ ခေါင်းငြှိမ့် ရာဘာတံဆိပ်တုံးထုပေးသည့်နေရာဖြစ်သည်ဟု အထင်မခံလို၍ လည်းကောင်း ယှဉ်ပြိုင်အံတုရာမှ တင်းမာလာခြင်းဖြစ်သည်။

ဖွဲ့စည်းပုံခုံရုံးမှ အဖွဲ့ဝင်များ နှုတ်ထွက်သွားကြပြီးနောက် လွှတ်တော်ကလည်း အချိန်မဆိုင်းဘဲ ဖွဲ့စည်းပုံခုံရုံးဥပဒေကို အပြောင်းအလဲများ သိသိသာသာ ပြုလုပ်ပြီးနောက် အတည်ပြုလိုက်ကြသည်။ အတည်ပြုလိုက်သော ဥပဒေသစ်တွင် ဖွဲ့စည်းပုံခုံရုံးအဖွဲ့၏ ဥက္ကဋ္ဌရာထူးကို သမ္မတက အဆိုပြုခန့်အပ်နိုင်သော သမ္မတအာဏာကို ပယ်ဖျက်လိုက်ပြီး ခုံရုံး၏ ဆုံးဖြတ်နိုင်ခွင့်ပါဝါကိုလည်း တရားစီရင်ရေးကဏ္ဍ သက်သက်အတွက်သာ ကန့်သတ်ထားလိုက်သည်။ သို့သော် နောက်တစ်နှစ်အကြာတွင် လွှတ်တော်က ဖွဲ့စည်းပုံခုံရုံး၏ လုပ်ပိုင်ခွင့်နယ်ပယ်ကို ပြန်လည်ပေးအပ်ပြီး ခုံရုံး၏ အဆုံးအဖြတ်ကိုလည်း အစိုးရဋ္ဌာနအားလုံးက လေးစားလိုက်နာရန် ပြဋ္ဌာန်းအတည်ပြုလိုက်သည်။

shwe_mann_0.jpg

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်း ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ အခြေခံမူများနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်တို့ အပေါ်တွင်မူ သိသာထင်ရှားသော ထိခိုက်မှုများ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်၍ ခုံရုံးအဖွဲ့ဝင်များသည် ၎င်းတို့ကို အဆိုပြုခန့်ထားသော သူများကို တာဝန်ခံရသည်။ ဆိုလိုသည်မှာ သမ္မတနှင့် လွှတ်တော် ၂ ရပ်၏ ဥက္ကဋ္ဌများကို တာဝန်ခံရသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဖော်ပြပါရှိသော အစီရင်ခံဟူသော ဝေါဟာရကပင် အထက်အောက်ဆက်ဆံရေးပုံစံ ထင်ရှားပေါ်လွင် နေပြီဖြစ်သည်။ ဤသည်မှာ လွတ်လပ်သောတရားစီရင်နိုင်မှုနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံခုံရုံးသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးအရ ကျဆုံးသွားခဲရချိန်မှစ၍ ယခုထိ တကယ်တန်း ပြန်လည် နလံထနိုင်ခြင်းမရှိချေ။ နောက်ပိုင်းတွင် ခုံရုံးဥပဒေကို အပြောင်းအလဲလုပ်ရန် လွှတ်တော်တွင် ၂၀၁၄ ခုနှစ်၌တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်၌ တစ်ကြိမ်၊ ၂ ကြိမ်တိုင် ဆွေးနွေးခဲ့ကြစဉ်ကလည်း ခုံရုံးအဖွဲ့ဝင်များအနေဖြင့် ပါဝင်ပြောဆိုဆွေးနွေးမှု အနည်းအကျဉ်းသာ ရှိခဲ့သည်။

ဖွဲ့စည်းပုံခုံရုံး၏ အဓိကတာဝန်များမှာ ဖွဲ့စည်းပုံဥပဒေပါ စာပိုဒ်များကို အဓိပ္ပာယ်ဖွ့ဲဆိုပေးရန်၊ ဋ္ဌာနအဖွဲ့အစည်းများ အချင်းချင်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုဖြစ်ခဲ့လျှင် ဖြေရှင်းပေးရန်၊ ပြည်နယ်တိုင်းဒေသကြီးအဆင့်နှင့် ပြည်ထောင်စုအဆင့် အလုပ်အမှုဆောင် အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်မှုများနှင့် ဥပဒေပြု အဖွဲ့အစည်းများမှ ဆုံးဖြတ်ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ဖွဲ့စည်းပုံနှင့် ညီမညီ ဆုံးဖြတ်ပေးရန်တို့ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ခုံရုံးက လက်ခံစဉ်းစားခဲ့သော အမှုပေါင်း ၁၂ မှုအနက် ၄ မှုကို ပယ်ချခဲ့သည်။ ထိုပယ်ချခဲ့သော ၄ မှုမှာ ၂၀၁၂ ခုနှစ်တွင် အငြင်းပွားမှုဖြစ်ပြီး နောက်ပိုင်းရောက်လာသော အမှုများဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာ့ဒီမိုကရေစီ၏ အာနည်းချက်များမှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။ အတည်ပြုပြဋ္ဌာန်းခြင်းမပြုမီ လူထုအကြား ချပြဆွေးနွေး အကြံညဏ်ရယူမှုလည်း အမှန်တကယ် မရှိခဲ့သဖြင့် အနိုင်ရပါတီသည် အစိုးရဖွဲ့ပြီးသည်နှင့် ဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်များကို အစိုးရကိုယ်တိုင် စိတ်ကြိုက်ခန့်အပ်ကာ နိုင်ငံအမြင့်ဆုံး ဖွဲ့စည်းပုံခုံရုံးအပေါ် အာဏာရပါတီက လွှမ်းမိုးခွင့် ရရှိသွားလေသည်။ ထိုမျှမက ဖွဲ့စည်းပုံခုံရုံး၏ သက်တမ်းမှာလည်း သမ္မတနှင့် လွှတ်တော်သက်တမ်းတို့နှင့် အကြမ်းအားဖြင့် အတူတူဖြစ်နေရာ လွတ်လပ်စွာ တရားစီရင်နိုင်မှုနှင့် ကြီးကြပ် ကွပ်ကဲမှုတို့ကို ထိထိရောက်ရောက် မလုပ်နိုင်တော့ပေ။ ဖွဲ့စည်းပုံခုံရုံးဥပဒေ ၂၀၁၅ ပြင်ဆင်ချက်အရ ခုံရုံးအဖွဲ့ဝင်များအား ခုံရုံးတာဝန်ယူထားစဉ်ကာလတွင် လွှတ်တော်ရွေးကောက်ပွဲအတွက် ပါဝင် မဲဆွယ် စည်းရုံးခွင့်ပြုထားလေရာ ခုံရုံးတာဝန်ကို နိုင်ငံရေးနှင့် နှီးနှောဆက်နွယ်သွားစေလေသည်။ ပါတီကိစ္စ လှုပ်ရှားဆောင်ရွက်ခွင့် မရှိသော်လည်း နိုင်ငံရေးပါတီဝင်အဖြစ် ဆက်လက်နေခွင့်ပြုထားသည်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသောအခါတွင်မူ ခုံရုံးတွင် ဆက်လက်ပါဝင်ခွင့် မရှိတော့ချေ။

မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရာဝယ်

မြန်မာနိုင်ငံတွင် ယခုထက်ပိုမို၍ အားကောင်းမောင်းသန်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကုရာနတ္ထိ ဆေးမရှိပါ။ ဖွဲ့စည်းပုံ ခုံရုံးပြဿနာကို နိုင်ငံရေးပြဿနာဟု သဘောမထားဘဲ ဌာနအဖွဲ့အစည်းဆိုင်ရာ ပြဿနာဟု သဘောထား ဖြေရှင်းလျှင် ရနိုင်ဖွယ်ရှိသည်။ ပထမဦးစွာ ခုံရုံး၏သက်တမ်းကို သမ္မတ (သို့မဟုတ်) လွှတ်တော်၏သက်တမ်းနှင့် ချည်နှောင်မထားဘဲ ပြောင်းပစ်ရမည်။ လွတ်လပ်ပါသည်ဟု ယုံကြည်ယူဆရသည့် တရားရေးအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်များ၏ သက်တမ်းကို ထိုအဖွဲ့ဝင်များအား ရွေးချယ်ခန့်ထားနိုင်သည့် ရုံး၏သက်တမ်းနှင့် အတူတူ တတန်းတည်း မထားသင့်သည်မှာ ထင်ရှားနေပါသည်။ ခုံရုံး၏ ဆောင်ရွက်မှုများအပေါ် အစိုးရနှင့် လွှတ်တော်၏ လွှမ်းမိုးမှုကို ရိုက်ချိုးနိုင်ရန် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဋ္ဌာနအဖွဲ့အစည်းဆိုင်ရာ စစ်ဆေး ထိန်းညှိမှုများရှိရန် လိုအပ်သည် မှန်သော်ငြားလည်း ယခုလက်ရှိ အစီရင်ခံရမည်ဆိုသည့် အခြေအနေကတော့ မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိပါ။ လွှတ်တော်အတွင်း ရိုးရိုးမဲခွဲပြီး အများစု ထောက်ခံမဲနှင့်ပင် ဖွဲ့စည်းပုံဥပဒေကို အပြောင်းအလဲ လုပ်နိုင်ပါသည်။

စစ်တပ်သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှှုန်း နေရာယူထားသဖြင့် ဖွဲ့စည်းပုံအပြောင်းအလဲကို ဗီတိုအာဏာဖြင့် ပယ်ချနိုင်နေသော်လည်း NLD သည် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုတင်ရန် စဉ်းစားနိုင်သေးသည်သာ ဖြစ်သည်။ ပြင်ဆင်ရေးအဆို တင်နိုင်ရန် လွှတ်တော်တွင်း အမတ်၂၀ ရာခိုင်နှုန်း၏ ထောက်ခံမှုသာ လိုအပ်သည်။ ဥပမာ ဖွဲ့စည်းပုံခုံရုံး သက်တမ်းညှိနှိုင်းရေး စာပိုဒ်တွင် အပြောင်းအလဲ အဆိုတင်သွင်းနိုင်ပါသည်။ ထို့နောက်တွင်မှ လွှတ်တော်အတွင်း အများစု ၇၅ ရာခိုင်နှုန်း လိုအပ်သည်။ သို့သော် ထိုအပြောင်းအလဲ လုပ်ရန် လူထုဆန္ဒခံယူပွဲ လုပ်ရန်မလိုအပ်တော့ပေ။ တပ်မတော်၏ အကျိုးစီးပွားနှင့် မပတ်သက်၊ မသက်ဆိုင်သော အကြောင်းအရာများတွင် ဖွဲ့စည်းပုံတွင် ပြင်ဆင်ရေးအဆိုကို သွေးတိုးစမ်းသည့်အနေဖြင့် NLD က လွှတ်တော်တွင် တင်ကြည့်နိုင်ပါသည်။

ဖွဲ့စည်းပုံ အပြောင်းအလဲအချို့ကို တပ်မတော်က ဆန့်ကျင်သည်ဟု သိရှိရသော်လည်း ဖွဲ့စည်းပုံအဓိပ္ပာယ် ဖွင့်ဆိုရေး တာဝန်ကိုသာ အပ်နှင်းထားသော ခုံရုံးအပေါ် နိုင်ငံရေး သြဇာလွှမ်းမိုးမှု အဆုံးသတ်ရန် တပ်မတော်က အဘယ်ကြောင့် ကန့်ကွက်နေရသည်ကို စဉ်းစား၍မရချေ။ တပ်မတော်၏ အဓိကရပ်တည်ချက်မှာ နိုင်ငံ့အချုပ်အခြာအာဏာနှင့် နယ်မြေတည်တန့်ရေးနှင့် ဖွဲ့စည်းပုံကို ကာကွယ်ရေးဟု ဆိုထားသည် မဟုတ်ပါလော။

အစိုးရဖြစ်လာခဲ့ပြီး တစ်နှစ်ကျော်ကြာလာသောအခါတွင် NLD ပါတီသည် ဖွဲ့စည်းပုံခုံရုံးနှင့်သက်ဆိုင်သော ပြဿနာများအပေါ် စိတ်ဝင်စားမှု အနည်းငယ် ဖော်ပြလာသည်။ အမှန်မှာလည်း ဤပြဿနာကို ဖြေရှင်းရန်လိုအပ်သော ပြဿနာဟု ပါတီက ယူဆပုံမရပါ။ ၂၀၁၅ တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD က ထောက်ခံခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က ပိတ်ပင်တားဆီးခဲ့ရာ ခုံရုံး၏ သြဇာအာဏာလည်း ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်ပေမည်။

သို့သော် NLD ခေါင်းဆောင်များသည် တရားဥပဒေအုပ်စိုးရေးနှင့် တရားစီရင်မှု ပြုပြင်ပြောင်းလဲရေးများကို ဦးစားပေးလုပ်ငန်းများအဖြစ် ပုံမှန်ထုတ်ဖော် ပြောကြားလေ့ရှိသည်။ ၎င်း၏ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် တရားမျှတ၍ ဘက်မလိုက်သော တရားရေးစနစ် ထူထောင်ရေး လုပ်ဆောင်မည်ဟု ကတိကဝတ်ပေးခဲ့သည်။ ဖွဲ့စည်းပုံခုံရုံး အပါအဝင် မြန်မာနိုင်ငံ၏ လွတ်လပ်သော တရားစီရင်ရေး တစစီပြိုကွဲပျက်စီးနေမှုကို ပြင်ဆင်ရေးမှာ ပါတီ၏ အကျိုးစီးပွားပင် ဖြစ်ပေမည်။ သို့သော် NLD အနေနှင့် မဖြေရှင်းနိုင်သေးသော ပြဿနာများကို ကိုင်တွယ်နေမည့်အစား အခွင့်အလမ်းများကိုသာ စတင်ကြည့်ရှုနိုင်လျှင် အပြောင်းအလဲ ဖြစ်ပေါ်လာပေလိမ့်မည်။

အနည်းဆုံးတော့ ကြိုးပမ်းကြည့်ရလိမ့်မည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.