ရဲတပ်ဖွဲ့၊ ရွေးကောက်ခံ အစိုးရအပေါ် သစ္စာ စောင့်သိလာမလား

“ ဗစ်တိုးရီးယား” ကလေးမမုဒိမ်းမှုသည် အစိုးရကရဲတပ်ဖွဲ့နှင့်ပတ်သက်၍ မေးခွန်းထုတ်နေချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်များကို ဖော်ပြနိုင်ခဲ့သည်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ် တချို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆန္ဒပြတဲ့ ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲလိုဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေတဲ့ လတ်တလောအကြောင်းရင်းကတော့ ဗစ်တိုးရီးယားလို့ နာမည်ဝှက် ပေးထားတဲ့ ၃ နှစ်မပြည့်သေးတဲ့ ကလေးငယ်လေး တစ်ယောက် အဓမ္မ ပြုကျင့်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တာ၊ တရားရုံးကနေ တရားခံလို့ သတ်မှတ် အပြစ်ပေးနိုင်မယ့်သူမျိုးကို မဖော်ထုတ်နိုင်တာ၊ နောက်ဆုံး အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ သူတို့အနေနဲ့ အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ ဗစ်တိုးရီးယား ကလေးငယ်လေးရဲ့ နာမည်အမှန်၊ မိဘနဲ့ နေရပ်လိပ်စာ အခြေအနေမှန်တွေကို ထုတ်ဖော် ပြောဆိုခဲ့တာ စတဲ့ အချက်တွေ စုပေါင်းပြီး ပြည်သူတွေ ဒေါသထွက် လမ်းပေါ်တက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ပြည်ထဲရေးဝန်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ထိပ်တန်း အရာရှိကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး ရွေးကောက်ခံ အစိုးရအပေါ် သစ္စာစောင့်သိဖို့ပါဝင်တဲ့ လမ်းညွှန်အမှာစကား ပြောခဲ့ပြီး ၃-၄ ရက်အတွင်း ခုလို ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ဘယ်လိုအားနည်းချက်တွေ ရှိနေသလဲ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရဲတပ်ဖွဲ့ကို ဘယ်လိုလမ်းညွှန်ချက်တွေ ပေးခဲ့သလဲ၊ ရဲတပ်ဖွဲ့အနေနဲ့ တကယ်ပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး အရည်အသွေးပြည့်ဝတဲ့ ပြည်သူတွေ ယုံကြည် အားထားရတဲ့ ပြည်သူ့ရဲတပ်ဖွဲ့မျိုး ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

ဒီဇင်ဘာ ၁၈ ရက်က ရဲတပ်ဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လမ်းညွှန်ချက်ထဲမှာ ရွေးကောက်ခံအစိုးရအပေါ် သစ္စာစောင့်သိရေးအပါအဝင် အရေးကြီးတဲ့အချက်တချို့ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေတဲ့အခြေအနေ၊ ရဲတပ်ဖွဲ့ဟာ တပ်မတော်နဲ့ သဘောသဘာဝချင်း မတူတဲ့အကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာ၊ ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှုပြဿနာ၊ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ ရပ်ရွာ တည်ငြိမ်အေးချမ်းရေး လုပ်နေတယ်လို့ ပြည်သူတွေ ထင်မြင်လာအောင် လက်တွေ့လုပ်ပြဖို့ လိုအပ်နေတာ စတာတွေကို တည့်တည့်တမျိုး၊ သွယ်ဝိုက်ပြီးတဖုံ ပြောပြလမ်းညွှန်သွားတာပဲ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေကိုကြည့်ရင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာ ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရပါတယ်။ အေအေအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ခုလို တိုက်ပွဲဆင်ဖို့ ဆိုရင် လက်နက်ကြီး လက်နက်ငယ်၊ ကျည်ဆံနဲ့ စစ်ပစ္စည်းကိရိယာ တန်ဆာပလာ အမြောက်အမြားလိုမယ် ဆိုတာကတော့ လူတိုင်း နားလည်နိုင်ပါတယ်။

မူရင်း ရခိုင် အေအေလက်နက်ကိုင်အဖွဲ့ ဌာနချုပ်နဲ့ အခြေစိုက်ရာ နေရာဟာ ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့ရဲ့နယ်မြေ တရုတ်နယ်စပ်က လိုင်ဇာမှာ ဖြစ်ပါတယ်။ အခြားသော အေအေရဲ့ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း တရုတ်နယ်စပ်မှာပဲ အခြေစိုက်ကြတာပါ။ အဓိပ္ပာယ်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ အေအေလက်နက်ကိုင်အဖွဲ့က ကိုင်တွယ်သုံးစွဲနေတဲ့ လက်နက်နဲ့ စစ်ပစ္စည်းကိရိယာအားလုံး အဲဒီတရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံ မြို့ကြီးတွေကိုဖြတ်ပြီး ရခိုင်ပြည်နယ်ထဲ သယ်ယူခဲ့ကြတာပါ။

လက်နက် တစ်လက်၊ နှစ်လက်မက တစ်ရာ နှစ်ရာမက ထောင်နဲ့ချီ တရုတ်နယ်စပ်ကနေ မြို့ကြီးတွေကို ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲ ပို့ခဲ့ကြတာပါ။ အဲဒီအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည် ဘယ်လောက်ကျဆင်းနေသလဲ ခန့်မှန်းနိုင်ပါတယ်။ အရင်ခေတ်ဟောင်းတုန်းက ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ ရခိုင်တော်လှန်ရေးသမားတွေဟာ ရခိုင်ပြည်နယ်ထဲ လက်နက်တွေသယ်ယူဖို့ ခုလိုမျိုး စိတ်ကူး အိပ်မက်ထဲတောင် မမက်နိုင်ခဲ့ပါဘူး။ ကိုယ့်ရခိုင်ပြည်နယ်ထဲမှာ ကိုယ်ခြေချနိုင်ဖို့ ထိုင်းနယ်စပ်ကနေ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အထိ တောတွင်းကနေ ချီတက်၊ အဲဒီကမှ ချင်းပြည်နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲ သွားဖို့အဆင်း တပ်မတော်ရဲ့ချေမှုန်းတိုက်ခိုက်မှုခံရပြီး ခရီးရှည်ချီတက်ပွဲကြီး ကျရှုံးခဲ့ရဖူးပါတယ်။

ရခိုင်ပြည်နယ်ထဲက နောက်ပြဿနာ တစ်ခုက အေအေအဖွဲ့ကနေ လွှတ်တော်အမတ်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်၊ လဝက အပါအဝင် အစိုးရဝန်ထမ်း စတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်နေမှု ရဲတပ်ဖွဲ့ကရော၊ တပ်မတော်ဘက်ကပါ မတားဆီးနိုင်ခြင်းပါ။ ဒါ့အပြင် စစ်တွေလို ပြည်နယ်မြို့တော်မှာတောင် ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေး ကောင်းကောင်းလုပ်နိုင်တာ မတွေ့ရတော့ပါဘူး။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတ့ ပြဿနာ တစ်ခုကတော့ မူးယစ်ဆေးဝါး ပြဿနာ ဖြစ်ပါတယ်။ အားလုံးနားလည်ထားကြတာက မူးယစ်ဆေးဝါး အမျိုးမျိုးဟာ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ ထုတ်လုပ်ကြတာချည်းပါ။ အဲဒီကနေမှတဆင့် အလုံးအရင်းနဲ့ မြို့ကြီးတွေကိုဖြတ် တချို့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်၊ တချို့ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်း၊ တချို့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်က ပင်လယ်ပြင်ဖြတ်ပြီး နိုင်ငံတကာဈေးကွက်ကို သွားနေတာပါ။

အခုနောက်ပိုင်း ရဲတပ်ဖွဲ့ဟာ သန်းနဲ့ချီ ပမာဏရှိတဲ့ အင်ဖက်တမင်း စိတ်ကြွဆေးပြားနဲ့ တခြားမူးယစ်ဆေး အမျိုးမျိုး ဖမ်းဆီးရမိတာ၊ ပိုင်ရှင်မဲ့ သိမ်းဆည်းရတာတွေရှိပေမဲ့ သန်းပေါင်းများစွာရှိတဲ့ စိတ်ကြွဆေးနဲ့ တခြားမူးယစ်ဆေး အမျိုးမျိုးကတော့ မြို့ကြီးတွေကို ဖြတ်ပြီး နိုင်ငံတကာဈေးကွက်ကို သွားနေဆဲပါပဲ။ ခုလို မူးယစ်ဆေးဝါး ပြဿနာကြီးတွေနဲ့ပတ်သက်ရင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာ ဖြစ်လို့နေပါတယ်။

ဒါပဲလား ဆိုတော့ မကသေးပါဘူး။ မူးယစ်ဆေးဝါးတွေ ရပ်ထဲရွာထဲအထိ ပျံ့နှံ့ပြီး ပြည်သူတွေ သုံးစွဲနေကြတာနဲ့ ပတ်သက်လို့လည်း ရဲတပ်ဖွဲ့က ကောင်းကောင်းကိုင်တွယ်တာ၊ ကိုင်တွယ်နိုင်တာ မတွေ့ကြရသေးပါဘူး။ မတွေ့ရရုံမက မူးယစ်ဆေးဝါး ပြဿနာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားတာ၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မှုခင်း တစ်ခုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် မူးယစ်ဆေး အကြောင်းပြုပြီး ပြန်ပေးဆွဲ ငွေတောင်း ပြစ်မှုကျူးလွန်တာမျိုးတောင် တွေ့မြင်ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော် သဘောသဘာဝချင်း မတူတဲ့ပြဿနာပါ။ အရင် စစ်အစိုးရ အဆက်ဆက်ဟာ ရဲတပ်ဖွဲ့ကို တပ်မတော်ရဲ့ အရံအင်အား၊ လက်နက်ကိုင်အဖွဲ့ တစ်ခုလို့ သဘောထားပြီး တပ်မတော် အရာရှိတွေကို အသွင်ကူးပြောင်း၊ စီမံခန့်ခွဲ ကိုင်တွယ်စေပါတယ်။ စစ်အာဏာရှင်တွေ လက်အောက်က နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အဲလို ရဲဘက်ရောက်သွားတဲ့ စစ်အရာရှိတွေဟာ ရဲလုပ်ငန်းကို ကျွမ်းလည်းမကျွမ်းကျင်၊ လုပ်ဖို့လည်း ဆန္ဒမရှိ၊ အဂတိလိုက်စားမှုကလည်း ကင်ဆာရောဂါလို ပျံ့နှံ့နေတာကြောင့် ရဲလုပ်ငန်း စွမ်းဆောင်ရည် ကျဆင်းလာတာ ဒီကနေ့ အထိပါပဲ။

အထူးသဖြင့် မှုခင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ် တားဆီးတာ၊ ဖြစ်လာရင် ဖော်ထုတ်အရေးယူနိုင်တာ၊ တရားရုံးကို သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့တင်ပြတာ စတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက ပေါ်ပေါက်ခဲ့တဲ့ ၄ လောင်းပြိုင် ၅ လောင်းပြိုင်အပါအဝင် အမှုပေါင်းများစွာကို မဖော်ထုတ်နိုင်တာ၊ ဖော်ထုတ်ပြီး တရားရုံးတင်ပြရာမှာလည်း သက်သေအထောက်အထား ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်တာ အမြောက်အမြား ရှိခဲ့ပါတယ်။

အဲဒီခေတ်အခြေအနေအရ တရားရုံးတွေကလည်း ရဲဘက်က တင်ပြလာတဲ့မှုခင်းတွေမှာ သက်သေအထောက်အထား မခိုင်မာရင်လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်၊ ပြစ်ဒဏ်ချတာတွေ လုပ်ခဲ့လေတော့ ရဲတပ်ဖွဲ့ရဲ့ ရဲလုပ်ငန်းစွမ်းဆောင်ရည် ပိုပိုပြီး ကျဆင်းလာခဲ့ရတာမျိုးပါ။ အခု ပြည်သူတွေ ဆန္ဒထုတ်ဖော်တဲ့ အဆင့်ထိ ရောက်လာတဲ့ ဗစ်တိုးရီးယား ကလေးငယ်လေးရဲ့အမှုကလည်း အဲဒီပြဿနာအတွက် နမူနာ စံပြတစ်ခုပါပဲ။ ရဲတပ်ဖွဲ့ဟာ သူတို့ဖာသာသူတို့ ရှာထားတဲ့ တရားခံကို ရုံးတင်တရားစွဲစေခဲ့ပေမယ့် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ရှာဖွေ ဖော်ထုတ် တင်ပြနိုင်ခြင်း မရှိတာမို့ လူသက်သေ ၁၉ ယောက်နဲ့ ရုပ်ဝတ္တု သက်သေတချို့ စစ်ဆေးပြီးနောက် တရားရုံးဟာ ဥပဒေအတိုင်း တရားခံကို တရားရှင်လွှတ်ပေးလိုက်တာမျိုး ကြုံရပါတော့တယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အဓိက ကြုံနေရတဲ့ ပြဿနာ တစ်ခုကတော့ ပြည်သူတွေဟာ ရဲတပ်ဖွဲ့အနေနဲ့ သူတို့လုံခြုံရေးကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးနေတယ်၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပေးနေတယ်ဆိုပြီး မယုံကြည်ကြတာမျိုးပါ။ အဲလို ယုံကြည်မှုမျိုးရလာဖို့ ရဲတပ်ဖွဲ့အတွင်း ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ အရေးကြီးတဲ့မေးခွန်း တစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ကို ရဲတပ်ဖွဲ့က အပြည့်အ၀ လက်ခံပါရဲ့လား၊ လက်ခံရင်ရော ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆန္ဒရှိမလား ဆိုတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိပြီး ဝန်ကြီးကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကခန့်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က တာဝန်ယူပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းအရာရှိကြီးတွေ အားလုံးနီးပါးလောက်ဟာလည်း တပ်မတော်ဘက်က ပြောင်းရွှေ့နေရာချထားပေးတဲ့ စစ်အရာရှိဟောင်းတွေပါ။ ဖွဲ့စည်းပုံအရ အစိုးရလက်အောက်မှာ မဟုတ်ဘဲ သူ့ဖာသာသူရပ်တည်ပြီး သူ့အကျိုးစီးပွားအတွက် သူလှုပ်ရှားနေတဲ့ တပ်မတော်လက်အောက် ရောက်သလို ဖြစ်နေတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်သလို ရွေးကောက်ခံအစိုးရကို သစ္စာစောင့်သိပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမလား ဆိုတာကတော့ သိပ်ပြီး မသေချာလှသေးကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.