ပုရိသများကြီးစိုးထားသည့်ဆွေးနွေးပွဲများကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်း

မြန်မာနိုင်ငံတွင် အမျိုးသားများချည်းသာပါဝင်သည့် ဆွေးနွေးပွဲများ၊ အမျိုးသမီးများကို ဟန်ပြအဖြစ်သာ ထည့်သွင်းထားပြီး ပြောရေးဆိုခွင့်သိပ်မပေးသည့် ဆွေးနွေးပွဲများကို နေရာတကာတွင် မြင်တွေ့နေရသည်။ ယင်းကြောင့် ကျားမခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုမရှိဟု ကြွေးကြော်ထားသည့် ဆွေးနွေးပွဲစီစဉ်သူများသည် အပြောနှင့် အလုပ်ညီရန် အချိန်ကျလာပြီဖြစ်သည်။

By VANESSA JOHANSON | FRONTIER

ဆွေးနွေးပွဲ၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲစီစဉ်သူများအနေဖြင့် ပွဲများပြုလုပ်သည့်အခါတွင်း အမျိုးသမီးများကို အရေးပါသည့် နေရာမှပါဝင်စေရေး လုပ်ဆောင်ပေးရန် ကျွန်မသည် ဒီဇင်ဘာအစောပိုင်းတွင် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တောင်းဆိုခဲ့သည်။ အမျိုးသမီးများကို အခမ်းအနားအစီအစဉ်ကြေညာသူအဖြစ်မဟုတ်၊ တကယ်ဆွေးနွေးသူများ၏အတ္ထုပ္ပတ္တိနှင့် အောင်မြင်မှုများကို ဖတ်ကြားပေးရသည့် ကြားဝင်စေ့စပ်ပေးသူမဟုတ်၊ အမျိုးသားပါဝင်ဆွေးနွေးသူများကြားတွင် မကောင်းတတ်သဖြင့် ထည့်သွင်းခံထားရသည့် အမျိုးသမီးများအဖြစ်မဟုတ်၊ အမျိုးသမီးရေးရာကိစ္စရပ်များကိုသာပြောဆိုစေပြီး ဆွေးနွေးပွဲစင်မြင့်ထက်တွင် တစ်ဦးတည်းဘေးထွက်နေရသူတစ်ဦးလိုမျိုးမဟုတ်သည့် နေရာမျိုးဖြစ်သည်။ တကယ့် စကားပြောခွင့်ရရှိသူများ၊ ကိုယ့်အတွေ့အကြုံ၊စိုးရိမ်မှု၊ လက်ရှိဖြစ်နေသည့် အခြေအနေမျိုးစုံကိုလေ့လာသုံးသပ်ပြသူအဖြစ်နှင့်သာမြင်လိုခြင်းဖြစ်သည်။
အမျိုးသားများချည်းသာပါဝင်သည့် ဆွေးနွေးပွဲများသို့မဟုတ် အမျိုးသမီးတစ်ဦးဦးကို ဟန်ပြအဖြစ် ထည့်သွင်းထားသည့် ဆွေးနွေးပွဲနမူနာများကို ပေးပို့ရန် မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို တောင်းဆိုခဲ့သည်။ သုံးလအကြာတွင် သူတို့က ကျွန်မကို ယင်းဆွေးနွေးပွဲဥပမာ ၂၀ ခန့်ပေးပို့ခဲ့သည်။ ယင်းဥပမာများကို ကျွန်မနှင့်ပတ်သက်မှုရှိနေသူများ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးနယ်ပယ်မှ လူအများစုက ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းကာလအတွင်း အဆိုပါဆွေးနွေးမှုများကို မည်မျှပြုလုပ်ခဲ့မည်ကို မည်သူသိနိုင်ပါမည်နည်း။
ကျားမလိင်ကွဲပြားမှုသည် အဓိကကွဲပြားစုံလင်မှုပုံစံတစ်မျိုးဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ပါဝင်ဆွေးနွေးသူများတွင် အမျိုးသမီးများမပါဝင်ရသနည်း။ ထို့ပြင် မြန်မာရှိ ကွဲပြားသော လူမျိုးစုများအပေါ် သက်ရောက်မှုရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အမျိုးသမီးများ၏အမြင်ကိုဘာကြောင့်ပြောခွင့်မပေးပါသနည်း။
အခြားဆွေးနွေးပွဲတစ်ခုကလည်း တိုင်းရင်းသားအားလုံးပါဝင်သည့် ဖက်ဒရယ်စနစ်အကြောင်းကိုပြောသည်။ တိုင်းရင်းသားအားလုံးပါဝင်သော ဖက်ဒရယ်စနစ်ဆိုသည်မှာ အာဏာခွဲဝေခြင်းသာဖြစ်ပြီး ပိုမိုမျှတသော မြန်မာတွင် အမျိုးသားများသာ အာဏာရ၊ ခေါင်းဆောင်ပြီး အမျိုးသားများဦးစားပေးသည့်အရာများကို ဖြေရှင်းခြင်းတစ်ခုပဲသာဖြစ်နိုင်သည်လား။
နာမည်ကျော် ဆွေးနွေးပွဲတစ်ခုတွင်လည်း မြန်မာရှိ အနာဂတ်မြို့များအကြောင်း ပြောကြသည်။ အနာဂတ်မြို့များသည် မျှော်လင့်စရာမှာ ပိုမိုသန့်ရှင်းမည်။ ပိုမိုလုံခြုံပြီး ဝန်ဆောင်မှုပိုကောင်းသော မြို့များဖြစ်နိုင်ပါသည်။ အဲ့ဒီဝန်ဆောင်မှုများက အမျိုးသားများအတွက်ချည်းသာပါလား။ ဒီမြို့များကို အမျိုးသားများကသာ ဒီဇိုင်းရေးဆွဲရမည်လား။
ယင်းဆွေးနွေးမှုများတွင် အမျိုးသမီးများကို ဖယ်ထုတ်ထားခြင်းသည် အခြားဖယ်ထုတ်မှုများအနက်တစ်ခုသာဖြစ်သည်။ ဆွေးနွေးပွဲစီစဉ်သူများသည် အမျိုးသမီးများကိုပါဝင်စေရေး မစဉ်းစားမိရုံသာမက လူမျိုးရေးအရကွဲပြားသော ပြောဆိုသူများ၊ အသက်အရွယ်မျိုးစုံ၊ မြန်မာရှိ မသန်စွမ်းသည့် အခြေအနေနှင့်နေထိုင်နေရသော စုစုပေါင်းလူဦးရေ ၄ ဒသမ ၆ ရာခိုင်နှုန်းကိုပါ ထည့်သွင်းစဉ်းစားရန်ပါ ပျက်ကွက်ခဲ့သည်။
ဒီဖယ်ထုတ်ထားမှုသည် ရောဂါလက္ခဏာတစ်ခုလိုမျိုးဖြစ်နေတာလား။ အမြဲတမ်းဆက်လက်ဖြစ်ပျက်နေသည့် အကြောင်းတရားတစ်ခုလား။ ကာလရှည် နက်နက်ရှိုင်းရှိုင်းဖြစ်နေမည့် ကွဲပြားမှုလား။ သန့်မြင့်ဦးက သူ၏မကြာသေးမီတွင် ထုတ်ဝေခဲ့သည့် The Hidden History of Burma: Race, Capitalism and the Crisis of Democracy in the 21st Century? စာအုပ်တွင်ဖော်ပြထားသည့် အမျိုးသားအဓိက အမျိုးသားရေးဝါဒလား။
ယင်းဆွေးနွေးပွဲများကို နိုင်ငံတကာသို့မဟုတ် ဒေသခံ အင်န်ဂျီအိုများ၊ ပညာရှင်အဖွဲ့များ၊ တက္ကသိုလ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတကာအလှူရှင်များကလည်း လှူဒါန်းကြသည်။ လူမှုမီဒီယာများတွင်လည်း ဖော်ပြကာ လူသိအောင်လုပ်ကြသည်။ ရုပ်မြင်သံကြားမှပင် တင်ဆက်လိုက်သေးသည်။ အလှူရှင်များနှင့် စီစဉ်သည့် အဖွဲ့အစည်းများ၏တံဆိပ်များကိုဖော်ပြထားသည့် ဗီနိုင်းဆိုင်းဘုတ်များပင် ချိတ်ဆွဲထားလိုက်သေးသည်။
မြန်မာနိုင်ငံရှိ ကျားမတန်းတူညီမျှမှုမရှိခြင်းနှင့်ပတ်သက်ပြီး အဆိုပါဆွေးနွေးပွဲများကိုပြုပြင်ခြင်းသည် အလွယ်တကူဆွတ်ခူးနိုင်သည့် ရလဒ်ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးကပြောသည်။ဘာကြောင့်ပါလဲ။ ယင်းဆွေးနွေးပွဲများကို စီစဉ်သည့် အဖွဲ့အစည်းများသည် ကျားမတန်းတူညီမျှမှုနှင့် အခြားပါဝင်စေမှုများအကြောင်းကို နားလည်သည့်အဖွဲ့အစည်းများဖြစ်ကြသည်။ အခြားဖိုရမ်များမှာဆိုလျှင် ယင်းအဖွဲ့အစည်းများသည် ကျားမတန်းတူညီမျှရေးကို တက်ကြွစွာဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည်။ သူတု့ိမှာငွေရှိသည်။ နည်းလမ်းရှိသည်။ အဆက်အသွယ်ရှိသည်။ ပိုကောင်းအောင်လုပ်နိုင်ဖို့ အသိပညာလည်းရှိနေသည်။
သို့သော် အမျိုးသားများသာပါဝင်သည့် ဆွေးနွေးပွဲများအပြင် အခြားကိစ္စရပ်များလည်းရှိနေပြန်သည်။ မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကိုလေ့လာနေသည့် ပညာရှင်များသည်လည်း အမျိုးသမီးအရင်းအမြစ်များ၏ပြောဆိုရေးသားမှုများကို ကိုးကားဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်း ဂျင်နီ ဒက်စထရွမ်က Tea Circle ၌ ယမန်နှစ်တွင် ရေးသားခဲ့သည်။
ကျွန်မ အမည်ဖော်ထုတ်ပြီး အရှက်ခွဲလိုက်ချင်ခဲ့သည်။ အမျိုးသားများချည်းသာ ကြီးစိုးသည့် ဆွေးနွေးပွဲတစ်ခုနှင့်ကြုံရတိုင်း ရှင်းနေသည့်အချက်ကို ထောက်ပြပြောဆိုနေရသဖြင့် စိတ်ပျက်ဒေါသထွက်နေပြီဖြစ်သောကြောင့် အဆိုပါဆွေးနွေးပွဲစီစဉ်သူများ၊ အလှူရှင်များနှင့် ဆွေးနွေးပွဲပါဝင်နေသူများအကြောင်း စခရင်ရှော့ခ်ရိုက်ထားမှုများကို ဖေ့စ်ဘွတ်ခ်နှင့် အခြားနေရာများတွင် ဝေမျှပစ်ချင်စိတ်ပေါက်မိသည်။
သို့သော် မလုပ်ဖြစ်ခဲ့ပါ။ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခရေးရာကျွမ်းကျင်သူဖြစ်သောကြောင့် ဖေ့စ်ဘွတ်ခ်တွင် ဒေါသတကြီးရေးသားပြောဆိုမှုသည် လိုလားသည့် ရလဒ်နှင့် ဆန့်ကျင်သည့် ရလဒ်များကို ထွက်လာနိုင်ကြောင်း နားလည်ထားပါသည်။ အနည်းဆုံးတော့ အဲ့လိုဒေါသတကြီးနှင့် ဖွင့်ဟပြောတတ်သည်မှာ ကျွန်မအကျင့်မဟုတ်ချေ။ ယင်းကြောင့် တတ်နိုင်သည့်အပိုင်းဖြစ်သည့် စီစဉ်သူများကို တိုက်ရိုက်ဆက်သွယ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်သူများနှင့်ပတ်သက်၍ မေးခွန်းထုတ်ပြီး အနာဂတ်တွင် ယခုထက်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။ အခြားလုပ်ဖော်ကိုင်ဖက်များကလည်း စီစဉ်သူများကိုဆက်သွယ်နိုင်သည့်အခါတွင် အလားတူလုပ်ဆောင်ခဲ့သည်။
တုံ့ပြန်မှုများက ကွဲပြားလှသည်။ အများစုသည် သူတို့လုပ်ရပ်အပေါ် ခုခံပြောဆိုမှုများဖြစ်ကြသည်။
“ကျွန်တော်/ကျွန်မတို့ အမျိုးသမီးဆွေးနွေးသူတွေကို ဆက်သွယ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ကိုဆက်သွယ်လို့မရခဲ့ဘူး။”
“သူတို့ကိုဆက်သွယ်လို့ရခဲ့တယ်၊ ဒါပေမဲ့ ခရီးသွားနိုင်။”
“ဘယ်အမျိုးသမီးဆွေးနွေးသူကို ဆက်သွယ်ရမယ် မသိခဲ့၊ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ပြောနိုင်ဆိုနိုင်တဲ့ အမျိုးသမီးလည်းမရှိဘူးလေ”
“ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောနိုင်ဆိုနိုင်တဲ့ အမျိုးသမီးတချို့ကိုသိပါတယ်၊ ဒါပေမဲ့ သူတို့က အင်္ဂလိပ်စကားမပြောတတ်ကြဘူး ဒါမှမဟုတ် မြန်မာစကားမပြောတတ်ကြဘူး။”
“ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်ရွေးချယ်ဖို့ အဖွဲ့အစည်းတစ်ခုကို ဖိတ်ကြားခဲ့ပေမယ့် သူတို့က အမျိုးသားတွေပဲ စေလွှတ်လိုက်တယ်။”
“အမျိုးသမီးတစ်ဦးကို ဖိတ်ခဲ့တယ်လေ၊ ကြားဝင်စေ့စပ်ဆွေးနွေးသူပေါ့။”
“အမျိုးသမီးဆွေးနွေးသူတစ်ဦးကို ဖိတ်ခဲ့တယ်။ ကြည့်လေ သူက ဆွေးနွေးပွဲမှာ ပြောမယ့်ဆိုမယ့်လူ ၁၀ ဦးမှာ တစ်ယောက်ပဲမဟုတ်လား။”
အမျိုးသားများချည်းသာပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ငွေကြေးထောက်ပံခဲ့သည့် ကုလသမဂ္ဂဌာနခွဲတစ်ခုကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် အကြောင်းကြားခြင်းမရှိခဲ့ချေ။
ကောင်းကောင်းမွန်မွန်အကြောင်းပြန်သူများလည်းရှိခဲ့သည်။ ဆွေးနွေးပွဲမစတင်မီတွင် အမျိုးသမီးများစွာပါဝင်လာရန် အစီအစဉ်ပြောင်းသည့် အဖွဲ့အစည်းများလည်းရှိခဲ့သည်။ အဖွဲ့အစည်းတချို့ကလည်း အမှားအတွက်တောင်းပန်ပြီး အမျိုးသမီးဆွေးနွေးသူများနှင့်ပတ်သက်၍ အမြင်ကို မေးမြန်းခဲ့ကာ နောင်တွင် ယခုထက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ပြောသည့်အတိုင်းလည်း အမျိုးသမီးများပါဝင်သည့် ဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ထည့်ဝင်သယ်ပိုးမှုကို ဖော်ပြသည့် ယမန်နှစ်တွင် ပုံနှိပ်ဖော်ပြခဲ့သော သုတေသနတစ်ခုအကြောင်းကိုသိရပြီဖြစ်သောကြောင့် ကျေးဇူးတင်ရှိကြောင်း တချို့ကလည်း တုံ့ပြန်သည်။ ယင်းကြောင့် “ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောနိုင်တဲ့ အမျိုးသမီးမရှိဘူး” ဆိုသည့် ပြောဆိုမှု မှားကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။။
၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ လက်ရှိမဖြစ်စလောက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းရန် ဖိအားများလာခဲ့ရာ နိုင်ငံတစ်ဝန်းရှိ မြို့များနှင့် မြို့နယ်များတွင် လူထုပါဝင်သည့် အခမ်းအနားများပိုမိုများပြားလာခဲ့သည်။ မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတိုးတက်လာရေးအတွက် ငွေနှင့် အချိန်နှစ်မြှုပ်ထားရသူများအတွက် ကျားမခွဲခြားမှုမရှိ၊ လူမျိုးခွဲခြားမှုမရှိသော ဆွေးနွေးမှုရှိလာရေး အနည်းဆုံးတော့ ထည့်ဝင်သယ်ပိုးနိုင်မည်ဖြစ်သည်။

သက်အေး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.