မြန်မာ့ရွေးကောက်ပွဲ ဘယ်လောက် အရေးကြီးသလဲ

စစ်အာဏာရှင်စနစ်ရဲ့ ရှည်လျားလှတဲ့သမိုင်းကြောင်း၊ မှန်ကန်ရိုးသားမှုမရှိခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ အင်န်အယ်လ်ဒီပါတီနဲ့ တပ်မတော်ကြားက တင်းမာတဲ့ဆက်ဆံရေးတွေကြောင့် ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်နေပေမဲ့ ဒီနှစ်ကုန်မှာ အထွေထွေ ရွေးကောက်ပွဲကြီးကို တရားမျှတမှုရှိရှိနဲ့ လွတ်လွတ်လပ်လပ် ကျင်းပပေးဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

လက်ရှိမြန်မာနိုင်ငံမှာ ပြဿနာပေါင်းစုံ ကြုံတွေ့နေရပါတယ်။ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေပြဿနာ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အင်န်အယ်လ်ဒီရဲ့ လွှတ်တော်တွင်းကြိုးပမ်းမှု မအောင်မမြင်ဖြစ်သွားတဲ့ ပြဿနာ၊ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားတဲ့ သန်းတစ်ဝက်ကျော်လောက်ရှိမယ့် မူဆလင်ဒုက္ခသည်တွေရဲ့ ပြဿနာ၊ မြန်မာနိုင်ငံအနေနဲ့ ICJ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ခုံရုံးမှာ တရားစွဲတာ ခံထားရတဲ့ ပြဿနာ၊ အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု တိုးတက်မှုမရတဲ့ ပြဿနာတွေအပြင် အခုနောက်ဆုံး ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်လာရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပြည့်နှစ်အကုန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးကျင်းပဖို့ သူ့ရဲ့ ပုံမှန်လုပ်ငန်းတွေကို ဆက်လုပ်ကိုင်နေပြီး သတင်းစာရှင်းလင်းပွဲလည်း မှန်မှန်လုပ်နေသလို လွှတ်တော်တွေ ခေတ္တရပ်နားတော့မယ့် အချိန်မတိုင်ခင် မတ်လ ၂၄ ရက်အထိ လွှတ်တော်တွင်းမှာ ရွေးကောက်ပွဲဆိုင်ရာကိစ္စ ဆွေးနွေးနေတာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဘာကြောင့် အရေးကြီးသလဲ၊ ၂၀၂၀ အကုန်မှာ ကျင်းပမယ်လို့ လျာထားတဲ့ ရွေးကောက်ပွဲကြီးကရော ကျင်းပဖြစ်မှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စပါ။ ခု အဲဒီအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

မျက်မှောက်ခေတ် မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့ရပါတယ်။ အဲဒီအချိန်ကစ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံမှာ မရှိခဲ့ပါဘူး။ စစ်အာဏာရှင်တွေကလုပ်ပေးတဲ့ ဟန်ပြရွေးကောက်ပွဲတွေပဲရှိခဲ့ပြီး လွတ်လပ်မှုလည်း မရှိခဲ့သလို၊ တရားမျှတမှုကိုလည်း မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ ၁၉၉၀ ပြည့်နှစ်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု ကျင်းပပေးခဲ့ပေမဲ့ အင်န်အယ်လ်ဒီပါတီက အပြတ်အသတ်အနိုင်ရတဲ့ အဲဒီရွေးကောက်ပွဲ ရလဒ်ကိုတော့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ စစ်အာဏာရှင်တွေဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာအရောက်မှာတော့ အထွေထွေ ရွေးကောက်ပွဲကြီး တစ်ခု ကျင်းပပေးခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို တိုတိုတုတ်တုတ် ပြောရရင် မည်ကာမတ္တ ရွေးကောက်ပွဲလို့ ခေါ်ရင်လည်းရပါတယ်။ စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲဥပဒေကို ကိုယ့်ဖာသာကိုယ် ရေးဆွဲပြဋ္ဌာန်းပြီး အင်န်အယ်လ်ဒီလို အတိုက်အခံပါတီတွေ ဝင်ပြိုင်လို့မဖြစ်နိုင်အောင် ဖန်တီးပါတယ်။ လိုချင်တဲ့ရလဒ်အဖြေတွေ ထွက်လာဖို့အတွက် စစ်ဗိုလ်ချုပ် တစ်ယောက်ကို ဥက္ကဋ္ဌခန့်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းစေပါတယ်။ ဘယ် နိုင်ငံတကာအဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကိုမှ လေ့လာခွင့်လည်း မပေးခဲ့ပါဘူး။ ပြောရရင် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ စုစုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကိုတောင် ကြေညာခြင်း မပြုဘဲလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပါ။

ရွေးကောက်ပွဲ ကျင်းပချိန်ကဆို လွတ်လပ်တဲ့ သတင်းမီဒီယာဆိုတာ လုံး၀မရှိခဲ့လို့ အမှောင်ချပြီးကျင်းပတဲ့ ရွေးကောက်ပွဲလို့ဆိုရင်လည်း မမှားပါဘူး။ အဲဒီနည်းနဲ့ စစ်တပ်ကပေါက်ဖွားလာပြီး စစ်တပ်ကပဲ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် အနိုင်ရအောင် ဖန်တီးပေးပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းတာဝန်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထက်ရှင်းအောင်ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာ အားလုံးပါဝင်နိုင်ခြင်းမရှိ၊ လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်း မရှိ၊ ပွင့်လင်းမြင်သာမှုလည်းမရှိတဲ့ ရွေးကောက်ပွဲမျိုးပါ။

နောက်တစ်ကြိမ် အထွေထွေ ရွေးကောက်ပွဲကြီးကတော့ ၂၀၁၅ ခုနှစ်မှာပါ။ ဒီတစ်ကြိမ်ရဲ့ ထူးခြားချက်ကတော့ အတိုက်အခံ အင်န်အယ်လ်ဒီပါတီ နဲ့ ကာလကြာရှည် လက်တွဲဖော်တိုင်းရင်းသားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့ ရွေးကောက်ပွဲဝင်လာတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက သူတို့အနေနဲ့ အမတ်ဦးရေအများစု အနိုင်ရလိမ့်မယ် မဟုတ်ဘူးဆိုတာကိုတော့ လက်ခံထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက်ပဲ အနိုင်ရခဲ့ရင်တောင် လွှတ်တော်ထဲရောက်တဲ့အခါ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ပူးပေါင်းပြီး သမ္မတခန့်နိုင်၊ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ အဲလိုမျှော်လင့်ထားခဲ့ကြောင်းလည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ပြည်ထောင်စု ဝန်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တချို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုပဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အရင်စစ်အာဏာရှင်ခေတ်က ထိပ်တန်းစစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးတင်အေး ကို တာဝန်ပေးထားပြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ အကြောင်းကတော့ ရွေးကောက်ပွဲ မတိုင်ခင် ပြည်ခိုင်ဖြိုးပါတီထဲမှာ လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်အမတ် အုပ်စုကြီးကတစ်ဖက်၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတစ်ဖက် နှစ်ခြမ်းကွဲခဲ့ပါတယ်။ အဲဒီဂိုဏ်းဂဏတိုက်ပွဲမှာ တပ်မတော်ဟာ သမ္မတဟောင်း ဦးသိန်းစိန် အုပ်စုဘက်ကရပ်တည်ပြီး သူရဦးရွှေမန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ပြည်ခိုင်ဖြိုးပါတီကနေ ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်ပဲ လိုတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပပါတယ်ဆိုတာ ကမ္ဘာကိုပြနိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကနေ နိုင်ငံတကာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေကို ဝင်ခွင့်၊ လေ့လာခွင့် ပြုခဲ့တဲ့ကိစ္စပါ။ ဒီလိုအခြေအနေမျိုးအောက်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အနေနဲ့ ဘက်လိုက်မှုတစုံတရာ လုပ်ချင်တယ်ဆိုရင်တောင် လုပ်ပေးနိုင်တဲ့အနေအထား မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲကို “ကာတာ စင်တာ”လို နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေအောက်မှာ လုပ်ပေးရတာ၊ ဘက်လိုက်မယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုး အမတ်လောင်းတွေထဲမှာ သူရဦးရွှေမန်းအုပ်စုကရော၊ သမ္မတဟောင်း ဦးသိန်းစိန်အုပ်စုကလူတွေပါ ရောနှောပါနေတာမို့ ဦးတင်အေးအနေနဲ့ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း ဦးစီးဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်ဆုံးရလဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ သောင်ပြိုကမ်းပြို အနိုင်ရသွားခဲ့ခြင်းပါပဲ။

အဲဒီအချိန်က အခြေအနေကို ပြန်လေ့လာကြည့်ရင် ရွေးကောက်ပွဲနိုင်ပေမဲ့ အင်န်အယ်လ်ဒီ ကို အာဏာလွှဲပေးမလား၊ လွှဲမပေးဘူးလားဆိုတာ မရေရာ မသေချာတဲ့အခြေအနေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ တကယ်လို့ အင်န်အယ်လ်ဒီကို အာဏာလွှဲမပေးချင်ဘူးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ဘက်ကို အာဏာအလုံးစုံ အပ်နှင်းတာမျိုး အဲဒီအချိန်က သမ္မတဟောင်း ဦးသိန်းစိန်လက်ထဲမှာ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိနေပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း ဦးသိန်းစိန် အဲဒီလမ်းကို မရွေးချယ်ခဲ့သလို၊ အစိုးရနဲ့ တပ်မတော်အပေါ် သြဇာညောင်းနေဆဲလို့ လူတွေမှတ်ယူထားကြတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေကလည်း နောက်ထပ် စစ်အာဏာရှင်တစ်ယောက် ထပ်ပေါ်ပေါက်လာမှာကို လိုလားခြင်းမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ တပ်မတော် စစ်ခေါင်းဆောင်တွေကိုယ်တိုင်လည်း အရင် အာဏာသိမ်းစစ်အစိုးရ လက်ထက်တလျှောက်လုံး မြန်မာစစ်အစိုးရဘက်က အမြဲရပ်တည်ပေးခဲ့တဲ့ တရုတ်နိုင်ငံနဲ့ သံသယတွေပွား၊ သဘောထားချင်းမတိုက်ဆိုင် ဖြစ်နေတဲ့အခြေအနေမျိုး ရောက်နေပါတယ်။ အဲဒီ အခြေအနေအားလုံးဟာ သမ္မတ ဦးသိန်းစိန် အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို အာဏာလွှဲပေးရတဲ့ အခြေအနေ ဆိုက်ရောက်သွားစေပါတယ်။ ဒါဟာ အကြောင်းရင်းတချို့ တိုက်ဆိုင်၊ ပေါင်းဆုံသွားတာကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အင်အားချည့်နဲ့ ပြိုလဲသွားလို့မဟုတ်သလို၊ အင်န်အယ်လ်ဒီပါတီကနေ စစ်အာဏာရှင်စနစ်ကို အနိုင်ရ အားကောင်းလာတဲ့ အခြေအနေမျိုးလည်း မဟုတ်ခဲ့ပါဘူး။

ဒါကြောင့် အင်န်အယ်လ်ဒီအစိုးရ အာဏာရလာပြီးနောက်ပိုင်း ပြောကြ ဆိုကြ စကားတစ်ခွန်း ပေါ်ပေါက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စိတ်မချရသေးဘူး၊ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီစကားလုံးကို ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောရရင် အရင်ကလို စစ်အာဏာသိမ်းပွဲ လုံး၀ မပေါ်ပေါက်တော့ဘူးဆိုတဲ့ အာမခံချက်မျိုး မရှိသေးဘူးဆိုတာမျိုးပါပဲ။ ဒီစကားကို ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ပြောကြသလို လက်ရှိ စစ်ဘက်ခေါင်းဆောင်တစ်ချို့လည်း ပြောနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်၊ ပြည်ထောင်စုလွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုလုပ်အပြီး၊ လွှတ်တော်ပြင်ပ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ ကိုယ်ပြင်ချင်တဲ့အချက်၊ ကိုယ့်ပါတီက ပြင်ဆင်လာတဲ့ အချက် ၁၁၄ ချက်ကိုပဲ ထောက်ခံရမယ်၊ မထောက်ခံတဲ့ ကောင်တွေက ငါ့ရန်သူပဲ၊ ပြီးရင် ဟိုဟာဖြစ်တဲ့လူတွေကိုပဲ ထိခိုက်အောင် ပုတ်ခတ်မယ်၊ တိုက်ခိုက်မယ် ဆိုလို့ရှိရင်တော့ အန္တရာယ်ရှိလာနိုင်တယ်လို့ ပြောလိုပါတယ်” လို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်း သူ့ပြောဆိုချက်ကို မရေမရာ ပြန်ရှင်းပေမဲ့ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကတော့ အင်န်အယ်လ်ဒီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားတွေဘက်ကို ပုတ်ခတ်မယ်၊ တိုက်ခိုက်လာမယ်ဆိုရင် စစ်အာဏာသိမ်းပွဲ ကြုံရနိုင်တယ်လို့ သွယ်ဝိုက် သတိပေးချင်တဲ့ သဘောမျိုးပါပဲ။

ဒီအခြေအနေ အကြောင်းအချက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့၊ တနည်းအားဖြင့် စစ်အာဏာသိမ်းပွဲ နောက်ထပ်မကြုံရဖို့ဆိုရင် ပုံမှန်ကျင်းပနေကျ အထွေထွေရွေးကောက်ပွဲကြီးတွေကို တရားမျှတမှုရှိရှိနဲ့ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရေး အလွန်အရေးကြီးနေတယ် ဆိုတာ တွေ့မြင်နိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးနည်းတူ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြုံနေရတာမို့ အဲဒီပြဿနာကြီးကို ရင်ဆိုင်ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်း ဒီဗိုင်းရပ်စ်ကပ်ဘေး လွန်မြောက်ချိန် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အားပေးကူညီဖို့သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.