ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအတွက် ၂၅ ခုမြောက် ဝန်ကြီးဌာနအဖြစ် “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန” အား ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာ ပေးပို့လိုက်သည်။

“ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့် ကူညီထောက်ပံ့မှုများသည် နိုင်ငံတော်၏ မူဝါဒ စည်းမျဉ်းများနှင့်အညီ ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျှက်ရှိလာပြီ” ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်အား ပြန်လည် စတင်ကျင်းပသည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးပို့လိုက်သည့် အဆိုပါသဝဏ်လွှာကို သမ္မတကိုယ်စား ရှေ့နေချုပ် ဦးထွန်းထွန်းဦးက လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

“၂၁ ရာစု ကမ္ဘာကြီးမှာ စီးပွားရေးဟာ နိုင်ငံရေးနဲ့ ခွဲခြားမရတော့ဘဲ တစ်ဆက်တစ်ဆက်တည်း တိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနဲ့ တိုက်ရိုက်ဆက်စပ်လာတဲ့ အနေအထားကို ဒီကနေ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအခြေအနေက အထင်အရှားပြဆိုနေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖိ့ု အထူးပဲ အရေးကြီးနေတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ နိုင်ငံတကာက ပေးအပ်တဲ့ ချေးငွေ၊ အကူအညီနဲ့ ထောက်ပံ့မှုတွေကို အထိရောက်ဆုံးရယူပြီး ပြည်သူတွေရဲ့ အကျိုးအတွက် အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ စီးပွားရေးအခြေအနေဟာ နိုင်ငံ့အကျိုးစီးပွား မြှင့်တင်နိုင်မှုတွေကို အခြေခံပြီး အရင်ကထက် စိန်ခေါ်မှု ပိုမိုကြီးမားလာပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ပြည်တွင်းဦးစားပေးသည့် မူဝါဒများ ချမှတ်လာသည့်အပြင် ပြင်ပသို့ ရင်းနှီးမြှုပ်နှံမှုများ စီးထွက်ရန်လည်း ယခင်ကထက် ပိုမိုခက်ခဲလာသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ရာမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။ နိုင်ငံတကာအခြေအနေ၊ ဒေသတွင်းအခြေအနေနဲ့ မိမိတို့ နိုင်ငံရဲ့ ပထဝီဘောဂဗေဒ အခြေအနေတွေအရ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပြီး စီးပွားရေးနှင့် ရင်နှီးမြှုပ်နှံမှုတွေကို အစွမ်းကုန် မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Mnistry of Investment and foreign Economic Relations) ကို ဖြည့်စွက်ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ရှင်းလင်းပြောကြားသည်။

ထိုသို့ ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်။

ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၃၆ ခုရှိခဲ့သော်လည်း NLD အစိုးရအာဏာရရှိလာခဲ့ပြီးနောက် ဝန်ကြီးဌာနများကို ပြန်ဆင်ဖွဲ့စည်းခဲ့သည်။ ထို့သို့ ဖွဲ့စည်းရာတွင် ဝန်ကြီးဌာနသစ်ဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၂၁ ခု ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးများလည်း ထားရှိခဲ့ခြင်းမရှိပေ။

သို့သော်နောက်ပိုင်းတွင် ဒုတိယဝန်ကြီးများ ပြန်လည်ခန့်အပ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟူသော ဝန်ကြီးဌာနသစ်သုံးခုကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။

ထို့ကြောင့် ယခုနောက်ဆုံးဖွဲ့စည်းသည့် ဝန်ကြီးဌာန ပါဝင်လာပါက NLD အစိုးရအဖွဲ့တွင် ပြည်ထောင်စု ဝန်ကြီးဌာန ၂၅ ခုရှိလာမည် ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.