အမ်းမှာ ဒေါက်တာအေးမောင် ဘာကြောင့် နိုင်သွားသလဲ ..

မဲဆွယ်စည်းရုံးရေး ခရီးစဉ်တစ်လျောက်လုံးမှာ ဒေါက်တာအေးမောင်က အမ်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ သူဘယ်လိုကြိုးစားမယ်ဆိုတာကို ပြောကြားခဲ့တာ အတော်ကို ရှားပါးပါတယ်။ ဒါပေမယ့် ဖက်ဒရယ်၊ အတိုက်အခံပါတီနဲ့ ၂၀၂၀ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးတွေကိုတော့ တော်တော်များများ အသုံးပြုခဲ့ပါတယ်။

မြတ်ကျော်သူ ရေးသားသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မာန်အောင်မဲဆန္ဒနယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ ယခု ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမ်းကနေ အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်ကို ဦးတည်ပြီး စည်းရုံးလေ့ရှိတဲ့ ရခိုင်အမျိုးသားပါတီ  (ANP) ခေါင်းဆောင်တစ်ဦးအနေနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ နည်းပါးပြီး ရခိုင်၊ ချင်းနဲ့ ဗမာလူမျိုးတွေ ရောနှောနေထိုင်နေကြတဲ့ အမ်းလို မဲဆန္ဒနယ်ကနေ ဘာကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလဲဆိုတာက စိတ်ဝင်စားစရာပါ။

မဲဆန္ဒနယ်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလက ANP ပါတီတွင်းမှာ အချင်းပွားမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒေါက်တာအေးမောင်က ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်လိုပေမယ့် ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးခိုင်ပြည်စိုးကလည်း အဲဒီမြို့နယ်ကပဲ ယှဉ်ပြိုင်လိုခဲ့ပါတယ်။ သူကြိုက်နှစ်သက်ပြီး အနိုင်ရဖို့ လွယ်ကူမယ်ထင်တဲ့ မဲဆန္ဒနယ်ကို ရွေးချယ်ခဲ့တဲ့ ဒေါက်တာအေးမောင်ရဲ့ ဆုံးဖြတ်ချက်ကို ပါတီအလုပ်အမှုဆောင်အများစုက ဆန့်ကျင်ခဲ့ကြပါတယ်။ ပါတီတွင်းမှာ အချင်းပွားမှု အတော်ကြာကြာ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ဒေါက်တာအေးမောင်က မာန်အောင်မဲဆန္ဒနယ်ကို ရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရေး သူ့အိပ်မက်ဟာလည်း ပျက်ပြယ်သွားပါတော့တယ်။

အဲဒီအချိန်ကစပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပေါင်းစည်းထားတဲ့ ANP ပါတီတွင်းမှာ အကွဲအပြဲတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာတော့ ပါတီဟာ လူသိရှင်ကြား ကွဲပြဲသွားပြီး ဒေါက်တာအေးမောင်က ANP ပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

မာန်အောင်မှာ သူရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က Frontier နဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာအေးမောင်က သူ့အနေနဲ့ မာန်အောင်မှာ မဲဆွယ်စည်းရုံးမှုသေသေချာချာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ကျေးရွာငယ်လေးတွေ အတော်များများမှာ သူဘယ်သူလဲဆိုတာတောင် မသိကြတဲ့အတွက် သူရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဒေါက်တာအေးမောင်က မဲဆွယ်စည်းရုံးရေးကာလကို အပြည့်အဝ အသုံးချပြီး အပြင်းအထန် မဲဆွယ်ခဲ့ပါတယ်။ သူ့ဓာတ်ပုံနဲ့ ဆောင်ပုဒ်တွေကို ဖော်ပြထားတဲ့ မဲဆွယ်စည်းရုံးရေး ပိုစတာတွေကို အမ်းမြို့နယ်လေးရဲ့ နေရာအနှံ့မှာ တွေ့ခဲ့ရပါတယ်။

ဒေါက်တာအေးမောင်ရဲ့ ဓာတ်ပုံနဲ့ မဲဆွယ်ပိုစတာတွေကို အမ်းမြို့နယ်အနှံ့မှာ တွေ့ရပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

ဒေါက်တာအေးမောင်ရဲ့ ဓာတ်ပုံနဲ့ မဲဆွယ်ပိုစတာတွေကို အမ်းမြို့နယ်အနှံ့မှာ တွေ့ရပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမ်း ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်ကတော့ ဒေါက်တာအေးမောင်ရဲ့ မဲဆွယ်စည်းရုံးရေးဗျူဟာကြောင့် အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

“သူဒီအတွက် လူတွေ ဘယ်လောက်တောင် သုံးထားသလဲ မသိဘူး။ သူလည်း အနိုင်ရဖို့အတွက် အကောင်းဆုံး လုပ်ရမှာပဲလေ” လို့ သူကပြောပါတယ်။

ဒေါက်တာအေးမောင်ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောမှုတွေမှာ ရခိုင်ရာဇဝင်နဲ့ စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂါလီမူဆလင်တွေရဲ့ ခြိမ်းခြောက်ခံနေရတယ်ဆိုတာနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ 

အမ်းက တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်ကတော့ ဘင်္ဂါလီတွေရဲ့ ခြိမ်းခြောက်မှု ရှိနေတယ်ဆိုတဲ့ ဒေါက်တာအေးမောင်ရဲ့ ပြောကြားချက်ကို လက်မခံပါဘူး။

“အမ်းမြို့နယ်ကို ဘင်္ဂါလီတွေ ဝင်လာလိမ့်မယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ သူတို့ (ANP) က ဒီအတွေးအခေါ်ကို ကျေးရွာလေးတွေက ရိုးသားပြီး ဗဟုသုတ သိပ်မရှိကြတဲ့လူတွေရဲ့ ခေါင်းထဲကို ထည့်ပေးနေတာ။ ဒါပေမယ့် ရခိုင်ပြည်သူတွေကို ဆွဲဆောင်ဖို့ ဘင်္ဂါလီ မူဆလင်ပြဿနာက အကောင်းဆုံးလက်နက်ပဲ” လို့ သူက ပြောပါတယ်။

အမ်းမြို့နယ်က အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ တက်ကြွတဲ့ဒေသတစ်ခု မဟုတ်ပါဘူး။ မြို့ပေါ်က လူတွေကတော့ လူမှုကွန်ယက်သုံးကြတဲ့အတွက် အခြားဒေသတွေက အကြောင်းအရာတွေနဲ့ မျက်ခြေမပြတ်ကြပါဘူး။ စီးပွားရေးအရတော့ မကွေးတိုင်းဒေသကြီးနဲ့ နီးကပ်ပြီး အဓိက ဆက်နွယ်နေပါတယ်။

ဒါပေမယ့် ANP က မြို့ပေါ်လူထုကို ဦးတည် စည်းရုံးတာ မဟုတ်ပါဘူး။ သူတို့က အမ်းမြို့ အပြင်ဘက်က ကျေးရွာလေးတွေနဲ့ အမ်းကနေ ၂၆ မိုင်လောက်ဝေးတဲ့ တပ်တောင်မြို့ကို အဓိက ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ရရှိခဲ့တဲ့ မဲအများစုကလည်း အဲဒီနေရာတွေက ရရှိခဲ့တာဖြစ်ပါတယ်။

တပ်တောင်မှာ ANP က မဲဆွယ်စည်းရုံးရေးလုပ်နေတုန်း Frontier က ရောက်ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ မဲဆွယ်စည်းရုံးသူ တစ်ယောက်က “ရခိုင်ဆိုတာ ဘာလဲ။ ရခိုင်ဆိုတာ ဘာလဲဆိုတာ ကျွန်တော်ကို ပြောကြစမ်းပါ။ ရခိုင်ဆိုတာ ရခိုင်အဖေနဲ့ ရခိုင်အမေက မွေးလာတဲ့ သားသမီးတွေကို ခေါ်တာ။ အဲဒီတော့ ခင်ဗျားအမေက ရခိုင်မဟုတ်ဘူးဆိုရင် ခင်ဗျားလည်း ရခိုင်မဟုတ်တော့ဘူး” လို့ မဲဆွယ်ပွဲ လာရောက်တဲ့ ဒေသခံတွေကို ပြောကြားနေတာ ကြားခဲ့ရပါတယ်။

“မူဆလင်တွေက မိန်းမလေးယောက်ယူလို့ရတယ်။ ကျွန်တော်တို့က မရဘူး။ သူတို့က နေ့တိုင်း လူဦးရေတိုးနေတာ။ ပြည်ထောင်စုအဆင့် ရောက်နေတဲ့ (NLD နှင့် ပြည်ခိုင်ဖြိုးကဲ့သို့) ပါတီကြီးတွေက ဒီကိစ္စကို စိတ်မဝင်စားကြဘူး။ ဒါကြောင့် ဒီပြဿနာကို ကျွန်တော်တို့ဘာသာ ဖြေရှင်းရမယ်” လို့ သူကပြောပါတယ်

ဒါကြောင့် ဒေါက်တာအေးမောင်ကို မဲပေးကြရမယ်လို့ သူက ပြောကြားအပြီးမှာတော့ တက်ရောက်လာကြသူတွေက လက်ခုပ်တွေတီးပြီး အားပေးကြပါတယ်။

ဒေါက်တာအေးမောင်ရဲ့ ဟောပြောပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်

ဒေါက်တာအေးမောင်ရဲ့ ဟောပြောပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်

ဒေါက်တာအေးမောင်ဟာ အမ်းမှာ ဒုတိယမဲအများဆုံးရရှိတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းထက် မဲ တစ်သောင်းကျော်အသာရပြီး နိုင်သွားတာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးအတွက် ကြိုတင်မဲတွေ အများအပြား ရရှိခဲ့ပေယမ့် ဆန္ဒမဲအားလုံး ရေတွက်ပြီးချိန် နောက်ဆုံးမှာတော့ ဒေါက်တာအေးမောင်ကသာ မဲအားလုံးရဲ့ ထက်ဝက်ကျော် ရရှိပြီး အနိုင်ရရှိသွားတာဖြစ်ပါတယ်။ 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးသောင်းငြိမ်းက ကြိုတင်မဲ ၁၀၀၈ မဲ ရရှိခဲ့ပြီး ဒေါက်တာအေးမောင်က ၂၈ မဲနဲ့ NLD က သုံးမဲသာ ရရှိခဲ့ပါတယ်။ နောက်ဆုံးရလဒ်မှာတော့ ဒေါက်တာအေးမောင်က မဲတွေရဲ့ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁,၇၉၄ မဲရရှိပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။

“မျိုးချစ်စိတ်ဓာတ်ကြောင့် ဒေါက်တာအေးမောင် နိုင်သွားတာပဲ” လို့ ဦးသောင်းငြိမ်းက ဆိုပါတယ်။

မဲဆွယ်စည်းရုံးရေး ခရီးစဉ်တစ်လျောက်လုံးမှာ ဒေါက်တာအေးမောင်က အမ်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ သူဘယ်လိုကြိုးစားမယ်ဆိုတာကို ပြောကြားခဲ့တာ အတော်ကို ရှားပါးပါတယ်။ ဒါပေမယ့် ဖက်ဒရယ်၊ အတိုက်အခံပါတီနဲ့ ၂၀၂၀ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးတွေကိုတော့ တော်တော်များများ အသုံးပြုခဲ့ပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲကျရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပူးပေါင်းဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီကြီးတွေကို ကျွန်တော်တို့ အားကိုးလို့မရဘူး။ သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော်တို့ ယုံကြည်ကိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ပါဘူး။ ပြည်နယ်တွေအတွက် တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်မှပဲ ရမှာဖြစ်ပါတယ်” လို့ မတ် ၂၉  ရက်နေ့က တပ်တောင်က ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်။

အခုတော့ ဒေါက်တာအေးမောင်တစ်ယောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအဆင့် လွှတ်တော်ထဲကို ရောက်ရှိသွားပါပြီ။ သူ့ရဲ မဲဆွယ်စဉ်က ကတိကဝတ်တွေ၊ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- မဲဆွယ်စည်းရုံးဟောပြောနေတဲ့ ဒေါက်တာအေးမောင်။ ဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.