A woman plants rice near a historic brick pagoda in Mrauk-U Township, Rakhine State on August 21. (Hkun Lat | Frontier)
မြောက်ဦးမြို့၊ ရှေးဟောင်းဘုရားပုထိုးများအနီး လယ်ကွင်းတစ်ခုတွင် လယ်စိုက်နေသော အမျိုးသမီးတစ်ဦးကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြောက်ဦး၊ စစ်တလင်းတွင် ဒီမိုကရေစီကို ရှာဖွေခြင်း

ရှေးဟောင်းဘုရားပုထိုးများရှိရာမြောက်ဦးတွင်မူ တောက်လောင်ဆဲ စစ်ရေးပဋိပက္ခကြောင့် ဒေသခံများကမူ ကျင်းပရန်လအနည်းငယ်သာလိုတော့သည့် ရွေးကောက်ပွဲတွင် မဲပေးရမည့်အရေးကို စိတ်မဝင်စားနိုင်ဖြစ်ကြရသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

ရခိုင်ဘုရင်မင်းဆက် စိုးစံခဲ့စဉ် ၁၄၃၀မှ ၁၇၈၅အထိ နှစ်သုံးရာကျော် နန်းစိုက်ခဲ့သော မြောက်ဦးမြို့သည် မြန်မာနိုင်ငံတွင်း ပုဂံနှင့်အပြိုင် ထင်ရှားလှသော ရှေးဟောင်းသမိုင်းအမွေအနှစ်မြို့တော်ဖြစ်သည်။

ကြီးမားလှသောရှေးဟောင်း အုတ်စေတီများနှင့် ရာချီရှိသောစေတီပုထိုးများရှိရာ မြောက်ဦးသည် ရခိုင်တိုင်းရင်းသားတို့၏ အတိတ်က သမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံများကို  အခိုင်အမာမြင်တွေ့နိုင်သော မြို့လည်းဖြစ်သည်။

ယင်းကြောင့်ပင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကိုဖြေရှင်းရန် အစိုးရကဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် ၂၀၁၇အတွင်း မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေး အရှိန်မြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က မြောက်ဦးကို “ရခိုင်လူမျိုးများ၏ အထင်ရှားဆုံးသမိုင်းနှင့် ယဉ်ကျေးမှုအစဉ်အလာပြယုဂ်”ဟုပင် ခေါ်ဆိုခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်နှစ်အတွင်း နန်းမြို့ဟောင်းမြောက်ဦးသည် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့) နှင့် မြန်မာ့တပ်မတော်တို့၏ ပြင်းထန်သောတိုက်ပွဲများအကြား ကျရောက်ခဲ့သည်။ ရလဒ်အဖြစ် နိုဝင်ဘာ၈ရက်တွင် မြောက်ဦးမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာဝေဝါးလျက်ရှိသည်။ ဒေသခံမဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများအကြား စိုးထိတ်မှုများနှင့် မလုံခြုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးသည်။

တပ်မတော်သည် မြောက်ဦးမြို့ပတ်ဝန်းကျင်ရှိ မြင့်မားသည့် တောင်ကုန်းအများအပြားတွင် စခန်းချ၍ နေရာယူထားပြီး မြို့အဝင်အထွက် လမ်းမကြီးများတွင်လည်း စစ်ဆေးရေးဂိတ်များဖြင့် လုံခြုံရေးကို တင်းကျပ်ထားသည်။ မြို့တွင်းဧရိယာသို့ပင် တပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းလေ့ရှိသည်။ လွန်ခဲ့သည့် ဇူလိုင်လကုန်က မြောက်ဦးမြို့အထွက်တွင် အေအေအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုများပြုလုပ်သည်အထိ တိုက်ပွဲများက ပြင်းထန်ခဲ့သည်။

၂၀၁၉၊ ဇွန်ကစ၍ အစိုးရက မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အင်တာနတ်ဖြတ်တောက်ခဲ့သည်။ အစိုးရက ရက္ခိုင့်တပ်တော်၏ စစ်ဆင်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန် အင်တာနက်လိုင်းကို ပိတ်ဆို့ဖြတ်တောက်ခဲ့ခြင်းဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းများကမူ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်ကြိုးစားခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ယခုနှစ် သြဂုတ်တွင် အစိုးရက အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သော်လည်း 2Gဆက်သွယ်မှုကွန်ရက်သာဖြစ်ပြီး အသုံးပြု၍မရနိုင်လောက်အောင် မြန်နှုန်းနှေးကွေးကြောင်း ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရသည်။

ထိုသို့သော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် နယ်မြေလုံခြုံရေးကိုနားစွင့်၍ သွားလာနေရသည်။

“စိတ်မချရတဲ့နေရာက ဘယ်နေရာရယ်လို့ တိတိကျကျပြောလို့မရဘူး။ နယ်ဘက်သွားမယ်ဆို အခြေအနေ နားထောင်ပြီးမှ သွားကြတယ်။ ဥပမာ ရပ်ကျေးကော်မရှင်က မြို့ကိုလာတယ်။ လမ်းမှာ တစ်ခုခုဖြစ်တယ်ကြားတယ်။ အဲဒါဆို လှည့်ပြန်ရတယ်”ဟု မြောက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီတာခိုင်ကပြောသည်။

လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သော ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားရေးအတွက်ပေါင်းစည်း၍ ရခိုင်နိုင်ငံရေးသမားများသည် ပြည်နယ်အနှံ့ ရခိုင်အမျိုးသားပါတီအလံအောက်က ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒရှင်များ၏ တစ်ခဲနက်ထောက်ခံမှုရရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်၏ မဲဆန္ဒနယ် ၃၅နေရာတွင် ၂၂နေရာအထိ အနိုင်ရရှိခဲ့သည်။

သို့သော် သမ္မတဦးထင်ကျော်သည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော ဝန်ကြီးချုပ်ခန့်အပ်ခွင့်အာဏာကို အသုံးပြု၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ချိန်တွင်မူ ရခိုင်တိုင်းရင်းသားများ၏ အောင်ပွဲအတွက် ပျော်ရွင်မှုပီတိများမှာ စိတ်ပျက်ခြင်းများနှင့် မကျေနပ်မှုများအဖြစ် ပြောင်းလဲသွားသည်။

မြောက်ဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဒေါ်သီတာခိုင်က ဩဂုတ်လတတိယအပတ်က ဖရွန်းတီးယားမြန်မာကို ၎င်း၏ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရခိုင်အမျိုးသားရေးဝါဒသိပ်အားမကောင်းသည့်နေရာများအဖြစ် ယူဆနိုင်သည့် ပြည်နယ်တောင်ပိုင်း မြို့နယ်အချို့တွင် အင်န်အယ်လ်ဒီပါတီသည် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ကိုးနေရာတွင်သာ အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ ပြည်နယ်အတွင်း နေရာအများစုတွင် အနိုင်ရ၍ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ခွင့်ရရှိရန် ရခိုင်အမျိုးသားပါတီက တောင်းဆိုခဲ့သည်။​

သို့သော် ယင်းသို့ တောင်းဆိုချက်ကို လျစ်လျူရှု၍ ဦးညီပုကိုဝန်ကြီးချုပ်အဖြစ် အင်န်အယ်လ်ဒီပါတီက ခန့်အပ်ခဲ့ခြင်းသည် ရခိုင်အမျိုးသားပါတီနှင့် ၎င်းကိုထောက်ခံသည့် မြောက်ဦး အပါအဝင် ပြည်နယ်အတွင်းက မဲဆန္ဒရှင်များအဖို့ မျက်နှာကိုဖြတ်ရိုက်ခံရသကဲ့သို့ဖြစ်သည်။ အချို့ဒေသခံ ရခိုင်တိုင်းရင်းသားများကမူ ၁၇၈၅တွင် ကုန်းဘောင်မင်းဆက်က ရခိုင်ဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်ခံရသည့် အတိတ်သမိုင်းကို ပြန်လည်အမှတ်ရစေသကဲ့သို့ ဖြစ်သည်ဟု ဆိုကြသည်။

၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြောက်ဦးမြို့နယ်တွင် လူဦးရေ ၁၈၉,၆၃၀ဦးရှိသည်ဟုဆိုသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ လူဦးရေ ၂၄၄,၈၉၁ဦးအထိ ရှိသည်။ မြို့နေသူ ၈၇ရာခိုင်နှုန်းမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး မြောက်ဘက်တွင် ချင်းပြည်နယ်နှင့် ထိစပ်နေသောကြောင့် ချင်းတိုင်းရင်းသား ၄,၅၀၀ခန့်လည်း မြောက်ဦးမြို့နယ်တွင်နေထိုင်သည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် မြောက်ဦးမြို့လူဦးရေ၏ ၆၈ရာခိုင်နှုန်းနီးပါး (၁၄၁,၄၄၆ဦး) မဲပေးခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်၊ ပြည်ထောင်စုအဆင့်လွှတ်တော်အတွက် မဲဆန္ဒနယ် လေးခုစလုံးတွင် မဲရလဒ် ၇၅ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆန္ဒမဲ ၁၀ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲမဲရလဒ်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲကာလက ရခိုင်တိုင်းရင်းသားများအောင်ပွဲခံခဲ့သည့် မြောက်ဦးမြို့မှာ ယခုအခါ ကျည်ဆံများကြား ရောက်ရှိနေသည်။ တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း၂၆ခုရှိပြီး စစ်ဘေးဒုက္ခသည်အရေအတွက် ၁၈,၀၀၀ဝန်းကျင်အထိရှိသည်။ ထို့ပြင် ဒေသခံအရပ်သားများ ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် သတ်ဖြတ်ခံရမှုများလည်း ရှိနေသည်။

အချို့စစ်ဘေးရှောင်စခန်းများသည် မြောက်ဦး၏ ရှေးဟောင်းအမွေအနှစ်များဖြစ်သော ရှစ်သောင်း(တည်ထားနှစ် – ၁၅၃၅)၊ ထုက္ကန်သိမ် (တည်ထားနှစ်- ၁၅၇၁)နှင့် လေးမျက်နှာ (တည်ထားနှစ် – ၁၄၃၀)စသည့် ဘုရားပုထိုးများအနီးတွင် တည်ရှိနေသည်။ ပဋိပက္ခစစ်မီးအရှိန်ကြောင့် မြောက်ဦးဒေသခံများမှာ လာမည့်နိုဝင်ဘာရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းနေပြီး တိုက်ပွဲများဖြစ်လာမည်ကိုပဲ​ ပို၍အာရုံစိုက်ကာ စိုးရွံ့လျက်ရှိကြသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သြဂုတ်လကုန်ပိုင်းက ရရှိသောစာရင်းများအရ မြောက်ဦးမြို့နယ်တွင် ယခုနှစ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၁၅၇,၆၇၄ဦးရှိသည်။ သို့သော် ပထမအကြိမ်မဲစာရင်းကပ်ထားစဉ်က မဲစာရင်းစစ်ဆေးသူဦးရေမှာ ၃၀ရာခိုင်နှုန်းကျော်သာ ရှိခဲ့သည်။ မဲစာရင်းတွင် မှားယွင်းမှုများနှင့် အမည်စာရင်းမပါဝင်သည့်အတွက် ပြန်လည်ပြင်ဆင်လျှောက်ထားသူ ဦးရေမှာမူ ၂၀၀ဝန်းကျင်သာရှိခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန်မှာ လပိုင်းသာလိုတော့သော်လည်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဒေသခံများ အများဆုံးပြောဆိုဖြစ်သည့် အကြောင်းအရာမှာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အကြောင်းအရာမဟုတ်။ လက်နက်ကိုင်ပဋိပက္ခ၊ ရက္ခိုင့်တပ်တော်နှင့် ပတ်သက်သည့်အကြောင်းအရာများသာဖြစ်သည်။

ဖရွန်းတီးယားမြန်မာက ဩဂုတ်လအတွင်း မြောက်ဦးသို့သွားရောက်ခဲ့စဉ်က စားသောက်ဆိုင်အချို့သို့ သွားရောက်ခဲ့သည်။ စားသောက်ဆိုင်အတွင်းသို့ ကျွန်တော်တို့ဝင်လိုက်သည်နှင့် ဒေသခံများမှာ စကားပြောနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ ကျွန်တော်တို့ကို အကဲခတ်ပြီး လုံခြုံစိတ်ချရပြီဟု ၎င်းတို့ယူဆသောအခါမှသာ ပြောလက်စ စကားကိုဆက်ပြောကြသည်။

သို့သော် ပြောဆိုသည့်အကြောင်းအရာများတွင် ရွေးကောက်ပွဲသတင်း မပါသလောက်ဖြစ်သည်။ လူငယ်အများအပြားနှင့် လူလတ်ပိုင်းဒေသခံများသည် အင်တာနက်လိုင်းကောင်းသော နေရာများဖြစ်သည့် မြို့နီးတဝိုက် တောင်ကုန်းများပေါ်သို့ တက်ရောက်၍ ကမ္ဘာနှင့်အဆက်အသွယ်ပြုကြရသည်။ ၎င်းတို့သည် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းများထက် တိုက်ပွဲနှင့် ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု သတင်းများကိုသာ စိတ်ဝင်တစား ပို၍ဖတ်ရှုကြသည်။

“‘ငါတို့မဲပေးလည်း ဘာမှမထူးဘူး’… လူအများစုက အဲဒီလိုဖြစ်နေတယ်။ (ရွေးကောက်ပွဲကို) စိတ်မဝင်စားကြဘူး”ဟု မြောက်ဦးလူငယ်များအစည်းအရုံးဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။ မြောက်ဦးလူငယ်များအစည်းအရုံးသည် အဖွဲ့ဝင်၂၀၀ဝန်းကျင်ခန့်ရှိပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရပ်တန့်ရန်အလားအလာနည်းပါးနေသေးသည့် စစ်ရေးပဋိပက္ခ၊ သြဂုတ်လလယ်က ရခိုင်တွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ဒုတိယလှိုင်းတို့ကြောင့် လူများစုမှာ နိစ္စဓူဝကိစ္စရပ်တစ်ခုဖြစ်သည့် စားဝတ်နေရေးအတွက်သာ ဗျာများနေရသည်ဟု မဦးမြင့်ရီကဆိုသည်။​ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ရွေးကောက်ပွဲနှင့် မဲပေးခြင်းက ယင်းပြဿနာများကို ထိရောက်စွာ ဖြေရှင်းမပေးနိုင်ဟု ဒေသခံများက ယူဆကြောင်း ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်ရှိ ရှစ်သောင်းကယ်ဆယ်ရေးစခန်းအတွင်းက ဒေသခံစစ်ဘေးရှောင်အချို့ကို ဩဂုတ်လတတိယအပတ်က မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြောက်ဦးဒေသခံများသည် ၎င်းတို့ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုမရှိဟု ၎င်းကဆိုသည်။​ သို့တိုင် အများစု၏ မဲပေးလိုခြင်းမရှိသည့် စိတ်ဆန္ဒကပို၍အလေးသာနေသည်။

“ပြီးခဲ့တဲ့ငါးနှစ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အားမရတာလည်း ပါတယ်”ဟု မဦးမြင့်ရီကပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်များတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီပါတီအပါအဝင် နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း၂၄ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အစဉ်အလာအရ မြောက်ဦးတွင် ရခိုင်နိုင်ငံရေးပါတီများသာ အနိုင်ရခဲ့သည်။ သို့သော် ရခိုင်နိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများနှင့် ရခိုင်အမျိုးသားပါတီအတွင်း အကွဲအပြဲများကြောင့် ယခုနှစ်ရွေးကောက်ပွဲရလဒ်သည် ပို၍ခန့်မှန်းရခက်နေသည်။ ရခိုင်အမျိုးသားပါတီသည် ပါတီခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်တည်ထောင်ထားသည့် ရခိုင့်ဦးဆောင်ပါတီနှင့် အပြင်းအထန်ပြိုင်ဆိုင်ရမည်ဖြစ်သည်။

သက်တမ်းနှစ်နှစ်သာရှိသေးသော်လည်း ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင်များအပေါ် ဩဇာလွှမ်းမိုးမှုအတိုင်းအတာတစ်ခုအထိရှိသေးသော နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ရသေ့တောင်မြို့နယ်တွင်ကျင်းပခဲ့သော ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားတွင် ဗမာလွှမ်းမိုးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ရခိုင်တိုင်းရင်းသားများကို “ကျွန်”အဆင့်သာ သဘောထားကြောင်းဟောပြောခဲ့သည်ဟုဆိုကာ အစိုးရက ဒေါက်တာအေးမောင်ကို ဖမ်းဆီးခဲ့ တရားစွဲဆိုခဲ့သည်။

၂၀၁၉၊ မတ်တွင် စစ်တွေခရိုင်တရားရုံးက ၎င်းကိုနိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် အနှစ်၂၀ချမှတ်ခဲ့သည်။ ထောင်သွင်းအကျဉ်းချခံရပြီး နှစ်လအကြာ မေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်း၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရပ်တည်ပိုင်ခွင့်ကို ရုတ်သိမ်းခဲ့သည်။ သို့တိုင် ဒေါက်တာအေးမောင်သည် ယခုအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်သည်။

မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်အမျိုးသားပါတီဝင် ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောသည် ယခုနှစ်တွင် လွှတ်တော်နိုင်ငံရေးမှအနားယူတော့မည်ဖြစ်သည်။ ၎င်း၏နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်အမျိုးသားပါတီက အသက်၃၆နှစ်ရှိပြီဖြစ်သည့် ဦးထွန်းနေဝင်းဆိုသူကို ရွေးချယ်ထားသည်။ ၎င်းသည် ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီမှ အသက်၆၂နှစ်ရှိပြီဖြစ်သည့် ကိုယ်စားလှယ်လောင်းဦးမောင်သန်းမြင့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒေါ်မိရွှေဖြူသည် မြောက်ဦးမြို့ပေါ်က မိုးချယ်ရီစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို မည်သည့်အခက်အခဲများဖြေရှင်းပေးစေလိုသနည်းဟု ဖရွန်းတီးယားမြန်မာက မေးမြန်းသော် ၎င်းက အားပါးတရရယ်မော၍ မေးခွန်းပြန်ထုတ်သည်။

“ကျွန်မတို့ အခက်အခဲတွေကိုပြောပြရင် သူတို့က ဖြေရှင်းပေးမှာလား”ဟု ဒေါ်မိရွှေဖြူကပြောသည်။

မြောက်ဦးမြို့ကိုယခင်ကဲ့သို့ ငြိမ်းချမ်းစေလိုကြောင်း မြို့ခံတစ်ဦးဖြစ်သူ မိုးချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဒေါ်မိရွှေဖြူက ဩဂုတ်လအတွင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အနှစ်၂၀သက်တမ်းရှိပြီဖြစ်သော ၎င်း၏ မိသားစုလုပ်ငန်း မိုးချယ်ရီစားသောက်ဆိုင်သည် ရှေးဟောင်းဘုရားများနှင့်မလှမ်းမကမ်း ရန်ကုန်-စစ်တွေကားလမ်းနံဘေးတွင်တည်ရှိကာ ယခင်က မြောက်ဦးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများဖြင့် စည်စည်ကားကားရှိခဲ့သည်။ ၂၀၁၈၊ ဒီဇင်ဘာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲများမဖြစ်ခင်ကာလအထိ တစ်ရက်လျှင် ငွေကျပ်၁၀သိန်းခန့်အထိ ဝင်ငွေရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း တိုက်ပွဲများကြောင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ရပ်တန့်ခဲ့ပြီး ၎င်း၏စားသောက်ဆိုင်ဝင်ငွေ အကြီးအကျယ် ထိခိုက်ခဲ့သည်။

“မြို့ကို တည်တည်ငြိမ်ငြိမ်၊ ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်တယ်။ အေးချမ်းမှ ခရီးသွားတွေ လာမှာလေ။ အဲဒီတော့မှ လုပ်ငန်းလည်းပုံမှန်ပြန်လည်ပတ်လို့ရမှာ”ဟု ဧည့်သည်ဆိတ်သုဉ်းနေသည့် မိုးချယ်ရီစားသောက်ဆိုင်ခန်းမအတွင်းထိုင်နေသည့် ဒေါ်မိရွှေဖြူကပြောသည်။

ရခိုင်ပါတီတစ်ခုခုကိုသာ မဲပေးမည်ဖြစ်သော်လည်း မဲပေးမည့်ပါတီကို ၎င်းကမရွေးချယ်ရသေးပေ။ မြောက်ဦးမြို့သို့ ငြိမ်းချမ်းရေးဆောင်ကြဉ်းလာမည့် ကိုယ်စားလှယ်ကိုသာမျှော်လင့်နေသည်ဟု ဆိုသည်။

“အနားနီးမှ လူကိုကြည့်ပြီးဆုံးဖြတ်မယ်”ဟု ဒေါ်မိရွှေဖြူက ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲသည် အသက်၂၂နှစ်သာရှိသေးသော မြောက်ဦး၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်မောင်ဌေးအတွက် ပထမဆုံးမဲပေးရမည့်အကြိမ်ဖြစ်သည်။ သို့သော် အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်သူ ကိုမောင်မောင်ဌေးသည် ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်က ၎င်း၏အမည်ကို သွားရောက်မကြည့်ရှုနိုင်ခဲ့ပေ။

အရပ်သားများနှောင့်ယှက်ခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကို ရပ်တန့်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလိုချင်မိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ စျေးတွေ၊ ဘာတွေသွားရင်လည်း စစ်ကြောင်းတွေရှိတယ်။ ရှိရင် သူတို့ကကျွန်တော်တို့ ယောက်ျားလေးတွေဆို ဖုန်းတွေ၊ ဘာတွေကိုစစ်တယ်။ စစ်ပြီးဖမ်းခေါ်သွားရင် ဘာမှလုပ်လို့ မရဘူးလေ။ အဲဒီလိုပြဿနာတွေဖြေရှင်းပေးမဲ့ နိုင်ငံရေးသမားတွေလိုချင်တယ်”ဟု စိုးရိမ်သည့်လေသံဖြင့် ကိုမောင်မောင်ဌေးက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တောအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီကို မဲပေးရန် ၎င်းကရည်ရွယ်ထားသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှုရာခိုင်နှုန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကား၍​ Thibi အဖွဲ့က ရုပ်ပုံကားချပ်ရေးဆွဲခြင်းဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.