မြန်မာ့ထုံးကျောက်ဂူများ၏ ဧရာမကွန်ရက်ကို စူးစမ်းလေ့လာခြင်း

မြန်မာ့ထုံးကျောက်ဂူများ၏ ကွန်ရက်ကို စူးစမ်းလေ့လာနေသော အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့သည် ဂူများထိန်းသိမ်းစောင့်ရှောက်မှု တန်ဖိုးနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးခရီးသွားလုပ်ငန်းကို လူအများ ပိုမိုသိမြင်လာစေရန် ကူညီလျက်ရှိသည်။

မာရီစတား ရေးသားသည်။

မြန်မာနိုင်ငံ၏ နေရာအများစုသည် ထုထည်ကြီးမားရှည်လျားသော ထုံးကျောက်တုံးကြီးတစ်ခုအဖြစ် တည်ရှိနေသည်မှာ အံ့သြဖွယ်ကောင်းသည်။ မြောက်ဘက်ပိုင်းရှိ ပတ္တမြားမြေဟု ထင်ရှားသော မိုးကုတ်မှအစပြုလျက် ရှမ်းပြည်နယ်ဒေသအားလုံး အကျုံးဝင်ပြီး ထိုမှတဆင့် တောင်ဘက်ဖျားရှိ ဂူနံရံများမှ ငှက်သိုက်များ ရှာဖွေစုဆောင်းရာ မြိတ်ကျွန်းစုထိ ဆန့်တန်းလျက်ရှိနေသည်။

စူးစမ်းဖော်ထုတ်မထားသေးသော ယင်းထုံးကျောက်မြေမျက်နှာသွင်ပြင်တွင် နှစ်ပေါင်းထောင်ချီ၍ ဖွဲ့စည်းဖြစ်ပေါ်လာသော မြေအောက်ရေလမ်းကြောင်းများနှင့် ထုံးကျောက်ဂူကွန်ရက်များ ပါဝင်သည်။

မြန်မာနိုင်ငံရှိ ထုံးကျောက်ဂူများသည် လာအိုနိုင်ငံတွင် ဂူများစူးစမ်းရှာဖွေနေချိန် လွန်ခဲ့သော ၁၀ နှစ်ခန့်အထိ ကမ္ဘာပေါ်တွင် စူးစမ်းရှာဖွေခြင်း မရှိသေးဘဲ ကျန်နေသေးသည့် မြေအောက်မြေပြင် အနေအထားတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဂူများစူးစမ်းရှာဖွေရေး ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က သိထားသည်။ အဖွဲ့၏မြေပုံများတွင် ကြီးမားသော တောင်တန်းဇုန်တစ်ခုကို တွေ့ရသည်။ ယင်းဇုန်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ဆန့်တန်းသွားသော ရှမ်းကုန်းပြင်မြင့်ဒေသ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အဖွဲ့၏ပေါင်းစပ်ညှိနှိုင်းရေးမှူး ဆွစ်ဇာလန်နိုင်ငံမှ ရူပဗေဒပညာရှင် မစ္စတာဂျော့ ဒရေးဘရော့ Mr Joerg Dreybrodt သည် လိုဏ်ဂူလေ့လာစူးစမ်းရေး စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် ပုဂ္ဂလိကဦးဆောင်သော ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဘုတ်အဖွဲ့ထံ တင်ပြခဲ့ရာ ဘုတ်အဖွဲ့က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကို ဆက်လက်တင်ပြခဲ့သည်။ ဝန်ကြီးဌာနသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ကာလတိုလေ့လာရေးခွင့်ပြုမိန့်ကို ၂၀၀၉ ခုနှစ်တွင် ဒရေးဘရော့နှင့်အဖွဲ့အား ထုတ်ပေးခဲ့ သည်။ သို့ဖြင့် မြန်မာနိုင်ငံ လိုဏ်ဂူများ လေ့လာရေးစီမံကိန်း Myanmar Cave Documentation Project –MCDP ဟူ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

Myanmar Cave Documentation Project အဖွဲ့ဝင်များ ကယားပြည်နယ်မှ လိုဏ်ဂူတစ်ခုကို စူးစမ်းလေ့လာစဉ်။ ဓာတ်ပုံ - Diego Sanz

Myanmar Cave Documentation Project အဖွဲ့ဝင်များ ကယားပြည်နယ်မှ လိုဏ်ဂူတစ်ခုကို စူးစမ်းလေ့လာစဉ်။ ဓာတ်ပုံ – Diego Sanz

“မြန်မာနိုင်ငံကို စိတ်ဝင်စားရတဲ့ အကြောင်းရင်းကတော့ ကြီးမားတဲ့ ထုံးကျောက်နယ်မြေတွေ ရှိနေလို့ပါ။ ရှမ်းကုန်းပြင်မြင့် တစ်ခုလုံးက အရှေ့တောင်အာရှမှာ စူးစမ်းလေ့လာမှု အနည်းဆုံး ထုံးကျောက်နယ်မြေ ဖြစ်နေလို့ပါ” ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းစဉ်က ဇူးရစ်ရှိ သူ၏နေအိမ်မှနေ၍ ဒရေးဘရော့က ဖရန်တီယာကို ပြောသည်။

ထိုအချိန်မှစ၍ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ နေရာဒေသ ၁၁ ခုရှိ လိုဏ်ဂူများကို လေ့လာစူးစမ်းမှု ၁၆ ကြိမ် ပြုလုပ်ခဲ့သည်။ အဖွဲ့၏ လေ့လာစူးစမ်းမှုအရ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော် အစုအဝေးများ၊ မီတာ ၁၀၀ အထိမြင့်သော မြေအောက်လိုဏ်ဂူကြီးများနှင့် မီတာ ၁၀၀ အနက်ရှိ တွင်းနက်ကြီးများစသည့် ပုံပြင်ဆန်ဆန် မြေအောက်လိုဏ်ဂူ သဘာဝပတ်ဝန်းကျင်တစ်ခုကို တွေ့ခဲ့ရသည်။

MCDP အဖွဲ့သည် စမ်းချောင်းများနှင့် ရေတံခွန်များကိုကျော်နင်း၊ မုတ်သုံရာသီကာလတွင် မီတာ ၁၀၀ အနက်ရှိ ချောင်းငယ်များကို ကူးခတ်ပြီး လင်းနို့အုပ်များ၊ မြွေများ၊ပင့်ကူကြီးများနှင့် ဖွတ်မျိုးစိတ်သစ်တစ်မျိုးအပါအဝင် ဒေသအလိုက် တွေ့ရသော ဇီဝမျိုးကွဲများကို လေ့လာခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီလိုနယ်ပယ်ကျယ်ပြန့်တဲ့အတွက် ရှမ်းပြည်နယ်မှာဆိုရင် ကန်တော့ခုံးပုံ ထုံးကျောက်အစိုင်အခဲတွေနဲ့ ထုံးကျောက်တွင်းတွေ၊ ကယားပြည်နယ်မှာဆိုရင် မြေအောက်ကို ဝင်ရောက်ပျောက်ကွယ်သွားတဲ့မြစ်တွေ၊ ဖားအံဝန်းကျင်မှာ မျှော်စင်လိုဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ထုံးကျောက်တောင်တွေနဲ့ မြိတ်ဘက်မှာ ထုံးကျောက်ကျွန်းစုတွေကို မျိုးစုံအောင်တွေ့နိုင်ပါတယ်” ဟု ဘရက်မင်းတက္ကသိုလ် University of Bremen မှ လက်တွေ့ရူပဗေဒ ဂုဏ်ထူးဆောင်ပါမောက္ခ ဝုဖ်ဂန် ဒရေးဘရော့၏သားဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုံးကျောက်စနစ် ဖွဲ့စည်းဖြစ်ပေါ်ပုံ  Processes in Karst Systems စာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဒရေးဘရော့က ပြောသည်။

ဂူများကို စူးစမ်းလေ့လာရေးက စွန့်စားမှုကင်းသော အလုပ်တော့မဟုတ်ပေ။ အတိမ်အနက် မသိရသော ရေအိုင်များက ရေနစ်နိုင်သည့် အန္တရာယ်ရှိနေပြီး အချို့ဂူများမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု အဆင့်က အန္တရာယ်ရှိလောက်အောင် မြင့်မားနေသဖြင့် အဖွဲ့ဝင်များက ဓာတ်မီးခြစ်သုံး၍ စစ်ဆေးနေရသည်။ သို့ရာတွင် ဂူစူးစမ်းရှာဖွေသူကိုယ်တိုင်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ခြင်းကဲ့သို့သော သတိလက်လွတ် ဆောင်ရွက်မှုများက ခြေလွတ်လက်လွတ် ပြုတ်ကျတတ်ကာ အကြီးမားဆုံး အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရတတ်ကြောင်း ဒရေးဘရော့က ပြောသည်။

မြန်မာနိုင်ငံ၏ လိုဏ်ဂူများနှင့် လူ့အဖွဲ့အစည်းတို့ဆက်နွယ်မှုမှာ များသောအားဖြင့် ဘာသာရေးနှင့် ဆက်စပ်နေတတ်သည်။ ဂူအဝရှိ ဘုန်းတော်ကြီးကျောင်းများက ဂူကို အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တတ်ကြသည်။ သို့သော်လည်း ဆင်းတုတော်များနှင့် ဘုရားဆောင်များကဲ့သို့သော အဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် မူလအခြေအနေကို ပြောင်းသွားစေတတ်သည်။ ဂူများကို အဝင်ဝ ထက်ကျော်လွန်၍လည်း လေ့လာစူးစမ်းမှု နည်းပါးသည်။ ဂူများတည်ရှိရာသို့ သွားလာရခက်ခဲမှုက လူများလာရောက် မနေထိုင်အောင် အကာအကွယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။

မြေအောက်သတ္တဝါများဖြစ်ကြသည့် မြွေများ၊ ပင့်ကူများ၊ ဖွတ်ပုတတ်များအပါအဝင် လင်းနို့သတ္တဝါများပါ လိုဏ်ဂူများ၌ ရှိကြသည်။ ဓာတ်ပုံ - Urs Etter

မြေအောက်သတ္တဝါများဖြစ်ကြသည့် မြွေများ၊ ပင့်ကူများ၊ ဖွတ်ပုတတ်များအပါအဝင် လင်းနို့သတ္တဝါများပါ လိုဏ်ဂူများ၌ ရှိကြသည်။ ဓာတ်ပုံ – Urs Etter

သို့ဖြင့် ဂူများဆိုင်ရာ အထောက်အထားများ ပြုစုခြင်းနှင့် ဂူအကြောင်း သတင်းအချက်အလက်များ မျှဝေခြင်း တို့နှင့်အတူ ဂူများကို ပိုမိုစိတ်ပါဝင်စားလာအောင် အားပေးဆောင်ရွက်ခြင်းကို ပျက်စီးစေပြီး ရေထုကိုလည်း ညစ်ညမ်းစေသည်။ ထို့အတူ ဂူများအတွင်းရှိ နှစ်လိုဖွယ်သတ္တဝါများကိုလည်း ထိခိုက်စေသည်။ MCDP ၏ အဓိက မျှော်မှန်းချက်မှာ ကာကွယ်မှုပေးသည့်နေရာများ ထူထောင်ရေးကို တွန်းအားပေးဆောင်ရွက်ရန် ဖြစ်သည်။

“တရုတ်၊ သို့မဟုတ် ဗီယက်နမ်ကိုကြည့်ရင် သူတို့ဆီက ထုံးတောင်တွေမှာ ယူနက်စကို ဘူမိဥယျာဉ်တွေ UNESCO Geoparks အများအပြား ရှိနေပါတယ်။ ကျွန်တော်ရဲ့တာဝန်တစ်ခုက ဒီနိုင်ငံမှာ အကာအကွယ်ပေးထားတဲ့ ဧရိယာတွေရရှိအောင် တောင်းဆိုဖို့ ဖြစ်ပါတယ်” ဟု ဒရေးဘရော့က ပြောသည်။

သို့ဆိုခြင်းအားဖြင့် ဂူများဆီသို့ မသွားနိုင်အောင် ပိတ်ပင်ထားရမည်ဟု မဆိုလိုချေ။ ဂူများ၏ တန်ဖိုးနှင့် ဂူများ၏ ထူးခြားပြီးကြွယ်ဝသော သဘာဝရတနာတစ်ပါးအဖြစ် အရေးပါမှုကို လူအများသိမြင်လာအောင် ပညာပေးရန်ဖြစ်ကြောင်း သူက ပြောသည်။

“ထုံးကျောက်တောင်တွေရဲ့အလှနဲ့ ထုံးကျောက်အမျိုးမျိုးကို လူတွေသိမြင်နားလည်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားနေပါတယ်။ ဂူတွေထဲဝင်တာကို ထိန်းချုပ်ဖို့တင်မကပါဘူး။ ဒေသခံတွေက ဂရုတစိုက် ထိန်းသိမ်းပေးရပါမယ်။ ဒါက ဒေသဆိုင်ရာပြဿနာပါ။ သတ္တုတူးဖော်တာနဲ့ စက်မှုလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် တိုးတက်လာတာတွေက တချို့နေရာတွေကို ခြိမ်းခြောက်နေပါတယ်” ဟု ဒရေးဘရော့က ပြောသည်။

ထုံးကျောက်ဒေသများတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးသည် ယခုစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ထပ်အလားအလာ တစ်ခုဖြစ်သည်။ အထူးသဖြင့် ကျောက်တောင်ဖွဲ့စည်းပုံ၊ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များကို လေ့လာရန်နှင့် ထိုနေရာများရှိ တိရစ္ဆာန်ဇီဝမျိုးကွဲများကို လေ့လာရန် သဘာဝအခြေခံ ခရီးသည်များ လိုဏ်ဂူများအတွင်း ဝင်ရောက်လေ့လာနိုင်စေမည့် ခရီးစဉ်ကို စီစဉ်နိုင်သည်။ ပင်းတယ၊ ကလော၊ ပင်လောင်းနှင့် ကယားပြည်နယ်ဝန်းကျင်ဒေသများသို့ သွားရောက်နိုင်သည့် လိုဏ်ဂူလေ့လာရေး ခရီးစဉ်များ တိုးချဲ့ဆောင်ရွက်နိုင်သည့် အလားအလာများ ရှိနေကြောင်း ဒရေးဘရော့က ပြောသည်။

ပူးပေါင်းလေ့လာရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ - Joerg Dreybrodt

ပူးပေါင်းလေ့လာရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ – Joerg Dreybrodt

“ထုံးကျောက်နဲ့ လိုဏ်ဂူအမျိုးအစားပေါ် မူတည်ပြီး ခရီးစဉ်က သုံးရက်၊ ဒါမှမဟုတ် လေးရက် ဖြစ်နိုင်ပါတယ်။ အင်းလေး ဧရိယာကနေ စလာမယ်ဆိုရင် သွားရေးလာရေးကလည်း လွယ်ကူတဲ့အတွက် ပြီးပြည့်စုံတဲ့ခရီးစဉ် တစ်ခုဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

စိတ်အားတက်ဖွယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝေးလံခေါင်းပါးသည့် ကယားပြည်နယ်အတွင်းရှိ ဒေသတစ်ခုမှ ဒေသအာဏာပိုင်တို့၏ ထောက်ပံ့မှုရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပေသည်။

၂၀၁၅ ခုနှစ်တွင်  MCDP အဖွဲ့သည် ဖရူးဆိုမြို့နယ်အတွင်းရှိ မြစ်ကြောင်းလိုဏ်ဂူကြီးတစ်ခုအကြောင်း ကြားခဲ့သည်။ ယင်းဒေသမှာ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့တောင်ဘက် မိနစ် ၅၀ ခန့် ကားမောင်းသွားရသော နေရာတွင်ရှိပြီး ကရင်အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ထိန်းချုပ်မှုအောက်တွင်  ရှိသည်။ ယင်းနယ်မြေကို ပြင်ပမှလူများ ဝင်ရောက်မှုကို ပိတ်ပင်ထားသော်လည်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖရူနိုလိုဏ်ဂူကို သွားရောက်လေ့လာရန် KNPP က MCDP အဖွဲ့အား ခွင့်ပြုခဲ့သည်။

လေ့လာစူးစမ်းမှုအရ လိုဏ်ဂူ၏အရှည်မှာ ၄ ဒသမ ၈ ကီလိုမီတာခန့် ရှိပြီး မြန်မာနိုင်ငံတွင် တွေ့ရသော လိုဏ်ဂူများအနက် ဒုတိယအရှည်ဆုံးဖြစ်သည်။ (မြန်မာနိုင်ငံတွင် အရှည်ဆုံးလိုဏ်ဂူဟု သိထားသည်မှာ အရှည် ၄ ဒသမ ၈ ကီလိုမီတာကျော်ရှိပြီး ပင်းတယမြို့၏ မြောက်ဘက်ရှိ ခေါက်ခေါင်လိုဏ်ဂူဖြစ်သည်။)

ယခုနှစ်တွင် ဖရူနိုလိုဏ်ဂူသို့လာရောက်ပြီး KNPP က ဆောင်ရွက်ထားသော ခရီးသည်ဗဟိုဌာန တစ်ခုကို လေ့လာရန် MCDP အဖွဲ့ကို ဖိတ်ခေါ်သည်။  ယင်းနေရာဌာနသို့ လာရောက်သည့်ဧည့်သည်များအား နေရာဒေသအကြောင်း သိရှိစေရန်နှင့် ပညာပေးရန် MCDP က စုဆောင်းထားသည့် ဓာတ်ပုံများနှင့် သတင်းအချက်အလက်များကို ဗဟိုဌာနတွင် ပြသထားသည်။ ဗဟိုဌာနတွင် အစားအသောက် စီစဉ်ပေးကာ နေရာဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စေရန် အမှိုက်ပုံးများ ထားပေးသည်။

MCDP ၏ ထိပ်တန်းဦးစားပေးမှာ မြန်မာလူမျိုးများ  Speleology ဟုခေါ်သော လိုဏ်ဂူများလေ့လာရေး ပညာရပ်ကို စိတ်ဝင်စားလာအောင် ဆောင်ရွက်ပေးရန်နှင့် အဖွဲ့ကဆောင်ရွက်နေသော စီမံကိန်းကို စိတ်ဝင်စားလာအောင် အားပေးရန်ဖြစ်သည်။ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရက်သတ္တလေးပတ်ကျော် ဆောင်ရွက်ခဲ့သော ၂၀၁၈ ခုနှစ် လေ့လာစူးစမ်းရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ လိုဏ်ဂူလေ့လာသူများက အပြည်ပြည်ဆိုင်ရာအဖွဲ့သို့ ဝင်ရောက်ခဲ့ရာ အဖွဲ့ဝင် ၁၁ ဦးအထိ တိုးလာခဲ့သည်။ တိုးချဲ့လာသောအဖွဲ့သည် မန္တလေး၊ ရှမ်းပြည်နယ်ရှိ ဟိုပုန်း၊ ကရင်ပြည်နယ်မြို့တော် ဖားအံနှင့် ကယားပြည်နယ်တို့တွင်ရှိသော လိုဏ်ဂူများကို လေ့လာခဲ့သည်။

စောစောပိုင်းက လေ့လာစူးစမ်းလိုသော ရွာသားအနည်းငယ်မျှလောက်နှင့် ဒေသန္တရအစိုးရအရာရှိများကသာ MDCP စူးစမ်းလေ့လာရေးလုပ်ငန်းများ၌ ပါဝင်ခဲ့သည်။ လိုဏ်ဂူများ လေ့လာစူစမ်းရေးပညာရပ်ကို MDCP က စီစဉ်ပြီး ဒရေးဘရော့နှင့် အခြားအတွေ့အကြုံပြည့်ဝသူနှစ်ဦးက ဇွန်လအတွင်း သင်ကြားပြသပေးသော သင်တန်းကြောင့် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။

သင်တန်းကို ဗြိတိန်နိုင်ငံအခြေစိုက် ထိန်းသိမ်းစောင့်ရှောက်ရေး INGO အဖွဲ့ Flora and Fauna International နှင့်ဂျာမန် INGO အဖွဲ့ GIZ တို့က ထောက်ပံ့ပေးခဲ့သည်။ သင်တန်းတက်သူများတွင် ဧည့်လမ်းညွှန်များ၊ ကျေးရွာခေါင်းဆောင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပါဝင်သည်။

သင်တန်းတက်သူများတွင် ပညာပေးရေးလုပ်ငန်း အဓိကထားသော လူမှုစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ ဒေါ်စန္ဒာညွန့်ဝေလည်း ပါဝင်ပြီး MCDP က နောက်တစ်ကြိမ်ဆောင်ရွက်မည့် လေ့လာစူးစမ်းရေးလုပ်ငန်း၌ ပါဝင်ရန် လက်မှတ်ရေးထိုးသည်ထိ စိတ်ပါဝင်စားလာခဲ့သည်။ ဂူများနှင့် ၎င်းတို့၏ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနီးပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းအတွက် အဖိုးမဖြတ်နိုင်သော အကျိုးတရားများ ပေးစွမ်းနိုင်သည်ဟူသောအချက်ကို နားလည်လာအောင် သင်တန်းက အထောက် အကူပေးကြောင်း ၎င်းက ပြောသည်။

ကယားပြည်နယ် ဘော်လခဲမြို့နယ်ရှိ မြစ်နီလိုဏ်ဂူမှာ ၄ ဒသမ ၁ ကီလိုမီတာရှည်ပြီး ၁၅ မှ ၂၀ မီတာ ကျယ်ဝန်းကာ သုံးမီတာနက်သည့် မြစ်တစ်စင်း စီးဆင်းလျက်ရှိသည်။ ဓာတ်ပုံ - Joerg Dreybrodt

ကယားပြည်နယ် ဘော်လခဲမြို့နယ်ရှိ မြစ်နီလိုဏ်ဂူမှာ ၄ ဒသမ ၁ ကီလိုမီတာရှည်ပြီး ၁၅ မှ ၂၀ မီတာ ကျယ်ဝန်းကာ သုံးမီတာနက်သည့် မြစ်တစ်စင်း စီးဆင်းလျက်ရှိသည်။ ဓာတ်ပုံ – Joerg Dreybrodt

“ရေချိုရဖို့ စိန်ခေါ်မှုဖြစ်နေတဲ့ ဒီဒေသမှာ နေသူတွေအတွက် ထုံးကျောက်တွေက အဖိုးတန်ရေချိုကိုပေးတဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ လင်းနို့တွေက လင်းနို့ချေးမြေသြဇာ Guano ကိုပေးပြီး၊ ငှက်တွေက သီးနှံပင်တွေ ဖျက်ဆီးတဲ့ အင်းဆက်ပိုးတွေကို စားတဲ့အတွက် ဂူတွေက ဒေသခံတွေကို အထောက်အကူပေးပါတယ်” ဟု ဒေါ်စန္ဒာညွန့်ဝေကပြောသည်။

ဒေသခံများနှင့် အာဏာပိုင်တို့က ဂူအဝင်ဝနေရာများကို ရှာပေးပြီး မြေမြှုပ်မိုင်းများ ချထားသည့်နယ်မြေများကို ဖြတ်ရာ၌ အဖွဲ့ကိုလမ်းပြပေးသဖြင့် သူတို့ထံမှ စီမံကိန်းအတွက် အဖိုးတန်သော အထောက်အကူများ ရရှိကြောင်း ၎င်းက ပြောသည်။

မည်သို့ပင်ဆိုစေ အထူးတလည် လိုအပ်နေသော အထောက်အကူများကို ဗဟိုအစိုးရက အထောက်အကူ ပေးသင့်ပေသည်။

“ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက အကူအညီပေးမယ်ဆိုရင်တော့ သင်တန်းပေးဖို့ စည်းရုံးဆောင်ရွက်ရတာ သိပ်ကိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို ဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်စန္ဒာညွန့်ဝေက ပြောသည်။

Karst landscape (Diego Sanz)

Karst landscape (Diego Sanz)

မြန်မာနိုင်ငံတွင် လိုဏ်ဂူများ လေ့လာရေးပညာရပ်ကို ပိုမိုစိတ်ပါဝင်စားလာစေရေးအတွက် MCDP စီမံကိန်း အကောင်အထည်ဖော်ရေးကို ဒရေးဘရော့က စိတ်အားထက်သန်လျက်ရှိသည်။

“အဖွဲ့ရဲ့ဓာတ်ပုံတွေကိုကြည့်ရင် ပျော်ရွှင်ပြီး စိတ်အားထက်သန်နေတဲ့ လူတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ပျော်ရွှင်နေရတဲ့ ဆုလာဘ်က လူတွေရဲ့တုံ့ပြန်မှုဖြစ်ပြီး မြေအောက်ကမ္ဘာကို ရှာဖွေတွေ့ရှိလို့ဖြစ်ပါတယ်။ ကိုယ်မသိသေးတဲ့အရာကို ကမ္ဘာ့ဘယ်နေရာမှာ ရှာဖွေတွေ့ရှိနိုင်ပါ့မလဲ၊ တချိန်တည်းမှာ ဒေသခံတွေနဲ့အတူ ယဉ်ကျေးမှုနဲ့ လုပ်ငန်းတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဒီအခြေအနေက အထူးသဖြင့် မြန်မာနိုင်ငံမှာ ထူးခြားတဲ့ ဆုလာဘ်ကြီးတစ်ခု ဖြစ်ပါတယ်” ဟု သူကပြောသည်။

မြေအောက်အနက်ကြီးက လိုဏ်ဂူများကို လေ့လာရင်း၊ ကျဉ်းမြောင်းသော လမ်းကြောင်းများကို တိုးဝှေ့ရင်း၊ သူ့တွေ့ရှိချက်များကို မှတ်တမ်းတင်ရင်းဖြင့် မြန်မာနိုင်ငံတွင်ရှိ လိုဏ်ဂူများကို ၁၀ နှစ်ကြာ လေ့လာပြီးနောက် သူ့လုပ်ငန်းကို ဒရေးဘရော့သည် ရပ်တန့်ရန် စိတ်မကူးတော့ပေ။

စီမံကိန်းအနာဂတ်အတွက် သူ၏မျှော်လင့်ချက်မှာ ထုံးကျောက်သုတေသနကို အလေးပေးဆောင်ရွက်သည့် တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အစိုးရအဖွဲ့အစည်းများနှင့် ဒေသခံ အင်န်ဂျီအိုများက ထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံများကို စတင်လာအောင် ဆောင်ရွက်ရန်ဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

TOP PHOTO: Urs Etter

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.