သတင်းလွတ်လပ်ခွင့် ကျဆင်းလာနေသည်ဟု မြန်မာသတင်းသမားများ ယုံကြည်ကြောင်း စစ်တမ်းက တွေ့ရှိ

ကျော်လင်းထွန်း

သတင်းမီဒီယာအပေါ် ဥပဒေအရဖြစ်စေ၊ ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှုများ ယမန်နှစ်အတွင်း မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်မှာလည်း ကျဆင်းလာနေသည်ဟု မြန်မာသတင်းသမား အများစုက ယုံကြည်ကြကြောင်း Free Expression Myanmar ၏ မေ ၂ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းပါ တွေ့ရှိချက်များအရ သိရသည်။

နိုင်ငံတစ်ဝန်းရှိ သတင်းသမားများအနက် ၂၀၀ ဦးခန့်၏ သတင်းဆိုင်ရာ လုပ်ငန်းတွင်းမှ ဆွေးနွေးသင့်သည့် ကိစ္စရပ်အမျိုးမျိုးအပေါ် ရှုမြင်ချက်များကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာမှ ယခုနှစ် ဧပြီလအထိ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလျက် မှတ်တမ်း ပြုစုခဲ့ကြခြင်း ဖြစ်သည်။ ယင်းစစ်တမ်းအရ တပ်မတော်အပါအဝင် မြန်မာအစိုးရသည် သတင်းလွတ်လပ်ခွင့် ကျဆင်းမှုကို ဖြစ်စေသော အဓိက အကြောင်းအချက်ဖြစ်နေသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းမှုကို ဖြစ်စေ၊ သတင်းမီဒီယာအပေါ် ထိခိုက်စေသည့် အကြမ်းဖက်မှုများကို ဖြစ်စေ၊ အစိုးရ၊ သို့မဟုတ် တရားရုံးတော်များအနေဖြင့် ဆန့်ကျင်ကန့်ကွက်လျက် ကိုင်တွယ်ဖြေရှင်းပေးရန် ကြိုးစားခဲ့သော သက်သေသာဓက အနည်းငယ်မျှသည် ရှိနေသည်ဟု သတင်းသမားများက ဆိုထားသည်။

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အစိုးရ၏ အောင်မြင်မှုကို အမှတ်ပေးကြရာတွင်လည်း ‘အလွန်နိမ့်ကျ’ နှင့် ‘နိမ့်ကျ’ ဟူသည့် အဖြေများကို သတင်းသမား ၇၉ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြပြီး နှစ်ရာခိုင်နှုန်းကသာ ‘မြင့်မား’ နှင့် ‘အလွန်မြင့်မား’ ဟူသည့် အဖြေများကို ရွေးချယ်ခဲ့ကြသည်။

သတင်းသမားများသည် မီဒီယာလွတ်လပ်ခွင့် တိုးမြင့်စေရမည်ဆိုသော လက်ရှိအစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ် အကောင်အထည် ဖော်ဆောင်နိုင်မှု မရှိသည့်အချက်ကိုလည်း စိတ်ပျက်ကြရကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ သတင်းထောက်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သတင်းမီဒီယာဥပဒေတို့၏ ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း Free Expression Myanmar က တွေ့ရှိခဲ့သည်။ သတင်းသမားများအပေါ် ခြိမ်းခြောက်နေသော အခြားဥပဒေများတွင်မူ အသင်းအဖွဲ့ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အစိုးရလျှို့ဝှက်ချက်ဥပဒေတို့လည်း ပါဝင်ခဲ့သည်။

ယင်းသို့ ခြိမ်းခြောက်မှုအရှိဆုံး ဥပဒေများကို စစ်တမ်းကောက်ယူရာတွင်လည်း အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ (၁၉ ရာခိုင်နှုန်း)၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (၁၇ ရာခိုင်နှုန်း)၊ ဆက်သွယ်ရေး ဥပဒေ (၁၄ ရာခိုင်နှုန်း)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၁၃ ရာခိုင်နှုန်း) နှင့် မတရားအသင်း အက်ဥပဒေ (၁၃ ရာခိုင်နှုန်း) တို့အား အသီးသီး ရွေးချယ်ခဲ့ကြသည်။

ရာဇသတ်ကြီး ဥပဒေအတွင်း ပြဋ္ဌာန်းထားသော ပုဒ်မများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မအား ခြိမ်းခြောက်မှုအရှိဆုံး ပြဋ္ဌာန်းချက်အဖြစ် သတင်းသမား ၃၈ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြပြီး ဒုတိယနှင့် တတိယ ခြိမ်းခြောက်မှုအရှိဆုံး ပြဋ္ဌာန်းချက်များမှာ အသရေဖျက်မှု (၂၂ ရာခိုင်နှုန်း) နှင့် ဘာသာရေးစော်ကားမှု (၁၉ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် နှစ်အတွင်း သတင်းအချက်အလက် ရယူခြင်း၊ သတင်းအလုပ်ကိစ္စအတွက် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားရောက်ခြင်းနှင့် အစိုးရအရာရှိများအပေါ် ဝေဖန်ခြင်း စသည်တို့ကို ပြုလုပ်မိခြင်းကြောင့် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများဖြင့် ဖမ်းဆီးခံခဲ့ရသော သတင်းသမား အရေအတွက်မှာ ၁၁ ဦးထက်မနည်း ရှိခဲ့သည်။

ဧပြီ ၂ ရက်နေ့က ပြုလုပ်သော အဆိုပါစစ်တမ်းအစီရင်ခံစာ ထုတ်ပြန်မိတ်ဆက်သည့် အခမ်းအနားတွင် Burma News International မှ အကြံပေးဖြစ်သည် ဦးဇင်လင်းက မြန်မာသတင်းသမားများအနေဖြင့် အစိုးရတာဝန်ရှိသူများနှင့် လက်လှမ်းမီ ဆက်သွယ်နိုင်ခွင့် အခြေအနေမှာလည်း အခက်အခဲများ ရှိနေသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

“သတင်းထောက်တွေကို အစိုးရရုံးဌာနတွေနဲ့ လွှတ်တော်တွေမှာ သတင်းရယူခွင့် ပေးရပါမယ်” ဟု ၎င်းက ဆိုသည်။ ၂၀၁၂ ခုနှစ်တွင် သတင်းဆင်ဆာစနစ်ဖျက်သိမ်းမှု မပြုမီ အချိန်က ကမ္ဘာ့သတင်းလွတ်လပ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင် ၁၇၄ တွင် ရှိနေခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ သတင်းမီဒီယာ လုပ်ငန်းနယ်ပယ်အပေါ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆိုင်နိုင်ခဲ့ရာ ၂၀၁၇ ခုနှစ်အရောက်တွင် အဆင့် ၁၃၁ အထိ မြင့်တက်လာခဲ့သည်။

“ဒါပေမယ့် ဒီနှစ်မှာ အဆင့် ၁၃၇ ကိုကျသွားတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီ (သတင်းလွတ်လပ်ခွင့် ကျဆင်းမှု) အပေါ်မှာ ဝန်ခံသင့်ပေမယ့် ဝန်မခံတဲ့အပြင် ပြည်ထောင်စုဝန်ကြီးကအစ ဝန်ခံသလိုလိုနဲ့ ဒါက သိပ်ပြီးတော့ မကျဆင်းသယောင် ပြောပါတယ်။ ဆိုတော့ ဒီအချက်ကလည်း အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ဘယ်လို ရှုမြင်တယ်ဆိုတာ ထင်ဟပ်ပေါ်လွင်စေပါတယ်” ဟု ဦးဇင်လင်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိများကမူ လက်ရှိသတင်းလွတ်လပ်ခွင့် အပါအဝင် အဆိုပါစစ်တမ်းပါ တွေ့ရှိချက်များနှင့် ပတ်သက်၍ အချိန်မီ မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

PEN Myanmar Center ၏ အတွင်းရေးမှူး ဦးဟန်ဇော်က သတင်းသမားများအကြား သတင်းနှင့်ပတ်သက်၍ တရားစွဲဆိုခံရမည့် အခြေအနေအပေါ် အကြောက်တရား မြင့်တက်လာခြင်းက မိမိကိုယ်ကိုယ် ပိုမို၍ ဆင်ဆာလုပ်လာမှုများကို ကြီးထွားစေခဲ့သည်ဟုလည်း ထောက်ပြခဲ့သည်။

တပ်မတော်အပါအဝင် အစိုးရအနေဖြင့် သတင်းသမားများနှင့် အတူ အားလုံးပါဝင်သော စေ့စပ်ဆွေးနွေး တိုင်ပင်မှုများကို လုပ်ဆောင်လျက် သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်ကောင်းမွန်စေရေး လက်တွေ့လုပ်ငန်းအစီအစဉ်များ ချမှတ် ဖော်ဆောင်သင့်ကြောင်း Free Expression Myanmar က တိုက်တွန်းထားသည်။

“ထိုညှိနှိုင်းဆွေးနွေးမှုသည် တရားဥပဒေဆိုင်ရာ ပြောင်းလဲမှုများနှင့် အစိုးရအရာရှိများ၏ ပြူမူဆောင်ရွက်ချက်များအား ပြောင်းလဲစေမှု စသည့် အချက် နှစ်ချက်လုံးပါဝင်သော ဘက်ပေါင်းစုံမှ ခြုံငုံအကျုံးဝင်စေသည့် ချဉ်းကပ်မှုပုံစံတစ်ရပ် ဖော်ဆောင်နိုင်ရန် အလေးပေးရှေးရှု ဆောင်ရွက်သင့်သည်” ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။

နိုင်ငံတော်က ထိန်းချုပ်ထားသည့် မီဒီယာနှင့် တပ်မတော်ပိုင် မီဒီယာများ အဆုံးသတ်ရေးအတွက် သီးခြားဖြစ်သော်လည်း အပြန်အလှန် ချိတ်ဆက်မှုရှိသည့် အများပြည်သူဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရန် အကြံပြုထားသလို ပဋိပက္ခဒေသများအတွင်း သတင်းရယူခွင့်နှင့် ပတ်သက်၍ ရှိနေသော အတားအဆီးများကိုလည်း အစိုးရအနေဖြင့် ဖယ်ရှားပေးရန် အစီရင်ခံစာက တိုက်တွန်း တောင်းဆိုထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.