ဝါဒဖြန့်မှု၊ လေလုံးထွားမှုနှင့် ငြင်းပယ်မှု

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော်အောင် ကြမ်းလွန်းလှသည့် ဆင်ဆာဖြတ်တောက်မှုများ၊ အစိုးရဝါဒဖြန့်မှုများနှင့် ရင်းနှီး နေထိုင်လာခဲ့ရမှုများကြောင့် ပိတ်ပင်သည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာသည်။

ဂျက်ဖရီ ဂေါ့ဒတ် ရေးသားသည်။

၁၉၅ဝ ပြည့်လွန်နှစ်များဆီက ရန်ကုန်တွင် သွက်လက် လွတ်လပ်သော သတင်းစာလောက ရှင်သန်ခဲ့ဖူူးသည်။ ထိုအချိန်က ရန်ကုန်ကို “အရှေ့တိုင်း၏ ရတနာလေး (Jewel of the East)” ဟုပင် ကမ္ဘာက တင်စား ပြောဆိုခဲ့ကြရသည့် အချိန်ဖြစ်သည်။ ထိုအချိန်က ရန်ကုန်တွင် အရှေ့တောင်အာရှနိုင်ငံများမှ ဈေးဝယ်သူများ၊ အလည်အပတ်လာကြသူများဖြင့် ပျားပန်းခတ် စည်ကားဖွံ့ဖြိုးနေသည့် အချိန်ကာလဖြစ်သည်။ ထိုအချိန်က အသစ်စက်စက် လွတ်လပ်ခါစ မြန်မာ့မြို့တော်ရန်ကုန်တွင် နေ့စဉ်ထုတ်ဝေနေသော သတင်းစာစောင်ရေ ၃ဝ ခန့် ရှိခဲ့သည်။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်နှင့် တောင်အာရှဘာသာများဖြင့် ထုတ်ဝေသော သတင်းစာများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ သတင်းစာ ရွှေခေတ်ဟုပင် ဆိုနိုင်သည်။ သို့သော် ထိုရွှေခေတ်မှာ သိပ်မကြာလိုက်ပေ။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်ပြီးနောက် အသက်ရှူ မွန်းကြပ်စေသော ဆင်ဆာစနစ်ကို စတင် ကျင့်သုံးစေခြင်းဖြင့် အမှန်တရားအပေါ်တွင် တိုက်ခိုက်မှု စတင်လေတော့သည်။ ဤမှာပင် မြန်မာနိုင်ငံ၏ တက်ကြွလှုပ်ရှားနေသော သတင်းစာဈေးကွက်ကြီး၏ ကျဆုံးပျက်စီးခန်း စတင်ခဲ့ပါတော့သည်။ ရွေးကောက်ခံအစိုးရကို ဦးနေဝင်းက လက်နက်အားကိုးနှင့် ဖြုတ်ချပြီးနောက် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေဆိုသည်ကြီးကို ပြဋ္ဌာန်းလိုက်လေသည်။

ထိုဥပဒေအရ ပုဂ္ဂလိကကဏ္ဍအနေဖြင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ခွင့်မရှိတော့ဘဲ ဂျာနယ်ဟုခေါ်ကြသော အပတ်စဉ်ထုတ် သတင်းဂျာနယ်များကိုသာ ခွင့်ပြုလိုက်တော့သည်။ ၎င်းပြင် လက်ရေးနှင့် ပုံနှိပ်စာအားလုံးသည် ဆင်ဆာခွင့်ပြုမိန့် ကြိုတင် ရယူကြရမည် ဖြစ်သည်။

၂ဝ၁၂ ခုနှစ်တွင် သမ္မတဦးသိန်းစိန်အစိုးရက မီဒီယာပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်လာသော အချိန်ကျမှသာ ကြိုတင်ဆင်ဆာတင်ရသော စနစ်ရပ်ဆိုင်းသွားပြီး အပတ်စဉ်ထုတ်ဂျာနယ်များကိုလည်း နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် လိုင်စင် လျှောက်ထားခွင့် ပြုခဲ့သည်။

နှစ်ပေါင်း ၅ဝ ကျော်ကြာအောင် မြန်မာ့ပုံနှိပ်မီဒီယာလောကတွင် အစိုးရဝါဒဖြန့်လုပ်ငန်းကိုသာ အဓိကအသားပေးသော နိုင်ငံပိုင်သတင်းစာအနည်းငယ်နှင့် အကြီးအကျယ် ဆင်ဆာဖြတ်တောက်ခံကြရသော အပတ်စဉ်ထုတ်ဂျာနယ် အချို့သာလျှင် ရှိခဲ့သည်။ ဆင်ဆာလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမှန်တရားကို ဖုံးကွယ်ရန်နှင့် ပိတ်ပင်ရန်ပင်ဖြစ်သည်။ မြန်မာအစိုးရအရာရှိများသည် နိုင်ငံအပေါ် အထင်သေးအမြင်သေးစေမည့် အမှန်တရားမှန်သမျှကို ဖုံးကွယ်ပိတ်ပင်ရာတွင် အလွန် ပြောင်မြောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင်များကို လူမျိုးစု သန့်စင်ရေးဟု ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက ခေါ်ဆိုနေသော လုပ်ရပ်များကို ဖုံးကွယ်နေသော အဆင့်အထိ ရောက်လာခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Zeid Ra’ad al- Hussein က မြန်မာအာဏာပိုင်များသည် အမှန်တရားကို ဆက်တိုက် ငြင်းဆန်နေသူများဖြစ်သည်ဟု ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်းက ပြောခဲ့ခြင်းမှာ မြန်မာဝါရင့်အရာရှိ ဦးသောင်းထွန်းကို ရည်ညွှန်းပြောခဲ့ပုံပင်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဦးသောင်းထွန်းကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် NLD အစိုးရက ခန့်အပ်တာဝန်ပေးခဲ့သည်။

၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဦးသောင်းထွန်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ လူမျိုးရေးသန့်စင်မှု (သို့မဟုတ်) လူမျိုးတုံးသတ်ဖြတ်မှု လုံးဝမရှိပါဟု ပြောကြားခဲ့သည်။ ၂ဝ၁၈ ခုနှစ်၊ မတ် ၈ရက်နေ့က ဂျီနီဗာမြို့တွင် ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ ဘေးပန်းအစည်းအဝေးတွင် ဦးသောင်းထွန်းက လူမျိုးရေး ရှင်းလင်းမှု (သို့မဟုတ်) လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် ရှင်းလင်းသော သက်သေ အထောက်အထားများကို မြန်မာအစိုးရက တွေ့မြင်လိုပါသည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဤသည်မှာ မရိုးသားသော တုန့်ပြန်မှုတစ်ခုသာ ဖြစ်သည်။ ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ခွင့်ပြုမည် မဟုတ်ပေ။ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှစ၍ သတင်းထောက်များအား ရခိုင်မြောက်ပိုင်းသို့ လွတ်လပ်စွာ သွားရောက် သတင်းယူခွင့် မပြုခဲ့ပေ။

၂ဝ၁၇ ဇူလိုင်လတွင် အဖွဲ့ဝင်သုံးဦးပါ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ Mr. Marzuki Darusman ကို ကုလသမဂ္ဂက ခန့်အပ်စဉ်အခါကမူ မြန်မာအစိုးရအနေနှင့် ထိုမစ်ရှင်အဖွဲ့အား သက်ဆိုင်ရာနေရာများသို့ သွားခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါကြောင်း လူ့အခွင့်အရေးကောင်စီက ထပ်မံပြောဆိုခဲ့သည်။ ယမန်နှစ် မတ်လက ဖွဲ့ခဲ့သော မစ်ရှင်ကို မြန်မာနိုင်ငံတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာပေးမည်မဟုတ်ဟု မြန်မာအစိုးရက ပြောကြားပြီး ရက်သတ္တပတ်များစွာကြာပြီးမှ လူ့အခွင့်အရေးကောင်စီ၏ ပန်ကြားချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာက အလျှော့မပေးခဲ့ခြင်းမှာ မစ်ရှင်အဖွဲ့က စုံစမ်းမှုပြုလုပ်လိုသောအချက်ကို မြန်မာက ငြင်းဆိုထားသောကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီလီ၏ အစီရင်ခံစာကိုလည်း မြန်မာက ငြင်းဆိုထားသည်။ မြန်မာနိုင်ငံသို့ ယန်ဟီလီ ထပ်မံလာရောက်ခွင့်ကို NLD အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပိတ်ပင်တားမြစ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဋ္ဌာနတွင် ဦးသောင်းထွန်း ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေစဉ် ၂ဝဝ၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထုတ်ပြန်သည့် ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အမေရိကန်အစိုးရ၏ နှစ်ပတ်လည် အစီရင်ခံစာကို မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဆွဲဆောင်မှုနှင့် ကတိကဝတ်များ၏ ဖမ်းစားမှုခံကြရသော အနောက်နိုင်ငံများက ဦးဆောင်၍ အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်နေသောကာလတွင်းက အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အထူးစိုးရိမ်ဖွယ်ကောင်းသော နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရ၏ အစီရင်ခံစာနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ တုန့်ပြန်မှုနှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က ဖော်ပြခဲ့သော သတင်းတွင် ဦးသောင်းထွန်း၏ ပြောဆိုချက်ကို ထုတ်နှုတ်ဖော်ပြရာ၌ ဘာသာရေးထက် အခြားသော အကြောင်းတရားများကြောင့်သာ မြန်မာကို တစ်ဦးတည်း ဆွဲထုတ် ပြောဆိုနေကြခြင်းသာ ဖြစ်သည်ဟု ဦးသောင်းထွန်းက တုန့်ပြန် ပြောဆိုမှုကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှုနှင့် သည်းခံမှုတို့အတွက် စံပြလူ့အဖွဲ့အစည်းဟုပင် ဆိုသင့်သည်ဟု ၎င်းကပြောကြားခဲ့ဖူးသည်။

ဦးသောင်းထွန်း၏ အထက်ပါစကားနှင့် ဆန့်ကျင်နေသော ဝါကျနှစ်ကြောင်းကို စာပေစိစစ်ရေးအဖွဲ့ (ဆင်ဆာ) က ဖြတ်တောက်ပစ်ခဲ့သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဗလီများဆောက်လုပ်ခြင်း အပါအဝင် ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများကို မြန်မာအစိုးရက ကန့်သတ်ချုပ်ချယ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။ ဘာသာရေးအသင်းအဖွဲ့များ အပါအဝင် အဖွဲ့အစည်းအားလုံး၏ လှုပ်ရှားမှုနှင့် အစည်းအဝေးများကို အစိုးရက အမြဲစောင့်ကြည့်ခြင်း ဝင်ရောက်ခြင်း ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

ထိုအချိန်က မြန်မာတိုင်း(မ်) (အင်္ဂလိပ်) စာစောင်၏ အယ်ဒီတာအဖြစ် ကျွန်တော်က လုပ်ကိုင်နေသောကြောင့် သတင်းထဲက မည်သည့်စာကြောင်းအား ဖြတ်တောက်ခံရပြီဆိုသည်ကို ကျွန်တော်က သိနေသည်။ ဤသို့ကြိုတင်ဖြတ်တောက်ခံရခြင်းကြောင့် ပေါ်ပေါက်လာသည့် ကြီးလေးပင်ပန်းသော၊ စိတ်တိုဖွယ်ကောင်းသော၊ စိတ်ဓာတ်ကျဖွယ်ကောင်းသော  စိတ်အနှောင့်အယှက် ဖြစ်ရလွန်းသော အတွေ့အကြုံကို မြန်မာသတင်းထောက်တိုင်း၊ အယ်ဒီတာတိုင်း၊ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်း ခံစားခဲ့ကြဖူးသည်သာ ဖြစ်သည်။ စစ်အာဏာရှင်၏ ဆင်ဆာစနစ်အောက်တွင် အလုပ်လုပ်ရခြင်းသည် အထူးအခွင့်အရေးတစ်ရပ် ဖြစ်သည် ဆိုသည်ကို ထိုစဉ်က ကျွန်တော်သဘောမပေါက်ခဲ့ပေ။

သို့သော် တနည်းအားဖြင့်တော့ အထူးအခွင့်အရေးတစ်ရပ်ပင် ဖြစ်ခဲ့ပါသည်။ အကြောင်းမူ စစ်အာဏာရှင်တို့ မလိုလား၊ မနှစ်သက်သော အရာအားလုံးကို အလိုလို သိရှိနေရသည့်အတွက် စစ်အုပ်စုအကြောင်း၊ သူတို့၏ စိုးရိမ်မှုများ၊ သူတို့ စိတ်နေသဘောထားများ၊ သူတို့၏ ထိလွယ်ရှလွယ်သည့် ကိစ္စများ၊ သူတို့၏ လောကအမြင်များကို သူတို့ဖြတ်တောက်လိုက်သော စကားလုံးများက ထုတ်ဖော်ပြသနေသောကြောင့်ပင်ဖြစ်သည်။ မြန်မာတိုင်း(မ်)တွင် ကျွန်တော် လုပ်ကိုင်ခဲ့သော ၁ဝ နှစ်တာ ကာလအတွင်း ထိုအခွင့်ထူးကို အသုံးချ၍ စစ်အစိုးရ၏ အမှန်တရားကိ ုငြင်းပယ်ပုံ၊ ပိတ်ပင်ပုံ နမူနာများကို စာမျက်နှာအလိုက် တပုံတခေါင်း စုဆောင်းရရှိခဲ့သည်။ အစပိုင်းနှစ်များတွင် မြန်မာတိုင်း(မ်)ကို စစ်အစိုးရလိုလားသူဟု စွပ်စွဲခဲ့ကြပါသည်။ ထိုသို့ စွပ်စွဲဝေဖန်မှုများသည် တရားမျှတမှုမရှိပေ။ စစ်အစိုးရ၊ သို့မဟုတ် အာဏာရှင်အစိုးရတစ်ခုခု လက်အောက်တွင် ဆင်ဆာ၏ ရည်ရွယ်ချက်ကို နားမလည်ကြောင်း ဖော်ပြနေသည်။ ကြောက်ရွံ့မှု (သို့မဟုတ်) မျက်နှာသာပေးမှု မပါဝင်ဘဲ သတင်းရေးသားနိုင်မှုအပေါ် ဆင်ဆာ၏ အကျိုးသက်ရောက်မှုကို  နားလည်နိုင်စွမ်းမရှိကြ၍သာ ဖြစ်ပါသည်။

စစ်အစိုးရက မြန်မာတိုင်း(မ်) ကိုသော်လည်းကောင်း၊ အခြားပုဂ္ဂလိက မီဒီယာတစ်ခုခုကိုသော်လည်းကောင်း၊ စစ်အစိုးရကို မကောင်းပြောပြီး သူ့ရန်သူ ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းပြောသည့် ရေးသားဖော်ပြချက်များကို ခွင့်ပြုလိမ့်မည်ဟု ကျွန်တော်တို့အား ဝေဖန်နေသူများက ထင်ကြပါသလား။

မြန်မာတိုင်း(မ်)ကို မသိနားမလည်သဖြင့် ဝေဖန်နေကြသည်သာ မဟုတ်ပေ။ မြန်မာတိုင်း(မ်) တွင် ဆင်ဆာအာဏာပိုင်တို့က မထည့်မနေရ ထည့်သွင်းပုံနှိပ်ရမည်ဟု သတ်မှတ်ထားသော National Affairs ဟူသည့် ကော်လံကြောင့်လည်း မြန်မာတိုင်း(မ်)မှာ အမြဲလိုလို အဆဲခံရသည်။ ထိုကော်လံမှာ စစ်အစိုးရဝါဒဖြန့် ကော်လံဖြစ်သည်။

၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာလထဲတွင် မြန်မာတိုင်း(မ်)၏ National Affairs ကော်လံတွင် Freedom of Faith and Worship ဆိုသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ခုထည့်သွင်းရန် ညွှန်ကြားခံရသည်။ ထိုဆောင်းပါးတွင် ဤသို့ဖော်ပြထားသည်။

“ကျွနု်ပ်တို့သည် လူမျိုးတစ်ခုအနေနှင့် ဗုဒ္ဓဘာသာကို တကယ်ပင် သက်ဝင်ယုံကြည် ကိုးကွယ်ကြသူများဖြစ်သည်။ သို့သော် ဘာသာခြားများ သိထားရန်လိုသည်မှာ ကျွနု်ပ်တို့သည် အလွန်သည်းခံ ခွင့်လွှတ်တတ်သူများ၊ အခြားဘာသာများကိုလည်း လေးစားတတ်သူများ ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်။ ကျွနု်ပ်တို့ ဘာသာအပေါ်တွင် အပြည့်အဝ ယုံကြည်မှုရှိကြသည် မှန်၏။ သို့သော် တယူသန် အစွန်းရောက်များတော့ မဟုတ်ကြပေ။ ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များအကြား အပြန်အလှန် လေးစားမှုနှင့် စိတ်စေတနာကောင်းများ အမြဲပင်ထားရှိကြသည်။ မြန်မာလူမျိုးများသည် အလွန်စိတ်ရှည် သည်းခံတတ်ကြသည်။ နားလည် ခွင့်လွှတ်တတ်ကြသည်။ ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီးများအနက် ဘာသာရေးစစ်ပွဲ Holy War မဆင်နွှဲခဲ့သော ဘာသာဟူ၍ ဗုဒ္ဓဘာသာ တစ်ခုတည်းရှိသည်ဆိုသော အချက်ကို တွက်ဆကြည့်လျှင် ဤသည်မှာ အံ့သြစရာမဟုတ်ပေ။ ဗုဒ္ဓသည် ငြိမ်းချမ်းရေးသမားကြီး တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာမှာ ငြိမ်းချမ်းရေးဘာသာကြီး တစ်ခုသာဖြစ်သည်။”

ဝါဒဖြန့်မှုသည် ဝါဒဖြန့်မှုသာလျှင် ဖြစ်ချေသည်။ ဆင်ဆာအဖွဲ့သည် ဗုဒ္ဓဘာသာမှလွဲ၍ အခြားဘာသာများအပေါ် များစွာ ခွင့်ပြုလေ့မရှိခဲ့ပေ။ ၂ဝဝ၂ ခုနှစ်၊ သြင်္ကန်ပွဲအကြိုကာလ မြန်မာတို့၏ ပျော်စရာ အကောင်းဆုံးသော ရေကစားပွဲတော် အကြိုကာလတွင် မြန်မာတိုင်း(မ်)၏ သြင်္ကန်အကြိုကဏ္ဍတွင် သြင်္ကန်ပွဲတော်၏ အစမူလသည် ဟိန္ဒူရိုးရာ ယုံကြည်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုသော ဝါကျငါးခုကို ဆင်ဆာအဖွဲ့က ဖြတ်တောက်ခဲ့သည်။ ဘာသာရေးနှင့် ပတ်သက်လာလျှင် သည်းမခံနိုင်မှုသည် အခြားအကြောင်းအရာများတွင်ပါ သက်ရောက်မှုရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် မြန်မာတိုင်း(မ်)က ဆင်ဆာတင်ခဲ့သော သတင်းများတွင် ဝါတွင်းကာလ ဝါဝင်တော့မည့်အကြောင်း သတင်းတစ်ပုဒ်ပါရှိခဲ့သည်။ ဝါဆိုလသည် သင်္ကန်းနှင့် အခြားသံဃာ အသုံးအဆောင်ပစ္စည်းများ ရောင်းအားကောင်းသော ရာသီချိန်ခါဖြစ်သည်။ ထိုသတင်းတစ်ပုဒ်လုံး ဖြတ်တောက်ခံခဲ့ရသည်မှာ သတင်းပါ နောက်ဆုံးဝါကျနှစ်ခုကြောင့် ဖြစ်ဟန်ရှိသည်။ သင်္ကန်းပရိက္ခရာဆိုင်တစ်ချို့မှာ ဝိနည်းတော်နှင့် မကိုက်ညီသော သင်္ကန်းများကို ရောင်းချနေကြကြောင်း တွေ့ရှိရသဖြင့် ဆိုင်ကြီးတစ်ချို့ နာမည် ထိခိုက်လျက်ရှိကြောင်း၊ တချို့သင်္ကန်းဆိုင်များသည် သင်္ကန်းဟောင်းများကို ပြန်ဝယ်၊ ပြန်ပြင်ပြီး အသစ်အဖြစ်ရောင်းချနေကြကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဝိနည်းဆိုသည်မှာ ထေရဝါဒဗုဒ္ဓဘာသာ သံဃာရဟန်းတို့ လိုက်နာကြသည့် ၂၂၇ သွယ်သော ရဟန်းစည်းကမ်းများပင်ဖြစ်သည်။ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ မွန်းလွဲညစာစားခြင်း၊ မာတုဂါမများနှင့် အတူတွဲလမ်းလျှောက်ခြင်း၊ လက်ဘက်ရည်ဆိုင်ထိုင်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းတို့ကို ဝိနည်းက တားမြစ်ထားသည်။

ကုန်ဈေးနှုန်းသတင်းများသည် ဆင်ဆာဖြတ်တောက်သူ (စာပေစီစစ်ရေးဝန်ထမ်းများအတွက်) သတိပေးခေါင်းလောင်းပင် ဖြစ်သည်။ အကြောင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်လာမှုသည် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပြီး စစ်အစိုးရ၏ နိုင်ငံစီးပွားရေး စီမံခန့်ခွဲမှု လွဲမှားညံ့ဖျင်းမှုကို မီးမောင်းထိုးပြနေသောကြောင့် ဖြစ်သည်။

မွန်ပြည်နယ်ရှိ နှစ်စဉ်ကျင်းပမြဲ ကျိုက်ထီးရိုးဘုရားပွဲအတွက် ပြင်ဆင်မှုသတင်းကို ၂ဝဝ၂ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။ ထိုနှစ်တွင် ဘုရားဖူး ခုနစ်သိန်းခန့် လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း၊ ဘုရားရှိဈေးဆိုင်ခန်း ငှားရမ်းခများလည်း မြင့်တက်နေကြောင်း ပါရှိသည်။

ဤဝါကျနှစ်ကြောင်းကို ဖြတ်တောက်ပစ်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ လေလံဖြင့်ဆုံးဖြတ်သော ဆိုင်ခန်းငှားခများ မိုးထိုး၍ မြင့်တက်နေသည်။ ပေ ၂ဝ မျက်နှာစာရှိသော ဆိုင်ခန်းတစ်ခန်း တစ်နှစ်အတွက် ငှားရမ်းခမှာ ထိုမတိုင်မီနှစ်က ကျပ်တစ်သိန်းခွဲသာရှိခဲ့ရာမှ ထိုနှစ်တွင် ကျပ်သိန်း ၃ဝ အထိ မြင့်တက်သွားသည်။ ကွမ်းယာဆိုင်လေးတစ်ဆိုင် ငှားရမ်းခ တစ်နှစ်အတွက် ယခင် ကျပ် ၃ဝ,ဝဝဝ သာရှိရာမှ ထိုနှစ်၌ ကျပ် ၁၄ သိန်းရှိခဲ့သည်။ လျှပ်စစ်မီးမမှန်မှု၊ လျှပ်စစ်မီးမလာမှုများနှင့် ပတ်သက်လာလျှင်လည်း အမြဲအဖြတ်ခံခဲ့ရသည်။ လစဉ်ပွဲတော်များနှင့် ပြည့်နေသော မြန်မာ့ပြက္ခဒိန်တွင် ပျော်စရာအကောင်းဆုံး ပွဲတော်တစ်ခုမှာ သီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်သည်။ ဝါတွင်းကာလအဆုံး အောက်တိုဘာလတွင် ကျင်းပလေ့ရှိသည်။ ၂ဝဝ၁ ခုနှစ် သီတင်းကျွတ်ပွဲတော် အကြိုကာလ ဖယောင်းတိုင်လုပ်ငန်း ဈေးကွက်ပြိုင်ဆိုင်မှု အခြေအနေဆောင်းပါးတွင် ဝါကျတစ်ကြောင်း အဖြတ်ခံခဲ့ရသည်။ ဖယောင်းတိုင်ဆိုင်ပိုင်ရှင် ပြောစကားစာပိုဒ်ကို ဖြတ်တောက်ခြင်းဖြစ်သည်။ “ဖယောင်းတိုင် အရောင်းသွက်နေရတဲ့အကြောင်း တစ်ခုကတော့ လျှပ်စစ်မီးတွေ မကြာခဏ ပျက်တတ်လို့ပါဘဲ”ဟူ၍ ဖြစ်သည်။ စစ်အစိုးရအဖွဲ့ဝင် တစ်ချို့အကြောင်းလည်း ဖြတ်တောက်ခံရသည့်အထဲတွင် ပါဝင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သော ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်လ်သည် စစ်အစိုးရလက်ထက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဖြစ်သည်။

၎င်းသည် ပြုပြင်ပြောင်းလဲရေး သမားဖြစ်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲရန် သူ၏စိတ်ကူးအကြံညဏ်များမှာ လစ်လျူရှုခြင်း ခံခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးထားသော စစ်အစိုးရတွင် တစ်ဦးတည်းသော ရိုမင်ကက်သိုလစ် ခရစ်ယာန်တစ်ဦးဖြစ်သည်။

အဆင့် ခုနစ်ဆင့်ပါ လမ်းပြမြေပုံအရ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲ မတိုင်မီ တစ်လအလို ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဒေးဗစ်အေဘယ်လ်ကို မြန်မာတိုင်း(မ်)က တွ့ဆုံမေးမြန်းခဲ့သည်။ ထိုမတိုင်မှီ ခုနစ်နှစ်ကတည်းက စစ်အစိုးရ ထုတ်ပြထားခဲ့သော စည်းကမ်းရှိသော ဒီမိုကရေစီစနစ်သို့ သွားရာလမ်းပြမြေပုံပင်ဖြစ်သည်။ အင်တာဗျူး၏ မူလခေါင်းစဉ်မှာ “ပြုပြင်ပြောင်းလဲရန်အတွက် ဆေးခါးကြီးသောက်ဖို့ လိုအပ် (Bitter remedies needed for reform)” ဟု ဖြစ်သော်လည်း ဆင်ဆာက ထိုခေါင်းစဉ်ကို ငြင်းပယ်လိုက်ပြီး “လွှတ်တော်တွင် စီးပွားရေးပညာရှင်ကောင်းများ လိုအပ် (Good economists needed for parliament)” ဟု အစားထိုးလိုက်ပါသည်။

ရွေးကောက်ပွဲပြီး တက်လာမည့် အစိုးရသစ်အနေနှင့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဗိုလ်မှူးချုပ်အေဘယ်လ်၏ အကြံညဏ်ပေးချက်များမှာ အင်တာဗျူးဆောင်းပါးမှ အဖြတ်ခံခဲ့ရသည်။ ဥပမာ – ငွေလဲလှယ်နှုန်းနှင့် ငွေကြေးတန်ဖိုး ဥပဒေများကို ပြုပြင်ပြောင်းလဲလိုက်လျှင် စီးပွားရေး ခုန်ပျံတက်လာလိမ့်မည်ဟု သူကပြောကြားခဲ့သည်။ ဤသည်မှာ အမှန်တရားပင် ဖြစ်သော်လည်း မှန်လွန်းနေ၍ လက်ခံရန် ခက်နေကြပေလိမ့်မည်။

ဗိုလ်မှူးချုပ်ဒေးဗစ်အေဘယ်လ်သည် Britain’s Royal Military Academy, Sandhurst စစ်တက္ကသိုလ်မှ စီးပွားရေးပညာ ဘွဲ့ရတစ်ဦးဖြစ်ရာ စစ်အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများထက်ပို၍ မီဒီယာနှင့် ထိတွေ့ရလွယ်ကူသည်။ ၂ဝဝ၃ ခုနှစ်တွင် သူအနားမယူမီက မြန်မာတိုင်း(မ်)၏ သတင်းများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသည်။ ၂၁ ရာစုစောစောပိုင်း မြန်မတိုင်း(မ်)က ဆင်ဆာတင်နေရသောကာလတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး အကြောင်းပါလာပါက စကားလုံးတစ်လုံးကို အမြဲဖြုတ်ခိုင်းခဲ့လေ့ရှိသည်။ ထိုစကားလုံးမှာ အခြားမဟုတ်။ “ဒေးဗစ်” ဆိုသော စကားလုံးပင်ဖြစ်သည်။

ဘာသာရေးသည်းခံမှုနှင့် လွတ်လပ်မှုတွင် စံပြလူ့အဖွဲ့အစည်းဟုဆိုသော လူ့အဖွဲ့အစည်းတွင် ခရစ်ယာန်အမည်မှာ တားမြစ်စကားလုံး ဖြစ်နေချေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.