ရန်ကုန်မြို့မှ ဘီယင်နာလေး ပန်းချီပြပွဲနှင့် မေးခွန်းထုတ်စရာများ

အတိုဆုံး ဖြေရမည်ဆိုပါက “နိုး”ပါပဲ။ မြို့တော်တွင် ပထမဆုံးအဖြစ် ကျင်းပမည့်ဤပွဲက ပန်းချီပညာရှင် အသိုင်းအဝိုင်းတွင် အငြင်းပွားဖွယ်ရာ တစ်ခုဖြစ်ခဲ့သည်။

လီလီယံ ကာလစ်ရှ် ရေးသားသည်။

ယခုနှစ် စောစောပိုင်းက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဤအဖြစ်အပျက် မပေါ်ပေါက်ခဲ့ပါက အီတလီအစဉ်အလာဖြင့် ရန်ကုန်၌ ကျင်းပမည့် ဘီယင်နာလေး ပန်းချီပြပွဲ Biennale ကိစ္စသည် ခေတ်ပြိုင်မြန်မာပန်းချီဆရာများ၏ စိတ်ထဲမှာပင် ပေါ်လာလိမ့်မည် မဟုတ်ပေ။

ပန်းချီဆရာ အများစုသည် မြန်မာနိုင်ငံ၊ သို့မဟုတ် ပြည်ပတွင် ပြပွဲများ ခင်းကျင်းပြသရေးအတွက် ခွင့်ပြုမိန့်များ လျှောက်ထားခြင်း၊ သံရုံးများနှင့် ပန်းချီအနုပညာ အဖွဲ့အစည်းများ ဆက်သွယ်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများဖြင့် အလွန်အလုပ်ရှုပ်နေသည့်အတွက် ကူးသန်းရောင်းဝယ်ရေးမြို့တော်တွင် ပြုလုပ်မည့် ဘီယင်နာလေး ပန်းချီပြပွဲ ခင်းကျင်းပြသရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများအကြောင်းကို စိတ်ပူချိန်ပင် မရခဲ့ပေ။

သို့ရာတွင် ပန်းချီပြပွဲ ကျင်းပရန် ရည်ရွယ်ထားကြောင်း အီတလီ အင်န်ဂျီအို တစ်ခုဖြစ်သော ကားချားတူအော Culture2All က မေလအတွင်းက ဖေ့စ်ဘွတ်ခ်၌ ကြေညာလိုက်သောအခါ မြန်မာပန်းချီပညာရှင်အချို့က ပြပွဲ၏ရည်ရွယ်ချက်ကို အဆောတလျင် သုံးသပ်လာကြသည်။

ဘီယင်နာလေး ပန်းချီပြပွဲကို “မြန်မာနိုင်ငံ ခေတ်ပြိုင်အတွေးအခေါ်ကို ဝန်းရံတည်ရှိနေသော စနစ်သစ်ကို ရောင်ပြန်ဟပ်ပေး” မည့် “ရှေ့ဆောင်လမ်းပြ ပြပွဲတစ်ခု” အဖြစ် ကြေညာခဲ့သည်။ ပြပွဲအခမ်းအနားကို ပြည်လမ်းရှိ ဂျန်းရှင်းစကွဲယား ကားရပ်စခန်းတွင် နိုဝင်ဘာလ၌ ကျင်းပရန်ဖြစ်သည်။

ယခင်နှစ်က မီလန်တွင် ထင်ရှားသော ပန်းချီဆရာ ၁၀ ဦး၏ လက်ရာများကို အင်န်ဂျီအိုအဖွဲ့က စီစဉ်ပြသခဲ့ပြီးနောက်  မြန်မာပန်းချီပညာရှင် ၅၀ ဦး၏ လက်ရာများကို ပြပွဲပြသရန် Culture2All ဥက္ကဋ္ဌ မစ္စတာ မောရို ဆယ်လ်ဗေးမီနီက စိတ်ကူးရလာခဲ့ခြင်းဖြစ်သည်။ ယင်းအုပ်စုတွင် ဘီယင်နာလေး ပန်းချီပြပွဲကို ခင်းကျင်းပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သူ ကိုခင်မောင်ဇော်လည်း ပါဝင်သည်။

ဘီယင်နာလေး ပန်းချီပြပွဲ အစီအစဉ်တွင် ကုသိုလ်ဖြစ် ရန်ပုံငွေရှာဖွေရေး အစီအစဉ်လည်း ပါဝင်ပြီး အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးကြိုးပမ်းမှုကို ထောက်ပံ့သောအားဖြင့် ပြပွဲတွင် ပါဝင်သော ပန်းချီပညာရှင်များက မိမိတို့ ရောင်းချရသော ပန်းချီကားများအနက်မှ တစ်ခုကို Culture2All သို့ လှူဒါန်းရန်ဖြစ်သည်။

ပန်းချီပညာရှင်များက ဆန့်ကျင်မတိုက်ခိုက်မီအထိ ယင်းသတ်မှတ်ချက်သည် စီမံချက်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

ပန်းချီပြခန်းအတွက် အဆိုပြုထားသောနေရာ၊ တာဝန်ယူဆောင်ရွက်နေသူများနှင့် နောက်ဆုံးပြသမည့် ပန်းချီအမျိုးအစားစသည့် ပြဿနာများနှင့်ပတ်သက်ပြီး ပန်းချီပညာရှင် အများအပြားက ဒေါသထွက်လျက်ရှိသည်။ အကြီးမားဆုံး ကန့်ကွက်ချက်မှာ ပြပွဲအမည်နှင့်ပတ်သက်၍ဖြစ်သည်။

ပြပွဲအမည်က မည်သည့်သဘော ဆောင်ပါသနည်း

“Biennale” ဘီယင်နာလေး ဟူသော အမည်ကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ လာရောက်ဆောင်ရွက်သည့်သဘောပင် ဖြစ်သည်။ ပန်းချီလောကတွင် ယင်းအီတလီစကားလုံးက အထူးဝိသေသပြုသော သဘောကို ဆောင်ယူလျက်ရှိသည်။

Venice Biennale ပန်းချီပြပွဲကို စတင်ပြသခဲ့သည့် ၁၈၉၅ ခုနှစ်မှစ၍ ယင်းစကားလုံးကို ပန်းချီပညာရှင်များ၊ ပြခန်းတာဝန်ခံများနှင့် ပန်းချီအနုပညာနှင့် အသက်မွေးသည့် လုပ်ငန်းများမှ အခြားသူများ ပါဝင်လှုပ်ရှားသော အပြည်ပြည်ဆိုင်ရာ ခေတ်ပြိုင်ပန်းချီပြပွဲဟု အဓိပ္ပာယ်ရသော စကားလုံးအဖြစ် နားလည်ထားကြသည်။

ထိုအချိန်မှစ၍ ရှန်ဟဲမြို့မှအစ ဆော်ပေါ်လိုမြို့အဆုံး ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် အီတလီ အစဉ်အလာဖြင့် ပန်းချီပြပွဲများကို ပြသခဲ့သည်။ အခြားတစ်ဘက်မှ ကြည့်ပါကလည်း ဘီယင်နာလေး ပန်းချီပြပွဲကို ပြသခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံရေး တည်ငြိမ်မှုရှိသည်ဟူသော သဘောကို ဆောင်ပေသည်။

ပြပွဲ ခင်းကျင်းပြသနိုင်ရန် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရများနှင့် ပန်းချီအဖွဲ့အစည်းများ အတူတကွ ဆောင်ရွက်ရန်လိုသည်။ ပြပွဲများအတွက် အဓိက ငွေကြေးထောက်ပံ့မှု လိုအပ်သကဲ့သို့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ၊ သို့မဟုတ် ပြပွဲနေရာများအတွက် အဆောက်အအုံသစ် ဆောက်ရန်လိုအပ်သည်။

ထုံးစံအားဖြင့် မြိုတစ်မြို့တွင် ဘီယင်နာလေး ပြပွဲတစ်ခုကို စီစဉ်ပါက နှစ်ပေါင်းများစွာ အချိန်ယူရသည်။ ထိုင်းနိုင်ငံမြို့တော်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအတွင်း ပထမဆုံး အီတလီပုံစံ ဘီယင်နာလေး ပန်းချီပြပွဲကို ပြသမည့် အစီအစဉ်ကို မေလက ဘန်ကောက်မြို့တွင် ကြေညာခဲ့သည်။

jtms-ybiennale-2.jpg

New Zero Art Space ကို ပူးတွဲတည်ထောင်သူ ကိုအေးကိုက ဘီယင်နာလေးပြပွဲမှာ ငွေကြေးဖန်တီးလိုမှု တစ်ခုအဖြစ် ယုံကြည်ယူဆသဖြင့် ကန့်ကွက်ကြောင်း ဆိုသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

အဆိုပြုထားသော ရန်ကုန်ပန်းချီပြပွဲမှာ ကြေညာပြီးနောက် ခြောက်လအကြာတွင် ကျင်းပရန်ဖြစ်သည်။

ရှင်းလင်းပြတ်သားစွာ ဖော်ပြမထားသော်လည်း ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ကြားခံရသော အနုပညာရှင် အများစုမှာ ရိုးရာပန်းချီပညာရှင်များ အပါအဝင် ပန်းချီပညာရှင်များ ဖြစ်သည်။ ဘီယင်နာလေး၏ ယဉ်ကျေးမှုချင်း ကူးလူးဆက်နွယ်မှုနှင့် ခေတ်ပြိုင်ဟူသော အရင်းခံများနှင့် ကွဲလွဲသော ရွေးချယ်မှုဖြစ်သည်။

ပြပွဲနှင့်ပတ်သက်၍ စိတ်ထဲတွင် မကျေမလည် ဖြစ်ရုံသာမက အဆိုပြုထားသော ရန်ကုန်ပြပွဲမှာလည်း တက်သုတ်ရိုက်နိုင်လွန်းသည်ဟု ပန်းချီပညာရှင်များက ယုံကြည်ထားသည်။ သူတို့၏ စိုးရိမ်ပူပန်မှုကိုလည်း လူသိရှင်ကြား လျင်မြန်စွာ တုန့်ပြန်ခဲ့သည်။

ဖေ့စ်ဘွတ်ခ်တွင် ကြေညာပြီးနောက်ပိုင်း ပြပွဲကို ဘီယင်နာလေး ဟု သုံးနှုန်းခြင်းကို သူ အဘယ်ကြောင့် ကန့်ကွက်ရသည် ဆိုသည့်အကြောင်းကို ပန်းချီနှင့် ပါဖောမင့် အနုပညာရှင် ထိန်လင်းက ပွဲစီစဉ်သူများအား အီးမေးမှတဆင့် ဆက်သွယ်၍ ရှင်းပြခဲ့သည်။ သူ့လုပ်ဖော်ကိုင်ဖက် ပန်းချီပညာရှင်များနှင့်လည်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် စတင်ဆွေးနွေးခဲ့သည်။

“ပြပွဲကို ဘီယင်နာလေး လို့ ခေါ်မယ်ဆိုရင်လည်း ဒီခေတ်ပြိုင်လောကမှာ ဒီစကားလုံးက ဘယ်လိုအဓိပ္ပာယ်ရှိတယ် ဆိုတာကို သိထားရပါမယ်။ အခုအချိန်က မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို ဒီဒေသတွင်းက လူတွေက စောင့်ကြည့်နေတဲ့အချိန် ဖြစ်နေတယ်” ဟု သူက Frontier ကိုပြောသည်။

“Biennale” ဘီယင်နာလေး ဟူသော စကားလုံး သုံးစွဲမည့်အကြောင်းကို ထုတ်ဖော်မပြောကြားခဲ့ကြောင်း ပြပွဲကျင်းပရန် Culture2All နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပန်းချီပညာရှင် ကိုခင်မောင်ဇော်က ဝန်ခံခဲ့သည်။

“ပြပွဲနာမည်နဲ့ပတ်သက်ပြီး တချို့ပန်းချီပညာရှင်တွေ စိတ်မကောင်း ဖြစ်နေကြတာကို ကျွန်တော် သိပါတယ်။ ဒီအချက်ကို ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါကြောင့်လည်း နာမည်ပြောင်းပေးဖို့ မောရိုနဲ့ Culture2All ကို ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။ ဘီယင်နာလေးကို သုံးမယ်ဆိုရင် ဒီထက်ပိုပြီး ပြင်ဆင်ဖို့ လိုလိမ့်မယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်” ဟု သူက Frontier ကို မေလအတွင်းက ပြောသည်။

ဘီယင်နာလေးတွင် ပါဝင်ပြသရန် Culture2All ၏ ကမ်းလှမ်းချက်ကို ထိန်လင်းက ငြင်းခဲ့သည်။ ပန်းချီပညာရှင်က ပန်းချီကားတစ်ချပ်ကို အခကြေးငွေမယူဘဲ အလကားပေးရမည်ဟူသော ဆုံးဖြတ်ချက်နှင့် ခေတ်ပြိုင်ပန်းချီ၏ အကြောင်းကို ပွဲစီစဉ်သူတို့က နားမလည်ခြင်းသည် ပန်းချီပညာရှင် အသိုင်းအဝိုင်းကို စော်ကားခြင်းဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော့်လက်ရာ တစ်ခုကို အလကား ပေးဖို့ဆိုတာ အရမ်းခက်ပါတယ်” ဟု သူက ပြောသည်။

“ကျွန်တော့်သဘောအရ ဒါက ငွေကြေးကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်လက်ရာကို ယူသွားတဲ့သူရဲ့ တန်ဖိုးထားမှုနဲ့ ဆိုင်ပါတယ်” ဟု ပွဲစီစဉ်သူတို့ကို ရည်ညွှန်း၍ ပြောဆိုသည်။

ထိန်လင်းက စိတ်မကောင်းဖြစ်ရခြင်းမှာ ပြပွဲသည် ရန်ကုန်တွင် ပထမဆုံး ကျင်းပသော ဘီယင်နာလေးပွဲ ဖြစ်နေသည့်အတွက် ဖြစ်သည်။

“အရင်ဘယ်အချိန်ကမှ မရှိခဲ့ဖူးသေးတဲ့ နယ်ပယ်ထဲကို အနောက်တိုင်းပြပွဲနဲ့ဆိုင်တဲ့ အယူအဆကို သူတို့ ယူလာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဘီယင်နာလေး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မြန်မာ့ရိုးရာအကအဖြစ် ဖော်ပြသောအကမှာ အိန္ဒိယရိုးရာအက ဖြစ်နေသည်ကို ချက်ချင်းသိလိုက်ရသည့်အတွက် ထိန်လင်း ဒေါသထွက်ရခြင်းဖြစ်သည်။

“သွေးစုပ်ခံလိုက်ရသလို ခံစားမိတယ်ဗျာ” ဟု သူက ပြောသည်။

အနုပညာဆိုင်ရာ နိုင်ငံရေး

အေးကို၊ ငယ်လေးနှင့် ဖြူမွန်တို့ အပါအဝင် အခြား ခေတ်ပြိုင်ပန်းချီပညာရှင်များနှင့်အတူ ထိန်လင်းသည် ဘီယင်နာလေး ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ပြပွဲ၏ အမည်ပြောင်းလဲရေးအတွက် ကန့်ကွက်ချက်ကို ပန်းချီပညာရှင် ၂၀ ၏ လက်မှတ်များနှင့်အတူ အီတလီသံရုံးသို့ စာပို့ခဲ့သည်။

မေ ၁၈ ရက်တွင် ပန်းချီပညာရှင် လေးဦးသည် သံရုံး ဒုတိယ အကြီးအကဲ မစ္စတာ မက်တီယို ဒီအလွန်ဇိုနှင့် တွေ့ဆုံပြီး ပေးပို့ထားသည့်စာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အဆိုပြုထားသော ဘီယင်နာလေး ပြပွဲကိစ္စသည် သံရုံးနှင့် လွတ်ကင်းနေသော ကိစ္စဖြစ်သော်လည်း မိမိတို့၏ စိုးရိမ်ပူပန်မှုကို သံရုံးက ကြားခံအဖြစ် ကူညီဖြေရှင်းပေးရန် ပန်းချီပညာရှင်တို့က ဆန္ဒရှိခဲ့သည်။

တွေ့ဆုံပွဲပြီးနောက် တစ်ပတ်အကြာတွင်  ဆယ်လ်ဗေးမီနီသည် “သူ၏ အစီအစဉ်အတွက် ‘Biennale’ ဟူသောအမည်နှင့် ကွဲပြားခြားနားမှုရှိသော အမည်ကို အသုံးပြုရန် သဘောတူခဲ့” ကြောင်း မစ္စတာ ဒီလွန်ဇိုထံမှ ပေးပို့သော အီးမေးကို ထိန်လင်း လက်ခံရရှိခဲ့သည်။

ဆယ်လ်ဗေးမီနီနှင့် Culture2All မှ အခြားသူများ၏ ဝေဖန်ပြောကြားချက်ကို ရရှိရန် Frontier က ကြိုးပမ်းခဲ့သော်လည်း ယင်းတု့ိ၏ တုန့်ပြန်မှုကို မရရှိသေးပေ။

ပြပွဲကို “YaB 2017/ Art Park Expo” ဟူသောအမည်ဖြင့် ပြသရန် မေလလယ်မှစ၍ ဆောင်ရွက်ခဲ့သည်။ “B” ဆိုသည်မှာ “Biennale” ကို ရည်ညွှန်းခြင်းရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ သို့သော် ယင်းစာလုံးမှာမူ ဖေ့စ်ဘွတ်ခ် အခမ်းအနား စာမျက်နှာ Facebook event page မှ ပျောက်ကွယ်သွားခဲ့သည်။

အမည်နှင့်ပတ်သက်၍ အငြင်းပွားမှုမှာ ဖြေရှင်းပြီးသွားပုံရသော်လည်း ပန်းချီပညာရှင်များနှင့် အနုပညာလုပ်ငန်းကို စီမံခန့်ခွဲနေကြသူများအတွင်း၌ မေးခွန်းနှစ်ခုက ကျန်ရှိနေဆဲဖြစ်သည်။ ရန်ကုန်သည် ဘီယင်နာလေးအတွက် အသင့်ဖြစ်နေပြီလား။ မြန်မာနိုင်ငံ အနုပညာလုပ်ငန်း၏ အနာဂတ်ကို မည်သူ ပိုင်ဆိုင်သနည်း။

jtms-ybiennale-3.jpg

ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ဘီယင်နာလေးအကြောင်းကို စဉ်းစားဖို့ အချိန်စောလွန်းသေးကြောင်း Myanm/art Gallery ၏ ပိုင်ရှင်နှင့် မြန်မာအနုပညာဆိုင်ရာ သမိုင်းပညာရှင် မစ္စ နာတာလီ ဂျွန်စတန်က ယုံကြည်ထားသည်။

“ဘီယင်နာလေးအတွက် ရန်ကုန်က အသင့်မဖြစ်သေးဘူးဆိုတာ ရိုးရှင်းတဲ့ အကြောင်းရင်း တစ်ခုပဲ ရှိပါတယ်။ ပန်းချီလုပ်ငန်းကို အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်း မရှိသေးဘူး ဆိုတဲ့အချက်ပါပဲ။ ဘီယင်နာလေး ဆိုတာက ပန်းချီပညာရှင် အသိုင်းအဝိုင်း၊ ပြည်တွင်းက ပြည်သူလူထု အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့သဘောကို ဆောင်ပါတယ်” ဟု ၎င်းက ပြောသည်။

အနုပညာလုပ်ငန်း စီမံအုပ်ချုပ်မှု အနာဂတ်နှင့်ပတ်သက်၍ ပြည်သူ့အနုပညာ အစီအစဉ်များကို ငွေကြေးထောက်ပံ့မြှင့်တင်ပေးမည့် နိုင်ငံခြား အဖွဲ့အစည်းများ၏ အလားအလာအကြောင်းကို မစ္စ ဂျွန်စတန်က ပြောကြားခဲ့ခြင်း မရှိပေ။

“ပြပွဲကြီးတွေကို ဆောင်ရွက်ဖို့၊ ပန်းချီပညာရှင်တွေက အနုပညာပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကူညီဖို့နဲ့ အလုပ်လုပ်မယ့် နေရာတွေ ပေးထားဖို့အတွက် သူတို့မှာ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကြောင့် နိုင်ငံခြား အဖွဲ့အစည်းတွေဆီကနေ သြဇာညောင်းမှုတွေ (အနုပညာလုပ်ငန်း စီမံအုပ်ချုပ်မှုနဲ့ပတ်သက်လို့) နောက်ထပ် နှစ်ပေါင်းများစွာ ရှိနေဦးမယ်လို့ ထင်ပါတယ်” ဟု မစ္စ ဂျွန်စတန်က ပြောသည်။

ဘီယင်နာလေးကိစ္စသည် နိုင်ငံခြား အဖွဲ့အစည်းများ၏ အခွင့်အာဏာ အလွန်အကျွံ လွှမ်းမိုးမှုနှင့် ပြည်တွင်းပန်းချီပညာရှင်များ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှု မရရှိသည့် နမူနာတစ်ရပ် ဖြစ်သော်လည်း ရန်ကုန်တွင် ပင်လယ်ရပ်ခြားအုပ်စုများက ဆောင်ရွက်သော အများပြည်သူပြပွဲများ အမြောက်အမြား ရှိနေသည်။

Mingalabar! Festival, My Yangon My Home စသည့်ပြပွဲများနှင့် ဂျာမန်ပန်းချီပညာရှင် ဝုဖ်ဂန် လိုက်ဘ် ပြုလုပ်မည့်ပြပွဲအတွက် အတွင်းဝန်ရုံး ဖွင့်ပွဲများက ရန်ကုန်မြို့၏ အထင်ကရ နေရာများတွင် ပန်းချီနှင့် အများပြည်သူတို့ အပြန်အလှန် ဆက်သွယ်နိုင်မည့် အခွင့်အလမ်းများကို ပေးခဲ့သည်။

အနာဂတ်ကို မျှော်ကြည့်ခြင်း

အနာဂတ်ကာလတွင် ရန်ကုန်၌ ပြပွဲအခမ်းအနားများ ကျင်းပမည့် ပန်းချီစီမံခန့်ခွဲမည့်သူများသည် မြင့်မားသော “အကဲဆတ်မှုနှင့် လုပ်ငန်းအဆက်အစပ်နှင့်ပတ်သက်၍ နက်ရှိုင်းသော အသိပညာ ဗဟုသုတရှိရန်” လိုမည်ဖြစ်ကြောင်း မစ္စ ဂျွန်စတန်က ယုံကြည်သည်။

သူတို့ကို “စီးပွားရေး အကြောင်းတရားများ” အတွက် အသုံးချမည့်အစား “မြန်မာပန်းချီပညာရှင်များက မည်သို့စဉ်းစားသည်” ဟူသောအချက်ကို သူတို့က လေးစားပြီး မြှင့်တင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြား အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုကို ပါဖောမင့်နှင့် ပန်းချီပညာရှင် ဇွန်စီ (ဇွန်စပယ်ဖြူ) က ကြိုဆိုသည်။

“အနုပညာဆိုတာ သံတမန် လက်နက်ကိရိယာ တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အစိုးရက အသွင်ကူးပြောင်ရေး အဆင့်မှာပဲ ရှိနေပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာကို ကျွန်မတို့ အရမ်းပျော်ရွှင်နေတဲ့အတွက် မြန်မာအနုပညာနယ်ပယ်မှာ နိုင်ငံခြားသားတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဘီယင်နာလေးဆိုင်ရာ အငြင်းပွားမှုသည် ပန်းချီအသိုင်းအဝိုင်းနှင့်သာဆိုင်သော ပြဿနာတစ်ရပ်ဟု ထင်နိုင်စရာ ရှိသော်လည်း ယင်းအချက်က မြန်မာနိုင်ငံတွင် နိုင်ငံခြား အဖွဲ့အစည်းအချို့က သြဇာလွှမ်းမိုးရန် ကျင့်သုံးသည့် နည်းလမ်းတစ်ခုကို မီးမောင်းထိုးပြလျက်ရှိသည်။

အငြင်းပွားမှုကို အကောင်းဘက်က ကြည့်ပါက အမြဲတစေ တကွဲတပြား ဖြစ်နေတတ်သည့် ခေတ်ပြိုင် ပန်းချီအသိုက်အဝန်းသည် ယင်းအငြင်းပွားမှုကြောင့် တစ်သံတည်း ထွက်လာသည်ထိ စုစည်းလာကြကြောင်း ထိန်လင်းက ပြောသည်။

“နောက်ဆုံးတော့ ဒီကိစ္စက ကောင်းတဲ့ကိစ္စပဲ။ ဒီကိစ္စက ကျွန်တော်တို့ ဘယ်နေရာမှာ ရပ်တည်နေတယ်၊ ကျွန်တော်တို့ အချင်းချင်း သံရုံး၊ ပန်းချီအဖွဲ့အစည်းနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘယ်လို နားလည်မှု ရှိကြတယ်ဆိုတဲ့အချက်ကို ပြန်လည်စဉ်းစားဖို့ အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်”

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မေလနှောင်းပိုင်းက ထိန်လင်းကို ရန်ကုန်ရှိ သူ့အလုပ်ခန်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.