ပန်းချီပန်းပုပညာ ကျယ်ပြန့်လွတ်လပ်စွာ တိုးတက်ရှင်သန်ခြင်း

မြန်မာ့အနုပညာရှင်များမှာ ဆင်ဆာစနစ် ဖျက်သိမ်းခဲ့သည့် ၂၀၁၂ ခုနှစ်မှ၍ ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်ခဲ့ကြပြီး ၎င်းတို့အများစုသည် “ငြိမ်သက်အေးချမ်းသော အလှတရား” ခံစားမှုထက် ကျော်လွန်ဆောင်ရွက်ရန် ထိုအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ခဲ့ကြပြီးဖြစ်သည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံများ – ငြိမ်းဆုဝေကျော်စိုး 

နဝဒေးသာလာ ပြခန်း၏ နံရံများထက်မှာ ရေဆေးပန်းချီ၊ အက်ခရီလစ်ပန်းချီ၊ မီဒီယာရောပန်းချီ လက်ရာများကို ဂရုတစိုက် ရွေးချယ်ခင်းကျင်း ပြသထားသည်။ တဖန် ခေါင်မိုးထပ်မှ ပန်းချီကားများမှာမူ စင်များပေါ်တွင် ပုံလျက်၊ သို့တည်းမဟုတ် နံရံကပ်စင်များမှာမှီလျက် ပန်းချီကား လေ့လာလိုသူများအတွက် ဒါဇင်နှင့်ချီ၍ ရှိနေကြသည်။

ကံအားလျော်စွာပင် ပြခန်းပိုင်ရှင် ကိုပြည်ဝေးသည် ယင်းတို့အားလုံးကို အမျိုးအစားခွဲကာ အိုင်ပက် iPad ထဲတွင် သိမ်းထားသည်။

“တချို့ကားတွေရဲ့ တန်ကြေးက အမေရိကန်ဒေါ်လာ ၁၀၀ ထက်တောင် နည်းပေမဲ့ ဒေါ်လာ ၂၀,၀၀၀ လောက် နဲ့ ရောင်းချမယ့် ပန်းချီကား စုဆောင်းသူတွေလည်း ရှိပါတယ်” ဟု ရန်ကုန်မြို့ ယောမင်းကြီးလမ်းပေါ်ရှိ ပြခန်းပိုင်ရှင် ကိုပြည်ဝေးက ဆိုသည်။

“ကျွန်တော်က တစ်ခု(ပန်းချီဆရာတစ်ဦးရဲ့ လက်ရာကို) ‘လက်ခံတယ်’ လို့ ပြောလိုက်ရင် လူတိုင်းကိုလည်း ‘လက်ခံတယ်’ လို့ မဖြစ်မနေ ပြောရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးက သူငယ်ချင်းတွေမို့ပါ” 

ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းရှိ သူ၏ နဝဒေးသာလာပြခန်း၌ ကိုပြည်ဝေးကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းရှိ သူ၏ နဝဒေးသာလာပြခန်း၌ ကိုပြည်ဝေးကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ကိုပြည်ဝေး၏ မိတ်ဆွေများထဲတွင် ရာစုနှစ် ထက်ဝက်ခန့် ဆင်ဆာဖြတ်တောက်ခံခဲ့ရရုံမျှမက ကမ္ဘာနှင့်လည်း အဆက်ပြတ်ခဲ့ပြီးနောက် ဆရာဟောင်းများနှင့် တက်သစ်စ ပါရမီရှင် အစုအဝေးနှင့် ပေါင်းစပ်ထားသည့် ပန်းချီလုပ်ငန်းကဏ္ဍစုံမှ ပန်းချီဆရာများ၊ ပြတိုက်မှူးများ၊ ဝယ်လက်များ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် အလုံးအရင်းဖြင့် ဝယ်ယူသူများ၊ ဗိုလ်ချုပ်ဈေးရှိ လမ်းမျက်နှာစာဆိုင်များ၊ ဒေါ်လာထောင်နှင့်ချီ၍ တန်ကြေးရှိသော ပန်းချီကားများကို ရောင်းချနေသည့် အရည်အသွေးမြင့် ပြခန်းပိုင်ရှင်များ ပါဝင်သည်။

“မြန်မာ့ပန်းချီက တခြားထွန်းသစ်စ အာရှနိုင်ငံတွေက ခေတ်ပြိုင်ပန်းချီတွေလို အမျိုးအစား စုံလင်တာ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာမျိုးတွေ မဟုတ်ပေမဲ့ ခုချိန်မှာ အနုပညာရှင်တွေက စိစစ်ရေးကနေ လွတ်မြောက်နိုင်ကြပြီ ဖြစ်သလို ကမ္ဘာ့ပန်းချီအသိုင်းအဝိုင်းထဲကို ဝင်ရောက်နေပါပြီ။ ဒါကြောင့် စောင့်ကြည့်ရမယ့် ဈေးကွက်တစ်ခု ဖြစ်လာတာ အသေအချာပါပဲ” ဟု ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့လယ်ကောင်၌ River Gallery ပြခန်းကို တည်ထောင်ခဲ့သည့် မစ္စ ဂီးလ်ပက်တီဆန်က ဆိုသည်။

မြန်မာနိုင်ငံ အနေအထားကို ကမ္ဘာ့ပန်းချီမြင်ကွင်း၏ စိတ်လှုပ်ရှားဖွယ် မျက်နှာသစ်တစ်ဦးအဖြစ် လက်မခံလိုသည့် ကျွမ်းကျင်သူ မရှိသလောက် ရှားပါးသော်လည်း “မြန်မာ့ပန်းချီ” ၏ အယူအဆပိုင်းမှာ ရုန်းကန်လှုပ်ရှားနေဆဲ အဆင့်တွင်သာ ရှိနေသေးသည်။

ပျောက်ဆုံးနေသော လှုပ်ရှားမှုများ

မြန်မာနိုင်ငံ၏ ပန်းချီပန်းပု အနုပညာမြင်ကွင်းမှာ ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရပြီး ရေရာမှုမရှိသည့် ထင်ရာစိုင်းတတ်သော ဆင်ဆာစနစ်တစ်ရပ်၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှူကျပ်ခဲ့ရသည်။ အလွှာစုံသော အနုပညာလှုပ်ရှားမှုများသည် ယင်းအခြေအနေအောက်မှ ဖြတ်သန်းကျော်လွှားခဲ့ရသည်။

“သူတို့ကိုင်တွယ်နိုင်တဲ့ အကြောင်းအရာပိုင်းမှာ အတော်လေးကွဲပြားတဲ့ နယ်နိမိတ်မျဉ်းတစ်ခု ရှိခဲ့ဖူးပါတယ်” ဟု ပက်တီဆန်က ဆိုသည်။

စိတ္တဇပန်းချီဆရာ ဦးအောင်မြင့်၏ လက်ရာများတွင် စိစစ်ရေးအဖွဲ့က သွေးနှင့် မကောင်းမှုကို ကိုယ်စားပြုသည်ဟု မှတ်ယူထားသည့် အနီနှင့် အနက်ရောင်များစွာ ပါဝင်နေသောကြောင့် ၎င်း၏လက်ရာများမှာ တားမြစ်ပိတ်ပင်ခံခဲ့ရသည်။

ဟောင်ကောင်တွင် ကျင်းပသည့် ၂၀၀၈ ခုနှစ် အနုပညာဆုပေးပွဲ 2008 Sovereign Art Awards ၌ ပရိသတ်ရွေးချယ်မှုဆုကို ရခဲ့သည့် ပန်းချီဆရာ မော်မော် ရေးဆွဲသော “နောက်တစ်ခု” Next ဟူသော ပန်းချီကားတွင် အလိပ်လိပ်ထနေသော ဆေးသားနံရံတစ်ခုပေါ်မှ ရေစက်ကလေးများ၏ သိသာရိုးရှင်းသော ပုံရိပ်တွင် နိုင်ငံရေး သတင်းစကားများ ရောယှက်လွှမ်းမိုးနေသည်။

နဝဒေးသာလာပြခန်း၌ နံရံချိတ် ပန်းချီကားများနှင့် အခြားပန်းချီကားချပ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

နဝဒေးသာလာပြခန်း၌ နံရံချိတ် ပန်းချီကားများနှင့် အခြားပန်းချီကားချပ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“လူကြားထဲမှာတော့ မော်မော်က ‘အိုး ဒါက သဘာဝရဲ့ အလှတရားပါ’ လို့ ပြောပါလိမ့်မယ်” ဟု ပက်တီဆန်က ပြန်ပြောင်းဖွင့်ဟခဲ့သည်။ “ဒါပေမဲ့ ခင်ဗျားသာ သူနဲ့ သီးသန့်စကားပြောကြည့်မယ်ဆိုရင် အိုဟောင်းနေတဲ့ နံရံဟာ နိုင်ငံရဲ့ အခြေအနေဖြစ်ပြီး ရေစက်တွေဟာ မျက်ရည်တွေ ဖြစ်တယ်လို့ သူပြောပြပါလိမ့်မယ်” ဟုလည်း ထပ်လောင်းရှင်းပြခဲ့သည်။

ယခင်က စဉ်းစား၍ပင် မရနိုင်သည့် နိုင်ငံရေးနှင့် အခြားဆူပူအုံကြွမှုဖြစ်စေသည့် အာဘော်များ ပါဝင်သော ပန်းချီလက်ရာများမှာ ဆင်ဆာစနစ်ကို ဖျက်သိမ်းလိုက်သည့် ၂၀၁၂ ခုနှစ်ကတည်းက ပြခန်းများတွင် စတင်ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။ သို့သော် အစိုးရ၏ အသိအမှတ်မပြုသော အရိပ်ဆိုးမှာ စတူဒီယိုများနှင့် ပြခန်းများကို ဆက်လက်ခြောက်လှန့်နေဆဲဟု ကိုပြည်ဝေးက ဆိုသည်။

၂၀၁၄ ခုနှစ်တွင် ကိုပြည်ဝေး၏ သူငယ်ချင်းဖြစ်သူ မောင်သိန်းဒီ၏ ပန်းချီကားတစ်ချပ်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်။ ထိုပန်းချီကားမှာ တင်ပါးမှအပ လူအများ အံ့သြမှင်သက်လောက်ဖွယ်ရာ ဘာတစ်ခုမျှ ဖော်ပြမထားသည့် စုတ်ချက်နည်းလှသည့် အဝတ်ဗလာကျင်းနေပုံ တစ်ပုံသာဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“အဲဒီပန်းချီက အရမ်းရိုးရှင်းပြီး ဘာမှလည်း မဟုတ်ပါဘူးလို့ သူတို့က ပြောပါတယ်” ဟု ကိုပြည်ဝေးက ဆိုသည်။ “သူတို့က ‘ဒါဟာ အဖော်အချွတ် လုပ်ပြချင်ရုံလောက်ပဲလို့’ ထင်ခဲ့ကြတာပါ” ဟုလည်း ၎င်းက ဆိုသည်။

တစ်ဘက်တွင်မူ ဦးအောင်ကို၏ ၂၀၁၃ ခုနှစ် လက်ရာဖြစ်သော “ရှေ့သို့” Onward မှာလည်း River Gallery ပြခန်း၏ အပြောင်မြောက်ဆုံး လက်ရာတစ်ခု ဖြစ်ခဲ့သည်။ ယင်းလက်ရာမှာ ဆိုက်ကားတစ်စီးနှင့် အဝတ်ဗလာကျင်း အမျိုးသားများစွာပါဝင်သည့် လူတစ်ရပ်ခန့် ပန်းပုပုံများ ဖြစ်သည်။ ဗလာကျင်းသည့်ပြချက်မှာ လိင်မှုလှုံ့ဆော် မြူဆွယ်သော သဘောမျိုးဖြစ်သော်လည်း ယင်းမှာ မြန်မာနိုင်ငံ၏ ရှေ့ဆက်ချီတက်ရန် လှုပ်ရှားသည့် ခက်ခဲကြမ်းတမ်းသော ကြိုးပမ်းမှုကို ကိုယ်စားပြုသည်ဟု ပက်တီဆန်က ဖွင့်ဆိုသည်။

အထင်နှင့်အမြင် လွဲနေသည်မှာ ညစ်ညမ်းသည်ဟု မှတ်ယူခံရသည့် မောင်သိန်းဒီ၏ အဖော်အချွတ်လက်ရာမှာ တူညီရှင်းလင်းသော နိုင်ငံရေးသတင်းစကားကို ဖြန့်ဖြူးပေးနိုင်ဖွယ် ရှိခဲ့ခြင်းပင်။ ဤဖြစ်ရပ်သည် ပန်းချီဆရာများနှင့် အစိုးရအကြားရှိ အက်ကွဲနေရုံမျှမက မကြာခဏ ဝိရောဓိဖြစ်တတ်သော ဆက်ဆံရေးကို ပြသခြင်းပေပင်။ သို့သော် ထိုစဉ်အခါက အနိမ့်ဆုံးအားဖြင့် မည်သူမျှ ထောင်နန်းစံလိုခြင်း မရှိခဲ့ပေ။

မြန်မာကို ရေးဆွဲဆေးခြယ်ခြင်း

မြန်မာပန်းချီလောကမှာ စစ်အုပ်ချုပ်ရေးကာလက တစ်ခုခု ရရှိခဲ့သည်ဆိုပါက ယင်းမှာ “ဆိတ်ငြိမ်အေးချမ်းသည့် အလှတရား” ဖြစ်သည့် တမူထူးခြားသော သုခုမမူဟန်ပင်ဖြစ်သည်ဟု ပက်တီဆန်က ဖော်ပြခဲ့သည်။

“အခြားထွန်းသစ်စ နိုင်ငံတွေက ခေတ်ပြိုင်ပန်းချီပညာမှာ အလှတရားအကြောင်း မဟုတ်တာများပြီ။ လွယ်လင့်တကူ ရရှိနိုင်ပြီး အရမ်းနှစ်သက်ဖို့ကောင်းတဲ့ ပန်းချီလက်ရာကို ‘တန်ဆာဆင်ထားတဲ့ အနုပညာ’ ခေါင်းစဉ်တပ်ပြီး ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချလိုက်တာပါ” ဟု သူက ဆိုသည်။

“မြန်မာပန်းချီပညာရှင်တွေက အယူအဆပန်းချီပညာထဲကို အာရုံပြောင်းမသွားခဲ့ပါဘူး။ အဲဒါနဲ့ အထိအတွေ့ မရှိသလောက် နည်းခဲ့တာကြောင့် ဖြစ်သလို သူတို့အတွက် အကန့်အသတ်ဖြစ်ခဲ့တာကြောင့်လည်း နိုင်ငံရေး ပန်းချီပညာထဲကိုလည်း တိမ်းညွှတ်မသွားခဲ့ပါဘူး။ သူတို့ရဲ့ ဉာဏ်ကွန်မြူးမှုရဲ့ အဓိကရင်းမြစ်က သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ သူတို့မြင်ရတဲ့အရာတွေ ဖြစ်လာပါတယ်”

အနိမ့်ဆုံးအားဖြင့် မြန်မာနိုင်ငံမှာ အလှတရားအတွက် အလိုမရှိခဲ့ဘဲ မြန်မာပန်းချီဆရာများလည်း နိုင်ငံ၏ ပေါများကြွယ်ဝသော သဘာဝအလှတရား၊ ယဉ်ကျေးမှုနှင့် ဘာသာရေး စိတ်ကူးမြင်ကွင်းများအတွင်းသို့ စီးဝင်တို့ထိခဲ့ကြသည်။ ၎င်းတို့သည် (ပို၍ကောင်းမွန်လာသည့်၊ သို့မဟုတ် ပိုမိုဆိုးရွားသွားသည့်) ရိုးရိုးလေးဖြင့် ကြည့်ကောင်းသော အနုပညာလက်ရာများကို ဖန်တီးစဉ် အရောင်နှင့် ပုံပန်းသဏ္ဍာန်တို့အတွက် အတွေးသစ်၊ အမြင်သစ် နည်းပညာများဖြင့် လေ့လာစမ်းသပ်ခဲ့ကြသည်။

ဦးအောင်ကို၏ ၂၀၁၃ ခုနှစ် ပန်းပုလက်ရာကို River Gallery ၌ တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဦးအောင်ကို၏ ၂၀၁၃ ခုနှစ် ပန်းပုလက်ရာကို River Gallery ၌ တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

နီပိုဦး၏ “မိုးစက်များအောက် ကခုန်ခြင်း” Dancing in the Rain စီးရီးတွင် ထူထူထဲထဲ အလျားလိုက်ကျဆင်းနေသော ရွှေရောင်မိုးစက်များအတွင်း လှည့်ပတ်ကခုန်နေသည့် အမျိုးသမီးများကို ပြသထားသော်လည်း အမျိုးသမီး တစ်ဦးချင်းစီ၏ မျက်နှာပြင်များမှာ လုံးလုံးလျားလျား မဲနက်နေသည်။ လျှပ်စစ်ဓာတ်အားနှင့် ဘဝအလယ်ကြား ငြိမ်သက်ခြင်း မျက်နှာဖုံးတစ်ခုပင်ဖြစ်သည်။ ကောက်ကြောင်းများ၊ အရောင်များနှင့် ပေါင်းစပ်ဖွဲ့စည်းပုံများကို ကျွမ်းကျင်ပိုင်နိုင်မှု အပိုင်းတွင် လုံးလုံးလျားလျား ခေတ်ဆန်သော်လည်း သုခုမမူဟန်မှာ မြန်မာ့မူဟန်စစ်စစ်ပင် ဖြစ်နေသည်။

အသက် ၃၆ နှစ်အရွယ် ကိုကျော်ညို၏ “မြန်မာနွေဦး” Myanmar Spring စီးရီးတွင် မီးရောင်သန်းနေသော နောက်ခံတစ်ခုပေါ်မှ ရွှေရွက်များ၏ ချာချာလည်နေဟန် သရုပ်ဖော်ပုံစံကို တင်ပြထားသည်။ ကိုကျော်ညိုမှာ ရန်ကုန် အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ်တွင် သရုပ်မှန်ဝါဒ အနုပညာကို လေ့လာခဲ့သော်လည်း များမကြာမီ သဘာဝပုံရိပ်များနှင့် ပေါင်းစပ်ထားသည့် လှုပ်လိုက်တိုင်း အရောင်ပြောင်းနေသော စိတ္တဇပန်းချီကားများကို ပိုမိုနှစ်သက်လာသဖြင့် ရှုခင်းနှင့် ရုပ်ငြိမ်ပုံများကို မရေးတော့ဘဲ စွန့်လွှတ်ခဲ့သည်။

“ကျွန်တော်က သဘာဝက ပစ္စည်းတွေကို အရူးအမူး နှစ်သက်မိတယ်။ မြန်မာနိုင်ငံက သစ်ရွက်တွေကို အမြဲလိုလို အသုံးပြုဖြစ်ပါတယ်” ဟု ကိုကျော်ညိုက ဆိုသည်။ ကိုကျော်ညိုသည် ပုံမှန်အားဖြင့် ၎င်း၏ လက်ရာများကို အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် ၃,၀၀၀ ကြား ရောင်းချလေ့ရှိသည်။ သူ၏ပန်းချီကားများကို လူကြိုက်များသော အကြောင်းအရာကို ရွေးချယ်ရေးဆွဲမည်ဆိုက ယခုထက် ဝင်ငွေပိုရနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။ ယင်းမှာ စေတီပုထိုးများ၊ တိုင်းရင်းသားများ၊ ပန်းများနှင့် ရဟန်းသံဃာများ၏ ရိုးရာယဉ်ကျေးမှု ပုံရိပ်များကို ပိုမိုအသားပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ 

ဦးကောင်းအောင်ပိုင်မှာ ပန်းချီဆိုင်ရာ တီထွင်စမ်းသပ်မှုများ ပြုလုပ်ပြီး ဓာတ်ပုံနှင့်ခွဲမရသည့် ရုပ်ငြိမ်ပုံများမှအစ ကုဗတုံးလက်ရာများအထိ ရေးဆွဲသည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဦးကောင်းအောင်ပိုင်မှာ ပန်းချီဆိုင်ရာ တီထွင်စမ်းသပ်မှုများ ပြုလုပ်ပြီး ဓာတ်ပုံနှင့်ခွဲမရသည့် ရုပ်ငြိမ်ပုံများမှအစ ကုဗတုံးလက်ရာများအထိ ရေးဆွဲသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ကိုကျော်ညိုအဖို့မူ ဆင်ဆာဖြတ်တောက်မှုက မြန်မာ့ပန်းချီဆရာများအား အလှဆုံးပုံရိပ်များ ရှုမြင်သည့် နည်းလမ်းသစ်များဆီ ဦးတည်ပို့ဆောင်လိုက်ပါက ယင်းတို့မှာ မြန်မာ့ပန်းချီ၏ မဲပြာပုဆိုးနှယ် ဆွဲနေကျပုံရိပ်များအဖြစ်နှင့်သာ အပ်ကြောင်းထပ်နေမည်ဟုယူဆသည်။

ယင်းတို့အနက် အကြီးကျယ် အခမ်းနားဆုံးပုံရိပ်များမှာ ရဟန်းပုံတော်များပင် ဖြစ်နိုင်ပေသည်။ ယင်းသို့သော ပန်းချီကားများထဲတွင် ဗိုလ်ချုပ်ဈေး၌ ခင်းကျင်းရောင်းချသည့် ခဲပန်းချီများမှသည် ရွှေတောင်ကြားရှိ New Treasure Art Gallery ပြခန်းမှ နာမည်ကျော် ပန်းချီဆရာ မင်းဝေအောင်၏ လက်ရာများအထိ ပါဝင်ပေသည်။ ၎င်း၏ ရဟန်းပန်းချီကားများမှာ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကျော်ထိ ရနိုင်ဖွယ်ရှိသည်။

အလွတ်သဘော သင်ယူလေ့လာခဲ့သည့် အသက် ၄၉ နှစ်အရွယ် ဦးကောင်းအောင်ပိုင်သည် မင်းဝေအောင်ကို အတုခိုးသည်ဟု စွပ်စွဲခံရလောက်သည်ထိ ရဟန်းပုံများ ရေးဆွဲခဲ့ဖူးသည်။ ဦးကောင်းအောင်ပိုင်သည် ရဟန်းပုံတော်များ ရေးဆွဲမှုကို မစွန့်လွှတ်ခဲ့သော်လည်း အခြားနည်းလမ်းသစ်ဖြင့် ရဟန်းပုံများ ရေးဆွဲရန် စမ်းသပ်ခဲ့သည်။ စီးရီးတစ်ခုတွင် ရဟန်းပုံတော်များကို သပိတ်များနှင့် မျက်နှာတော်ကို အုပ်ကွယ်ထားသည့် ယပ်တောင်များမှအပ ကျန်အရာအားလုံးကို အဖြူ၊ အမည်း ရေးဆွဲထားသည်။

ရန်ကုန်မြို့ River Gallery မှ လက်ရာ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြို့ River Gallery မှ လက်ရာ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ပန်းချီဆရာအားလုံးက ရဟန်းတော်ပုံ ဆွဲကြတယ်။ ကျွန်တော်က ယပ်တောင်၊ သပိတ်နဲ့ သပိတ်ကြိုးတို့ကိုပဲ ဇောင်းပေးဖော်ပြချင်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ဦးကောင်းအောင်ပိုင်မှာ ပန်းချီဆရာတစ်ဦးအဖြစ်ဖြင့် အတောမသတ်သည့် တီထွင်စမ်းသပ်မှုများ ပြုလုပ်သူ ဖြစ်သည်။ ၎င်းစုဆောင်းထားသော ပန်းချီလက်ရာများတွင် ဓာတ်ပုံနှင့်ခွဲမရအောင်တူသည့် ရုပ်ငြိမ်ပုံများ၊ Impressionism ခေါ် အသေးစိတ် မရေးဘဲ ဆေးနှင့် အလင်းရောင်ကို အလေးပေးချယ်မှုန်းသည့် လက်ရာများ၊ စိတ္တဇပန်းချီလက်ရာများ၊ ကုဗပုံ အံစာတုံး ပုံဖော်လက်ရာများနှင့် အခြားလက်ရာအနည်းငယ်တို့ ပါဝင်သည်။

“ကျွန်တော်က ပန်းချီနည်းလမ်းစုံ သုံးပြီးဆွဲနေတာပါ” ဟု ၎င်းက ဆိုသည်။ “တခါတလေကျရင် ကျွန်တော်က သရုပ်မှန်ပန်းချီ ဆွဲတယ်။ ပျင်းလို့လည်း ဖြစ်နိုင်ပါတယ်၊ အဲဒီအခါကျရင် စိတ္တဇပန်းချီ တစ်ကားနှစ်ကားလောက် ဆွဲလိုက်တယ်။ ကျွန်တော်က စတိုင်တစ်မျိုးတည်းကို သုံးကားထက် ပိုမဆွဲချင်ပါဘူး။ သုံးကားလောက် ဆွဲပြီးရင် ကျွန်တော်ပြောင်းပါတယ်” ဟုဆိုသည်။

ပြည်ပစိတ်ဝင်စားမှု

မြန်မာ့ပန်းချီကို အားပေးသူများမှာလည်း ပန်းချီဆရာများကဲ့သို့ပင် အမျိုးမျိုးအဖုံဖုံ ရှိကြသည်။ မြန်မာ့ပန်းချီကား စုဆောင်းသူများသည် အထူးသဖြင့် ရွှေတိဂုံဘုရား၊ သို့မဟုတ် ပုဂံရှုခင်းကဲ့သို့ ရိုးရာအစဉ်အလာ အကြောင်းအရာများ ရေးဆွဲထားသည့် သရုပ်မှန်ပန်းချီများကို အလိုရှိကြသည်။

အချို့မှာ ဦးနေဝင်း မအုပ်ချုပ်မီက အောင်မြင်ခဲ့ကြသည့် “ဆရာကြီးများ” ၏ လက်ရာများကို ရှာဖွေကြသကဲ့သို့  အခြားသူများကလည်း နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးပြီး ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ မပြန်မီ ဗြိတိန်၌ နေခဲ့ဖူးသည့် ပန်းချီဆရာနှင့် တက်ကြွလှုပ်ရှားသူ ပန်းချီဆရာထိန်လင်းလို အောင်မြင်ပြီးသား ပါရမီရှင်များထံမှ ခေတ်သစ်ဆေးရေးပန်းချီများကို ပိုမိုနှစ်သက်ကြသည်။

အထူးသဖြင့် နာမည်ကျော် အနုပညာရှင်များအပါအဝင် မြန်မာနိုင်ငံသား ပန်းချီစုဆောင်းသူအချို့သည် များများစားစား ဝယ်ယူစုဆောင်းတတ်ကြသည်။ ကိုပြည်ဝေးအဆိုအရ တန်ဖိုးမဖြတ်နိုင်သော လက်ရာများကို စစ်အစိုးရက နိုင်ငံပိုင်ပြတိုက်သို့ လှူဒါန်းရန် “တောင်းဆိုလာမည်” စိုးသဖြင့် အချို့သောစုဆောင်းသူများက အစုလိုက်အပြုံလိုက် သိုဝှက်ထားခဲ့ကြသည်ဟု သိရသည်။

၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့သည့် သူ၏ River Gallery ပန်းချီပြခန်း၌ ဂီလ် ပက်တီဆန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့သည့် သူ၏ River Gallery ပန်းချီပြခန်း၌ ဂီလ် ပက်တီဆန်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

တကယ်တမ်း၌ ကမ္ဘာလှည့်ခရီးသွားများမှာ မြန်မာနိုင်ငံ၏ ပန်းချီပန်းပုများ ဝယ်ယူသူများနှင့်စာလျှင် အချိုးအစား မမျှလှသေးချေ။ River Gallery မှ နိုင်ငံခြားသား အားပေးသူများသည် မြန်မာဟန်လွှမ်းသည့် စိတ်ဝင်စားဖွယ် ခေတ်သစ်ပန်းချီကားများကို ဝယ်ချင်ကြကြောင်း ပက်တီဆန်က ဆိုသည်။

“လာရောက်လည်ပတ်သူတွေက မြန်မာ့သမိုင်းနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး အရိပ်လက္ခဏာတစ်ရပ်နဲ့ အလုပ်လုပ်ဖို့ ဆွဲဆောင်ခံရတဲ့ အခန်းကဏ္ဍတစ်ရပ်လည်း ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ ပန်းချီကားစုဆောင်းသူ နိုင်ငံခြားသားအချို့မှာ ကနဦးကတည်းက ပါဝင်နိုင်ရန် ကြိုးပမ်းနေသည့် အရောင်းအဝယ်သမားများ ဖြစ်ကြသည်။

“သူတို့က အများကြီး ဝယ်နေကြတာပါ။ သူတို့က ပန်းချီကားတွေကို မုန့်ဝယ်သလို ဝယ်နေကြတာပါ” ဟု ကိုပြည်ဝေးက ဆိုသည်။ “ဒီနိုင်ငံက ပန်းချီက တခြားပန်းချီဆရာတွေရဲ့ လွှမ်းမိုးမှုကို မခံရပါဘူး။ သူတို့မှာ သူတို့ရဲ့ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိပါတယ်။ အလေးအနက်ထား ဝယ်ယူစုဆောင်းနေသူတွေက ဒါကို နားလည်ခဲ့ကြပါတယ်။ ဗမာ့ပန်းချီက မကြာခင်မှာ ပြောင်းလဲလာလိမ့်မယ်လို့လည်း သူတို့ထင်နေပါတယ်”

ရန်ကုန်မြို့ River Gallery မှ လက်ရာ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြို့ River Gallery မှ လက်ရာ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

သူတို့ အတွေးမမှားပါဟု ကိုပြည်ဝေးက အတည်ပြုပြောကြားသည်။ မြန်မာ့ပန်းချီမှာ စဉ်ဆက်မပြတ် ပြောင်းလဲလျက်ရှိပြီး ဝါရင့်ပန်းချီဆရာကြီးများကိုယ်တိုင်ပင် နယ်နိမိတ်မျဉ်းကို ဆက်တွန်းနေဆဲဖြစ်သည်။ တချိန်တည်းတွင် ကြီးထွားလာသော ဈေးကွက်ကမူ မြန်မာ့ပန်းချီ ပေါ်ထွန်းလာစေခဲ့သည့် ပီဘိဆန်းသစ်တီထွင်မှုကို အရှိန်လျှော့ရန် ခြိမ်းခြောက်လာသည်။ တဖန် ယင်းအချက်က မြန်မာပန်းချီဆရာများအား ဆန်းသစ်တီထွင်မည့်အစား ၎င်းတို့ကို အောင်မြင်ကျော်ကြားစေခဲ့သည့် ဟန်ပန်များနှင့် အကြောင်းအရာများကို ဆုပ်ကိုင်ထားရန် အလွန်တရာ ဆွဲဆောင်မှုရှိနေသည်။

အနိမ့်ဆုံးအားဖြင့် ကိုပြည်ဝေး၏ မိတ်ဆွေများကမူ ယင်းဆွဲဆောင်မှုကို ခုခံတွန်းလှန်ထားကြသည်။

“ရိုးရိုးသားသား ပြောရရင်တော့ ဒီကပန်းချီဆရာတွေအနေနဲ့ လူတွေ ဆွဲခိုင်းတာတွေကိုသာ ဆွဲပေးမယ်ဆိုရင် သူတို့ ပိုက်ဆံအများကြီး ပိုရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က နောက်ကြောင်း ပြန်မလှည့်ချင်ကြတော့ဘူးလေ” ဟု ၎င်းက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.