ပန်းပုဆရာကြီး၏ နိုင်ငံတော်အတွက် လက်ဆောင်မွန်

နာမည်ကျော် ပန်းပုဆရာကြီးမဖြစ်မီ ရန်ကုန်မြို့၌ ကျောင်းသားတစ်ဦးအဖြစ်ဖြင့် စစ်ဘေးစစ်ဒဏ်နှင့် အခက်အခဲများ ရင်ဆိုင်ဖြတ်သန်းခဲ့ရသော သူ့ငယ်ဘဝကို ချစ်ခင်လေးစားဖွယ် အကောင်းဆုံး အနုပညာရှင်များစွာထဲမှ တစ်ဦးက ပြန်လည်ပြောပြသည်။

ဆုမြတ်မွန် ရေးသားသည်။

မြန်မာနိုင်ငံတွင် လေးစားမြတ်နိုးဖွယ်အကောင်းဆုံး အသက်ရှစ်ဆယ်တန်းဝင် ပန်းပုဆရာကြီး ဦးလွင်မောင်၏ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ပန်းပုရုပ်တုများနှင့် ပြည့်နှက်နေသည်။

၂၀၀၁ ခုနှစ်က ကွယ်လွန်ခဲ့သော သူ၏ဆရာဦးဟန်တင်နှင့်အတူ နာမည်ကျော်ကြားခဲ့သူ ပန်းပုပညာရှင် ဦးလွင်မောင်၏ လက်ရာတို့ကို နိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ မြတ်နိုးဖွယ်အကောင်းဆုံး သူ၏ဖန်တီးမှုမှာ မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖြစ်သည်။

အသက် ၈၄ နှစ်အရွယ် ဦးလွင်မောင်သည် ပန်းပုပညာရှင်အဖြစ် အနှစ် ၅၀ ကျော် တာဝန်ထမ်းဆောင်ကာ ၁၉၉၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက် သူ့လုပ်ငန်းများကို သူ့သားသုံးယောက်အား လွှဲပေးခဲ့သည်။

ပန်းပုရုပ်တုများ ထုလုပ်ရန် ၁၉၇၀ ပြည့်လွန်နှစ်များက သ့ူကိုတာဝန်ပေးခဲ့ချိန်မှစ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗိသုကာဌာနတွင် အနှစ် ၃၀ တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်အစိုးရက အမျိုးသားသူရဲကောင်းများ၏ ရုပ်တုများကို နိုင်ငံတဝန်းရှိ ပန်းခြံများနှင့် အခြားနေရာများ၌ ထုလုပ်ထားရှိနေချိန်တွင် သူ့ကိုတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ငယ်ဘဝ

ဦးလွင်မောင်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဝ/မြှောင်ကျေးရွာငယ်၌ မွေးဖွားကြီးပြင်းလာခဲ့ပြီး ထိုရွာရှိ ဘုန်းတော်ကြီးကျောင်းမှာပင် ပညာသင်ယူခဲ့သည်။ အနုပညာရှင်တစ်ယောက်ဖြစ်လာရန် သန္ဓေတည်ခဲ့သော သူ၏ပါရမီကို ကရုဏာရှင် သူ့ဆရာတော်က ဖြည့်ဆည်းအားပေးခဲ့သည်။

ပြဋ္ဌာန်းစာအုပ်များထဲမှ ရုပ်ပုံများက ပန်းချီပညာ၌ သူ၏စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးခဲ့ပြီး အခွင့်အရေးရတိုင်း ပုံများကို အဆက်မပြတ် သူရေးဆွဲနေတတ်သည်။

၁၉၅၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့သို့ သူရောက်ရှိခဲ့ပြီး ဂျူဗလီဟောရှိ အစိုးရပန်းချီပန်းပုကျောင်းတွင် ၁၉၆၀ ပြည့်နှစ်အထိ ခြောက်နှစ်ကြာ ပညာသင်ယူခဲ့သည်။

သူ့တွင် ငွေကြေးအနည်းငယ်သာ ရှိသည့်အတွက် ပထမနှစ်တွင် အလူးအလဲ ရုန်းကန်ခဲ့ရသည်။ စာသင်နှစ်မှာ ဇွန်လ၌ စတင်သော်လည်း ရာသီဥတုဆိုးရွားမှုနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးသဖြင့် ကျောက်ဖြူမှ ရန်ကုန်သွား စက်လှေထွက်ခွာချိန် နောက်ကျသောကြောင့် နောက်ကျမှသာ သူကျောင်းအပ်ခဲ့ရသည်။ သို့ဖြင့် အချိန်မီအပ်နှံက သူရနိုင်မည့်  တစ်လ ကျပ် ၅၀ ပညာသင်စရိတ်နှင့် သူလွဲခဲ့ရသည်။

ရန်ကုန်ရောက်ပြီး တာမွေရှိ ဘုန်းတော်ကြီးကျောင်းတွင် သူနေထိုင်ခဲ့သည်။ သို့ရာတွင် ငွေကြေးခက်ခဲသဖြင့် ဘတ်စကားခ မတတ်နိုင်၍ ခြောက်နှစ်ပတ်လုံး ကျောင်းသို့ သူခြေလျင်သွားခဲ့ရသည်။

“ကျုုပ်မှာ ငွေမရှိလို့ ထမင်းကို ကန်စွန်းရွက်ဟင်းနဲ့ပဲ စားခဲ့ရတယ်” ဟု သူက ရယ်ရယ်မောမောပြောသည်။

ဦးလွင်မောင်နှင့် စကားလက်ဆုံကျရသည်မှာ လွတ်လွတ်လပ်လပ်ရှိပြီး ထိုစကားများတွင် ဒုတိယကမ္ဘာစစ်ကာလ မဟာမိတ်နှင့် ဂျပန်တပ်ဖွဲ့တ့ို တိုက်ခိုက်မှုအပါအဝင် သူ့ငယ်စဉ်ဘဝ၏ အမှတ်တရများနှင့် ထုံမွှန်းလျက်ရှိသည်။

၁၉၄၄ ခုနှစ်၊ ဧပြီလ၌ တိုက်ထုတ်မခံရမီ ဂျပန်တို့က ရခိုင်ပြည်နယ်၏ ဒေသတော်တော်များများကို သိမ်းပိုက်ထားသည်။ သူတို့ရွာမှ အိုဆာကီဟုခေါ်သော ဂျပန်အရာရှိတစ်ယောက်သည် ကလေးများအတွက် ဘာသာစကားသင်တန်းတစ်ခု ဖွင့်လှစ်သင်ကြားပေးခဲ့သေးသည်။

“ခုထိ ဂျပန်သီချင်းတွေ ရနေသေးတယ်” ဟု ဦးလွင်မောင်က ပြောသည်။ ဂျပန်များက သူတို့ရွာမှ လူများကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း သူက ထပ်လောင်းပြောပြသည်။ “လူတွေက ဂျပန်လူမျိုးတွေ ရိုင်းတယ်လို့ ဘာကြောင့်ပြောလဲဆိုတာ ကျုပ်နားမလည်ဘူး” ဟု သူက ဆိုသည်။

ဦးလွင်မောင်က သူ့နေအိမ်၌ သူ့ဘဝဇာတ်ကြောင်းကို ပြောပြစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဦးလွင်မောင်က သူ့နေအိမ်၌ သူ့ဘဝဇာတ်ကြောင်းကို ပြောပြစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

တိုက်ပွဲဖြစ်နေသံကို ရွာထဲမှပင် သူကြားနေရသော်လည်း အလုပ်ဆက်မလုပ်၍ မဖြစ်သည့်အတွက် ရွာသားများက တိုက်ပွဲကို ဥပေက္ခာပြုထားရကြောင်း ဦးလွင်မောင်က ပြောသည်။

သို့သော်လည်း ကမ္ဘာစစ်ကြီးက ဦးလွင်မောင်တစ်ယောက်ကို အလွတ်မပေးခဲ့ချေ။ စစ်ကြီးလက်ကျန် မပေါက်ကွဲသေးသော ဗုံးတစ်လုံးနှင့်ကစားရင်း အသက် ၁၀ နှစ်အရွယ်က သူ့လက်ချောင်း သုံးချောင်း ဆုံးရှုံးခဲ့ရဖူးသည်။ ဒဏ်ရာပျောက်အောင် သုံးလလောက် သူဆေးရုံတက်လိုက်ရသေးသည်။

အခြားကလေးများလည်း ဗုံးများနှင့်ကစားကြသော်လည်း သူတို့ ဘာမျှမဖြစ်ခဲ့ကြပေ။

“ဗုံးထိပ်က ခလုပ်က စိတ်ဝင်စားဖို့ကောင်းလို့ ကျုပ်အဲဒီခလုပ်ကို အကြိမ်ကြိမ် နှိပ်ကြည့်တယ်။ ဘာမှမဖြစ်လာတော့ နောက်ဆုံးမှာ ကျုပ်ကခွဲကြည့်တာ။ ပထမအကြိမ် ဘာမှမဖြစ်ဘူး။ ဒုတိယအကြိမ် ထုထည့်လိုက်တာမှာ ထပေါက်တော့တာပဲ” ဟု ဦးလွင်မောင်က ပြောသည်။

မိသားစုအတွင်းမှာ

ဦးလွင်မောင်၏ သားသမီးငါးယောက်အနက် အကြီးဆုံးသား ၄၉ နှစ်အရွယ် ဦးကျော်ကျော်မင်းသည် ဖခင်၏ အနုပညာလမ်းကြောင်းကို ဆက်လျှောက်ခဲ့သူ သားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

စစ်အစိုးရလက်ထက် ဆောက်လုပ်ရေးဌာနတွင် သူ့ဖခင်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ကျော်မင်းသည် နာမည်ကျော်ကြား ထင်ရှားသူများ၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုများကို ထုလုပ်ရာမှ ထင်ရှားလာသူဖြစ်သည်။

“မြန်မာနိုင်ငံမှာက လူတစ်ယောက်ရဲ့ကိုယ်တစ်ပိုင်းပုံကို ထုခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ထင်ပေါ်ကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေနဲ့ နတ်ရုပ်တွေကိုသာ ထုလေ့ရှိကြတယ်” ဟု ဦးကျော်ကျော်မင်းက ဖရန်တီယာကို ပြောပြသည်။

သားကြီးဦးကျော်ကျော်မင်းက မကြာခင်နှစ်များက ဖခင်ဦးလွင်မောင်၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

သားကြီးဦးကျော်ကျော်မင်းက မကြာခင်နှစ်များက ဖခင်ဦးလွင်မောင်၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဦးကျော်ကျော်မင်းထံတွင် ကိုယ်ဟန်ပြအဖြစ် ထိုင်ပေးခဲ့သော နာမည်ကျော်ပုဂ္ဂိုလ် ၅၀ ကျော်ရှိသည်။ သို့ရာတွင် သူက ကိုယ်တစ်ပိုင်းပုံများကို အခမဲ့ထုပေးခြင်းဖြစ်သည်။ ထိုသူများထဲတွင် နာရေးကူညီမှုအသင်း တည်ထောင်သူ သရုပ်ဆောင်မင်းသား ကျော်သူ၊ ပန်းချီဆရာ ဦးသောင်းဟန်၊ ကာတွန်းပညာရှင် ဦးအောင်ရှိန်၊ မိုးလေဝသပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာများဖြစ်ကြသော သန်းမြင့်အောင်နှင့် ချစ်ဦးညို၊ အားကစားသမားများဖြစ်ကြသော ဗိုလ်ကြီး စန်းမြင့်နှင့် မောင်မောင်လေးတို့ဖြစ်ကြပြီး သူတို့နှစ်ဦးမှာ အလေးမနှင့်် ကြက်တောင်အားကစားတွင် ထူးချွန်သူများဖြစ်ကြသည်။

“နောင်ကျရင်တော့ မျက်နှာချင်းဆိုင်ကြည့်ပြီး ကျွန်တော် ပုံတူထုချင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ကေအိုင်အိုအဖွဲ့မှ ဗိုလ်ချုပ်ဂွန်မော်နဲ့ နာမည်ကျော် ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်တို့ပါ” ဟု ရန်ကုန်မြို့ ဓမ္မစေတီနှင့် လင့်လမ်းဆုံတွင် ယာဉ်များကို ကောင်းမွန်စွာ ထိန်းချုပ်ပေးနိုင်သဖြင့် “ဖိုးပြုံးချို” ဟု လူအများ၏ ချစ်ခင်နှစ်သက်စွာ ချီးမွမ်းခံနေရသည့် အရာရှိတစ်ဦးကို ရည်ညွှန်း၍ သူကပြောသည်။

ဦးကျော်ကျော်မင်းက ဖခင်၏ကျေးဇူးကြွေးများ သူ့အပေါ် များစွာတင်ရှိနေကြောင်း ပြောသည်။

“ကျွန်တော်လုပ်နေတဲ့အလုပ်က ကျွန်တော့အဖေ လမ်းဖောက်ပေးခဲ့တဲ့ အလုပ်ပါ။ ကျွန်တော့အတွက်ကတော့ သူ လျှောက်ခဲ့တဲ့လမ်းကို လျှောက်ရတာက ဖောက်ပြီးသားလမ်းကောင်းကို လျှောက်ရသလိုပဲ” ဟု သူက ပြောသည်။

ဦးလွင်မောင်၏ အလုပ်ကြိုးစားမှု၊ အထူးသဖြင့် ငွေကြေးရှိစုမဲ့စုဖြင့် ပညာရေးကို လိုက်စားခဲ့သော စွမ်းရည်ကို အလွန်အားကျမိကြောင်း သူက ပြောသည်။

“ကျွန်တော့်အဖေအတွက် ဒီအနုပညာလမ်းကြောင်းက လွယ်ကူတဲ့လမ်းတော့ မဟုတ်ခဲ့ပါဘူး” ဟု သူက ဆိုသည်။

သူ့ဖခင်၏ အကောင်းဆုံးလက်ရာများကို ရန်ကုန်မြို့၊ ကန်တော်ကြီးရှိ ကရဝိက်ခန်းမတွင် တွေ့နိုင်ကြောင်း သူက ပြောသည်။ အခြားလက်ရာများတွင် ရွှေတိဂုံဘုရားအနီး ပြည်သူ့ဥယျာဉ်ရှိ ဆင်ကြီးလေးကောင်နှင့် နဝဒေးရုပ်ရှင်ရုံဝင်ပေါက်မှ ခန့်ညားသောရွှေစင်ရုပ်တုတို့ဖြစ်သည်။

သို့ရာတွင် သူအကြိုက်ဆုံးရုပ်တုကို မေးပါက ဦးလွင်မောင်က မဆိုင်းမတွ ဖြေတတ်သည်။

“ကျုပ်ရဲ့ရုပ်တုတွေ အားလုံးထဲမှာတော့ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အကြိုက်ဆုံးပါပဲ” ဟု သူကပြောသည်။ “ဒီရုပ်တုမှာက ကိုယ်ဟန်အနေအထား ချိန်သားကိုက်ညီလှပတယ်လို့ ယုံကြည်ထားပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှိ ဦးလွင်မောင်၏ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှိ ဦးလွင်မောင်၏ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၂၀၁၃ ခုနှစ်တွင် ဦးလွင်မောင်၏ ကျန်းမာရေးအခြေအနေမှာ ယိုယွင်းလာသည့်အတွက် သူ့လုပ်ငန်းများကို ဦးကျော်ကျော်မင်းအား လွှဲပေးခဲ့ရာ ဦးကျော်ကျော်မင်းသည် သူ့ဖခင်၏ခြေရာကို နင်းနိုင်သည့်အခွင့်အရေးကို ဂုဏ်ယူစွာ လက်ခံရယူခဲ့သည်။

“ကျွန်တော့်အဖေက ပန်းပုပညာကို အတော်ဆုံး ပန်းပုပညာရှင် ဦးဟန်တင်ဆီက သင်ယူခဲ့တာဆိုတော့ ကျွန်တော် အမွေခံရယူခဲ့တဲ့ ဒီအလုပ်က ရှားပါးတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်” ဟု ဦးကျော်ကျော်မင်းက ပြောသည်။ စိတ်ဓာတ်တက်ကြွဖို့နဲ့ စိတ်အားထက်သန်ဖို့အတွက် ဦးလွင်မောင်သည် သူငယ်စဉ်ကတည်းက ရေသောက်မြစ်တစ်ခုဖြစ်ကြောင်းလည်း သူက ပြောသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင် ပန်းပုရုပ်တုများ၏ ဝယ်လိုအား ကျဆင်းခဲ့သည်အတွက် ဦးကျော်ကျော်မင်းသည် မိသားစုကို ထောက်ပံ့ရန် ကားကုမ္ပဏီတစ်ခုတွင် သွင်းကုန်/ ပို့ကုန်မန်နေဂျာအဖြစ် ၂၀၁၃ ခုနှစ်အထိ ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

“ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဒီနယ်ထဲကို အရူးအမူး ခြေစုံပစ်ပြီး ဝင်ခဲ့တာပါပဲ” ဟု သူက ပြောသည်။ အစိုးရကလည်း ပန်းပုအနုပညာကို အများကြီး စိတ်ဝင်တစား အားပေးစေလိုသောဆန္ဒ သူ့တွင်ရှိသည်။ “ပန်းပုလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးလာအောင် အကူအညီပေးတဲ့ ကူပံ့ဆောင်ရွက်မှုတွေကို အစိုးရက ပိုမိုဖန်တီးပေးဖို့ လိုပါတယ်” ဟု သူက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြောက်ဥက္ကလာပရှိ ဦးလွင်မောင်၏ နေအိမ်တွင် ပန်းပုရုပ်များဖြင့် ပြည့်နှက်လျက်ရှိစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.