မြန်မာ့လေကြောင်း ဈေးကွက် ယှဉ်ပြိုင်သူများလွန်း

မြန်မာနိုင်ငံ၏ ပြည်တွင်းခရီးစဉ်များကို ဝန်ဆောင်မှု ပေးနေသော လေကြောင်းလိုင်း ၁၀ လိုင်းခန့်သည် လိုသည်ထက်ပိုနေသည့် ဈေးကွက်အတွင်း လှုပ်ရှားနေကြရသည်။ လေကြောင်းလိုင်းလုပ်ငန်းမှ အစီရင်ခံစာများအရ လေကြောင်းလိုင်းများသည် ဈေးကွက်လှုပ်ခတ်ပြောင်းလဲမှုကြီး တစ်ရပ်နှင့် မလွှဲရှောင်သာ  ရင်ဆိုင်လာရနိုင်သည်ဟု ဆိုသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ရန်ကုန် နိုင်ငံတကာ လေဆိပ်၏ ပြည်တွင်းခရီးစဉ် ထွက်ခွာမည့် ဧည့်ခန်းများတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်းသည် ထုံးစံဖြစ်သည်။ အချက်အလက် ဖော်ပြသောဘုတ်သည် အမြဲ ပြောင်းလဲလျက် ရှိသည်။ ခရီးစဉ်များကို အလျင်စလို အစီအစဉ်တကျ မဟုတ်ဘဲ ဖော်ပြနေပြီး ပါးစပ်က မနားတမ်း ပြောဆိုနေသည့် လေယာဉ်လုပ်သားများသည်လည်း ဂျေဒိုးနတ်မုန့်ဘူးများနှင့် ခရီးသည်များကို လေယာဉ်ပေါ်ကို ကပျာကယာ ပို့ဆောင်ပေးနေကြသည်။

ထိုသို့ ပျားပန်းခတ် လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်း လေယာဉ်ခရီးစဉ် ဈေးကွက်ကို ဖော်ညွှန်းလျက်ရှိသည်။ လေကြောင်းလုပ်ငန်း အကြံပေးအဖွဲ့ဖြစ်သော CAPA Centre for Aviation ၏ ဧပြီလတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ခရီးသည် ၂ သန်းခန့်သာ အလားအလာရှိသော ဈေးကွက်ကို လေကြောင်းလိုင်း ၁၀ ခုခန့်က ဝန်ဆောင်မှု ပေးနေသည်မှာ အံ့သြတုန်လှုပ်ဖွယ် ကောင်းလှကြောင်း ဆိုသည်။

Myanmar Aviation Outlook 2016 အစီရင်ခံစာတွင် ဖော်ပြချက်အရ ပြည်တွင်းလေကြောင်းလိုင်းများသည် အရေးကြီးသော အချိုးအကွေ့သို့ ရောက်ရှိနေပြီး လုပ်ငန်းကြီး တစ်ခုလုံး ပြောင်းလဲချိန်တန်နေကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ့လေကြောင်း Myanma Airways အမည်မှ မြန်မာ့ အမျိုးသား လေကြောင်း Myanmar National Airlines ဟု အမည်ပြောင်းလိုက်သည့် လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်အတွက် လေယာဉ် ၁၃ စင်းအထိ ထားရှိသည်။ သူ့နောက်မှ ဒုတိယလိုက်သူမှာ အဲကမ္ဘောဇဖြစ်ပြီး လေယာဉ် ရှစ်စင်း ပိုင်ဆိုင်ထားသည်ဟု ဧပြီလက ထုတ်ပြန်သော အစီရင်ခံစာ၌ ဆိုသည်။

အဲမန္တလေး၊ ရန်ကုန်အဲဝေးစ်နှင့် မန်းရတနာပုံတို့အပါအဝင် ကျန်လေကြောင်းလိုင်း ရှစ်လိုင်းသည် စုစုပေါင်း လေယာဉ် ၁၆ စင်း ရှိသည်။

လေ့လာဆန်းစစ်သူများက ခန့်မှန်းသည့် နှုန်းထားအတိုင်း ခရီးသွားလုပ်ငန်း တိုးတက်လာလျှင် ပြည်တွင်း လေကြောင်းလိုင်းများတွင် ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများသည် သွားမည့်နေရာကို ကြာမြင့်စွာ စီးနင်းရခြင်း၊ လေယာဉ်ပြောင်းစီးရခြင်း စသည်တို့ရှိပါက နေရာသစ်များသို့ မသွားလိုကြချေ။ တဖန် ပြည်တွင်းလေကြောင်းလိုင်းများက ဝန်ဆောင်မှု  မပေးသောနေရာများကိုလည်း အပင်ပန်းခံ မသွားလိုကြချေ။

လေကြောင်းလိုင်း များပြားလွန်းခြင်းသည် ယင်းလိုင်းများ ကောင်းမွန်စွာ လည်ပတ်နိုင်မှုကို အခက်တွေ့စေနိုင်ပြီး လေယာဉ်ခလည်း မတန်တဆ များပြားစေသည်။ အထူးသဖြင့် နိုင်ငံခြားသားများအတွက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားသားများကို မြန်မာနိုင်ငံသားများထက် လေယာဉ်ခ ပိုမို ကောက်ခံ၍ဖြစ်သည်။ လေကြောင်းလိုင်းဖြင့် မသွားဘဲ ကိုယ်ပိုင်ကား၊ ခရီးသည်တင်ကားများဖြင့် သွားပါကလည်း အချိန်ကြာညောင်းပြီး သက်သောင့်သက်သာလည်း မရှိပေ။ ထို့ပြင် အန္တရာယ်လည်း များလှသည်။

မြန်မာနိုင်ငံ၌ လေကြောင်းဖြင့်ခရီးသွားမှု တိုးတက်လာစေရန် လိုအပ်နေပါသည်။ ပြည်တွင်းမှ လေကြောင်းလိုင်းများသည် အစိတ်စိတ် အမွှာမွှာ ဖြစ်နေပြီး နိုင်ငံတကာ အဆင့်အတန်းနှင့်ညီအောင် လေ့ကျင့်ပျိုးထောင်ထားသော ဝန်ထမ်းလည်း နည်းပါးသည်။ ထို့ပြင် လုပ်ငန်းအောင်မြင်နိုင်စေရေးအတွက် လေယာဉ်ခနှုန်းထား သက်သာအောင် တီထွင်ဆန်းသစ်သော လုပ်ငန်းစဉ်များ ကင်းမဲ့နေသည်ဟု Myanmar Aviation Centre မှ ဒါရိုက်တာ မစ္စတာ ခရစ်တီယန် မို့စ်ဘာ့ခ် Mr Christian Mosebach က ပြောကြားသည်။

ပြည်တွင်းမှ လေကြောင်းလိုင်းများသည် ပြိုင်ဘက်လေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်ပုံကို အတုခိုး လုပ်ဆောင်ခြင်းများသာ ရှိသည်။ တဖန် နှစ်ပေါင်း ၂၀ ကျော်သည်ထိ တိုးတက်မလာသော မြန်မာ့ဟန် နည်းစနစ်ကို ကျင့်သုံးထားကြသည်။ အချို့လေကြောင်းလိုင်း များသည် ဝန်ထမ်းလေ့ကျင့် ပျိုးထောင်ခြင်းကို ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် မမြင်ဘဲ ကုန်ကျစရိတ် တစ်ခုအဖြစ်သာ မြင်နေကြသည်။

ပြည်တွင်းမှ အရည်အသွေးရှိ လေယာဉ်ဝန်ထမ်းများလည်း အများအပြား ရှိပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရန် ဆန္ဒများ ရှိကြရမည်ဖြစ်ပြီး နိုင်ငံတကာ အတွေ့အကြုံများလည်း ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်သည်ဟု မစ္စတာ မို့စ်ဘာ့ခ်က ပြောသည်။

dsc_3137.jpg

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်မှ အဲမန္တလေးလေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

လုပ်ရိုးလုပ်စဉ်မှ ခွဲထွက်ပြီး မတူကွဲပြားသော ချဉ်းကပ်နည်းများကို အသုံးပြုရန် လေကြောင်းလိုင်းအချို့က ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ရသည်။

အက်ဖ်အမ်အိုင်အဲ သည် ၂၀၁၂ ခုနှစ်တွင် အခြားလေကြောင်းလိုင်းများမှ ငှားရမ်းထားသော လေယာဉ်ဖြင့် ရန်ကုန်မှ နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။ ထို့နောက် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် ကိုယ်ပိုင် CRJ 200 turbofan လေယာဉ် နှစ်စင်းဖြင့် ဝန်ဆောင်မှု စတင်ပေးခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်ခရီးစဉ်အပြင် အက်ဖ်အမ်အိုင်အဲ သည် စီးပွားရေးမြို့တော် ရန်ကုန်မှ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုလည်း ပြေးဆွဲပေးခဲ့သည်။

ယင်းလိုင်းသည် ATR 72-600 turboprop လေယာဉ်သစ် နှစ်စင်းကို ဒီဇင်ဘာလတွင် မှာယူပြီး ခရီးသွားများကို ပရီမီယမ် ဝန်ဆောင်မှုများ ပေးသွားမည်ဟု ယင်း၏ လုပ်ငန်းအရာရှိချုပ် COO ဖြစ်သူ မစ္စတာ ဂျွန်ကင်စတန် Mr  John Kingston က Frontier ကို ပြောပြသည်။

ATR 72 လေယာဉ် အမျိုးအစားသည် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများ အားလုံးနီးပါး၌  အသုံးပြုနေသော လေယာဉ် ဖြစ်သည်။ သို့သော် ဈေးကွက်အတွင်းရှိ ATR 72-600 လေယာဉ်များနှင့် မတူဘဲ အက်ဖ်အမ်အိုင်အဲသည် ထိုင်ခုံ ၆၀ သာ ပါဝင်မည်ဖြစ်ပြီး ထိုင်ခုံတစ်ခုစီသည် ၃၄ လက်မ အကျယ်ရှိမည် ဖြစ်သည်။ ယင်းမှာ အခြားပြိုင်ဘက်များထက် ငါးလက်မ ပိုမိုကျယ်ဝန်းခြင်း ဖြစ်သည်။ သို့ဖြင့် ခရီးသွားများသည် ကျယ်ကျယ်ဝန်းဝန်း ထိုင်နိုင်မည်ဖြစ်ကာ ထိုင်ခုံများသည် ပရီမီယမ်အဆင့် သားရေထိုင်ခုံများဖြစ်သည်ဟု မစ္စတာ ကင်စတန်က ပြောသည်။

ပြုပြင်ပြောင်းလဲနေသော အခြား လေကြောင်းလိုင်းမှာ နိုင်ငံပိုင် မြန်မာ့ အမျိုးသား လေကြောင်း ဖြစ်သည်။ ယင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးကတည်းက ယူဘီအေဟုလူသိများသော ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်းလိုင်း Union of Burma Airways အဖြစ် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၁၉၇၂ ခုနှစ်တွင် Burma Airways ဟုလည်းကောင်း၊ ၁၉၈၉ ခုနှစ်၌ Myanma Airways ဟုလည်းကောင်း အမည် နှစ်ခါ ပြောင်းလဲခဲ့ပြီးဖြစ်သည်။

နိုင်ငံပိုင် လေကြောင်းလိုင်းသည် အတိတ်ကာလတွင် နာမည်ကောင်း မရရှိခဲ့ပေ။ ယခင်က လေယာဉ်များသည် ဟောင်းနွမ်းအိုရင့်နေပြီး ဝန်ဆောင်မှုသည်လည်း ညံ့ဖျင်းခဲ့သည်။ ထို့ပြင် မကြာခဏလည်း လေယာဉ်ပျက်ကျလေ့ရှိသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ့ အမျိုးသား လေကြောင်း အဖြစ် နာမည်ပြောင်းလိုက်အပြီးတွင် လေယာဉ်အသစ်များ ရရှိလာပြီး ကန်ဒေါ်လာ ၂၅ သန်း ကုန်ကျခဲ့သည်။ တဖန် လေယာဉ်ဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ပေးခြင်းအပြင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်များကို စတင်ပြေးဆွဲပေးခဲ့သည်။

“ကျွန်တော်တို့က အရင်တုန်းက ပြည်တွင်းပဲ ပြေးဆွဲတာပါ။ ဒါပေမဲ့ နိုင်ငံက ပွင့်လင်းလာပြီး အစိုးရကလည်း နိုင်ငံတကာကို ပြေးဆွဲတဲ့ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ လေကြောင်းလိုင်းတစ်ခုကို လိုချင်နေတယ်” ဟု မြန်မာ့ အမျိုးသား လေကြောင်း၏ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက Frontier ကို ပြောကြားသည်။

အမည်ပြောင်းပြီး ပြုပြင်ပြောင်းလဲလိုက်ရာမှ အောင်မြင်မှု ရရှိခဲ့သည်။ ပြီးခဲ့သောနှစ်တွင် လက်မှတ်ရောင်းရနှုန်းသည် နှစ်ဆခန့်ထိ တိုးမြင့်လာခဲ့သည်ဟု မြန်မာ့ အမျိုးသား လေကြောင်းက ဆိုသည်။ ခရီးစဉ်သစ်များကိုလည်း ထည့်သွင်းတိုးချဲ့ခဲ့သည်။ ယင်းလေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်များမှာ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တို့ ဖြစ်ကြသည်။ ထို့ပြင် မြန်မာ့ အမျိုးသား လေကြောင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် တရုတ်ပြည်မကြီးရှိ မြို့အနည်းငယ်သို့လည်း ခရီးစဉ်များ တိုးချဲ့ရန် စီစဉ်လျက်ရှိသည်။

dsc_0657.jpg

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်မှ လေယာဉ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အစိုးရ၏ ထောက်ပံ့မှုဖြင့် မြန်မာ့ အမျိုးသား လေကြောင်းသည် မြန်မာနိုင်ငံအတွင်း ၂၇ နေရာကို ခရီးစဉ်များ ပြေးဆွဲသည်။ ယင်း၏ ပြိုင်ဘက် ပြည်တွင်းလေကြောင်းလိုင်းများသည် ၁၀ နေရာခန့်အထိသာ ပျံသန်းနိုင်သည်။

“ပြည်တွင်း လေကြောင်းလိုင်းတွေက အများကြီးရှိတယ်။ ဒါကြောင့် ဈေးကွက်က စိန်ခေါ်မှု များတယ်။ အောင်မြင်ဖို့ အရေးတကြီး လိုအပ်တာက ခရီးသည် ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ပါပဲ” ဟု ဦးသန်းထွန်းက ပြောသည်။

“လေယာဉ်ဝန်ထမ်းတွေကို အများအပြား အကုန်အကျခံပြီး လေ့ကျင့်ပျိုးထောင်ပေးတာက မြန်မာ့ အမျိုးသား လေကြောင်းလိုင်းရဲ့ တိုးတက်အောင်မြင်မှုကို တွန်းအားပေးခဲ့တာပဲ။ ဒါ့အပြင် နိုင်ငံခြားကနေ လေယာဉ်လက်မှတ် ဝယ်လို့ရအောင် လုပ်ဆောင်ပေးတဲ့အတွက်လည်း အောင်မြင်လာတာပါ” ဟု ၎င်းက ပြောသည်။

“အရင်က ဖောက်သည်တွေက လေယာဉ်လက်မှတ်ကို မြန်မာနိုင်ငံမှာပဲ ဝယ်လို့ရတယ်။ အခုတော့ တစ်ကမ္ဘာလုံးအနှံ့ ဖောက်သည်တွေ ရှိနေပြီ”  ဟု ဦးသန်းထွန်းက နိုင်ငံခြားငွေကြေး အမျိုးမျိုးဖြင့် ဝယ်ယူထားသော လေယာဉ်လက်မှတ် စာရင်းကို ပြသရင်းပြောသည်။

မြန်မာ့ အမျိုးသား လေကြောင်းသည် အခြားပြိုင်ဘက် လေကြောင်းလိုင်းများထက် အားသာချက်များ ရှိနေသည်။ ယင်းကို နိုင်ငံတော်က ထောက်ပံ့ပေးထားသောကြောင့် ယင်း၏ လေယာဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာရေး အထောက်အပံ့ကို အလွယ်တကူ ရရှိနိုင်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့ အမျိုးသား လေကြောင်းသည် ဘိုးရင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းရန် GE Capital Aviation Services နှင့် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီချက်သည် ကန်ဒေါ်လာ ၉၆၀ သန်း ကုန်ကျခဲ့သည်။ ယင်းမှာ မြန်မာ့ အမျိုးသား လေကြောင်း၏ ပြိုင်ဘက် ပြည်တွင်း လေကြောင်းလိုင်းများ အိပ်မက်သာ မက်နိုင်သော ပမာဏဖြစ်သည်။

CAPA ၏ အစီရင်ခံစာ၌ ပြည်တွင်း ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု များပြားနေခြင်းသည် လေကြောင်းလိုင်းများကြား မတည်ငြိမ်မှုများ ဖြစ်ပွားစေပြီး ကုမ္ပဏီများကို ဝါးမြိုပူးပေါင်းခြင်းနှင့် ကျရှုံးထွက်ခွာခြင်းတို့ မလွဲမသွေ ကြုံတွေ့ရစေနိုင်သည်ဟု ဆိုသည်။

ပြည်တွင်း လေယာဉ်ခရီးစဉ်များတွင် ခရီးသည်များသည် မကြာသေးမီ နှစ်များအတွင်း တိုးပွားလာခဲ့သည်။ သို့သော် တိုးတက်နှုန်းသည် ၂၀၁၄ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ထိုအစီရင်ခံစာက လေကြောင်းလိုင်းများ အမြတ်အစွန်း ရရှိဖို့ရာ အပြောင်းအလဲ အများအပြား လုပ်ဆောင်ရမည်ဟု ဆိုသည်။ အင်န်အယ်လ်ဒီအစိုးရအတွက် လုပ်ဆောင်ပေးနိုင်မည့် နည်းလမ်းတစ်ခုမှာ လေယာဉ်များ၊ လေယာဉ်အပိုပစ္စည်းများနှင့် လေယာဉ်ဆီများတွင် အခွန်ကို လျှော့ချပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းတို့သည် လေကြောင်းလုပ်ငန်း အမြတ်အစွန်း ရရှိရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတို့ကို နှောင့်နှေးစေလျက် ရှိသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း လေကြောင်းလိုင်း လုပ်ငန်းသည် ခေတ်သစ်တစ်ခုစီသို့ ရောက်ရှိနိုင်တော့မည် ဖြစ်ကြောင်း၊ တိုးလာမည့်အလားအလာများ ရှိနေသည့်တိုင် ခရီးသည် ၂ သန်းမှ ၃ သန်းခန့်အထိရှိသော ဈေးကွက်သည် လေကြောင်းလိုင်း ၁၀ ခုကို အထောက်အကူ ပေးနိုင်လောက်အောင် မလုံလောက်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.