“ပုဂံရဲ့ထူးခြားမှုအကြောင်း ပြောပြကြစို့လား” – မိုက်ကယ် ဖွန့်တိမ်း-လေးတိုး

ပုဂံမြို့မှ လာတာရက်ဇာနဲ့ လာပီဇာ စားသောက်ဆိုင်တွေကို တည်ထောင်ခဲ့သူ မိုက်ကယ် ဖွန့်တိမ်း-လေးတိုးနဲ့ သူ့ဇနီးဖြစ်သူ ဖန်နီတို့က ပုဂံမြို့ရှိ လာတာရက်ဇာနဲ့ လာပီဇာ စားသောက်ဆိုင်တွေကို တည်ထောင်ခဲ့ကြသူတွေပါ။ သူညွှန်းဆိုတဲ့ မြန်မာနိုင်ငံနဲ့ ‘ချစ်ကျွမ်းဝင်ခြင်း’က ရန်ကုန်မြို့မှာ ရင်းနှီးဖော်ရွေတဲ့ တက္ကစီသမား တစ်ဦးနဲ့တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စတင်ခဲ့တာပါ။ သူက မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ဖို့အတွက် အဓိကလိုအပ်ချက်နဲ့ သူ့ရဲ့ ပုဂံမြို့အပေါ် ချစ်မြတ်နိုးမှုတို့အကြောင်းကို Frontier ရဲ့ အိုလီဗာ ဆလိုးကို အခုလို ဖွင့်ဟခဲ့ပါတယ်။

ပုဂံမှာရှိတဲ့ ခင်ဗျားရဲ့ ပထမဆုံး စားသောက်ဆိုင်ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာနော်။ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာလား။

မဟုတ်ပါဘူး။ ဆိုင်ဖွင့်ဖို့က ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတဲ့ အကြံတစ်ခုပါ။ အဲဒီအချိန် (၂၀၁၂ ခုနှစ်) တုန်းက မြန်မာနိုင်ငံကို လာပြီး စီးပွားရေးလုပ်ငန်း တစ်ရပ် ထူထောင်ဖို့အတွက် သင့်တော်တဲ့အချိန်လို့ လူအတော်တော်များများက ကျွန်တော့်ကို ပြောပြကြပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့ဇနီးတို့မှာ ဒီနေရာနဲ့ပတ်သက်တဲ့ သမိုင်းကြောင်း အဖြစ်အပျက်တစ်ခု ရှိနေတယ်လေ။

ကျွန်တော်တို့က ၂၀၀၂ ခုနှစ်မှာ ပထမဆုံး ရောက်ရှိလာခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့က ကားဆရာဖြစ်သူ ကိုမြင့်ကျော်က အံ့သြဖွယ်ကောင်းတဲ့ လူတစ်ယောက်ပေါ့။ သူက ကျွန်တော်တို့ကို တော်တော်လေး ဂရုစိုက်ခဲ့တယ်။ အရမ်းကို ငြိမ်းချမ်းတဲ့ လူတစ်ယောက်ပါ။ ရက်နည်းနည်း ကြာလာတဲ့အခါမှာ ကျွန်တော်တို့တွေ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာပါတယ်။

နောက်နှစ်မှာ တစ်ခေါက်ပြန်လာတယ်။ သူနဲ့ သူ့မိသားစုအကြောင်းကို နည်းနည်းလေး ထပ်ပြီး သိခွင့်ရခဲ့ပါတယ်။ ကိုမြင့်ကျော်က ပုဂံဇာတိဖြစ်ပြီး အဲဒီကို ပြန်သွားချင်နေတဲ့သူ တစ်ဦးဆိုတဲ့ အကြောင်းကိုလည်း သိခဲ့ရပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ပုဂံမှာ ကိတ်မုန့်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ပါ။ အဲဒီအတွက် တစ်နှစ်ကို ဒေါ်လာ ၅၀ လောက် စုဆောင်းနေပြီး နောင် ၁၀ နှစ်ကြာတဲ့အချိန်မှာ သူ့ရဲ့ကိတ်မုန့်ဆိုင်ကို ဖွင့်ဖို့အတွက် စီစဉ်ထားတာကို သိရှိခဲ့ရပါတယ်။

၂၀၀၄ ခုနှစ်မှာ ကိုမြင့်ကျော်နဲ့ သူ့မိသားစုအတွက် ပုဂံမှာ အိမ်ပါတဲ့ မြေကွက်တစ်ကွက် ကျွန်တော်တို့ ဝယ်ပေးခဲ့တော့ သူ့မိသားစုက အဲဒီကို ပြန်ရွှေ့သွားပါတယ်။

အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ပါးရိုးမှာ ကင်ဆာဖြစ်ခဲ့ပြီး အခြေအနေက တော်တော်လေး ဆိုးပါတယ်။ သူနဲ့ ၂၀၀၆ ခုနှစ်အတွင်း ရန်ကုန်မှာ တွေ့ခဲ့တာက နောက်ဆုံးပါပဲ။ သူ့အတွက် တတ်နိုင်သမျှ လုပ်ပေးခဲ့တယ် ဆိုတာကို သူ ကောင်းကောင်းသိပါတယ်။ သူ့ရဲ့နောက်ဆုံးစကားက သူ့ဇနီးနဲ့ ကလေးတွေအတွက် စိုးရိမ်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်သမျှကို အကောင်းဆုံး လုပ်ပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။ လအနည်းငယ်အကြာမှာ ဆုံးပါးသွားခဲ့တဲ့အတွက် သူ့ကို ထပ်မတွေ့ရတော့ပါဘူး။

ဆွစ်ဇာလန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေက သူ့အတွက် ရန်ပုံငွေ စုခဲ့ကြတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို ပုံမှန်ပြန်လာပြီး သူ့မိသားစုအတွက် ပိုက်ဆံတွေ ပေးခဲ့တယ်။ အဲဒီတုန်းက ပိုက်ဆံကို ပြည်ပကနေ ကျွန်တော်တို့ ပို့လို့ မရခဲ့တာကြောင့်ပါ။

ပုဂံအကြောင်း သိခဲ့ရတာကတော့ ပြတိုက်တစ်ခုလို အရမ်းခမ်းနားတဲ့နေရာ တစ်နေရာ ဖြစ်ပေမဲ့ ရွာတစ်ရွာသာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ လူတိုင်းက ခင်ဗျားအကြောင်း အကုန်သိနေတယ်ဆိုတာတွေကို ကျွန်တော်တို့ သိခဲ့ရပါတယ်။ လူတွေက ကိုမြင့်ကျော်ရဲ့မိသားစုနဲ့ ဆက်စပ်တဲ့ ကျွန်တော်တို့ရဲ့အခြေအနေကို သိနေပါတယ်။ ပြီးတော့ ကျွန်တော့်ဇနီးက စားဖိုမှူးတစ်ဦး ဖြစ်တယ်ဆိုတာကို သိနေတဲ့ ဟိုတယ်တစ်ခုရဲ့ မန်နေဂျာကလည်း သူနဲ့အတူ စားသောက်ဆိုင် တစ်ဆိုင်ထူထောင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

စားသောက်ဆိုင်ရဲ့ အခင်းအကျင်းက ဘယ်လိုမျိုးလဲခင်ဗျ။

ကျွန်တော်တို့ လာတာရက်ဇာကို အီတလီစားသောက်ဆိုင် တစ်ဆိုင်အဖြစ်သာမက အနုပညာပြခန်း တစ်ခုအနေနဲ့လည်း ခင်းကျင်းဖွင့်လှစ်ထားပါတယ်။ ဒါက လအနည်းငယ် ကြာချိန်တိုင်းမှာ စားသောက်ဆိုင်ကို ပြန်လည်အသွင်ဆန်းစေဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်သလို ဒေသခံအနုပညာရှင်တွေကို အထောက်အကူပြုတဲ့ နည်းလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

စားသောက်ဆိုင် ဖွင့်ခဲ့တာ နှစ်နှစ်လောက် ရှိပါပြီ။ ဒါက ခရီးသွားရာသီဖြစ်လို့ နိုဝင်ဘာလကနေ မတ်လအထိ ငါးလလောက် အဆင်ပြေတဲ့ အချိန်ကာလ ဖြစ်မှန်း ကျွန်တော်တို့ သဘောပေါက် နားလည်ခဲ့ပါတယ်။ ပြီးတော့ လနည်းနည်းလောက် ဟိုလိုလို ဒီလိုလို ဖြစ်သွားပြီး နောက်ပိုင်းကျတော့ တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့က ပီဇာမုန့်ဆိုင် တစ်ဆိုင်ဖြစ်တဲ့ လာပီဇာကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပီဇာက ဘယ်လိုမျိုးလဲ ဆိုတာကို လူတိုင်းသိပါတယ်။ ဒါကြောင့် အဲဒါကို ကြိုက်တဲ့ မြန်မာနိုင်ငံသားတချို့ ရှိပါတယ်။ ကိုယ်သိတဲ့ အစားအစာကို စားချင်တဲ့ ကမ္ဘာတစ်လွှားက ခရီးသွားတွေလည်း ရှိပါတယ်။ အဲဒီနှစ်ဆိုင်စလုံးက ညောင်ဦးမှာပါ။ နိုဝင်ဘာလမှာတော့ တခြားလာပီဇာဆိုင်တစ်ခုကို ပုဂံမြို့ဟောင်းမှာ ဖွင့်ခဲ့ပါတယ်။

ခင်ဗျားတို့က သင်တန်းကျောင်းတစ်ခုလည်း ဖွင့်ထားသေးတယ် မဟုတ်လား။

အမှန်ပါပဲ။ ဒါက အရေးကြီးဆုံး အပိုင်းပါ။ ခင်ဗျားက မြန်မာနိုင်ငံမှာ မြင့်မားတဲ့ အရည်အသွေးတစ်ခုကို ရှာဖွေနေတဲ့သူဆိုရင် သင်တန်းအများကြီး လိုပါတယ်။ ဝန်ထမ်းတွေမှာ ကျောင်းကောင်းကောင်းတွေ မရှိတာ များလို့ပါ။ ဒါမှမဟုတ်လည်း ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ရပ် မရှိခဲ့လို့ပါ။ ပြီးတော့ အင်္ဂလိပ်စာ သင်ကြားဖို့အတွက် အတတ်နိုင်ဆုံး အာရုံစိုက် ဆောင်ရွက်ခဲ့ပါတယ်။

ကိုမြင့်ကျော်ရဲ့မိသားစုနဲ့ ကျွန်တော်တို့အကြားက ခိုင်မြဲတဲ့ ဆက်ဆံမှုကလည်း တိုးသထက် တိုးတက်လာပါတယ်။ မနှင်းနှင်း(ကိုမြင့်ကျော်ရဲ့ဇနီး)က ဈေးမှာ အချိန်ပိုင်း လုပ်သလို ကျွန်တော်တို့ စားဖိုဆောင်မှာလည်း အချိန်ပိုင်း လုပ်ပါတယ်။ သားသမီးတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မြတ်ဇော်မေကလည်း ခုဆိုရင် ကျွန်တော်တို့ စားသောက်ခန်းရဲ့ ဌာနတာဝန်ခံ ဖြစ်လာပါပြီ။ အဲဒါက တော်တော်လေး ရယ်ဖို့ ကောင်းပါတယ်။ ခြောက်နှစ်သားလောက်ကတည်းက သူ့ကိုသိခဲ့တာပါ။ ခုများတော့ သူက ဒီဆိုင်မှာတောင်  အလုပ်လုပ်နေပြီလေ။

ဒီစားသောက်ဆိုင်မှာ အလုပ်လုပ်နေသူတိုင်းက တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေကြတယ်လို့ ပြောနိုင်ပါတယ်။ ဒီကို ရောက်နေရတဲ့ ရည်ရွယ်ချက်တစ်ခုလည်း လူတိုင်းမှာ ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အရမ်းအရေးကြီးတဲ့အချက်ပါ။ လူတွေမှာ ရည်ရွယ်ချက်တစ်ခုခု မရှိဘူးဆိုရင် သူတို့တွေက အချိန်ကြာကြာ အလုပ်လုပ်ချင်မှ လုပ်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ခံစားချက်တစ်ခု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့လည်း လုပ်စရာတွေက တော်တော်များပါတယ်။ အများကြီး သင်ပေးနေရလို့ပေါ့ဗျာ။

မြန်မာနိုင်ငံမှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ရတဲ့ စိန်ခေါ်ချက်တွေက ဘာတွေဖြစ်မလဲ။

ကျွန်တော်ထင်တာကတော့ အရည်အသွေးကို ထိန်းထားဖို့အတွက် ဖြစ်ပါလိမ့်မယ်။ အရည်အသွေး ကောင်းမွန်တဲ့ ဟင်းချက်စရာတွေ ပုံမှန်သွင်းတဲ့သူ ရှိဖို့လည်း လိုပါမယ်။ တစ်ခါတလေမှာ ကျွန်တော်တို့က အီတလီချိစ်အဖြူ အပျော့စားတစ်မျိုးဖြစ်တဲ့ မော်ဇာရီလာချိစ်ကို မှာမိတဲ့အခါ ဟင်းချက်စရာ ရောင်းနေကျသူက “ဝမ်းနည်းပါတယ်၊ ကျွန်တော်တို့မှာ မရှိပါဘူး”လို့ ပြန်ပြောကြတယ်။ ဒါပေမဲ့ မရှိလို့ မဖြစ်ဘူးလေ၊ ကျွန်တော်တို့က အီတလီစားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားတာလေ (ရယ်မောလျက်)။

ခင်ဗျားတို့ဆီမှာ ပုံမှန်ဆိုသလို ပြတ်တောက်လေ့ရှိတဲ့ လျှပ်စစ်မီးကိစ္စလည်း ရှိသေးတယ်။ စားသောက်ဆိုင် တစ်ခုအတွက် ဒီလိုစိန်ခေါ်ချက်တွေက ကြီးမားလွန်းတာပေါ့ဗျာ။ ဘယ်လိုစိန်ခေါ်ချက်တွေပဲ ရှိနေ ရှိနေ အရည်အသွေးကို ထိန်းချုပ်ရပါတယ်။ အဲဒီအတွက် အရမ်းခိုင်မာတဲ့ တည်ဆောက်ပုံ တစ်ခု မဖြစ်မနေ ရှိနေရမှာပါ။ ပြီးတော့ တိုးတက်လာတဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် လျှပ်စစ်မီးလို အပယိက ကိစ္စတွေက တိုးတက်လာမှာပါ။

ပုဂံမှာ ဘယ်လို စိန်ခေါ်ချက်တွေကို တွေ့ကြုံပြီးပြီလဲ။

ပြောရမယ်ဆိုရင်တော့ ဒီနေရာက ရွာတစ်ရွာအဆင့်မှာပဲ ရှိပါသေးတယ်။ ဒီ့မတိုင်ခင်ကတော့ အရမ်းကို သေးငယ်တဲ့ ရွာလေးတစ်ရွာပေါ့။ ဒီရွာလေးအနေနဲ့ ခုရှိနေတဲ့ ဗုဒ္ဓဘာသာ စံတန်ဖိုးတွေ၊ စိတ်ပိုင်းဆိုင်ရာ စံတန်ဖိုးတွေနဲ့ မိသားစုစံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းသွားဦးမယ်လို့တော့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့က စိတ်ဓာတ်ကြံခိုင်တဲ့သူတွေ ဖြစ်သလို သူတို့ရဲ့ဘဝနေထိုင်ပုံအတွက် အတော်လေး ဂုဏ်ယူဝင့်ကြွားသူတွေလည်း ဖြစ်ကြပါတယ်။

ကမ္ဘာ့နေရာ အနှံ့အပြားမှာ ခင်ဗျား မြင်တွေ့ရတဲ့ ပုံစံတချို့ပေါ့ဗျာ။ ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်ပြီးတဲ့နောက်မှာ ဆိုင်ငယ်လေးတွေရယ်၊ ပိုက်ဆံပိုရဖို့အတွက် လှည့်ဖျားမှု နည်းနည်းပါးပါးရယ်ကို တွေ့ရပါလိမ့်မယ်။ ဒီလိုပဲ စိန်ခေါ်မှုအသေးလေး တစ်ခုကိုလည်း ကျွန်တော်ကြုံပြီးပါပြီ။ ဒါပေမယ့် အဆင်ပြေပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဒါကို စီမံခန့်ခွဲဖို့ပါပဲ။ တကယ်တမ်းကျတော့ အခုတစ်ပတ်ရဲ့အခြေအနေက (သူတို့ဆုံးဖြတ်ချက်ကို ပြန်မပြင်ခင် ယဉ်ကျေးမှုဝန်ကြီးဌာနက ဘုရားကျောင်းတွေပေါ် ကမ္ဘာလှည့် ခရီးသွားတွေ တက်လို့မရဘူးလို့ ကြေညာလိုက်တဲ့ အချိန်) သူတို့အတွက် အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်။ ဒါပေမဲ့ အခြေအနေအပေါ် စဉ်းစားကြည့်မြင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုတိုးတက်အောင် ကျွန်တော်တို့ လုပ်နိုင်မလဲ ဆိုတာပါပဲ။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအကြောင်း ကမ္ဘာလှည့် ခရီးသွားတွေကို ရှင်းပြနိုင်တာလည်း ပါဝင်သလို စစ်ဆေးဖို့ တစ်ခုတည်းအတွက် လူတွေကို လစာငွေ ဘယ်လိုပေးနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးတွေအတွက်လည်း စဉ်းစားရပါလိမ့်မယ်။ 

ပုဂံကို ဘာကြောင့်ရွေးခဲ့တာလဲလို့ မေးတဲ့သူတွေလည်း ရှိပါတယ်။ ဘာကြောင့် ရန်ကုန်ကို မရွေးတာလဲပေါ့။ ဒီနေရာကိုပဲ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်က ကမ္ဘာ့အလှဆုံးနေရာ တစ်နေရာမှာ နေထိုင်နေတာပါ။ ပုဂံမြို့က သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတချို့ ဆုံးရှုံးသွားတာကိုသာ ကျွန်တော် မြင်ခဲ့ရမယ်ဆိုရင် အရမ်းကို ဝမ်းနည်းမိမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက ဒေသခံတွေကိုလည်း ပျော်ရွှင်မှု ပေးနိုင်သလို ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း ပျော်ရွှင်စေမယ့် ပုံစံတစ်ခုခုကို ဖန်တီးနိုင်ပါတယ်။

အရမ်းနောက်မကျခင်အချိန်မှာ ပုဂံကို အလည်လာချင်တယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဒါက ဘာကို ရည်ညွှန်းနေတာလဲ။ ဒီလို ပြောနေမယ့်အစား အခုပဲ တစ်ခုခု လုပ်လိုက်ကြပါစို့၊ လက်မှုပညာတွေကို ကာကွယ်ကြပါစို့၊ ပုဂံယဉ်ကျေးမှုကို ကာကွယ်ကြပါစို့၊ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ဆိုတဲ့အကြောင်း လူတွေကို ပြောပြကြပါစို့ဆိုရင် မကောင်းပေဘူးလား။

အောင်မင်း ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.