ကိုဗစ်-၁၉တတိယလှိုင်းကို တုံ့ပြန်သည့်အနေဖြင့် အေအေအဖွဲ့က ဆေးဝန်ထမ်းများက ၂၀၂၁၊ မေ၁၉ရက်တွင် ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာတွင် ဒေသခံများကို ကျန်းမာရေးစစ်ဆေးပေးနေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေးအာဏာကျယ်ပြန့်လာသည့် ရက္ခိုင့်တပ်တော်

ရက္ခိုင့်တပ်တော် (AA) နှင့် ၎င်း၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ရခိုင်ပြည်နယ်ရှိပြည်သူအားလုံးအတွက် တရားမျှတမှုကိုဖော်ဆောင်ရန် တရားစီရင်ရေးလုပ်ငန်းများနှင့် နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုကို ဖြေရှင်းပေးနိုင်မည့် ယန္တရားတစ်ရပ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

ကျော်ဆန်းလှိုင် ရေးသားသည်။

ULA အဖွဲ့သည် ရခိုင်ပြည်တွင် ၎င်းတာဝန်ယူဆောင်ရွက်သော အုပ်ချုပ်ရေးဆိုင်ရာရည်မှန်းချက်ကို တစိုက်မတ်မတ် အကောင်အထည်ဖော်နေသည်။ ကိုဗစ်−၁၉ ကပ်ရောဂါကြိုတင်ကာကွယ်ရန် ဇူလိုင် ၂၀ရက်က ULA က ထုတ်ပြန်ခဲ့သည့် နေအိမ်အတွင်းနေထိုင်ရေး ညွှန်ကြားချက်အား လူထုက လိုက်နာမှုအားကောင်းခဲ့သည်ကို တွေ့မြင်ရသည်။ အာဏာသိမ်းလိုက်သည့်အချိန်ကတည်းက ULA အဖွဲ့နှင့် ၎င်း၏လက်နက်ကိုင်အဖွဲ့ အေအေတို့သည် ရခိုင်ပြည်နယ်ကိုလွှမ်းမိုးရန် အုပ်ချုပ်ရေးစွမ်းရည်ကို အရှိန်မြှင့်လုပ်ဆောင်လာပြီး တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းသဖွယ် တွေ့မြင်လာရသည်။

ဇူလိုင် ၂၀ရက်က ထုတ်ပြန်ခဲ့သည် ကိုဗစ်-၁၉ကာကွယ်ရေးလိုက်နာရန်စည်းကမ်းချက်များကို ရခိုင်ပြည်နယ်ရှိ လူဦးရေ ၇၅ရာခိုင်နှုန်းခန့်က လိုက်နာခဲ့သည်ဟု  အေအေအဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဇူလိုင် ၃၁ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

“၁၀၀ရာခိုင်နှုန်းလိုက်နာရင်တော့ ပိုကောင်းတာပေါ့”ဟု သူကပြောသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးအရ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတစ်ခုအဖြစ် ဆက်လက်ရှိနေပြီး စည်းကမ်းလိုက်နာမှု အားကောင်းခြင်းက ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှုကိုကာကွယ်ရန် အထောက်အကူပြုနိုင်ကြောင်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကဖြည့်စွက်ပြောကြားခဲ့သည်။

အသိပေးထုတ်ပြန်ချက်တွင် ညွှန်ကြားချက်အတိုင်း စည်းကမ်းမလိုက်နာသူများကို တရားဥပဒေအရ အရေးယူမည်ဟု ULA အဖွဲ့က သတိပေးခဲ့သည်။ တချိန်တည်းမှာပင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသည် စားနပ်ရိက္ခာနှင့် အကူအညီများဖြန့်ဝေခဲ့သည့်တိုင် နေအိမ်တွင်သာနေထိုင်ရေးအမိန့်နှင့် အခြားကန့်သတ်ချက်များကို မထုတ်ပြန်ခဲ့ပေ။

ULA အဖွဲ့သည် ပြည်နယ်အတွင်း တရားရေးစနစ်အခြေတည်ရန် ထိုးဖောက်နေရာယူလျက်ရှိသည်။ သြဂုတ်၁ ရက်တွင် တရားစီရင်ရေးယန္တရားတစ်ခုကို ULA က ကြေညာလိုက်ပြီး မြေယာပိုင်ဆိုင်မှု၊ အကြမ်းဖက်မှုနှင့် ခိုးမှုအပါအဝင် ဥပဒေရေးရာအငြင်းပွားမှုများကိုပါ ၎င်းတို့ထံ အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုချိန်တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကလည်း ပြည်နယ်အတွင်း ၎င်းတို့၏ထိန်းချုပ်မှု ခိုင်မြဲစေရန် ကိုဗစ်-၁၉နှင့် အုပ်ချုပ်မှုအစီအစဉ်အချို့ကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ သြဂုတ်၅ရက်တွင် ပြည်နယ်လုံခြုံရေးနှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို တုံ့ပြန်မှုတစ်ရပ်အနေနှင့် ရခိုင်ပြည်နယ်အနှံ့အပြား နေ့ညမပြတ် ကင်းလှည့်ပြီး အိမ်ထောင်စုစာရင်းကောက်ယူမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြေပြင်တွင်အုပ်ချုပ်နေသောအစိုးရ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရန် အေအေအဖွဲ့၏ ကြိုးပမ်းချက်ကြောင့် ၎င်းတို့နှင် တပ်မတော်အကြား ပြင်းထန်သည့်တိုက်ပွဲများ နှစ်နှစ်ကြာဆင်နွှဲခဲ့သည်။ ယင်းနောက် လွန်ခဲ့သည့်နှစ်၊ နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲ နောက်ပိုင်း အလွတ်သဘောအပစ်အခတ်​​ရပ်စဲမှုကို အေအေနှင့်တပ်မတော်တို့ သဘောတူညီခဲ့ကသည်။ စစ်ရေးပဋိပက္ခကြောင့် အများပြည်သူ၏ အသက်အိုးအိမ်၊ လူနေမှုဘဝနှင့် စီးပွားရေးကို သိသိသာသာ ထိခိုက်ခဲ့ပြီး အရပ်သား ၂၃၀,၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ကလေးသူငယ် ၁၇၀ကျော် အပါအဝင် ထိခိုက်သေဆုံးသူ ၁,၀၀၀နီးပါး ရှိခဲ့သည်။

တိုက်ပွဲအရှိန်မြင့်တက်လာသည်နှင့်အမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ဦးဆောင်သည့်  အစိုးရသည် အေအေအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် ၂၀၁၉၊ ဇန်နဝါရီတွင် မြန်မာ့တပ်မတော်အား တောင်းဆိုခဲ့သည်။ ထိုနှစ်၊ ဇွန်လမှာပင် အစိုးရသည် သောင်းကျန်းသူနှိမ်နှင်းရေးအတွက် တရားဥပဒေ စိုးမိုးရေးကိုအကြောင်းပြကာ အင်တာနက်ကို အချိန်အတန်ကြာသည်အထိ ပိတ်ပင်လိုက်သည်။ ယင်းပိတ်ပင်ခြင်းသည် နောင်တွင် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှုဖြစ်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ မတ်တွင် အင်န်အယ်လ်ဒီအစိုးရသည် အေအေအဖွဲ့နှင့် ULA အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့သည်။

ထို့ပြင် အေအေအဖွဲ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ချန်လှပ်ခဲ့ပြီး စစ်ဘေးဒဏ်ခံရသောပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုပါ ပိတ်ပင်ခဲ့သည်။

အင်န်အယ်လ်ဒီက ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် “လုံခြုံရေး”ကို အကြောင်းပြကာ ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ်များစုတွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုဘဲ ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် ပြည်နယ်တွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်သူအားလုံး၏ ၇၃ရာခိုင်နှုန်းခန့် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့သည်။ အကျိုးဆက်အဖြစ် အေအေအဖွဲ့သည် ပြည်နယ်ဒေသခံအများစု၏ထောက်ခံမှုကို ပိုမိုရရှိလာသည်။ အေအေအဖွဲ့သည် ၎င်း၏အုပ်ချုပ်မှုစွမ်းရည်ကို တဖြည်းဖြည်းအရှိန်မြှင့်လာခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမိုအားကောင်းအောင် တည်ဆောက်လာသည်။

ဧပြီ၁၀ရက်က ကျရောက်သည့် ရက္ခိုင့်တပ်တော်တည်ထောင်ခြင်း (၁၂)နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်သည့် သဝဏ်လွှာတွင် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော်လှန်ရေးအစောပိုင်း ကာလတွင် စစ်ရေးနှင့် စည်းရုံးရေးကို အဓိကဦးစားပေးလုပ်ဆောင်ခဲ့ရာမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးအပါအဝင် ခိုင်မာအားကောင်းသည့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းများ ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေးယန္တရားတစ်ရပ် အကောင်အထည်ဖော်နိုင်ရေးကို အာရုံစိုက်၍ လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။

အာဏာသိမ်းမှုမတိုင်မီကတည်းက လူထုထောက်ခံမှုရရှိထားသော အေအေအဖွဲ့၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများသည် လုယက်မှုမှ လူသတ်မှုများအပါအဝင် ရာဇဝတ်မှုဆိုင်ရာပြစ်မှုများအတွက် တရားမျှတမှုရရှိရန် တောင်းဆိုနေသည့် ဒေသခံများအတွက် အမှုအခင်းများကို ဖြေရှင်းပေးနေသည်။

အင်န်အယ်လ်ဒီ အစိုးရလက်အောက်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် ဗဟိုအစိုးရအုပ်ချုပ်မှုနှင့် အေအေအဖွဲ့၏ တရားမဝင်အုပ်ချုပ်မှုအကြားတွင် ကြားညှပ်နေခဲ့သည်။ ၂၀၁၉၊ မတ် အစောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရာနှင့်ချီသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်ခဲ့ကြသည်။ 

အကြောင်းမှာ အေအေအဖွဲ့နှင့် ပတ်သတ်ဆက်နွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၎င်းတို့အား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းမည်ကို စိုးရိမ်သဖြင့်ဖြစ်သည်။ အချို့ကမူ အေအေအဖွဲ့၏အုပ်ချုပ်မှုကို လိုလားသဖြင့် တာဝန်မှနုတ်ထွက်ခဲ့ကြောင်း ပြောဆိုကြသည်။

အေအေအဖွဲ့သည် ရခိုင်ပြည်နယ်၏ သုံးပုံနှစ်ပုံကို လွှမ်းမိုးထားနိုင်ပြီဟု ဗိုလ်မှူးချုပ် ညိုထွန်းအောင်က အခိုင်အမာပြောဆိုသည်။

“ရခိုင်ပြည်ထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးကို ကျနော်တို့ အဓိက တာဝန်ယူနေပြီဖြစ်တယ်”ဟု သူက သြဂုတ် ၃ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။ “အေအေအဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို တာဝန်ယူလုပ်ဆောင်ပေးနေပါတယ်”ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောသည်။ 

ဗိုလ်မှူးချုပ်ညိုထွန်းအောင်က အေအေအဖွဲ့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ပြည်သူ့ဝန်ထမ်း ရာပေါင်းများစွာကို လေ့ကျင့်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် ခိုက်ရန်ဖြစ်ပွားမှု၊ မြေယာအငြင်းပွားမှုနှင့် လူသတ်မှုအထိ လက်ခံရရှိထားသည့် တိုင်ကြားမှု ၁,၄၀၀ ကျော်တွင် အမှုပေါင်း ၅၅၀ ကျော်ကို ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

“အားနည်းချက် နည်းနိုင်သမျှနည်းအောင်၊ ရခိုင်ပြည်မှာနေထိုင်ကြသူအားလုံးအတွက် လူမျိုး၊ ဘာသာ မခွဲခြားဘဲ တရားမျှတမှုရရှိအောင် ကြိုးစားဆောင်ရွက်နေတယ်”ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ထပ်လောင်းပြောသည်။

“နိုင်ငံတကာဥပဒေရဲ့မှန်ဘီလူးနဲ့ကြည့်ရင်တော့ လက်ရှိ ကျနော်တို့မှာ အားနည်းချက်အချို့ရှိနိုင်ပေမဲ့ လွတ်လပ်တဲ့ တရားမျှတမှုအပိုင်းမှာတော့ တိုးတက်မှုရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ဝန်ထမ်းများကြားတွင် လူမျိုးစုအားလုံးနှင့် ကိုးကွယ်ရာဘာသာဝင်အားလုံးကို ကိုယ်စားမပြုသေးသော်လည်း မတူညီသောအသိုင်းအဝိုင်းမှ အရပ်ဘက်ခေါင်းဆောင်များသည် တရားမျှတမှုဆိုင်ရာ ဖြေရှင်းရေးတွင် ပါဝင်လာနေကြောင်း အေအေကပြောသည်။

ဤပြဿနာသည် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ရှိ လူနည်းစုဘာသာဝင်များနှင့် တိုင်းရင်းသားများအား အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများတွင် ခန့်အပ်ပါဝင်ခွင့်ပေးရန် လျှစ်လျူရှုခဲ့၍ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့က လူမျိုးဘာသာမခွဲခြားဘဲ ရခိုင်ပြည်မှာ နေထိုင်ကြသူအားလုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောသည်။ 

တရားဥပဒေစိုးမိုးမှု  ပြန်လည်ရရှိရေး

မကြာသေးမီကစတင်လိုက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်အပါအဝင် ULA အဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ပဏာမခြေလှမ်းများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ထင်ရှားသော ရခိုင်နိုင်ငံရေးသမားများကလည်း ထောက်ခံကြိုဆိုကြသည်။

စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက မြို့နယ်အချို့ရှိ ဒေသခံများသည် စစ်ကောင်စီ၏ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနများသို့ တိုင်ကြားမှုများ မပြုလုပ်နိုင်ခြင်းကြောင့် ULA အဖွဲ့၏ လုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးအတွက် မရှိမဖြစ်လို အပ်ချက်ဖြစ်ကြောင်း ပြောသည်။ 

“တရားမျှတမှုအတွက် ပြည်သူတွေ တိုင်ကြားနိုင်တဲ့နေရာတစ်ခု လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသားပါတီ၊ ဦးဆောင်ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးဖေသန်းက ULA အဖွဲ့၏ အုပ်ချုပ်မှုယန္တရားသည် စစ်ကောင်စီထက်ပို၍ပင် အလုပ်ဖြစ်သည်ဟု နှိုင်းယှဉ်လိုက်သည်။

တရားစီရင်ရေးနှင့်ပတ်သက်၍ ULA အဖွဲ့၏ ကြေညာချက်သည် တပ်မတော်နှင့်အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ပြန်လည်အသက်ဝင်လာသည့် လက္ခဏာဖြစ်ကြောင်း ဦးဖေသန်းက ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သတင်းဌာနကို ပြောသည်။

နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်မီကပင် ရမ်းဗြဲမြို့နယ်ခံများသည် အချို့ကိစ္စရပ်များအတွက် အေအေအဖွဲ့ထံမှ အကူအညီတောင်းခံမှုများရှိခဲ့ကြောင်း ရမ်းဗြဲလူငယ်ကွန်ရက်တည်ထောင်သူ မစုမြတ်ထွေးက ပြောသည်။

စစ်ကောင်စီ၏မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များသည် ULAအဖွဲ့ကိုသာ တာဝန်ခံနေရသည်ဟု မစုမြတ်ထွေးကပြောသည်။ “ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ဌာနတွေတောင်  ULA ရဲ့  ထိန်းချုပ်မှုအောက်မှာသာရှိတယ်”ဟု သူက ဖရွန်းတီးယားမြန်မာကို ပြောသည်။  “ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ULA ဟာ အရင်ထက်ပိုပြီး တရားဝင်မှုရရှိလာတယ်” ဟု သူက ထပ်လောင်းပြောကြားသည်။ 

သို့သော် အောက်ခြေအဆင့်တွင် အေအေတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုမှုကို စိုးရိမ်ကြောင်း သူကထုတ်ဖော်ပြာကြားခဲ့သည်။ “ညီညွတ်မှုက အောင်မြင်မှုရရှိပေမဲ့ ဒီလိုအာဏာ အလွဲသုံးစားလုပ်တာတွေကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်”ဟု မစုမြတ်ထွေးက ပြောသည်။

ကိုဗစ်-၁၉တတိယလှိုင်းကို တုံ့ပြန်သည့်အနေဖြင့် အေအေအဖွဲ့က ဆေးဝန်ထမ်းများက ၂၀၂၁၊ မေ၁၉ရက်တွင် ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာတွင် ဒေသခံများကို ကျန်းမာရေးစစ်ဆေးပေးနေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

အာဏာအလွဲသုံးစားပြုမှု အလားအလာ

ဇူလိုင်၂၀ရက်တွင် ULAအဖွဲ့က နေအိမ်တွင်နေထိုင်ရေးအမိန့်ထုတ်ပြန်ပြီး ငါးရက်အကြာတွင် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကာကွယ်ဆေးရရှိ​ရန် ကြိုးပမ်းနေကြောင်း၊ ကိုဗစ်-၁၉ စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်းနှင့် လူဦးရေ၏ ၇၅ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ရုပ်သံဖိုင်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

စစ်တွေအပါအဝင် အချို့မြို့များတွင် မြို့နေလူထုသည် နေအိမ်တွင်နေထိုင်ရေးညွှန်ကြားချက်ကို ဖီဆန်၍ အပြင်ထွက်ပြီး စားသောက်ဆိုင်များတွင် စားသောက်နေခြင်းကို ရည်ညွှန်းကာ “လုံးဝလက်သင့်မခံနိုင်သည့် လုပ်ရပ်”ဖြစ်ကြောင်း သတိပေးခဲ့သည်။

ရခိုင်ပြည်သို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်နိုင်ရန် ULA အဖွဲ့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများအနက် တစ်ခုမှာ စစ်ကောင်စီထိန်းချုပ်ထားသော စစ်ဆေးရေးဂိတ်များကို ကျော်ဖြတ်နိုင်ရေး ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောသည်။

“ကျနော်တို့ ဒီအခက်အခဲကို ကျော်လွှားပြီးတဲ့အခါ ဘာသာ၊ လူမျိုး မခွဲခြားဘဲ ရခိုင်ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ ကြိုးစားသွားမှာပါ”ဟု ၎င်းက ပြောသည်။

နေအိမ်တွင်သာနေထိုင်ရေး ညွှန်ကြားချက်ကို မလိုက်နာသူများအား ULA အဖွဲ့က ပြစ်ဒဏ်ချမှတ်ပြီး ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်အချို့တွင် စည်းကမ်းမလိုက်နာသူများကို ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်တွေမြို့တွင်မူ စည်းကမ်းဖောက်ဖျက်သူများကို ULA အဖွဲ့က အသံဗုံးများ ပစ်ဖောက်သတိပေးခဲ့သည်။

အေအေအဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လူစုလူဝေးမဖြစ်အောင် သတိပေးသည့်အနေဖြင့် အသံဗုံးများပစ်ဖောက်၍ သတိပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ကန့်သတ်ချက်များကို ဆက်လက်၍ လျစ်လျူရှုသူများအား အပြစ်ပေးသွားမည်ဟု ဇူလိုင် ၃၁ရက်တွင် ပြည်တွင်းမီဒီယာတစ်ခုကို ပြောသည်။

မြောက်ဦးလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က နေအိမ်တွင်းနေထိုင်ရေး ညွှန်ကြားချက် အသက်ဝင်ရန် အေအေအဖွဲ့က ပြစ်ဒဏ်ပေးခြင်းသည် ကျေးလက်ဒေသတွင် လူထုက ရာနှုန်းပြည့်လိုက်နာကြောင်း ပြောသည်။

“မြောက်ဦးမှာတော့ လမ်းဘေးလောင်းကစားဝိုင်းနဲ့ အုပ်စုလိုက်အရက်သောက်တာကို မြို့လယ်ကောင်မှာတောင်  အေအေက တားမြစ်ထားတယ်” ဟုသူက ဖရွန်းတီးယားမြန်မာကို ပြောသည်။ “အေအေက ရခိုင်ပြည်နယ်အနှံ့ ကျေးလက်ဒေသနဲ့မြို့ပြတွေကိုပါ ထိန်းချုပ်ထားပြီလို့ ယေဘုယျ ပြောနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့နယ်တွင်နေထိုင်သူ အသက်၄၀အရွယ် ဦးဇော်ဝင်းက ရခိုင်ပြည်သူများသည် မိမိလူမျိုးစုနှင့် ဖွဲ့စည်းထားသော အစိုးရတစ်ရပ်ကို လိုလားမှုကြောင့် အေအေက ပြည်သူလုထု၏ထောက်ခံမှုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာသေးခင်နှစ်များက ပြည်သူများအတွက် အားကိုးစရာ အစိုးရတစ်ရပ်မရှိခဲ့ကြောင်း သူက ညည်းညူပြောသည်။

“ရဲရင့်ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အေအေဟာ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့တယ်။ ရခိုင်ပြည်သူတွေဟာ သူတို့ရဲ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ဒါမှမဟုတ် ပြည်သူက တရားဝင်အာဏာအပ်နှင်းထားတဲ့ အစိုးရတစ်ရပ်ကို လိုလားတောင့်တနေကြတယ်”ဟု သူက ပြောသည်။

ကာကွယ်ဆေးဖြန့်ချိရေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်သူ လူ ၄၀ခန့်အနက် လေးယောက်တွင် ပိုးတွေ့ရှိကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပြီး နောက်တစ်လခန့်အကြာ ဇွန်လနှောင်းပိုင်းက စတင်ခဲ့သော ကိုဗစ်-၁၉တတိယလှိုင်းသည် မြန်မာနိုင်ငံအပေါ် များစွာထိခိုက်စေခဲ့သည်။ ထိုအချိန်မှ စတင်၍ ရခိုင်ပြည်နယ်တွင် တစ်ရက်လျှင် ရောဂါပိုးတွေ့ရှိသူဦးရေ ၁၀၀ဝန်းကျင်ခန့်ရှိခဲ့ပြီး ကိုဗစ်ကြောင့် ဒါဇင်နှင့်ချီ၍ လူသေဆုံးမှု ရှိခဲ့သည်။

ယင်းနောက်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက စစ်တွေမြို့တွင် ကွာရန်တင်းစင်တာများ ဖွင့်လှစ်လိုက်ကြသည်။  အေအေအဖွဲ့ကလည်း စစ်ကောင်စီ၏ ကာကွယ်ဆေးထိုးသည့်စီမံချက်အပါအဝင် မည်သည့်နည်းလမ်းနှင့်မဆို ကာကွယ်ဆေးနှံထိုးကြရန် လူထုကိုတိုက်တွန်းထားသည်။ 

စစ်တပ်အာဏာ သိမ်းပြီးတစ်လခန့်အကြာ မတ်လတွင် စစ်ကောင်စီက အေအေအဖွဲ့အား အကြမ်းဖက်စာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြင့် အေအေသည်  ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေးကို ထိထိရောက်ရောက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်နိုင်ခဲ့ပြီး  ရခိုင်ပြည်နယ်တွင် ရောဂါပိုးပျံ့နှံ့မှုကို ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ကူးစက်ခံရမှု မြင့်တက်လာသည်နှင့်အမျှ စစ်ကောင်စီ၏ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်လုပ်ဆောင်မှုအပေါ် ရခိုင်ပြည်သူများ၏ မကျေနပ်မှု မြင့်တက်လာသည်။

ဇူလိုင်လအစောပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၅၀နှင့် မိသားစုဝင်များ ကိုဗစ်-၁၉ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုဖြစ်ရပ်အပေါ်  စစ်ကောင်စီအာဏာပိုင်များက ကပ်ရောဂါတိုက်ဖျက်ရေးကို လုံလောက်စွာမလုပ်ဆောင်ခဲ့၍ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက စွပ်စွဲပြောဆိုခဲ့သည်။

ဇူလိုင်လတွင် ကာကွယ်ဆေးသုံးသန်း မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သြဂုတ်လအတွင်း နောက်ထပ်ဆေး သုံးသန်း ထပ်မံရောက်ရှိလာမည်ဟု စစ်ကောင်စီက ကြေညာထားခဲ့သည်။ ဇူလိုင်နှောင်းပိုင်းတွင် ရခိုင်ပြည်နယ်ရှိ အနည်းဆုံး မြို့နယ်သုံးခုတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်ရှိ ပုဂ္ဂလိကပိုင်အောက်ဆီဂျင်စက်ရုံများအား ထိန်းချုပ်ရန်နှင့် စစ်ကောင်စီ၏ကျန်းမာရေးဝန်ထမ်းများကို မီဒီယာများနှင့် စကားပြောခွင့်ပိတ်ပင်ရန် စစ်ကောင်စီ၏ လုပ်ဆောင်မှုက အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ဒေသခံများကို ပို၍ဒေါသထွက်စေခဲ့သည်။

ရခိုင်လူသားချင်းစာနာမှုညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူးနှင့် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကမူ စစ်ကောင်စီသည် အခြေအနေမှန်ကို နားလည်မှုမရှိသည့်အပြင် ဝါဒဖြန့်ရန်ပင် ကြိုးပမ်းနေကြောင်း ဖရွန်းတီးယားမြန်မာကိုပြောသည်။ 

“အစိုးရက အောက်ဆီဂျင်လုံလောက်မှုရှိတယ်လို့ ဝါဒဖြန့်နေတယ်။ အောက်ဆီဂျင်ပြတ်လပ်နေတဲ့အပြင် အောက်ဆီဂျင်ဗူးတွေလည်း လုံလောက်မှု မရှိဘူး”ဟု သူကပြောသည်။

ကိုဗစ်-၁၉၊ ဒုတိယလှိုင်းရိုက်ခတ်ချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းကာ AHCT ကို တည်ထောင်ခဲ့ပြီး ကိုဗစ်ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်ခဲ့သူများအတွက် ကွာရန်တင်းစင်တာများကို ဖွင့်လှစ်ခဲ့ကြသည်။

သို့သော် ကိုဗစ်-၁၉တတိယလှိုင်းအတွင်း စစ်တပ်ထံမှ ပူးပေါင်းမှုမရရှိခဲ့ကြောင်း AHCT အဖွဲ့ကပြောသည်။  နာမကျန်းဖြစ်နေသူအများစုသည် ဆေးရုံတက်ရောက်ကုသခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ပြည်သူအများသည် မိသားစုဝင်များနှင့် မိတ်ဆွေများအကြား ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူများကို နေအိမ်တွင်ထားကာ   ၎င်းတို့အတွက် လိုအပ်သည့် ဆေးဝါးနှင့် အောက်ဆီဂျင်ရရှိရန် အသည်းအသန် ရုန်းကန်ကြရသည်။

ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက စစ်တပ်၏ ကိုဗစ်−၁၉ ကပ်ရောဂါအား ကိုယ်တွယ်ဖြေရှင်းမှုကို  မကျေနပ်ကြောင်း ပြောသည်။

“သူတို့ကိုယ်သူတို့ အစိုးရတစ်ရပ်လို့ထင်ရင် အစိုးရတစ်ရပ်လို လုပ်ပေးရမယ်။ ဒါပေမဲ့ သူတို့က  ပြည်သူတွေကိုဖိနှိပ်တဲ့ သက်ဦးဆံပိုင်အုပ်ချုပ်သူ ပုံစံမျိုးလုပ်ဆောင်နေတယ်”ဟု ဦးဇော်ဝင်းက ဇူလိုင် ၂၈ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ကျနော်တို့ စစ်အစိုးရကို အယုံအကြည်မရှိဘူး။ ဘာလို့လဲဆိုတော့ စစ်မှန်တဲ့အစိုးရတစ်ရပ်ဆိုတာ အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်မှုတွေ မလုပ်ဘူး။ နိုင်ငံအနှံ့မှာ ပြည်သူတွေဟာ လုံခြုံမှုမရှိတော့ဘူး”ဟု သူကထပ်လောင်း ပြောကြားခဲ့သည်။

ဆောင်းပါးရှင်ကျော်ဆန်းလှိုင်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် တိုင်းရင်းသားရေးရာ ပြဿနာများ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာဆောင်းပါးများကိုရေးသားနေသော အလွတ်တန်းသုတေသီနှင့် သတင်းသမားတစ်ဦးဖြစ်သည်။ သူသည် ၂၀၂၁ လူ့အခွင့်အရေးဆိုင်ရာ စာနယ်ဇင်းဆုရှင်တစ်ဦးလည်း ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.