ရန်ကုန်၊ ရွှေပြည်သာမြို့နယ်အတွင်းက အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ပစ္စည်းကောက်ယူသူများကို ဇူလိုလက မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဖရွန်းတီးယား)

‘အသက်ရှူကျပ်တယ်’-ကမ္ဘာအနှံ့က အမှိုက်များအကြား မြန်မာလူထု နေထိုင်ရ

ရန်ကုန်မြို့၏ ရပ်ကွက်အချို့ရှိ ပြည်သူအများသည် အိမ်အပြင်ဘက်နှင့် ရေမြောင်းစနစ်များကိုပါ ပိတ်ဆို့စေသည့် အမှိုက်များကြားတွင် နေထိုင်ကြရသည်။ အမှိုက်အများစုမှာ ဒေသခံများ၏ စွန့်ပစ်ပစ္စည်းဖြစ်သော်လည်း အချို့မှာ ကမ္ဘာအနှံ့မှ ရောက်ရှိလာသည်။

ခြောက်လကြာ စုံစမ်းပြီးနောက် ပြည်ပကုမ္ပဏီများ အလွယ်တကူ အမြတ်ထုတ်နေသည့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပလတ်စတစ်အမှိုက်ကုန်ကူးမှု၏ လျှို့ဝှက်ကွင်းဆက်တစ်ခုကို ဖရွန်တီးယားသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့သည်။ ကြွယ်ဝချမ်းသာသည့် နိုင်ငံများသည် မြန်မာနိုင်ငံကို အမှိုက်ပုံသဖွယ် အသုံးချနေသည့် သက်သေအထောက်အထားများ တွေ့ရှိရကြောင်းကို ဖရွန်းတီးယားက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ဤသတင်းတင်ဆက်မှုကို စုံစမ်းထုတ်ဖော်ခြင်းဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်သည့် Lighthouse Reports အပြင် နိုင်ငံငါးခုက သတင်းဌာနများနှင့် ပူးပေါင်းဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါဖော်ထုတ်မှုအရ မြန်မာသည် လာမည့်နှစ်များတွင် ပြည်ပမှ တင်သွင်းသည့် ပလတ်စတစ်အမှိုက်များ ပြည့်နှက်လာနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။

ဤဆောင်းပါးသည် စုံစမ်းဖော်ထုတ်သတင်းတင်ဆက်မှု၏ ပထမအပိုင်းဖြစ်သည်။ ဒုတိယအပိုင်းကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။

အယ်လ်လီဂရာ မန်ဒယ်လ်ဆင်နှင့် ရေချယ်မွန်း ‌ရေးသားသည်။

ရန်ကုန်အနောက်မြောက်ပိုင်းရှိ ရွှေပြည်သာမြို့လမ်းမများတစ်လျှောက် တောင်လိုပုံနေသည့် အမှိုက်ပုံများကို ဖြတ်သန်း၍ တိုက်ခတ်လာသော လေထုက အနံ့အသက်ဆိုးများ သယ်ဆောင်လာလေ့ရှိသည်။ အမှိုက်ပုံအချို့က ၁၀ပေခန့်အထိ စုပုံနေပြီး ကွန်ကရစ်လမ်း တစ်ဖက်တစ်ချက်ရှိ အိမ်များနှင့် တန်းတူမြင့်သည်။

“အမှိုက်ပုံက အနံ့တွေက တော်တော်ဆိုးတယ်။ ညဘက်တံခါးတွေပိတ်ထားရင် လေမဝင်ပေမဲ့ အရှေ့ဘက် လေတိုက်လာရင်တော့ အတော်ဆိုးတာဗျ” ဟု ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်တွင် နေထိုင်သည့် ဦးဇေယျာကျော်မိုး*က ပြောသည်။ “လူကြီးတွေတောင် တစ်ခါတလေ အသက်ရှုတော်တော်ကျပ်တာ ကလေးတွေအတွက်ဆို အရမ်းအန္တရာယ်များတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းသည် အမှိုက်ပုံတစ်ခု၏ မျက်နှာချင်းဆိုင်ရှိ နှစ်ထပ်အိမ်တွင် ဇနီးသည်၊ သမီးဖြစ်သူတို့နှင့် နေထိုင်သည်။ ထိုအမှိုက်ပုံသည် ယခုနှစ်အစောပိုင်းကမှ ပေါ်လာတာဖြစ်ပြီး အမှိုက်ပုံဆက်ရှိနေလျှင် မကြာခင် အိမ်ပြောင်းတော့မည်ဟု သူက ဖရွန်းတီးယားသို့ ပြောသည်။

သို့သော် ထိုအမှိုက်တချို့တစ်ဝက်၏ မူလဇစ်မြစ်မှာ မြန်မာနိုင်ငံမှမဟုတ်ပေ။ ၎င်းတို့၏ တိုင်းပြည်များတွင် ပြန်လည်သန့်စင်သုံးစွဲရန် ခက်ခဲခြင်း သို့မဟုတ် စွန့်ပစ်ရန် ကုန်ကျစရိတ်ကြီးမားလှသဖြင့် ပြည်ပကုမ္ပဏီများက အမှိုက်ပစ်ရန် ပိုလွယ်သော နည်းလမ်းရှာဖွေရာ ဤစွန့်ပစ်ပစ္စည်းများသည် ကီလိုမီတာ ထောင်သောင်းချီဝေးသည့် နိုင်ငံများမှ မြန်မာပြည်သို့ ရောက်ရှိလာသည်။

ဇန်နဝါရီမှ ဇွန်အတွင်း ရွှေပြည်သာမြို့နယ်သို့  ဖရွန်းတီးယားက အကြိမ်ကြိမ်သွားရောက်လေ့လာခဲ့ရာ မြန်မာပြည်က ဈေးဝယ်ကုန်တိုက်များတွင် ရောင်းချခြင်းမရှိသည့် ကုန်ပစ္စည်းထုတ်ပိုးရာတွင် အသုံးပြုသော ပလက်စတစ်အမှိုက်များကို မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ဗြိတိန်၊ ပိုလန်နှင့် ကနေဒါနိုင်ငံတို့ရှိ ကုမ္ပဏီများက ပစ္စည်းထုတ်ပိုးရာတွင် သုံးသော ပလက်စတစ်အမှိုက်များ ပါဝင်သည်။

မြန်မာနိုင်ငံအတွင်းက သုံးပြီးပစ္စည်းပြန်လည်သန့်စင်သည့် လုပ်ငန်းရှင်များက လူသုံးကုန်များထုတ်လုပ်ရန် ပြည်ပမှ ပလတ်စတစ်အမှိုက်များ လိုချင်သော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ စည်းမျဥ်းများ တင်းပ်မှုမရှိသဖြင့် ဥပဒေလက်တစ်လုံးခြားလုပ်သည့်ဖြစ်စဉ်များ ပေါ်ပေါက်ကာ ဒေသခံများသာမက သဘာဝပတ်ဝန်းကျင်အပေါ်ကိုပါ အန္တရာယ်ကျရောက်စေသည်။

သို့တိုင် ၂၀၂၁ အာဏာသိမ်းမှုအလွန်တွင် စစ်ကောင်စီက ရန်ရှာမည်စိုး၍ ဖရွန်တီးယားနှင့်တွေ့ဆုံခဲ့သည့် ရွှေပြည်သာဒေသခံ အများစုကမူ အာဏာပိုင်များကို အမှိုက်ကိစ္စ တိုင်ကြားရန် ကြောက်ရွံ့နေကြသည်။

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲအတွင်း မြန်မာစစ်တပ်သည် ၎င်းကို ဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နင်းသည့်အပြင် လူထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သည်။ စစ်တပ် အမျက်ရှမည့်ရန်နှင့် နေအိမ်ရှေ့ အမှိုက်ပစ်ခံနေရသည့် ဒုက္ခတို့အကြား ရွှေပြည်သာ ဒေသခံများအတွက်မူ အနံ့အသက်ဆိုးနှင့် ကျန်းမာရေးထိခိုက်ခံရုံကလွဲ၍ ကျရွေးချယ်စရာမရှိပေ။

လက်သည် ဘယ်သူလဲ

ရွှေပြည်သာတွင် ယခင်က စွန့်ပစ်အမှိုက်များ ယခုလောက်မများပြားခဲ့ပေ။ ရွှေပြည်သာကို ၁၉၈၆တွင် ရန်ကုန်မြို့၏ တိုးချဲ့ဧရိယာအဖြစ် တည်ထောင်ခဲ့သည်။ မြို့အမည်သည် သာယာဝပြောသည့် အနက်အဓိပ္ပါယ်ဆောင်သော်လည်း လက်ရှိတွင်မူ ရပ်ကွက်တိုင်း၊ လမ်းတိုင်းနီးပါး ပလတ်စတစ်များ၊ အမှိုက်သရိုက်များနှင့်သာ ပြည့်နှက်နေသည်။

ရွှေပြည်သာသည် ရန်ကုန်၏ အကြီးဆုံး စက်မှုဇုန်မြို့နယ်များအနက် တစ်ခုဖြစ်လာပြီး တောင်ဘက်တွင် လှိုင်သာယာမြို့နယ်ရှိသည်။ ရန်ကုန်ရှိ အခြားနေရာများတွင် အမှိုက်ပုံများရှိသော်လည်း ရွှေပြည်သာ၏ တမူထူးခြားသော မြို့တည်ပုံက အမှိုက်ပစ်လိုသူများအတွက် မျက်စိကျစရာပင်။

ရွှေပြည်သာမြို့တည်စဥ်က မြို့ပြစီမံကိန်းတွင် အပန်းဖြေအနားယူရန် အိမ်ခြေ (၁၀၀)လျှင် ပန်းခြံတစ်ခုထားရှိရန် မြေလွတ်များဖန်တီးပေးခဲ့သည်ဟု မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာနေသည့် သုတေသီ ဂျက်ကာမီရှဲလ်*ကပြောသည်။

သို့သော်လည်း နောက်ပိုင်းတွင် ရန်ပုံငွေမရှိခြင်း မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အားနည်းမှုတို့ကြောင့် ထိုမြေကွက်များမှာ အလွတ်အတိုင်းရှိနေရာ လူအများ အမှိုက်ပစ်ရန် “နေရာကောင်း” ဖြစ်လာသည်ဟု ၎င်းက ဆိုသည်။ ရွှေပြည်သာနှင့်မတူသည်က လှိုင်သာယာမြို့နယ်မှာမူ “လူနေထိုင်မှု သိပ်သည်းလွန်းတာကြောင့် အမှိုက်ပစ်ဖို့နေရာလွတ်ကလည်း ပိုနည်းသွားတယ်လေ”ဟု ၎င်းက ဖြည့်စွက်သည်။

ရွှေပြည်သာအတွင်းက စက်ရုံများသည် မြို့နယ်အတွင်းရှိ စွန့်ပစ်အမှိုက်အများစုအတွက် တစ်စိတ်တစ်ပိုင်း တာဝန်ရှိသော်လည်း ၎င်းတို့ကို အလုံးစုံ အပြစ်တင်၍မရပေ။

ဖရွန်တီးယားက အတည်ပြုခဲ့သည့် စွန့်ပစ်အမှိုက်များထဲတွင် Lidl ၊ Unico Penne Rigate ၊ Foremost ၊ Kasztelan ၊ Spomlek နှင့် Oikos ကုမ္ပဏီများက အသုံးပြုသော ထုပ်ပိုးပစ္စည်းများ ပါဝင်သည်။ ထိုကုမ္ပဏီများသည် မြန်မာပြည်သို့ ကုန်ပစ္စည်းများ တင်သွင်းခြင်းမရှိပေ။

မြန်မာနိုင်ငံတွင်းရှိအမှိုက်များ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယား၊ သြစတေးလျ၊ ဗီယက်နမ်နှင့် အမည်ခေါ်ရခက်သည့် အာဖရိကနိုင်ငံအချို့မှလာကြောင်း ပလက်စတစ်သန့်စင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းခိုင်*က ဆိုသည်။ ၎င်းသည် စွန့်ပစ်အမှိုက်များ ပြည်တွင်းသို့ တင်သွင်း၍ ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ပစ္စည်းများအဖြစ် သန့်စင်သည့် လုပ်ငန်းတစ်ခုကို မန္တလေးမြို့တွင် လုပ်ကိုင်လျက်ရှိသည်။

ရွှေပြည်သာမြို့နယ်ရှိ အမှိုက်ပုံထက်တွင်တွေ့ရသည် ပြည်ပမှလာသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ (ဓာတ်ပုံ – ပေးပို့)

မြန်မာသို့ ပစ္စည်းတင်သွင်းခြင်းမရှိကြောင်းနှင့် ၎င်းတို့၏ ထုပ်ပိုးပစ္စည်းများ မြန်မာသို့ ရောက်ရှိနေသည်ကို မသိရှိကြောင်း ပိုလန်အခြေစိုက် ချိစ်ကုမ္ပဏီ Spomlek ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။ ၎င်းတို့ ကုမ္ပဏီအနေဖြင့် “စည်းမျဥ်းများနှင့်အညီ စွန့်ပစ်အမှိုက်များကို စီမံခန့်ခွဲသည်”ဟု အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Kaztelan ဘီယာ ထုတ်လုပ်သည့် Carlsberg Polska ကုမ္ပဏီကလည်း ၎င်းတို့သည် ပိုလန်နိုင်ငံပြင်ပသို့ စွန့်ပစ်အမှိုက်များ မတင်ပို့သည့်အပြင် မြန်မာနိုင်ငံသို့လည်း တင်သွင်းခြင်းမရှိဟု ငြင်းဆိုသည်။ မြန်မာပြည်တွင် တွေ့ရှိရသည့် ၎င်းတို့၏ စွန့်ပစ်အမှိုက်များမှာ အခြားသုံးစွဲသူများထံမှ ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။

ကနေဒါ ကုမ္ပဏီများဖြစ်သည့် Unico Penne Rigate နှင့် Foremost တို့ မှတ်ချက်ပြုရန် ငြင်းဆိုသည်။ ထို့ပြင် Oikos တံဆိပ် ဒိန်ချဥ်ထုတ်လုပ်သည့် Danone North America ကို ဤဆောင်းပါးအတွက် မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ကြခြင်း မရှိပေ။ ကမ္ဘာပေါ်တွင် ပလတ်စတစ် အများဆုံး ထုတ်လုပ်သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Danone သည် ပြင်သစ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုဖြင့် တရားရင်ဆိုင်နေရသည်။

ဖရွန်တီးယားက တွေ့ရှိခဲ့သည့် ပြည်ပမှလာသော စွန့်ပစ်ထုပ်ပိုးပစ္စည်းအများစုသည် Lidl ကုမ္ပဏီ၏ ဗြိတိန်လုပ်ငန်းခွဲမှ လာသည်။ Lidl သည် ဥရောပတိုက် အနှံ့အပြားတွင် လုပ်ငန်းခွဲ အများအပြားရှိသော ဂျာမနီအခြေစိုက် ဈေးဝယ်ကုန်တိုက်လုပ်ငန်းစုတစ်ခုဖြစ်သည်။ ၎င်းတို့တွင် အလွန်အားကောင်းသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒရှိသည်ဟုလည်း Lidl ကုမ္ပဏီက ဂုဏ်ယူဝင်ကြွားစွာ ပြောလေ့ရှိသည်။

Lidl UK တံဆိပ်ပါ စွန့်ပစ်ထုပ်ပိုးပစ္စည်းများသည် မြန်မာသို့ တင်ပို့ပစ္စည်းမဟုတ်ဘဲ ၎င်းကုမ္ပဏီ၏ စွန့်ပစ်ပစ္စည်းကုန်လှောင်ရုံမှ လာခြင်းဖြစ်သည်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် ထိုအမှိုက်များကို မြန်မာပြည်အတွင်းက သုံးစွဲသူများစွန့်ပစ်ခြင်း မဟုတ်ဘဲ ကုမ္ပဏီကိုယ်တိုင်က စွန့်ပစ်ခြင်းဟု ပြောနိုင်ကြောင်း ဓာတ်ပုံများကို ကြည့်ရှုခွင့်ရခဲ့သည့် အဆိုပါကုမ္ပဏီ၏ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

သို့တိုင် ၎င်း၏ ပလတ်စတစ်အမှိုက်အားလုံးကို “ဗြိတိန်နိုင်ငံအတွင်းတွင်သာ စွန့်ပစ်”‌ကြောင်း Lidl ၏ ဗြိတိန်လုပ်ငန်းခွဲက ဖရွန်းတီးယားသို့ ပြောသည်။ ထို့ပြင် “Lidl က မည်သည့်အာရှနိုင်ငံကိုမဆို စွန့်ပစ်အမှိုက်များ သို့မဟုတ် ပြန်လည်သန့်စင်သုံးစွဲနိုင်သည့်ပစ္စည်းများ တင်ပို့ရာတွင် တင်းကျပ်သော မူဝါဒရှိသည်”ဟု အဆိုပါကုမ္ပဏီက ဆိုသည်။

Lidl ၏ ပိုလန်လုပ်ငန်းခွဲ အမှတ်တံဆိပ်ဖြင့် ပစ္စည်းထုပ်ပိုးသည့် တိပ်အပိုင်းအစများလည်း ရွှေပြည်သာမြို့နယ်တွင် တွေ့ရှိခဲ့သည်။ သို့သော် ၎င်းတို့ထံမှ စွန့်ပစ်အမှိုက်များကို အခြားတဆင့်ခံကုမ္ပဏီများသို့ ပေးပို့သည်ဟု Lidl ၏ ပိုလန်လုပ်ငန်းခွဲ၊ ပြင်ပဆက်ဆံရေး ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ယင်းသို့ပေးပို့ပြီး စာချုပ်ချုပ်ဆိုတိုင်း “ထုပ်ပိုးစွန့်ပစ်ပစ္စည်းများကို ဥရောပသမဂ္ဂအတွင်းတွင်သာ ပြန်လည်သန့်စင်သုံးစွဲရမည်”ဟူသည့် ပြဋ္ဌာန်းချက်ကို ထည့်သွင်း‌ကြောင်း ၎င်းက ဆိုသည်။

သန်းချီတန်သည့် ကုန်သွယ်မှု

မည်သို့ပင်ဆိုစေ ဖရွန်တီးယားက တွေ့ရှိခဲ့သည့် ပလတ်စတစ်အမှိုက်ပမာဏသည် အပေါ်ယံမျှသာ ရှိသည်။ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသတင်းအချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုဒ် UN Comtrade ၏ အဆိုအရ ၂၀၁၇ မှ ၂၀၂၂ အတွင်း ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း၇၀ကျော်တန် ပလတ်စတစ်အမှိုက်များ တင်ပို့ခဲ့သည်။ ထိုစွန့်ပစ်ပစ္စည်းများသည် ပမာဏအားဖြင့် ၁၄၃,၀၀၀တန် ရှိပြီး ထိုင်းမှတစ်ဆင့် မြန်မာသို့ တန်ချိန် ၁၁၄,၀၀၀ ကျော် တင်သွင်းခဲ့သည်။ ငါးနှစ်အတွင်း တင်သွင်းသည့် ထိုပမာဏသည် တစ်ရက်လျှင် တန်ချိန်၂,၀၀၀ထွက်သည့် မြန်မာနိုင်ငံ၏ ငါးနှစ်တာ အမှိုက်ထွက်နှုန်းနှင့် နှိုင်းယှဉ်လျှင် တစ်စိတ်တစ်ပိုင်းမျှသာ ရှိသည်။ သို့သော် ထိန်းချုပ်ကွပ်ကဲမှု ဆက်လက်အားနည်းနေပါက အချိန်ကြာလာသည်နှင့်အမျှ မြန်မာသို့ တင်သွင်းသော အမှိုက်ပမာဏသည် သိသိသာသာ မြင့်တက်လာဖွယ်ရှိသည်။

ထိုင်းနှင့်မြန်မာတို့သည် ပြည်ပနိုင်ငံများ အစဉ်အမြဲ အမှိုက်စွန့်ပစ်ရာ နိုင်ငံများမဟုတ်ပေ။ ယခင်က ကမ္ဘာပေါ်တွင် ပလတ်စတစ်အမှိုက် အများဆုံး လက်ခံတင်သွင်းသူမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စွန့်ပစ်အမှိုက်စုစုပေါင်း၏ ၄၅ရာခိုင်နှုန်းကျော်ကို လက်ခံခဲ့သည်။ သို့သော် ရေထုနှင့် လေထု ပိုမိုညစ်ညမ်းလာခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည်သန့်စင်သည့်လုပ်ငန်းများ ကျဆင်းလာခြင်းတို့ကြောင့် တရုတ်က ၂၀၁၇တွင် ပလတ်စတစ်အမှိုက် တင်သွင်းမှုကို ပိတ်ပင်ခဲ့သည်။ ထိုမှစ၍ အမှိုက်ပုံရန် နေရာသစ်ရှာဖွေသူများသည် တရုတ်အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသို့ ခြေဦးလှည့်လာသည်။

ဒေသတွင်း အဆင်းရဲဆုံးတိုင်းပြည်တစ်ခုဖြစ်ပြီး  တရားဥပဒေစိုးမိုးမှု အလွန်အားနည်းသဖြင့် မြန်မာနိုင်ငံကို လွယ်လင့်တကူပင် ရွေးချယ်လိုက်ကြသည်။ တရုတ်က ပိတ်ပင်လိုက်သည့် ပထမနှစ်တွင် မြန်မာနိုင်ငံသို့ ပလတ်စတစ်အမှိုက် တင်သွင်းမှုပမာဏ အလွန်အမင်းမြင့်တက်ခဲ့သည်။ ၂၀၁၇တွင် ၁,၈၅၅ တန်သာ တင်သွင်းရာမှ ၂၀၁၈ တွင် တန်ချိန် ၇၁,၀၅၀ အထိ ပမာဏအများအပြား တင်သွင်းခဲ့သည်။ နောက်တစ်နှစ်တွင် မြန်မာအစိုးရက ပလတ်စတစ်အမှိုက်များကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်ပစ္စည်းစာရင်းသို့ ထည့်သွင်းခဲ့ကာ ကုန်သွယ်မှုကို ပိတ်ပင်ခဲ့သည်။ သို့တိုင် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများသည် ယခင်က သင်္ဘောကွန်တိန်နာ ၄၀၀၀ ခန့် ပမာဏရှိသော အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့ခဲ့သည်။ နောက်ပိုင်းတွင် မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း ပို့ဆောင်ခဲ့ရာ အဆိုပါ နိုင်ငံများက မကြာမီတွင် ပလတ်စတစ်အမှိုက် တင်သွင်းမှုကို ပိတ်ပင်လိုက်သည်။

နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုကြောင့် ၂၀၂၁တွင် ပလတ်စတစ်အမှိုက်ဆိုင်ရာ စည်းမျဉ်းပြင်ဆင်ချက်ကို ဘေဆယ်လ်ကွန်ဗင်းရှင်း (Basel Convention) တွင် ထည့်သွင်းခဲ့သည်။ Basel Convention သည် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ကုန်သွယ်မှုကို ထိန်းချုပ်သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ် ဖြစ်သည်။ ထိုစာချုပ်ကို အမေရိကန်၊ တီမော၊ ဖီဂျီနှင့် တောင်ဆူဒန် တို့မှအပ ကျန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်နာမည်ဖြစ်ကြောင်း သဘောတူလက်မှတ် ရေးထိုးထားသည်။

သဘောတူစာချုပ်၏ ပြင်ဆင်ချက်အသစ်တွင် ဘေးအန္တရာယ်ဖြစ်စေသည့် ပလတ်စတစ်အမှိုက်တင်ပို့မှုကို ပိတ်ပင်ပြီး ရောနှောအမှိုက်များကို စနစ်တကျစွန့်ပစ်သည့် နိုင်ငံများသို့သာ တင်ပို့ရန်နှင့် မတင်ပို့မီ ၎င်းလက်ခံမည့်နိုင်ငံများကို ကြိုတင်အကြောင်းကြားရန်တို့ ပါရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ရွှေပြည်သာကဲ့သို့ နေရာများတွင် အမှိုက်များ ဆက်၍စုပုံရောက်ရှိနေပြီး ပြည်ပနိုင်ငံများကလည်း ကြိုတင်အကြောင်းမကြားဘဲ ပလတ်စတစ်အမှိုက်များ ဆက်လက်စွန့်ပစ်နေသည်။

ကနေဒါနိုင်ငံက ၎င်း၏ပြည်ပပို့ကုန်များကို ၂၀၂၁မှစ၍ စတင်ခြေရာခံခဲ့သည်။ ထိုအချိန်မှစ၍ ပလတ်စတစ်အမှိုက် တင်ပို့သော ကနေဒါကုမ္ပဏီများက မြန်မာသို့ ကြိုတင်အကြောင်းကြားခဲ့သည့် အထောက်အထား တစ်ခုကိုမျှ ဖရွန်တီးယားက မတွေ့ရှိခဲ့ပါ။ ထိုကာလမှစ၍ မြန်မာ သို့မဟုတ် ထိုင်းသို့ အမှိုက်တင်ပို့ရန် မည်သူ့ကိုမှ ခွင့်ပြုထားခြင်းမရှိကြောင်း ကနေဒါအစိုးရ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာတီဥတုပြောင်းလဲမှုရေးရာဌာန (Environment and Climate Change Canada) က ဆိုသည်။ သို့တိုင် ကနေဒါမှလာသည့် လတ်စတစ်အမှိုက် တန်ချိန် ၅,၉၀၀ သည် ထိုင်းသို့လည်းကောင်း၊ ၂၄တန်နီးပါးသည် မြန်မာသို့လည်းကောင်း ရောက်ရှိနေသည်။

စပိန်ကလည်း ယမန်နှစ်က ပလတ်စတစ်အမှိုက်တန်ချိန် ၄၇၀ကျော်ကို မြန်မာသို့ တင်ပို့ခဲ့ကြောင်း စပိန်အစိုးရက UN Comtrade သို့ ပေးပို့သည့် အချက်အလက်များအရ သိရသည်။ ထိုအမှိုက်များမတင်ပို့မီ စပိန်က မြန်မာအား ကြိုတင်အကြောင်းကြားခဲ့ကြောင်း သက်သေအထောက်အထားတစ်ခုမှ မတွေ့ရှိခဲ့ရပေ။ စပိန်နိုင်ငံ၏ ဂေဟစနစ်ကူးပြောင်းခြင်းဆိုင်ရာဝန်ကြီးဌာနက မှတ်ချက်ပေးရန်တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပါ။

Basel Convention လိုက်နာရေးအတွက် မြန်မာနိုင်ငံ၏ အဓိကတာဝန်ရှိအဖွဲ့အစည်းဖြစ်သော စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို စွန့်ပစ်အမှိုက်တင်သွင်းမှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ဖရွန်းတီးယားက တယ်လီဖုန်း၊ အီးမေးလ်နှင့် စာတိုက်တို့ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။

ဥရောပသမဂ္ဂက ၂၀၂၁တွင် ရောနှော သို့မဟုတ် မသန့်စင်သော စွန့်ပစ်ပစ္စည်းများကို OECD အဖွဲ့ဝင်မဟုတ်သော မည်သည့်နိုင်ငံကိုမှ တင်ပို့ခြင်းမပြုရန် တားမြစ်ခဲ့သည်။ OECD အဖွဲ့တွင် ချမ်းသာကြွယ်ဝသော နိုင်ငံပေါင်း ၃၈ခု ပါဝင်သည်။ လက်ရှိတွင် မည်သည့်နိုင်ငံသို့မဆို ပလတ်စတစ်အမှိုက် တင်ပို့မှုကို တားမြစ်ရန် ဥရောပသမဂ္ဂက စဥ်းစားနေသည်။

မြန်မာနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် "မြန်မာနိုင်ငံအတွင်းမှာ  ဥရောပသမဂ္ဂကလာတဲ့ အသုံးပြုပြီးထုပ်ပိုးပစ္စည်းတစ်ခုခုကို မြင်ရတာနဲ့တင် ဒါဟာ တရားမဝင် စွန့်ပစ်အမှိုက် ကုန်ကူးမှုလို့ အသေအချာ ပြောလို့ရပါတယ်"ဟု အမေရိကန်အခြေစိုက် Basel Action Network အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဂျင်မ်ပက်ကတ်က ဆိုသည်။ Basel Action Network သည် အဆိပ်အတောက်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများ တင်ပို့မှုတိုက်ဖျက်ရေးတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"အစိုးရတွေက ပလတ်စတစ်နဲ့ ပတ်သက်တဲ့ သဘောတူစာချုပ်ပြင်ဆင်ချက်တွေကို လိုက်နာချင်တဲ့စိတ် မရှိဘူး။ ပါဝင်ပတ်သက်နေတဲ့ ငွေကြးပမဏ အရမ်းများတဲ့အတွက် အစိုးရတွေက ဒီကိစ္စကို မျက်နှာလွှဲလေ့ရှိတယ်။ ကုလသမဂ္ဂက ပလတ်စတစ်အမှိုက် စွန့်ပစ်မှုသဘောတူစာချုပ် ပြင်ဆင်ချက်အသစ်တွေအကြောင်း တာဝန်ရှိသူတွေကို ပညာပေးသင်တန်းတွေ လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ဒါဟာ ပညာပေးရုံနဲ့ ပြေလည်သွားမယ့် ပြဿနာ မဟုတ်တော့ဘူး။ ဒါက အကျိုးစီးပွားပြဿနာ၊ အာဏာပိုင်တွေရဲ့ ပြဿနာနဲ့ နိုင်ငံရေးစိတ်ဆန္ဒ (မရှိ)တဲ့ ပြဿနာတွေ ဖြစ်သွားပြီ"ဟု ပက်ကတ်က ပြောသည်။

UN Comtrade ၏ အချက်အလက်များအရ နိုင်ငံများက စတင်ပိတ်ပင်ပြီးနောက် စွန့်ပစ်ပစ္စည်းကုန်သွယ်မှု ကျဆင်းခဲ့သည်။ ၂၀၂၁တွင် မြန်မာနိုင်ငံသို့ ပလတ်စတစ်အမှိုက်တင်ပို့မှုသည် ၁၃,၀၈၄ တန်မှ ၉,၃၀၀ တန်အထိ ကျဆင်းခဲ့သည်။ သို့သော် မည်သည့်နိုင်ငံကမှ စွန့်ပစ်ပစ္စည်းတင်သွင်းမှုကို လုံးဝရပ်တန့်လိုက်ခြင်းမပြုပေ။ ကမ္ဘာ့နိုင်ငံများသည် မြန်မာသို့ နှစ်စဥ် အမှိုက်တန်ချိန် ထောင်နှင့်ချီ ဆက်လက်ပို့ဆောင်နေသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများဆွေးနွေးနေပြီး လာမည့်နှစ်ကုန်တွင် အပြီးသတ်ရန် ရည်မှန်းထားသည့် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာပလက်စတစ်သဘောတူစာချုပ် (UN Global Plastics Treaty)တွင် ပလက်စတစ်အမှိုက်တင်ပို့မှုကို လုံးဝတားမြစ်ပိတ်ပင်သင့်သည်ဟု စွန့်ပစ်အမှိုက်ထိန်းချုပ်ရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။

"Basel ပလတ်စတစ်ပြင်ဆင်ချက်က အလုပ်မဖြစ်ဘူး။ နိုင်ငံတစ်နိုင်ငံချင်းစီက တာဝန်ယူဖို့လိုတယ်။ ကြောင်သူတော်တွေ လုပ်မနေကြဘဲ ကိုယ့်အမှိုက်ကို ကိုယ့်နိုင်ငံထဲမှာပဲ ပစ်သင့်တယ်။ ဒါမှမဟုတ်လည်း အမှိုက်တွေ သိပ်မထွက်စေနဲ့ပေါ့"ဟု အမေရိကန်အခြေစိုက် The Last Beach Cleanup အဖွဲ့တည်ထောင်သူ ဂျန်ဒဲလ်က ပြောသည်။ The Last Beach Cleanup သည် ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အသိပညာပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ဒါကိုပိုကောင်းလာအောင်လုပ်ဖို့ ဘာမှမရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ပလတ်စတစ်အမှိုက် တင်ပို့မှုဆိုတာလည်းမရှိဘူး"ဟု ဂျန်ဒဲလ်က ပြောသည်။

'များလေကောင်းလေ'

ပြည်ပကုမ္ပဏီများက ၎င်းတို့၏ ပလတ်စတစ်အမှိုက်များကို ဥပဒေအရ ထိန်းချုပ်မှုအားနည်းသည့် နေရာများသို့ ပို့ဆောင်လိုသည်။ အထူးသဖြင့် အာဏာသိမ်းမှုနောက်ပိုင်း အသစ်ထက်ဈေးပိုသက်သဖြင့် ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်သော ပလက်စတစ်များ မြန်မာပြည်တွင် ဝယ်လိုအားမြင့်နေသည်။ ထို့ကြောင့် ပြည်အတွင်းက ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်သောပစ္စည်းထုတ် လုပ်ငန်းများက ပလက်စတစ်အမှိုက် များများလိုချင်သည်။

ကိုထင်ကျော်ဝင်းသည် ပြည်ပမှ ပလတ်စတစ်အမှိုက်များကို ပြည်တွင်းကုန်ကြမ်းများနှင့် ရောနှောကာ ဆန်နှင့်ပဲ ထုပ်ပိုးရာတွင် သုံးသည့် ဆာလာအိတ်များ ထုတ်လုပ်သည်။ မန္တလေးမြို့က အမှိုက်ပြန်လည်သန့်စင်စက်ရုံပိုင်ရှင် ဦးအောင်ကြည်ရှည်*ကမူ ပြည်ပမှလာသည့် စွန့်ပစ်ပစ္စည်းများကို သုံး၍ ပလက်စတစ်အောက်ခံပြားများ ပြုလုပ်ပြီး အခြားစက်ရုံများသို့ ရောင်းသည်။ အဆိုပါ ပလက်စတစ် အောက်ခံပြားများသည် အရွယ်အစား အသင့်အတင့်ရှိပြီး ကုန်ထုတ်လုပ်ငန်း အချို့တွင် အသုံးပြုသည်။

"ပြန်လည်သန့်စင်လုပ်ငန်းရှင်တွေနဲ့ စကားပြောကြည့်တိုင်း သိရတာကတော့ သူတို့ဟာ ပြည်ပကလာတဲ့ စွန့်ပစ်ပစ္စည်းတွေ 'ပိုလိုချင်ကြတယ်' ဆိုတာပါပဲ။ အဲဒါက သူတို့အတွက် ရေရှည်မှာ စျေးပိုသက်သာပြီး အရည်အသွေးလည်း ပိုကောင်းတယ်။ သုံးရလွယ်သလို သိပ်ပြီးလည်း မညစ်ပတ်ဘူး၊ ပိုပြီးလည်းစိတ်ချရတယ်ပေါ့"ဟု မီရှဲလ်က ပြောသည်။

မန္တလေးမြို့တွင် အမှိုက်ပြန်လည်သန့်စင်သည့် စက်ရုံနှစ်ခုပိုင်ဆိုင်သော ဦးထွန်းခိုင်ကမူ ပြည်ပမှလာသော ပလတ်စတစ်အမှိုက်များသည် "ပိုမိုသန့်ရှင်းသဖြင့်" ၎င်းတို့ကို ပိုလိုချင်သည်ဟု ဖရွန်တီးယားသို့ ပြောသည်။

"ကျနော်တို့က ပိုက်ဆံပိုပေးရပေမဲ့ ပြည်ပကလာတဲ့ အမှိုက်တွေကို ပိုလိုချင်တယ်။ ပြည်တွင်းက အမှိုက်တွေက ဆေးရ၊ ကြောရတဲ့အဆင့် ပိုများတယ်"ဟု ၎င်းက ပြောသည်။

အခြားနိုင်ငံများတွင် ပလတ်စတစ်ရေသန့်ဘူးများကို တစ်ခါသုံးပြီးလျှင် စွန့်ပစ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ "အကြိမ်ကြိမ်အခါခါပြန်သုံး" ကြသည်ဟု ဦးထွန်းခိုင်က ဆိုသည်။ ၎င်း၏စက်ရုံတွင် ပြည်တွင်းထုတ် ရေသန့်ဘူးများသည် ပြည်ပမှလာသည့် ရေသန့်ဘူးများထက် ဆေးကြောရာတွင် အချိန်နှင့် အရင်းမြစ်များ ပိုသုံးရကြောင်း ၎င်းက ဆိုသည်။

"တင်သွင်းလာတဲ့ ပလက်စတစ်ပစ္စည်းတွေဆို စက်ထဲတန်းထည့်လို့ရတယ်။ အဲဒီတော့ အလုပ်ပိုမြန်ပြီး အရည်အသွေးကလည်း ပိုကောင်းတယ်"ဟု ၎င်းကပြောသည်။

မန္တလေးမြို့က ပလတ်စတစ်စက်ရုံပိုင်ရှင် မအေးသွေးနီ*ကမူ ၎င်း၏စက်ရုံထုတ် ပစ္စည်းအချို့ကို ပြည်ပကုန်ကြမ်းများဖြင့်သာ ထုတ်နိုင်သည်ဟု ဆိုသည်။ ပြည်တွင်းကုန်ကြမ်းများသည် "အရည်အသွေးနိမ့်သဖြင့်" ပုလင်းအဖုံးကဲ့သို့ အသေးစား ပလက်စတစ် ပစ္စည်းများသာ ထုတ်နိုင်ပြီး ပြည်ပကုန်ကြမ်းဖြင့်ဆိုလျှင် ရေသန့်တစ်ဘူးလုံးပင် ထုတ်နိုင်ကြောင်း ၎င်းကဆိုသည်။

'မည်သို့လုပ်ရမည်မသိဖြစ်နေ'

သို့သော် ပလတ်စတစ်အမှိုက်များ တင်သွင်းခြင်းသည် ဆိုးကျိုးသက်ရောက်မှုများရှိသည်။ ပြည်ပထုတ် စွန့်ပစ်ပစ္စည်းများသည် အများအားဖြင့် ပိုမိုသန့်စင်ပြီး အရည်အသွေးပိုကောင်းသော်လည်း တင်သွင်းသမျှ ပစ္စည်းတိုင်းကို ပြန်လည်သန့်စင်၍ အသုံးမပြုနိုင်ပေ။ သို့ဖြစ်ရာ ပြန်သုံးမရသည့် အရည်အသွေးညံ့ပလတ်စတစ်များကို ပြည်ပသို့ ပြန်ပို့ရန် မဖြစ်နိုင်ပေ။ ထိုအခါ ပြန်သုံးမရသည့် ပလတ်စတစ်များကို အမှိုက်ပုံနှင့် ရေမြောင်းများတွင် စွန့်ပစ်ကြရသည်။ ရွှေပြည်သာမြို့နယ်က ဖြစ်စဉ်တွင်မူ အမှိုက်များ၏ စွန့်ပစ်မှုခရီးသည် မြို့ခံများ၏ နေမ်များရှေ့တွင် လမ်းဆုံးသွားသည်။

"တင်သွင်းတဲ့ စွန့်ပစ်ပစ္စည်းတွေဆိုရင် ကျနော်တို့က ကွန်တိန်နာတစ်ခုလုံးဝယ်ရတယ်။ အဲဒီအထဲမှာ အကုန်ရောပါလာတာ။ အဲဒီတော့ ရွေးချယ်ပြီးသန့်စင်ရတယ်။ ပြန်သုံးမရတဲ့ဟာတွေကျ ပြန်ပို့လို့ မရတော့ ပစ်ရတာနဲ့ ကျနော်တို့အတွက် အမြတ်နည်းတယ်"ဟု ရန်ကုန်မြို့ရှိ အမှိုက်ပြန်လည်သန့်စင်သည့် စက်ရုံတစ်ခုက အလုပ်သမား ကိုဝင်းထွန်းထွန်း*က ပြောသည်။

၎င်း၏စက်ရုံက အမှိုက်ပုံများတွင် ကားကြီးတစ်စီးစာပမာဏရှိသော အမှိုက်စွန့်ပစ်ရန်  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ မြန်မာငွေ ကျပ် ၆၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ လစဉ်ပေးဆောင်ရသည်ဟု ကိုဝင်းထွန်းထွန်းက ဆိုသည်။ ရန်ကုန်မြို့ရှိ စက်ရုံတစ်ခုက ကိုမင်းဆက်မြတ်ကမူ ပြည်ပမှသွင်းသည့် ပလတ်စတစ်အမှိုက်၏ ၁၀ရာခိုင်နှုန်းခန့်ကို မြေမြှုပ်၍လည်းကောင်း၊ မီးရှို့၍လည်းကောင်း စွန့်ပစ်သည်ဟု ဆိုသည်။

"အများစုကိုတော့ ကျနော်တို့ မီးရှို့ရတယ်ဗျ"ဟု ၎င်းက ပြောသည်။

အလွန်ဆိုးရွားသည့် ကျန်းမာရေးပြဿနာများဖြစ်စေသော်လည်း မြန်မာနိုင်ငံတွင်မူ များသောအားဖြင့် အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးကြသည်။ ဥပမာ ပြတင်းပေါက်ဘောင်မှအစ ရေပိုက်အဆုံး လူသုံးကုန် ပလက်စတစ်ပစ္စည်းများကို မီးရှို့သည့်အခါ ဓာတုဒြပ်ပေါင်း တစ်မျိုးဖြစ်သော polyvinyl chloride ပါဝင်သည့် အဆိပ်သင့်မီးခိုးငွေ့များ ထွက်လာသည်။ အဆိုပါ မီးခိုးငွေ့များသည် ရင်သားနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

ရွှေပြည်သာမြို့နယ်ရှိ ကျုးကျော်ရပ်ကွက်တစ်ခုအတွင်း လျှောက်လမ်းတစ်နေရာ၌ အမှိုက်များအပေါ်ခင်းထားသည့် သဲအိတ်များကို စက်တင်ဘာလအတွင်းက တွေ့ရစဥ်။ (မိုင်သောမတ်စ် | ဖရွန်းတီးယား)

"ဒီဓာတုပစ္စည်းတွေက ဖျက်ဆီးမရနိုင်ဘဲ ထာဝရဒြပ်ပေါင်းလို့ခေါ်တဲ့ (persistent organic pollutants – POPs ) ဓာတ်အဖြစ် လူသိများတယ်။ တစ်ကမ္ဘာလုံးမှာလည်း ပိတ်ပင်ထားတယ်။ ဘယ်တော့မှ ပျက်ပြယ်မသွားတဲ့အတွက် POPs ဒြပ်‌ပေါင်း ထုတ်တဲ့ ဘယ်အရာကိုမှ မလုပ်မိဖို့လိုတယ်။ လေထုထဲ ရောက်သွားတဲ့အခါ အစားအသောက်၊ ရေနဲ့ ဘယ်အရာမဆိုအပေါ်မှာ တွယ်ကပ်တယ်။ အဲဒါတွေကို စားမိ၊ သောက်မိရင်လည်း POPs ဒြပ်ပေါင်းက ခန္ဓာကိုယ်ထဲရောက်သွားပြီး အထဲမှာနေတော့တာပဲ"ဟု မီရှဲလ်က ပြောသည်။

"PVC ဆိုတာက ဒီပလတ်စတစ် အမှိုက်ပုံတွေထဲမှာ အမြဲရှိနေတာ။ မေးစရာရှိတာက ဘယ်လောက် ပမာဏအထိ ရှိနေသလဲဆိုတာပါပဲ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွှေပြည်သာမြို့နယ်တွင် တွေ့ရှိခဲ့သည့် နိုင်ငံခြားဖြစ်ပလတ်စတစ်များအနက် အများဆုံး တွေ့ရသည်မှာ ပိုလီအီသလင်း (PE) ဒြပ်ပေါင်းအမျိုးအစားဖြစ်သည်။ ပလတ်စတစ်အိတ်များနှင့် အစားအသောက်ထုပ်ပိုးသည့် ပစ္စည်းများတွင် တွေ့ရှိရသည့် အဆိုပါ ဓာတုပစ္စည်းသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ပလတ်စတစ်အမျိုးအစားဖြစ်ကာ အခြားဒြပ်ပေါင်းများနှင့် ရောနှောခြင်းမပြုလျှင် အလွယ်တကူ ပြန်လည်သန့်စင်၍ အသုံးပြုနိုင်သည်။ သို့သော် ပိုလီအီသလင်းကို အခြားဒြပ်ပေါင်းများနှင့် မရောနှောဘဲ ၎င်းချည်းသီးသန့် အသုံးပြုမှုမှာ အလွန်ရှားပါးသည်။ ပိုလီအီသလင်းကို အများအားဖြင့် အခြားဓာတုပစ္စည်း တစ်မျိုးမျိုးနှင့် ၁၀မှ ၃၀ရာခိုင်နှုန်းအထိ ရောနှောကာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ကြသည်။  ထိုသို့ရောနှောပါက ပြန်လည်သန့်စင်ရန်ခက်ခဲသည့်အပြင် မီးရှို့သည့်အခါတွင် ပို၍ပင် အန္တရာယ်ဖြစ်စေသည်။

"ပလတ်စတစ်ကို မီးရှို့တဲ့အခါ ပြောရရင် လေထဲကို ဓာတုသတ္တိကြွ ဖျော်ရည်တစ်ခွက် ထည့်ရှို့ပေး လိုက်သလိုပေါ့။ ဒါပေမဲ့ လူတွေက ဒီစွန့်ပစ်ပစ္စည်းတွေကို ဘာလုပ်ရမှန်း မသိတဲ့အခါ မီးပဲရှို့ကြတာ" ဟု မီရှဲလ်က ပြောသည်။

အမှိုက်များကို ရေဆိုး၊ ရေမြောင်းများနှင့် မိလ္လာစွန့်စနစ်သို့ပါ စွန့်ပစ်လေ့ရှိပြီး ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်တွင်လည်း အလားတူပင်ဖြစ်သည်။ စွန့်ပစ်အမှိုက်များကြောင့် ဒေသခံများသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆိုးရွားသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသည်ဟု အဆိုပါရပ်ကွက်တွင် ၂၀၁၈ ကတည်းက နေထိုင်လာသည့် ဒေါ်အေးမိက ဆိုသည်။

"အမှိုက်ပုံရှိလာတဲ့အခါ လူတွေက ဒီနေရာမှာအမှိုက်ပစ်လို့ရတာပဲလို့တွေးပြီး တကယ်လည်း ပစ်ကြတယ်။ နောက်တော့ အမှိုက်တွေက ရေမြောင်းတွေထဲမြောပြီး တခြားလူနေရပ်ကွက်တွေထဲ ရောက်သွားတယ်။ ရေကလည်း ညစ်ထေးထေးဖြစ်လာတယ်။ ရေနဲ့ထိမိတဲ့အခါမှာ ကိုယ်တွေ၊ လက်တွေ ယားလာတာပေါ့"ဟု မသန့်ရှင်းသည့် ရေအသုံးပြုရာမှ ရလာသည့် ခြေထောက်က အနာများကိုပြရင်း ဒေါ်အေးမိက ညည်းညူသည်။

စနစ်တကျစွန့်ပစ်မှုနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးခြင်း၊ အထူးသဖြင့် အာဏာသိမ်းမှုအလွန် ကြီးကွပ်ကဲမှု အားနည်းခြင်းနှင့် အဂတိလိုက်စားမှုထူပြောလာခြင်း စသည့် အကြောင်းချင်းရာများ ပေါင်းစုံသွားသည့်အခါ အမှိုက်ပြဿနာမှာ ပိုမိုဆိုးရွားလာသည်။

၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များ စွန့်ပစ်မည်ကို သိရှိနားလည် လက်ခံကြောင်း အာဏာပိုင်များက ဖိအားပေး၍ လက်မှတ်ရေးထိုးစေခဲ့သည်ဟု ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်နှစ်ခုမှ ဒေသခံသုံးဦးက ဖရွန်းတီးယားသို့ ပြောသည်။

"ရပ်ကွက်ထဲကလူတွေ အကုန်လုံးထိုးရတော့ ကျမလည်း ထိုးရတာပဲ။ တစ်ယောက်တည်းကွက်ပြီး မထိုးဘဲနေတာမျိုး မဖြစ်ချင်သလို လုပ်လည်းမလုပ်ရဲဘူး"ဟု အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သည့် သားသည်မိခင်နှင့် စျေးသည်တစ်ဦးလည်းဖြစ်သူ ဒေါ်သွယ်ကြည်ကြည်*က ပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အရေးနှင့် စပ်လျဥ်း၍ ဒေသခံများက အာဏာပိုင်များကို ထိပ်တိုက်တွေ့သည့် ထုံးစံမရှိဟု မီရှဲလ်က ဆိုသည်။ အာဏာသိမ်းမှုမတိုင်မီ ရွေးကောက်ခံအစိုးရ လက်ထက်မှာပင် အမှိုက်ဒဏ်ခါးစည်းခံရသည့် ဒေသခံများထံမှ ကန့်ကွက်သံ အနည်းငယ်သာ ပေါ်ထွက်ခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ ဒေသခံများက အာဏာပိုင်များကို အမှိုက်ကိစ္စ စောဒကတက်ရန် ပို၍ပင်တွန့်ဆုတ်သွားကြသည်ဖြစ်ရာ "မြန်မာနိုင်ငံဟာ အမှိုက်ပစ်ဖို့နဲ့ တခြား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာတယ်"ဟု မီရှဲလ်က ပြောသည်။

"စိုးရိမ်မှု၊ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောဆိုဖို့ ယေဘုယျအားဖြင့် ကြောက်ရွံနေကြတယ်။ ဒီလိုထုတ်ဖော်ပြောဆိုနိုင်ဖို့ အခွင့်အရေးလည်း မရှိသလောက်ကို နည်းသွားတယ်"ဟု ၎င်းက ပြောသည်။ "လူတွေက သူတို့ သွားပြီးပြောပြလို့ရတဲ့ လူတစ်ယောက်မှမရှိတဲ့အတွက် နှုတ်ဆိတ်နေလိုက်တယ်။  ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေအပေါ် မယုံလို့ပါပဲ။ ပြောရင်လည်း ဘာမှမထူးလောက်ဘူးဆိုတဲ့ စိုးရိမ်စိတ်ကြောင့် စပြောဖို့ကို မကြိုးစားတော့တာ"ဟု မီရှဲလ်က ဆက်ပြောသည်။

အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲရေးအတွက် ရပ်ကွက်နေလူထုနှင့် တွေ့ဆုံဆွေးနွေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တိုက်တွန်းခဲ့သော်လည်း စာမလာ၊ အကြောင်းမပြန်ခဲ့ကြောင်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် နေထိုင်ပြီး အသက် ၅၅နှစ်ရှိပြီဖြစ်သည့် ဦးဇေယျာကျော်မိုးက ပြောသည်။ ထိုနောက်ပိုင်း ယင်းကိစ္စကို ဆက်မပြောရဲတော့ကြောင်း ၎င်းကဆိုသည်။

"အရပ်သားအစိုးရအောက်မှာလိုမျိုး ပုံမှန်အချိန်တွေမှာဆိုရင်တော့ ဒီလိုပြဿနာမျိုးက အလွယ်တကူ ရှင်းလို့ရမှာပေါ့ဗျာ။ ခုကတော့ ဘာလေးပဲ စောဒကတက်တက် ဒုက္ခရောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဘယ်သူမှ ထုတ်မပြောရဲကြတော့ ဒီကနေ မပြောင်းမချင်း ဒီအမှိုက်ပြဿနာ ခါးစည်းခံနေရဦးမှာပဲ။ အိမ်နီးချင်းတွေကလည်း ကျနော်ဒုက္ခရောက်မှာစိုးလို့ အုပ်ချုပ်ရေးမှူးရုံးကို ဘာမှစောဒကသွားမတက်ဖို့ တားကြတယ်"ဟု ၎င်းကပြောသည်။

"ဒီအရွယ်ကြီးကျမှ ထိုးကြိပြီး နှိပ်စက်မယ့်ဒဏ်လည်း မခံနိုင်‌ဘူး။ မျှော်လင့်ချက်ပဲရှိတော့တယ်။ ငယ်ငယ်ကလို စိတ်ကမမာနိုင်တော့ဘူး"ဟု ဦးဇေယျာကျော်မိုးက စိတ်မသက်မသာ ပြောသည်။

*အမှတ်အသားပါသည့်အမည်များသည် သတင်းရင်းမြစ်များ၏ လုံခြုံရေးကြောင့် လွှဲပြောင်းထားသော အမည်များဖြစ်သည်။

ကျော်ဇင်၊ နန္ဒီသိမ့်၊ ချားလတ် အယ်လ်ဖရက်၊ အီဗာ ကွန်စတန်တာရက်စ်၊ နလိုင်နီ မလီယာကူးလ်၊ မီယာ ရပ်ဘ်ဆန်နှင့် မာရစ်ဇ် ဆီပီယိုလိုတို့ ပါဝင်အားဖြည့် ရေးသားသည်။

ဤစုံစမ်းဖော်ထုတ်သတင်းတင်ဆက်မှုအတွက် Investigative Journalism for Europe (IJ4EU)က ငွေကြေးထောက်ပံ့ပေးထားသည်။ ဤဆောင်းပါးကို Prachatai ၊ The Canadian Press ၊ Front Story ၊ The Independent ၊ Politico စသည့် သတင်းဌာနများနှင့် ပူးပေါင်းဖော်ထုတ်၊ တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.