ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို အခမ်းအနားတစ်ခုတွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

BGF ပြဿနာ တပ်မတော် ကိုင်တွယ်နိုင်ပါ့မလား

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အဖွဲ့ခေါင်းဆောင်တွေကို စီးပွားရေးလုပ်ချင်ရင် တပ်ကနေ နုတ်ထွက်ဖို့ တပ်မတော်က ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဖိအားပေးခဲ့ပါတယ်။ ဒီပြဿနာရဲ့ အခြေခံအကြောင်းအရင်းက တပ်မတော်ရဲ့ မူဝါဒဖြစ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်နဲ့ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ်က BGF နယ်ခြားစောင့်တပ်ဖွဲ့ ထိပ်တိုက်တွေ့၊ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနယ်ခြားစောင့်တပ်ဖွဲ့ဟာ အရင်က DKBA လို့ခေါ်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ မှာ မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခု နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာပါ။

အခု ဖြစ်ပွားနေတဲ့ ပြဿနာဟာ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ အနေနဲ့ ၁၉၉၄၊ ကေအင်န်ယူကနေခွဲထွက်ပြီး တပ်မတော်နဲ့ လက်တွဲခဲ့တဲ့ ၂၆နှစ်၊ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း အပြင်းထန်ဆုံး ပဋိပက္ခလို့တောင် ဆိုနိုင်ပါတယ်။ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ သမိုင်းကြောင်း ဘယ်လိုရှိခဲ့သလဲ၊ အခုပြဿနာ ဘယ်လိုပေါ်ပေါက်လာရသလဲ၊ ဒီပြဿနာကို တပ်မတော်က ကိုင်တွယ်ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ လက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဟာ အရင်က ကေအင်န်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်လက်နက်ကိုင် တပ်ဖွဲ့က တပ်မှူးနဲ့ တပ်သားတွေ ဖြစ်ပါတယ်။ ၁၉၉၄မတိုင်ခင်က ခရစ်ယာန်အများစုဖြစ်တဲ့ ကေအင်န်ယူခေါင်းဆောင်ပိုင်းနဲ့ ဘာသာရေးကို အခြေခံပြီး သဘောထားကွဲလွဲ၊ ပဋိပက္ခတွေဖြစ်ပြီး ခွဲထွက်ခဲ့တာပါ။

ခွဲထွက်ပြီးချိန်ကစ တပ်မတော်နဲ့ ပူးပေါင်း၊ တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး မိခင်ကေအင်န်ယူအဖွဲ့ကြီးကို ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့လည်း ကေအင်န်ယူအဖွဲ့ရဲ့ ဗဟိုဌာနချုပ် မာနယ်ပလော အပါအဝင် ထိုင်းနယ်စပ်က ခံစစ်သေစခန်းတွေကို DKBA တပ်ဖွဲ့အကူအညီနဲ့ တိုက်ယူနိုင်ခဲ့ပါတယ်။ DKBA တပ်ဖွဲ့အတွက်လည်း ထိုင်းနယ်စပ်က နယ်မြေတွေ၊ မြိုင်ကြီးငူဒေသ အပါအဝင် ခြေကုတ်နယ်မြေ အတော်များများ ရရှိလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး DKBA အဖွဲ့ဟာ သူ့တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ ထိုင်းနယ်စပ်မှာ ငွေရရှိရေးလုပ်ငန်း အမျိုးမျိုး လုပ်ကိုင်ခဲ့ပါတယ်။

အရင်စစ်အစိုးရဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈မှာ အတည်ပြုပြီးနောက်ပိုင်း သူနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းဖို့ ညှိနှိုင်းတာ၊ ဖိအားပေးတာ အမျိုးမျိုး လုပ်ခဲ့ပါတယ်။

အဲဒီလို ဖိအားပေးတာကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က ခွဲထွက်လာတဲ့ ဝ၊ မိုင်းလား တပ်ဖွဲ့တွေ၊ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကချင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများက လက်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ ကချင်ပြည်နယ်၊ နယ်စပ်မှာအခြေစိုက်တဲ့ ဗကပ-၁၀၁ စစ်ဒေသတစ်ဖြစ်လဲ ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-Kachin) တပ်ဖွဲ့၊ တောင်ပိုင်းက ကရင်လက်နက်ကိုင် DKBA တပ်ဖွဲ့တွေက နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းတာကို လက်ခံခဲ့ကြပါတယ်။ ပအို့ဝ်လက်နက်ကိုင်အဖွဲ့၊ ကေအိုင်အေက ခွဲထွက်ခဲ့တဲ့ ထောက်လှမ်းရေးမှူး လဆန်အောင်ဝါဦးဆောင်တဲ့ အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကတော့ ပြည်သူ့စစ်တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းတာကို လက်ခံခဲ့ပါတယ်။

DKBA တပ်ဖွဲ့အနေနဲ့လည်း တပ်ဖွဲ့တစ်ခုလုံး နယ်ခြားစောင့်တပ်ဖွဲ့စည်းတာကို လက်ခံခဲ့တာတော့ မဟုတ်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ဆိုရင် အသက်အရွယ်ကြီးတဲ့သူတွေကို တပ်ဖွဲ့တာဝန်မယူခိုင်းပဲ အနားယူရမယ်ဆိုတဲ့မူကြောင့် DKBA တပ်မဟာ-၅က စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်ဖွဲ့ကတော့ နယ်ခြားစောင့်တပ်ဖွဲ့တာကို လက်မခံ၊ Democratic Karen Benevolent Army အဖြစ် တစ်စင်ထောင်ခဲ့ပြီး နောက်ပိုင်း အစိုးရနဲ့ အပစ်ရပ်၊ ၂၀၁၅မှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (အင်န်စီအေ)ကို လက်မှတ်ထိုးတဲ့ တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

ကချင်ပြည်နယ်က (NDA-K)အဖွဲ့ခေါင်းဆောင် ဆခုံတိန့်ယိန်းကတော့ သူကိုယ်တိုင် နယ်ခြားစောင့် တပ်ဖွဲ့ထဲ ပါဝင်ခွင့်မရပေမဲ့ သူ့ရဲ့သား၊ ဆွေမျိုးတွေကနေ တဆင့် တပ်ဖွဲ့ကို သြဇာညောင်းပြီး စီးပွားရေး လုပ်ငန်းတွေလည်း ဆက်လုပ်ခွင့်ရနေတာ၊ ကေအိုင်အေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကနေလည်း စိုးရိမ်ရတဲ့ ပြဿနာတွေရှိနေတော့ နယ်ခြားစောင့်တပ်ဖွဲ့တာကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

DKBA တပ်ဖွဲ့ခေါင်းဆောင်တွေဟာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီး၊ တပ်မတော်ကနေ ပုံမှန်လစာရိက္ခာရနေတဲ့တိုင် စီးပွားရေးလုပ်ငန်းလုပ်နေတာတွေကို ရပ်မပစ်ဘဲ ပိုလို့ လုပ်ကိုင်လာတာကို တွေ့မြင်ရပါတယ်။ ဥပမာ နယ်စပ်ကကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို အခွန်မဆောင်ပဲ သယ်ယူပို့ဆောင်ပေးတာ၊ လိုင်စင်မဲ့ကား ခိုးသွင်းတာ၊ လောင်စာဆီ တင်သွင်းတာ၊ ကာစီနိုလောင်းကစားရုံတွေ ထူထောင်တာ၊ ထိုင်းနယ်စပ် သောင်ရင်းမြစ် တစ်လျှောက် တရားမဝင် စက်လှေဂိတ်တွေ ဖွင့်လှစ်ပြီး လူနဲ့ကုန်စည်ကူးသန်းမှုကနေ အခွန်ကောက်တာ စသဖြင့် စီးပွားရေး လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ပါတယ်။

နောက်ပိုင်း ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် နယ်ခြားစောင့်တပ် ခေါင်းဆောင်ပိုင်းတွေ ချမ်းသာကြွယ်ဝလာပြီး ကရင်ပြည်နယ်မြို့တော် ဘားအံလို နေရာမျိုးမှာ စီးပွားရေးအရ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာ တွေ့မြင်ကြရပါတယ်။ နယ်စပ်မှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့ သြဇာ ဘယ်လောက်ကြီးသလဲဆိုရင် တစ်ကြိမ်က ထိုင်းအာဏာပိုင်တွေဟာ ထိုင်းဘက်ခြမ်းကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြန်မာဘက်ခြမ်းကို ပိုက်လိုင်းသွယ်၊ တရားမဝင်လောင်စာဆီ တင်သွင်း ရောင်းချတဲ့လုပ်ငန်းကို ရပ်ဆိုင်းပစ်ခဲ့ဖူးပါတယ်။

အဲဒီအခါမှာ စောချစ်သူက လောင်စာဆီကို ပိုက်လိုင်းနဲ့တင်သွင်းနေတာ ပြန်ဖွင့်မပေးဘူးဆိုရင် နယ်စပ် တစ်လျှောက်က နယ်ခြားစောင့်တပ်ထိန်းချုပ်ထားတဲ့ ဂိတ်အားလုံးကို ပိတ်ပစ်မယ်၊ တခြား နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း ထိုင်းအာဏာပိုင်တွေ တာဝန်ခံရမယ်လို့ ရာဇသံပေးခဲ့ပါတယ်။ အဲဒီအခါ ထိုင်းအာဏာပိုင်တွေဘက်က အလျှော့ပေးပြီး ပိုက်လိုင်းကနေ လောင်စာဆီတင်ပို့တာတွေကို ပြန်ခွင့်ပြုပေးခဲ့ရတဲ့ သာဓကရှိခဲ့ပါတယ်။

အခုလက်ရှိပြဿနာကတော့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ပိုင်နက် မြဝတီမြို့နယ်၊ ထိုင်းနယ်စပ် ရွှေကုက္ကိုမြိုင်ကျေးရွာမှာ BGFရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ Yatai International တို့ ပူးပေါင်းပြီး Myanmar Yatai International ကုမ္ပဏီ နာမည်နဲ့ မြို့သစ်တည်တဲ့ ကိစ္စပါပဲ။

အဲဒီမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီရဲ့ နောက်ကြောင်းဟာ မာဖီးယား ဂိုဏ်းသဖွယ်ဖြစ်နေတာ၊ လုပ်ကိုင်မယ့် လုပ်ငန်းတွေထဲမှာ ဟိုတယ်တွေ၊ အိမ်ယာတွေ၊ ကာစီနို လောင်းကစားရုံတွေအပြင် အွန်လိုင်းအသုံးပြုပြီး လောင်းကစားလုပ်ငန်းတွေ၊ ငွေကြေးခဝါချမှုတွေ၊ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ်ရှိတဲ့ လုပ်ငန်းတွေ ပါဝင်နိုင်သလို၊ မြန်မာအစိုးရဆီမှာ တရားဝင် ခွင့်ပြုချက်တင်၊ ခွင့်ပြုချက်ရမှ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမဟုတ်ခဲ့လို့ပါပဲ။

အဲဒီမြို့သစ် စီမံကိန်းလုပ်ငန်း ပြည်တွင်းပြည်ပမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့အခါ အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရတဲ့အခြေအနေထိ ရောက်ခဲ့ပါတယ်။ အဲဒီနယ်မြေဟာ BGFက စောချစ်သူ အပြည့်အဝထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် အစိုးရစုံစမ်းစစ်ဆေးမှုကို တပ်မတော်ဘက်က အကူအညီပေးခဲ့ရပါတယ်။

နောက်ဆုံး ဒုတိယဝန်ကြီးအဆင့် စုံစမ်းစစ်ဆေးမှုလုပ်၊ အစိုးရအဖွဲ့ဆီ အစီရင်ခံစာတင်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်မလဲဆိုတာကို နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

“ရွှေကုက္ကိုစီမံကိန်းနဲ့ပတ်သက်လို့ ပြောရရင် နည်းနည်းလေးလည်း သိမ်မွေ့တယ်။ ပြီးရင် အရေးယူခြင်း၊ ကုစားခြင်း၊ ဖျက်သိမ်းခြင်းပေါ့နော်၊ ဒီသုံးပိုင်းနဲ့လုပ်တဲ့အခါမှာ ဥပဒေနဲ့လည်း ညီရမယ်၊ ဒါတွေကိုတော့ စနစ်တကျလုပ်နေပါတယ်။ အုပ်ချုပ်ရေးယန္တရား အသက်ဝင်အောင်တော့ ကျွန်တော်တို့ တပ်နဲ့ပေါင်းပြီး လုပ်နေတယ်။ အုပ်ချုပ်မှုအာဏာသက်ရောက်အောင်၊ စည်းနဲ့ ဘောင်နဲ့ ဥပဒေနဲ့အညီဖြစ်အောင်၊ ပြီးရင် လုပ်ထားတဲ့သူတွေလည်း မဆုံးရှုံးအောင် ဒါမျိုးတွေကျနော်တို့ လုပ်နေတယ်”လို့ ပြောခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကြီးမားလှတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီလို တရားမဝင်မှုတွေ၊ ဥပဒေပြင်ပလုပ်ကိုင်မှုတွေရှိနေတာကြောင့် တာဝန်ရှိသူတွေကို အရေးယူရမယ့် အပိုင်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ဆိုတာ တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့အတွက် အဲဒီပြဿနာကို တပ်မတော်ကပဲ ကိုင်တွယ်ခဲ့ရတာမျိုးပါ။ တပ်မတော် ခေါင်းဆောင်တွေဟာ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တပ်မတော်အရာရှိတစ်ချို့ကို အငြိမ်းစားပေးခဲ့ပြီး BGF တပ်မှူးသုံးယောက်ကိုလည်း အလားတူ အငြိမ်းစားပေးဖို့ခေါ်ယူ၊ နုတ်ထွက်စာ တင်ခိုင်းခဲ့ပါတယ်။

BGFတပ်မှူးသုံးယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ခေါ်ယူခဲ့ပါတယ်။ တိုင်းမှူးက စီးပွားရေးလုပ်မယ်ဆိုရင် တပ်မတော်ကနေထွက်ပြီးမှလုပ်ဖို့ ပြောဆိုပြီး အငြိမ်းစားယူရမယ့် နုတ်ထွက်စာတင်ခိုင်းခဲ့တာပါ။

အဲဒီလို ဖိအားပေးခံရပြီးတဲ့နောက်ပိုင်း ဗိုလ်မှူးမုတ်သုန် တစ်ယောက်ကတော့ နုတ်ထွက်စာ တင်ခဲ့ပေမဲ့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ကတော့ နုတ်ထွက်ခိုင်းတာကို လက်မခံခဲ့ပါဘူး။

BGFခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ တုန့်ပြန်ချက်ကတော့ တပ်ကနေ နုတ်ထွက်ခိုင်းတာကို လက်မခံနိုင်ဘူး၊ နုတ်ထွက်ရမယ်ဆိုရင် BGFတပ်ရင်း၁၃ရင်းက အရာရှိ၊ အရာခံ၊ အကြပ် အားလုံးနုတ်ထွက်ကြမယ်ဆိုပြီး နုတ်ထွက်စာ တင်လိုက်တာပါပဲ။

ဒီလုပ်ရပ်ရဲ့ အဓိပ္ပာယ်ကို နယ်ခြားစောင့်တပ် အရာရှိတစ်ယောက် ဖွင့်ဆိုပြတာကတော့ သူတို့ခေါင်းဆောင်တွေကို နုတ်ထွက်ခိုင်းတာကို လက်မခံဘူး၊ အဲဒီလိုလုပ်ရင် သူတို့အားလုံး တပ်မတော်နဲ့ လက်မတွဲတော့ဘူး၊ အရင် DKBA တုန်းကလိုပဲ ကိုယ့်လက်နက်ကိုယ်ကိုင်ပြီး ကိုယ့်ဘာသာကိုယ် ပြန်နေမယ်လို့ ပြောခဲ့ပါတယ်။

ဒီပြဿနာကြောင့် တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရာရှိတစ်ချို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မြိုင်ကြီးငူကို သွားပြီး BGF တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ဗိုလ်မှူးကြီး စောချစ်သူတင်မက သူ့ထက်ဝါရင့်တဲ့ DKBA ခေါင်းဆောင်ဟောင်းတွေဖြစ်ပြီး လက်ရှိ နယ်ခြားစောင့်တပ်ရဲ့ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောထွန်းလှိုင်နဲ့ ဗိုလ်မှူးကြီးစောဖားနွီးတို့လည်း ပါဝင်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ် ခေါင်းဆောင်အားလုံးရဲ့ သဘောထားကတော့ စောချစ်သူအပါအဝင် ခေါင်းဆောင် သုံးဦးကို နုတ်ထွက်ခိုင်းတာကို လက်မခံခဲ့ကြပါဘူး။ တပ်မတော်ဘက်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတွေ နုတ်ထွက်စာတင်တာကို လက်မခံသေးဘူး၊ စဉ်းစားကြပါဦးဆိုပြီး ပြောဆိုတဲ့ အနေအထားပဲ ဖြစ်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ နှစ်ဘက်ညှိနှိုင်းလို့မရ၊ ပြဿနာ မပြီးဆုံးသေးဘူး ဆိုတာပါပဲ။

တကယ်တော့ အရင်စစ်အာဏာရှင်အဆက်ဆက် လက်ထက်ကတည်းက တပ်မတော် ခေါင်းဆောင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကနေ ခွဲထွက်ခဲ့သူတွေ၊ သို့မဟုတ် ပဋိပက္ခကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန်တိုက်နေတဲ့ အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲ၊ သူ့လက်နက် သူပြန်ကိုင်စေပြီး တိုင်းရင်းသားသူပုန်တွေကို တိုက်ခိုက်ရာမှာ ကိုယ့်ဘက်ကအင်အားတွေ ဖြစ်ဖို့ တည်ရှိခွင့်ပေးခဲ့ပါတယ်။

အဲဒီအဖွဲ့တွေကို အဖွဲ့ရပ်တည်ရေးအပါအဝင် ကိုယ်ကျိုးစီးပွား မျိုးစုံလုပ်တာတွေကိုလည်း တပ်မတော်ခေါင်းဆောင်တွေက ခွင့်ပြုပေးခဲ့ပါတယ်။ ဒါတင်မက မူးယစ်ဆေးဝါးလုပ်တာ၊ ဆက်ကြေးကောက်တာ၊ တရားမဝင်ကုန်သွယ်တာအပါအဝင် ဥပဒေနဲ့မညီတဲ့ လုပ်ငန်းမျိုးစုံလုပ်နေ ကိုင်နေကြတာကိုလည်း မျက်စိမှိတ်ထားပေးပြီး သွယ်ဝိုက်သောနည်းအားဖြင့် ခွင့်ပြုပေးထားခဲ့တာ တွေ့နိုင်ပါတယ်။

အဲဒီလိုခွင့်ပြုပေးထားတာက နိုင်ငံရေးအရ၊ စစ်ရေးအရ ရည်ရွယ်ချက်ကြောင့်အပြင် ဒေသတွင်း တာဝန်ကျတဲ့ တပ်မတော်အရာရှိကြီးတွေအတွက်လည်း အဲဒီအဖွဲ့တွေဆီကနေ တရားမဝင် လာဘ်ငွေတွေရနေတာကလည်း အကြောင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဒါကြောင့် အခု တပ်မတော်နဲ့ ပူးပေါင်းပြီး ကေအင်န်ယူအဖွဲ့ကို အကြီးအကျယ် တိုက်ခိုက်ခဲ့တဲ့ DKBA တဖြစ်လဲ နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ခုလို ဥပဒေမဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လာတာ ဆန်းကြယ်တဲ့ ကိစ္စလို့ မဆိုနိုင်ပါဘူး။

အခြားတစ်ဘက်မှာတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်စွဲပြီး တပ်မတော်ကို အစိုးရဦးဆောင်မှုအောက်မှာ မထားတဲ့အပြင် တပ်မတော်အတွက် နိုင်ငံတော် ဘတ်ဂျက်ကနေ ခွဲဝေသုံးစွဲသမျှကိုလည်း ဘယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော်တွေကိုမှ စစ်ဆေးခွင့် ပေးမထားပါဘူး။ ဒါတင်မက တပ်မတော်ပိုင်ဆိုပြီး ကြီးမားတဲ့ကုမ္ပဏီကြီး တည်ထောင်ထားပြီး ကြီးမားတဲ့စီးပွားရေး လုပ်ငန်းကြီးတွေကိုလည်း လုပ်ကိုင်နေတဲ့ အနေအထားရှိနေပါတယ်။

ဒီလို အခြေအနေမျိုးမှာ တိုင်းရင်းသားသူပုန်အဖွဲ့ကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေကို စီးပွားရေးမလုပ်ပါနဲ့၊ လုပ်ရင် ခေါင်းဆောင်တွေနုတ်ထွက်ပါလို့ သွားပြီး အမိန့်ပေးတဲ့ကိစ္စ အောင်မြင်မှုမရတာကလည်း သဘာဝကျပါတယ်။

တိုင်းရင်းသားသူပုန်အဖွဲ့တွေကို ပြန်တိုက်ဖို့ လက်နက်ကိုင်အင်အားစုတွေကို မွေးမြူရင်း၊ မွေးမြူရင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်အုပ်စုတွေ ဖောင်းပွနေတဲ့၊ မှားယွင်းနေတဲ့ တပ်မတော်ရဲ့ ပေါ်လစီကို ပြန်သုံးသပ်၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာ၊ အောင်မြင်အောင် ဖြေရှင်းနိုင်မှသာလျှင် လက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ ကိစ္စလိုမျိုး ပြဿနာတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.