A worker exits a new, 500-capacity  COVID-19 treatment centere at yjr Yangon Convention Center on October 7. (Hkun Lat | Frontier)
ရန်ကုန်မြို့၊ မြန်မာကွင်ဗင်းရှင်းစင်တာတွင် ဖွင့်လှစ်ထားသော ကုတင်ငါးရာဆန့် ကိုဗစ်-၁၉ ကုသရေးစင်တာမှ ထွက်လာသူတစ်ဦးကို အောက်တိုဘာ၇ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

စောစောသိပြီး စောစောကုမှ ကိုဗစ်အန္တရာယ် ထိန်းချုပ်နိုင်မည်

စောစောသိရှိ၍ စောစောကုသခြင်းသည် ကိုဗစ်-၁၉ကူးစက်မှုနှင့် ယင်းကြောင့်သေဆုံးမှုကို လျှော့ချထိန်းချုပ်ရာတွင် အရေးပါသည့် နည်းလမ်းဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။​

အောင်ဖေကြည်စိုး ရေးသားသည်။

မလဲ့ရီဝင်းရဲ့ ဖခင်ဖြစ်သူဟာ စက်တင်ဘာ၂၈ ရက်၊ မနက် ၁၂ နာရီခွဲလောက်မှာ အသက်ရှုကျပ်လာတဲ့အတွက် မိသားစုဝင်တွေဟာ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကိုအမြန်ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံကို ရောက်တာနဲ့တစ်ပြိုင်နက်တည်း ICU ထဲ တန်းထည့်ပြီး အောက်ဆီဂျင်ပေးကုသပါတယ်။ 

ဆေးရုံကြီးက ဆရာဝန်တွေအနေနဲ့ ဦးထွန်းအောင်ရဲ့အသက်ကို သေမင်းဆီကမရရအောင်လုယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ၃၀ရက်၊ နေ့လယ် ၁နာရီခွဲမှာတော့ ဦးထွန်းအောင်ဟာ ကိုဗစ်-၁၉ကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ခွဲစစ်ဆေးချက်ရလဒ်အရ ဦးထွန်းအောင်မှာ ကိုဗစ်-၁၉ကူးစက်ခံထားရကြောင်း အဖြေထွက်တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။ သူနဲ့အနီးဆုံး ထိတွေ့ခဲ့တဲ့ စက်ရုံကအလုပ်သမား ၂၅ ဦးနဲ့ မိသားစုဝင်လေးဦးကို ဓာတ်ခွစစ်ဆေးတဲ့အခါမှာတော့ သုံးဦးမှာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့သုံးဦးဟာ သုဝဏ္ဏအားကစားကွင်းက ဧရာဝတီကိုဗစ်-၁၉ ကုသရေးစင်တာမှာ တက်ရောက်ခဲ့ရပါတယ်။

ဒီလိုဖြစ်စဉ်တွေ ကြုံမလာခင် စက်တင်ဘာ၁၀ရက်လောက်က မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ မလဲ့ရီဝင်းရဲ့ ခင်ပွန်းဟာ အပြင်းအထန်ဖျားနာခဲ့ပါတယ်။​ နောက်ရက်တွေမှာ ဖျားနာရာကနေ အနံ့ပျောက်တဲ့ထိဖြစ်လာပါတယ်။ 

မလဲ့ရီဝင်းရဲ့ခင်ပွန်းဟာ ရောဂါအခံလည်းရှိတာကြောင့် စက်တင်ဘာ၁၃ရက်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးကို တက်ရောက်ကုသမှုခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ဓာတ်ခွဲစစ်ဆေးကြည့်တော့ သူ့မှာပိုးတွေ့ရှိကြောင်း စက်တင်ဘာ၁၅ရက်မှာ အဖြေထွက်လာပါတယ်။ 

ဒီသတင်းကို ဦးထွန်းအောင်ကြားသွားတော့ အကြီးအကျယ်အထိတ်တလန့်ဖြစ်ပြီး သမီးဖြစ်တဲ့သူ့အတွက် စိတ်ပူကြောင်းနဲ့ ဂရုတစိုက်နေဖို့ ဖခင်ဖြစ်သူက ပုံမှန်ဖုန်းဆက်သတိပေးခဲ့တယ်လို့ မလဲ့ရီဝင်းကဆိုပါတယ်။

“ကျွန်မက အငယ်ဆုံးဆိုတော့ ဒီအဖေကိုပဲအားကိုးနေတာ။ နံပါတ်တစ်ကတော့ လမ်းစပျောက်သွားတာ ကျွန်မပေါ့။ အမေကျတော့လည်း ယောကျ်ားကရောဂါအခံမရှိဘဲ ဗြုန်းဆိုင်းကြီး သေသွားတာဆိုတော့ တော်တော်စိတ်ထိခိုက်တယ်။ ရှော့ခ်ရသွားတယ်”လို့ အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ မလဲ့ရီဝင်းက ရင်ဖွင့်ပါတယ်။

“ရောဂါကူးစက်ခံရမှာစိုးလို့ သူများမိသားစုတွေနဲ့လည်း အဆက်အစပ်မလုပ်ပါဘူး။ အဲ့ဒါ ဒီရောဂါဘာကကူးလာမှန်း မသိပါဘူး။ ကိုဗစ်ဆိုတဲ့အသံကိုမကြားချင်ဘူး။ စိတ်လည်းနာတယ်။ အဖေက ကျွန်မစိတ်နဲ့ ဆုံးသွားတာဆိုတော့ အရမ်းဝမ်းနည်းဖြစ်မိပါတယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်ကြောင့်နေ့စဉ်သေဆုံးတဲ့ လူနာစာရင်းတွေကို ကျန်းမာရေးဝန် ကြီးဌာနက နေ့စဉ်သတင်းထုတ်ပြန်ပေးနေပါတယ်။ အဲဒီစာရင်းတွေအရ ကိုဗစ်-၁၉ကူးစက်ခံရပြီး သေဆုံးတဲ့လူနာဦးရေဟာ များပြားလျက်ရှိပါတယ်။​ အခုလိုသေဆုံးမှုများပြားရခြင်းဟာ ဆေးရုံဆေးခန်းတွေကို ကုသမှုခံယူဖို့ အချိန်မီမရောက်ကြလို့ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေ တစ်ညီတစ်ညွတ်တည်း သုံးသပ်ကြပါတယ်။ 

“ဒီနေရာမှာ ပေါ့စတစ်လူနာတွေတိုးလာတာနဲ့အမျှ သေဆုံးတဲ့လူနာကလည်း တိုးလာတယ်ဆိုတာ အချိုးကျပါပဲ။ ပိုးတွေ့လူနာများရင် သေဆုံးတဲ့လူနာကလည်း များလာမယ်။ တစ်နေ့တစ်နေ့ကို ၂၀ကျော်ဝန်းကျင်ရှိနေတယ်ဆိုတာ ပေါ့ဆလို့မရတဲ့အခြေအနေဖြစ်ပါတယ်”လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

“အစိုးရအနေနဲ့လည်း အခုနောက်ပိုင်းမှာ အဖြေမြန်မြန်သိရတဲ့ Antigen Test Kit တွေနဲ့ နေရာအများစုမှာ စစ်လာနိုင်တာကို တွေ့ရတယ်။ ဒီလိုတတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်စစ်ပြီးတော့ ရောဂါမဆိုးခင်မှာ ပိုးတွေ့လူနာတွေကို တွေ့ထားမယ်ဆိုရင် အနည်းဆုံးတော့ ပြုစုကုသမှု အချိန်မီမယ်လို့ ယူဆရတယ်။ ဒါဆို အကြမ်းဖျင်းအားဖြင့် သေဆုံးမှုနှုန်းကျလာနိုင်ပါတယ်”လို့ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က ဆိုပါတယ်။

ကိုဗစ်ကြောင့် လက်ရှိသေဆုံးမှု အခြေအနေ

အောက်တိုဘာ၂၅ရက်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၄၄,၇၇၄ ဦးရှိနေပြီဖြစ်ပါတယ်။ ဒီလူနာတွေအထဲက ၂၄,၉၂၀ ဦးကတော့ ဆေးရုံကဆင်းခွင့်ရရှိသူတွေဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၁,၀၉၅ဦးရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ကြောင့် သေဆုံးမှုနှုန်း(Case Fatality Rate) ဟာ ၂ဒသမ၄ရာခိုင်နှုန်းဖြစ်ပါတယ်။

သေဆုံးသူ အားလုံးရဲ့ ၆၅ရာခိုင်နှုန်းအထက်က အသက်၆၀နဲ့အထက် လူနာတွေဖြစ်ပြီး  သေဆုံးသူ အားလုံးရဲ့ ၉၅ရာခိုင်နှုန်းလောက်ဟာ ရောဂါအခံရှိနေတဲ့သူတွေဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

သေဆုံးသူတွေ အများစုဖြစ်တဲ့ရောဂါအခံတွေကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေဖြစ်ပြီး ကျန်တဲ့ရောဂါတွေကတော့ ကင်ဆာနဲ့ နာတာရှည်ကျောက် ကပ်ရောဂါသည်တွေ၊ အဆုတ်ကောင်းကောင်းအလုပ်မလုပ်တဲ့သူ၊ အဝလွန်တဲ့သူနဲ့ အရေပြားလေးဖက်နာ(SLE) ရောဂါသည်တွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းတွေက ဆိုပါတယ်။

လက်ရှိအချိန်အထိ သေဆုံးတဲ့လူနာတွေကိုကြည့်မယ်ဆိုရင် အသက်အငယ်ဆုံးက နှလုံးရောဂါနဲ့ အာဟာရချို့တဲ့မှုဖြစ်ခဲ့တဲ့ တစ်လသားအရွယ် ယောကျ်ားလေးဖြစ်ပြီး၊ အသက်အကြီးဆုံးလူနာကတော့ အသက်၉၃နှစ်အရွယ် ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါခံစားနေရတဲ့ အဘိုးအိုတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။

“ဒါ့ကြောင့် သေဆုံးတဲ့သူက အသက်အရွယ်အမျိုးမျိုးဖြစ်တဲ့အတွက် မည်သူမဆို သေဆုံးနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ မပေါ့ဆစေချင်ပါဘူး”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

အောက်တိုဘာ၉ရက်အထိ ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၅၆၆ဦးမှာ ၅၃၁ဦးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်တာကြောင့် သေဆုံးသူအားလုံးရဲ့ ၉၄ရာခိုင်နှုန်းလောက်ဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပြင်ပမှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှုအမြင့်ဆုံးဒေသကတော့ မွန်ပြည်နယ်ဖြစ်ပြီး လူနာကိုးဦးအထိ ရှိပါတယ်။ ရခိုင်ပြည်နယ်ကတော့ သေဆုံးသူခြောက်ဦးနဲ့ ဒုတိယနေရာက လိုက်ပါတယ်။ မွန်ပြည်နယ်က သေဆုံးသူကိုးဦးစလုံးဟာ ရောဂါအခံရှိတဲ့သူတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က  ဆိုပါတယ်။

ဒါ့ပြင် သေဆုံးသူလူနာစုစုပေါင်း ၅၆၆ဦးရဲ့ ၁၈ရာခိုင်နှုန်းဖြစ်တဲ့ အယောက်၁၀၀ကတော့ သေဆုံးပြီးမှ ဆေးရုံတွေကို ရောက်ရှိလာတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက အတည်ပြုထားပါတယ်။

“ဒီလိုလူ အများစုက အိမ်မှာကြိတ်ကုနေတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ တစ်ချို့ကလည်း ကိုယ့်မှာဖြစ်မှန်းမသိဘူး။ သေပြီးတော့မှ သိတာ။ မြန်မာတွေက ဆေးရုံဆေးခန်းသွားရမှာကိုလည်း စိုးရိမ်တယ်။ အခက်အခဲလည်း ရှိမှာပေါ့။ ဆရာဝန်တွေလို ပညာတတ်အသိုင်းအဝိုင်းတောင် အဲဒီလိုဖြစ်နေရင် ဆရာဝန်တွေအနေနဲ့ ပိုဝန်လေးတတ်ပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးအကြံပေး ဒေါက်တာအောင်ထွဏ်းက သုံးသပ်ပါတယ်။

သေဆုံးမှုနှုန်းဘာကြောင့်မြင့်

သေဆုံးသူဦးရေမြင့်တက်လာခြင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့လူနာတွေမှာ ရောဂါအခံရှိတဲ့သူတွေနဲ့ သက်ကြီးဘိုးဘွားအရွယ်တွေ များလာခြင်းကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ဒါကြောင့် သက်ကြီးရွယ်အိုရှိတဲ့အိမ်ထောင်စုတွေမှာ မိသားစုဝင်တစ်ယောက်ယောက် အပြင်ထွက်ရင် ရောဂါကူးစက်မှုကာကွယ်ရေးလမ်းညွှန်တွေကို အတိအကျလိုက်နာသင့်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“အသက်ကြီးတဲ့သူတွေရဲ့ ကူးစက်တဲ့ source (ရောဂါကူးစက်မှုအစ)က သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။ မိသားစုဝင်တွေက အပြင်သွားလာမယ်၊ အကြောင်းကိစ္စရှိလို့ မဖြစ်မနေသွားရတာက လွဲပြီးတော့ ကျန်တဲ့ကိစ္စရပ်တွေနဲ့အပြင် ထွက်တယ်ဆိုရင် သေချာတယ်။ သူတို့ကနေ ရောဂါပိုးတွေက ပါလာနိုင်ပြီးတော့ မိသားစုဝင်တွေထဲက သက်ကြီးတဲ့သူတွေဆီကို နောက်ခံရောဂါရှိတဲ့သူတွေကို ရောဂါကူးစက်စေပြီးတော့ သူတို့ဆီမှာ အန္တရာယ်များပြီး သေနိုင်ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

သေဆုံးသူဦးရေမြင့်တက်ခြင်း တခြားအကြောင်းအရင်းတွေကတော့ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိနေပေမဲ့ ကုသမှုခံယူဖို့ နှောင့်နှေး၊ ပျက်ကွက်တာ၊ ဆေးရုံကို နောက်ကျပြီးမှ ရောက်လာတာ၊ အသွားအလာကန့်သတ်နေထိုင်ရမှာကို မလိုက်နာချင်တာနဲ့ ကျန်းမာရေး အမြင်ကျဉ်းမြောင်းတာကြောင့် အောက်ဆီဂျင်ပြတ်လပ်တဲ့ Silent Hypoxemia ကြောင့် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

“သေဆုံးတဲ့ လူနာရဲ့ ၉၀ရာခိုင်နှုန်းကျော်ကတော့ ရောဂါအခံရှိတဲ့သူတွေများပါတယ်။ ဘာကြောင့် သေဆုံးမှုများရတာလဲဆိုတော့ ဆေးရုံရောက်တာ နောက်ကျတာလည်းပါတယ်။ အိမ်မှာပဲကုနေတော့ သွေးထဲမှာ အောက်ဆီဂျင်ကျတာ ကျလို့ကျမှန်းမသိဘူး။ ဒီကိုယ့်အိမ်မှာကိုယ်နေတဲ့အခါ အောက်ဆီဂျင်ကျလို့ ကျမှန်းမသိ ပါဘူး။ အဆုတ်ထဲမှာ စတင်ရောင်ရမ်းမှုဖြစ်နေတာလည်း သိချင်မှသိမယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှုးဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။

ကိုဗစ်-၁၉ဟာ ပြင်းထန်မှုထက် ကူးစက်နှုန်းမြန်တဲ့ရောဂါဖြစ်တာကြောင့် လူဦးရေထူထပ်တဲ့ နေရာတွေမှာ ကူးစက်မှုနှုန်းက ယခင်ကထက် ကူးစက်မှုနှုန်းမြန်နေတာဖြစ်ပါတယ်။​ ဒါကြောင့်မို့ ရောဂါပြင်းထန်ခြင်း၊ မပြင်းထန်ခြင်းဟာ ကူးစက်ခံရတဲ့သူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ၊ မရှိနဲ့  ကိုယ်ခံအားကောင်း၊ မကောင်း စတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်နေပါတယ်။

ဒါ့ပြင် ရောဂါပိုးပြင်းထန်မှု အခြေအနေဆိုတာ ရောဂါပိုးကူးစက်ခံလူနာရဲ့ အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ (ဥပမာ-ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ကင်ဆာ အစရှိသဖြင့်) အပေါ်လည်း မူတည်နေပါသေးတယ်။ ရောဂါအခံရှိတဲ့သူတွေမှာတော့ ပိုပြီးပြင်းထန်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေနဲ့ ဆီးချိုရောဂါသည်တွေမှာ ကိုဗစ်-၁၉ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေက သာမန်လူတွေထက် ပိုပြီးပြင်းထန်ပါတယ်။

သေဆုံးမှုကို ဘယ်လိုလျှော့ချမလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရတဲ့လူနာတွေ သေဆုံးမှုကနေ လျော့နည်းစေဖို့ ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါလက္ခဏာစခံစားရပြီလို့ သံသယရှိရင် ဓာတ်ခွဲစစ်ဆေးမှု ခံယူဖို့လိုအပ်ကြောင်းနဲ့ တတ်နိုင်သမျှ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်၊ 

“ကိုယ့်ကိုယ်ကိုကာကွယ်မှ အိမ်မှာရှိတဲ့သူတွေရဲ့ အသက်အန္တရာယ်ကိုလည်း ကာကွယ်နိုင်မယ်။ ဆေးခန်းသွားရမှာကို မကြောက်ပါနဲ့။ ကျန်းမာရေးဝန်ထမ်းတွေရော၊ အစိုးရအဖွဲ့တွေရော အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

“တစ်နည်းအားဖြင့်ပြောရင် မိသားစုထဲမှာ အသက်ကြီးတဲ့သူတွေ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အနံ့မရဘူးဆိုရင် မပေါ့ဆပါနဲ့။ မြန်မြန်ဆန်ဆန်ကုသဖို့ လိုပါတယ်။ ဒီလူကြီးတွေကို မသေသင့်တာကို မသေရအောင်၊ မြန်မြန် ဆေးကုသမှုခံယူရအောင် လုပ်ကိုင်ဆောင်ရွက်ပေးရမှာက အိမ်မှာ ရှိတဲ့မိသားစုဝင်တွေရဲ့တာဝန်ဖြစ်ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့သူတွေကို ကမ္ဘာ့အသိအမှတ်ပြု Dexamethasone ထိုးဆေးလိုကုထုံးနဲ့ ကုသပေးနေသလို ရောဂါပျောက်ကင်းတဲ့သူတွေ လှူဒါန်းတဲ့ သွေးရည်ကြည်နဲ့လည်း ကုသပေးနေပါတယ်။ ဒါ့ပြင် ဗိုင်းရပ်စ်ပိုးသတ်စေးတစ်မျိုးဖြစ်တဲ့ Ramdesmierနဲ့လည်း ကုသပေးနေပါတယ်။

ဒီကုထုံးတွေက ရောဂါဖြစ်ခါစကာလ၊ ရောဂါမပြင်းထန်ခင်မှာ ကုသရင် ပိုပြီးထိရောက်တယ်လို့ ဒေါက်တာဇော်သန်းထွန်းက ဆိုပါတယ်။ ဒါပေမဲ့ ရောဂါအခြေအနေဆိုးပြီး အသက်ရှူစက်နဲ့ အောက်ဆီဂျင်ပေးရတဲ့ အခြေအနေရောက်နေပြီဆိုရင်တော့ အဲဒီကုထုံးတွေဟာ ထိရောက်မှုမရှိနိုင်တော့ဘူးလို့ သူကဆိုပါတယ်။ 

ဒါ့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုကို အလျင်အမြန် ထိန်းချုပ်နိုင်ဖို့ ကိုးရီးယားနိုင်ငံက ဝယ်ယူထားတဲ့ Rapid Antigen Diagnostic Test Kits တွေနဲ့ ရန်ကုန်က ဆေးရုံကိုးခုမှာ စက်တင်ဘာ၂၉ရက်ကစပြီး စစ်ဆေးပေးခဲ့ပါတယ်။​

“ပြည်သူတွေကို အသိပေးစေချင်တာက စောစောသိဖို့လိုပါတယ်။ စောစောစစ်ဖို့လိုပါတယ်။ ပြီးရင်တခြားသူတွေကို မကူးစက်အောင် စောစောခွဲနေကြဖို့လိုပါတယ်။ အဲဒီနောက် ကျန်းမာရေးဝန်ထမ်းတွေကလည်း  ခုနကပြောတဲ့ကုထုံးတွေနဲ့ သင့်တော်သလိုဆုံးဖြတ်ပြီး ကုသပေးမယ်ဆိုရင် ဒီကိုဗစ်-၁၉ ရဲ့ဆိုးရွားတဲ့အခြေအနေကို ကျော်လွှားနိုင်လိမ့်မယ်လို့ အကြံပေးလိုပါတယ်”လို့ ဒေါက်တာဇော်သန်းထွန်းက မှတ်ချက်ပေးပါတယ်။

ဖခင်တစ်ယောက်ကို ကိုဗစ်ရောဂါကြောင့် ဆုံးရှုံးလိုက်ရတဲ့ မလဲ့ရီဝင်းကတော့ မိသားစုဝင်တစ်ဦးဦးမှာ ကိုဗစ် သံသယလက္ခဏာတွေ့ပြီဆိုရင် သူတို့မိသားစုကြုံတွေ့ခဲ့သလိုမျိုး အဖြစ်ဆိုးက ကင်းဝေးအောင် နီးစပ်ရာ အစိုးရ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံးကုသမှုခံယူသင့်ကြောင်း ပြောပါတယ်။

“ဖျားနာတယ်ဆိုရင်၊ ကိုဗစ်လက္ခဏာပြပြီဆိုတာနဲ့ ဆေးရုံဆေးခန်းကိုတန်းပြေး စေချင်ပါတယ်။ အိမ်မှာဖျားနေကျဆိုပြီးတော့ ကြိတ်မနေစေချင်ပါဘူး။ ကျွန်မတို့က ဒီလိုလုပ်ရတာ မသိလိုက်တဲ့အတွက် ကျွန်မတို့ရဲ့ အဖေအသက်ဆုံးရှုံးသွားရပါတယ်။ တကယ်လို့သာ သိလိုက်မယ်ဆိုရင် အဖေ့အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးနိုင်မယ်။ အဖေ့အသက်ကလည်း မပေးသင့်ဘဲနဲ့ ပေးလိုက်ရတာ”လို့ သူကပြောပါတယ်။

“ကြိတ်ကုရင် အသက်ဆုံးရှုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့က အဖေ့မှာရောဂါရှိတာကို မသိလိုက်တော့ အသက်ပေးလိုက်ရသလိုဖြစ်သွားတယ်”လို့ သူက ဆက်လက်ပြောကြားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.