တရားမဝင်ကုန်သွယ်မှု ကိုင်တွယ်တော့မည်ဟု ဘဏ္ဍာရေးဝန်ကြီး ကတိပြု

မှောင်ခိုလုပ်ငန်းကြောင့် အစိုးရမှာ အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးနေရသည်။ တရားဥပဒေစိုးမိုးမှုက အားနည်းလှရာ နိုင်ငံတွင်းတရားမဝင် ဘီယာဘူးအလုံး ၅,၀၀၀ ဝင်လာလျှင် တစ်ဘူးခန့်သာ ဖမ်းမိသည့်သဘောဖြစ်နေသည်။

သောမတ်စ်ကင်း(န်) ရေးသားသည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ်မှာ တွေ့နေကျကွန်ဖရင့်နှင့် အလုပ်ရုံဆွေးနွေးပွဲများနှင့်မတူ တမူထူးစွာ စတင်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက်က နေပြည်တော် အမ်ဂယ်လာရီဟိုတယ် MGallery Hotel တွင် ယူရိုခင်မ် EuroCham အဖွဲ့က ကြီးကြပ်စီစဉ်ကျင်းပသော အဆိုပါဖိုရမ်သို့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနှင့် စာရင်းစစ်ချုပ် ဦးမော်သန်းတို့ ရောက်ရှိလာရာ သူတို့ကို ဗီအိုင်ပီထိုင်ခုံနေရာနှင့် စင်မြင့်သို့ မခေါ်ဘဲ စင်မြင့်ဘေး သီးသန့်နေရာသို့ ခေါ်ဆောင်နေရာချထားပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အခြားအစိုးရအရာရှိကြီးများ၏ ရှေ့တည့်တည့်တွင် ဘီယာစင်ကြီးရှိသည်။ ဘီယာအမျိုးအစား တံဆိပ်မျိုးစုံ၊ အရောင်မျိုးစုံ၊ အရွယ်အစားမျိုးစုံ စီရရီတင်ထားသည်။ ဘီယာတံဆိပ်မျိုးစုံသော်လည်း တူသောအချက်တစ်ခုတော့ ရှိသည်။ ထိုဘီယာအားလုံးမှာ မြန်မာပြည်တွင်းသို့ မှောင်ခိုသွင်းလာသော ဘီယာများဖြစ်ကြပြီး ဈေးကွက်ထဲမှာ၊ ဆိုင်တွေပေါ်မှာ ပေါ်ပေါ်ထင်ထင်ရောင်းနေသော ဘီယာများဖြစ်လေသည်။

ထိုဘီယာများထဲတွင် တွေ့နေမြင်နေကျ ဘီယာတံဆိပ်များပါသလို တွေ့ရမြင်ရခဲသည့် Fort Knox ဆိုသော ဘီယာလည်းပါသည်။ ထိုဘီယာတွင် အယ်လ်ကိုဟော ၁၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ၅၀၀ မီလီလီတာဝင် အသည်းကိုဖျက်ဆီးမည့်ဘူးနှင့်ထည့်ထားကာ မည်သည့်ကုမ္ပဏီ၊ မည်သည့်နိုင်ငံမှ ထုတ်လုပ်မှန်းလည်း ဖော်ပြမထားပေ။

မှောင်ခိုဟုဆိုလိုက်လျှင် လူအရောက်အပေါက်နည်းသော ဝေးကွာလှမ်းသည့် နယ်စပ်ဒေသတွင် ခိုးကြောင်ခိုးဝှက် သယ်ယူပို့ဆောင်နေကြသည်ကို လူတွေက မြင်ယောင်ကြသည်။ မြန်မာနိုင်ငံတွင်တော့ ထိုသို့မဟုတ်ချေ။ မှောင်ခိုအလုပ်သည် ပေါ်ပေါ်ထင်ထင်လုပ်နေကြသော အလုပ်သာဖြစ်သည်။ ဘီယာသေတ္တာကြီးများ တင်ဆောင်လာသော ကုန်ကားကြီးများ၊ နယ်စပ်ဖြတ်ကျော်လာနေကြပုံ ပိုစတာကြီးများကိုလည်း ပြသထားသည်။

တရုတ်ပြည်၊ ယူနန်ပြည်နယ်တွင် ထုတ်လုပ်သော ဘီယာတစ်မျိုးကိုလည်း ပြသထားသည်။ သို့သော် ဘီယာဘူးပေါ်တွင်တော့ ရှမ်းဘာသာဖြင့်ရေးထားသည်။ မြန်မာနိုင်ငံတွင်းသို့ တရားမဝင်တင်ပို့ရန် စပယ်ရှယ်ထုတ်လုပ်ထားသည်ကို ကြည့်၍ နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုတင်သွင်းရန် မည်မျှလွယ်ကူကြောင်း သိနိုင်ပေသည်။

နိုင်ငံထဲသို့ရောက်သွားလျှင် အဖမ်းအဆီးမရှိ လွတ်လပ်စွာ ရောင်းချနိုင်တော့သည်။ ထိုင်းနိုင်ငံထုတ် ဘီယာများဖြစ်သော Chang နှင့် Singha တံဆိပ်ဘီယာ ပရိုးမိုးရှင်းကြော်ငြာဆိုင်းဘုတ်များကိုလည်း ထိုဖိုရမ်တွင် ပြသထားသည်။ နောက် ထိုင်းနိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်သော Leo နှင့်ပါ ပေါင်းလိုက်လျှင် မှောင်ခိုကုန်သွယ်မှုအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ထိုင်းဘီယာများက ယူထားသည်ဟု ၂၀၁၇ တွင် ဈေးကွက်သုတေသနကုမ္ပဏီ Euromoniter က ပြုလုပ်သော မြို့ကြီးများရှိ ကုန်လှောင်ရုံများကို အခြေခံလေ့လာသော သုတေသနက ဖော်ပြသည်။ မှောင်ခိုထိုင်းဘီယာများ မည်မျှပျံ့နှံ့သနည်းဆိုသော် ဆင်တူရိုးမှားအမည်ဖြင့် Cheng, Leort များဖြင့် ထုတ်လုပ်ထားသော တံဆိပ်တုများပင်ရှိသည်။ ထိုဘီယာတုများမှာ အစစ်နှင့်ခွဲမရအောင် တူလေသည်။

အဆိုပါပြပွဲတွင် ဝီစကီများ၊ စီကရက်များနှင့် လူအများ သိပ်သတိမထားမိသော လူသုံးကုန် မှောင်ခိုပစ္စည်းများကိုလည်း ပြသထားသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မှောင်ခိုကုန်သွယ်မှု၏ အတိုင်းအတာပမာဏနှင့် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ကြပုံကို ပြသလိုရင်းဖြစ်ရာ ရည်ရွယ်ချက်အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မိန့်ခွန်းပြောရာတွင် မှောင်ခိုကုန်သွယ်မှုကို အစိုးရက အရေးယူကိုင်တွယ်ရန်ဆုံးဖြတ်ထားကြောင်းဆိုသည်။ အစိုးရသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ AITSC ကို ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ ဖွဲ့စည်းထားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် စစ်ဆေးရေးဂိတ်အသစ်များ တည်ထောင်ရေး၊ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ရေးနှင့် ကုန်လှောင်ရုံစနစ် ထားရှိရေးအပါအဝင် မှောင်ခိုပြဿနာကို ကိုင်တွယ်ရန် ရေတို-ရေရှည် စီမံကိန်းများ ရေးဆွဲတင်ပြရန် အကောက်ခွန်ဦးစီးဌာနကို ညွှန်ကြားထားသည်ဟုဆိုသည်။

ထိုနောက် ဝန်ကြီးသည် ခဏနားပြီး လက်တန်းပြောချလိုက်ပါသည်။ “ကျွန်တော် နိဂုံးမချုပ်ခင် ပြောပါရစေဗျာ၊ ကျွန်တော်ဒီမှာ ပြသထားတာတွေ လျှောက်ကြည့်ရင်း ကျွန်တော်တို့နိုင်ငံ ကုန်သွယ်ရေးစနစ်ထဲ ထိုးဖောက်ဝင်ရောက်နေတဲ့ တရားမဝင်ကုန်သွယ်မှုကို မြင်ရတာ အတော့်ကို အံ့အားသင့်မိတယ်ဗျာ၊ ကျွန်တော်ထင်တယ်၊ ဒါဟာ ရေပေါ်ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ်လို့။ ဒီကိစ္စကို အလေးအနက် အရေးယူလုပ်ဆောင်မယ်လို့ ကတိပေးပါတယ်” ဟု ပြောကြားသည်။

စိန်ခေါ်မှု အတိုင်းအတာ

သို့သော် EuroChem က စေခိုင်းသည့် မြန်မာ့ဈေးကွက်သုတေသနနှင့် ဖွံ့ဖြိုးရေး MMRD က လုပ်ဆောင်ပြီး ဖိုရမ်တွင်ပြသထားချက်အရ စိန်ခေါ်မှုအတိုင်းအတာမှာ ကြီးမားလှပေသည်။ ထိုသုတေသနလေ့လာချက်အရ ၂၀၁၇-၁၈ တွင် တရားမဝင် ကုန်သွယ်ရေးပမာဏမှာ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းသည်။

ဤကိန်းဂဏန်းမှာ မြန်မာ့တရားဝင် သွင်းကုန်ပမာဏနှင့် အခြားနိုင်ငံများ၏ အကောက်ခွန်ဌာနများမှ မြန်မာနိုင်ငံသို့ ပို့ကုန်အစီရင်ခံစာတို့အကြား ခြားနားချက်မှ တွက်ယူရရှိထားခြင်းသာဖြစ်ရာ တကယ့်အစစ်အမှန် ကိန်းဂဏန်းထက် အဆပေါင်းများစွာ လျော့နည်းနိုင်သည်ဟု MMRD ၏ သုတေသနညွှန်ကြားရေးမှူး ဦးအောင်ဝင်းက အသိအမှတ်ပြု ပြောကြားသည်။

ဥပမာအားဖြင့် တရားဝင် စစ်ဆေးရေးဂိတ်များမှ မြန်မာနိုင်ငံပြင်ပသို့ထွက်နေသော စိုက်ပျိုးရေးထွက်ကုန်ကဲ့သို့သော ထွက်ကုန်များ၊ သဘာဝတောရိုင်းတိရစ္ဆာန်များ၊ မူးယစ်ဆေးဝါးများလို တရားမဝင်ပစ္စည်းများကို ထည့်တွက်မထားချေ။ ထို့ပြင် နယ်စပ်ဖြတ်ကျော်၍ လုပ်ဆောင်နေသော တရားမဝင်ကုန်သွယ်မှုများ မပါဝင်သေးပေ။

ယခုလေ့လာမှုတွင် စားသုံးကုန်ပစ္စည်း ခုနစ်မျိုး ပါဝင်သည်။ ယင်းတို့မှာ ဘီယာ၊ ဝီစကီ၊ စီးကရက်၊ ဆေးပစ္စည်း၊ မိုဘိုင်းဖုန်းများ၊ အလှကုန်နှင့် တကိုယ်ရေသန့်ရှင်းရေးပစ္စည်းများဖြစ်သည်။ အကောက်ခွန်မှတ်တမ်းများအရ ပို့ကုန်နှင့် သွင်းကုန်အကြား ကွာဟချက်မှာ ဒေါ်လာ ၁ ဒသမ ၄၂၇ ဘီလျံဖြစ်ရာ ခန့်မှန်းငွေ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ၏ ၂၂ ရာခိုင်နှုန်းခန့်ပင်ဖြစ်သည်။

သို့သော် ဤဖိုရမ်တွင် ပြသထားသည့် ဘီယာအချို့ကဲ့သို့ မှတ်တမ်းမှတ်ရာမရှိဘဲ တရားမဝင်တင်သွင်းလာသော ပစ္စည်းများကလည်း နှစ်စဉ် ဒေါ်လာ ၉၄၃ သန်းရှိရာ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံရှိနိုင်သည်ဟု ဈေးကွက်အတွင်းမှ ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

လက်ရှိ အကောက်ခွန်နှုန်းထားနှင့်ဆိုလျှင် အစိုးရက ဤမှောင်ခိုကုန်သွယ်ရေးကြောင့် နှစ်စဉ် အခွန်ဒေါ်လာ သန်း ၅၇၀ ခန့် ဆုံးရှုံးနေလေသည်။

တရားဥပဒေအရ အရေးယူမှုကလည်း မရှိသလောက်ပင်ဖြစ်သည်။ တန်ဖိုးအားဖြင့်တွက်လျှင် ဖမ်းဆီးရမိသည့် ပစ္စည်းများတန်ဖိုးမှာ တရားမဝင်မှောင်ခိုကုန်သွယ်ရေး၏ သုည ဒသမ ၄ ရာခိုင်နှုန်းခန့်သာ ရှိသည်။ လေ့လာချက်တွင်ပါဝင်သော ကုန်ပစ္စည်း ခုနစ်မျိုးအတွက်ဆိုက ပို၍ပင်နည်းပါးပြီး သုည ဒသမ ၀၂ ရာခိုင်နှုန်းသာရှိသည်။ သည်အတိုင်းဆိုပါက ဘီယာဘူး ၅,၀၀၀ ခိုးသွင်းလာလျှင် တစ်ဘူးသာ ဖမ်းဆီးရမိသည့်အဓိပ္ပာယ်ဖြစ်သည်။

typeof=

ပဋိပက္ခနှင့် ရာဇဝတ်မှုကို မီးထိုးပေးနေ

တရားမဝင်ကုန်သွယ်မှုမှ ဘယ်သူတွေ အမြတ်ထွက်နေသလဲ။

“ဟိုတုန်းကတော့ တရားမဝင်ကုန်သွယ်မှုကို ‘နူးညံ့သော ရာဇဝတ်မှု’ Soft Crime ဟုသာ သဘောထားပြီး အလေးထားသင့်သလောက် အလေးမထားခဲ့ကြပါ” ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးမှ ဌာနေကိုယ်စားလှယ် Mr. Troels Vester က ပြောသည်။

မှောင်ခိုသွင်းလာသော ပန်းနှင့် မျိုးစေ့တို့ကို ပြပြီး သူက “နယ်ပယ်ကလည်း ကျယ်လာတယ်၊ ပန်းမျိုးစေ့လို ဟာတွေကိုလည်း မှောင်ခိုသွင်းနေမှန်း ကျွန်တော် ခုမှသိတယ်၊ အရင်က ဒါမျိုးတွေက ဇိမ်ခံပစ္စည်းထဲမှာ ပါတယ်လေ၊ ခုတော့ အားလုံးမှောင်ခိုသွင်းနေတာပါပဲ” ဟု Vester က ပြောသည်။

“တရားမဝင် ကုန်သွယ်ရေးက အခွန်ဆုံးရှုံးတဲ့ ပြဿနာတစ်ခုတည်း မဟုတ်ဘူးဗျ၊ ဒါထက်ကြီးတဲ့ ပြဿနာတွေရှိသေးတယ်” ဆေးဝါးအတုတွေ စားသုံးမှုကြောင့်ဖြစ်လာသည့် ကျန်းမာရေးအန္တရာယ်ကို သူက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဤမှောင်ခိုကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ကာလရှည်ကြာ လက်နက်ကိုင်ပြည်တွင်းစစ်နှင့်လည်း ပင်ချင်း လိမ်ယှက်နွယ်လျက်ရှိသည်။ မှောင်ခိုလမ်းများက တိုင်းရင်းသားလက်နက်ကိုင်တို့ကြီးစိုးရာ နယ်စပ်များကို ဖြတ်လာရသည်။ သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် ဝင်ငွေရပေါက်ရလမ်းကြီးတစ်ခု ဖြစ်နေပြီး လက်နက်ကိုင်ပဋိပက္ခကို ထောက်ပံ့ပေးသလိုဖြစ်နေလေသည်။ မှောင်ခိုပစ္စည်းများထဲတွင် ဓာတုဆေးဝါးများလည်း ပါသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံ၊ အထူးသဖြင့် ရှမ်းပြည်နယ်သည် မက်သာဖက်တမင်းနှင့် အခြားဓာတုဆေးဝါးများ ထုတ်လုပ်ရာ ကမ္ဘာ့စင်တာဖြစ်လာသည်။ ထိုမူးယစ်ဆေးများကို ဒေသတွင်းအနှံ့သာမက ဈေးကောင်းရသော ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေလျနှင့် နယူးဇီလန်တို့အထိ ပျံ့နှံ့အောင်ပို့နေရသည်။

မက်သာဖက်တမင်း မှောင်ခိုရောင်းဝယ်မှုလုပ်ငန်းမှ တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဒသမ ၃ ဘီလျံနှင့် ၆၁ ဒသမ ၄ ဘီလျံအကြား ရရှိနေပြီး ဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအတွက် ဝင်ငွေအများဆုံးရရှိရာ မှောင်ခိုကုန်သွယ်လုပ်ငန်းကြီး ဖြစ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။

ဘီယာနှင့် စီးကရက်လို တရားဝင်ပစ္စည်းများနှယ်ဖြစ်နေသည့်ပစ္စည်းများ၏ တရားမဝင်ကုန်သွယ်မှုမှ ရသောဝင်ငွေသည် မူးယစ်ဆေး တရားမဝင်ရောင်းဝယ်ခြင်းမှရသော အမြတ်အစွန်းထက် များစွာလျော့နည်းမည်မှာ သံသယဖြစ်စရာ မလိုချေ။ သို့သော် အမြတ်အစွန်းရနေကြသူတို့မှာ တစ်ဖွဲ့တည်းသာ ဖြစ်သည်။

“တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုနှင့် တရားမဝင် ကုန်စည်တွေ အပြန်အလှန် ဆက်စပ်နေကြတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်တွေအတွင်းကမှ ကျွန်တော်တို့ သိခဲ့ရတယ်၊ မတူညီတဲ့အဖွဲ့တွေအကြား မတူညီတဲ့ပုံစံတွေနဲ့ ငွေပေးချေနေကြတာတွေ မြင်ခဲ့ရတယ်၊ ဒီနှစ်ခုက သီးခြားမဟုတ်ဘူး။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို နားလည်ဖို့လိုတယ်၊ ဒီကိစ္စက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဂိုဏ်းတွေပါ” ဟု Vester က ပြောပြသည်။

တရားမဝင် ကုန်သွယ်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အဓိကစိန်ခေါ်မှုဖြစ်သလို မှောင်ခိုကုန်သွယ်မှုတွေလုပ်ဖို့ ပိုမိုခက်ခဲအောင်၊ လူထုက မှောင်ခိုပစ္စည်းတွေသုံးဖို့ မလိုအောင်၊ ကုန်သွယ်ရေးကို တရားဝင်လုပ်ဖို့ ပိုမိုလွယ်ကူအောင် အစိုးရက ပေါ်လစီများ ချမှတ်လုပ်ဆောင်ပေးရပါမည်။

ဆေးပစ္စည်းများ တရားဝင်တင်သွင်းခွင့်ကို အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ထံမှ ရရှိရန် အလွန်ရှုပ်ထွေးကာ အချိန်ကြာလွန်းသဖြင့် ဆေးဝါးအတော်များများကို မြန်မာနိုင်ငံတွင်း မှောင်ခိုသွင်းနေကြသည်။ နိုင်ငံခြားအရက်ကို တရားဝင်တင်သွင်းရန်၊ တရားဝင် ဆိုင်တင်ရောင်းချရန် နည်းလမ်းမရှိသဖြင့် မှောင်ခိုတင်သွင်းနေကြရသည်။ အချို့ကိစ္စများကျတော့လည်း အခွန်က ကြီးလေးလွန်းသဖြင့် မှောင်ခိုအားပေးသလိုဖြစ်နေပြန်လေသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သောမတ်စ်ကင်း(န်)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.