မြန်မာ့ဆင်ရိုင်းများ မျိုးတုန်းပျောက်ကွယ်မသွားအောင် ကာကွယ်ပေးခြင်း

ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရသည့် မြန်မာ့ဆင်ရိုင်းများ မျိုးတုန်းပျောက်ကွယ်သွားမည့် အရေးမှ ကာကွယ်ရန် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း အခက်အခဲ၊ အတားအဆီး များစွာ ရှိနေသေးသည်။

ဟိန်းကိုစိုး ရေးသားသည်။

ဆင်မကြီး မိုမိုသည် ကယားပြည်နယ်၏ ကျေးလက်ဒေသတစ်ခုတွင် ၁၉၅၀ ပြည့်နှစ်အတွင်းက မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သစ်တောများထဲတွင် နေထိုင်ခဲ့ရသည့် သူမ၏ ဘဝသည် ပျော်စရာအတိပင် ဖြစ်ပေလိမ့်မည်။

သို့သော် အသက်အရွယ် ငယ်သေးသည့် ၁၉၆၁ ခုနှစ်တွင် ဆင်မကြီး မိုမိုတစ်ယောက် အဖမ်းခံရပြီး ရန်ကုန်မြို့တော်သို့ ရောက်ရှိလာတော့သည်။ ထိုအချိန်ကစပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင်သာ သူမ တောက်လျောက် နေထိုင်လာခဲ့သည်။ စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဆင်မကြီး မိုမို၏ ဆပ်ကပ်ပြခြင်း၊ ကပြဖျော်ဖြေခြင်းများသည် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက် လည်ပတ်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ မေလအတွင်းက ထုတ်ဝေသည့် မြန်မာတိုင်းမ်စာစောင်တွင် ရန်ကုန် တိရစ္ဆာန်ရုံရှိ လှောင်အိမ်များမှာ သေးငယ်လွန်းသည်ဟု ဝေဖန်ထားသည့် ဆောင်းပါးတစ်ပုဒ် ပါဝင်ခဲ့သည်။ ထို့ပြင် အပူချိန် ၄၀ ဒီဂရီ ရှိနေသော နွေခေါင်ခေါင်တွင် ဆင်များကို ခက်ခဲပင်ပန်းသော ဆပ်ကပ်များ ကပြခိုင်းခြင်းဖြင့် နှိပ်စက်ကလူ ပြုနေသည်ဟုလည်း ဝေဖန်ခဲ့သည်။

ထိုသို့ ဝေဖန်ခံရအပြီး လအနည်းငယ်အကြာတွင် ထိုကဲ့သို့ ပင်ပန်းသော ဆပ်ကပ်ပွဲများကို ဖျက်သိမ်းခဲ့ပြီး အသက်ကြီးလာပြီဖြစ်သည့် ဆင်မကြီး မိုမိုကိုလည်း အနားပေးခဲ့သည်။ မိုမို၏ ကပြမှုများကို လာရောက်လည်ပတ်သူများက နှစ်သက်ကြသည်။ သို့သော် သူ့အတွက်မူ တောထဲမှ လာသော ဆင်မကြီး ဖြစ်သဖြင့် တောထဲတွင်သာ ပျော်ရွှင်မည်ကို မည်သူကမှ ငြင်းနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံရှိ ဆင်အများစုသည် မိုမိုကဲ့သို့ ဖမ်းဆီးခံထားရသော ဆင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဆင်အကောင်ရေ ၇၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ၂၀၀၀ ခန့်သာ တောတွင် သဘာဝအတိုင်း နေထိုင်နေကြသည်။ တိရိစ္ဆာရုံ၊ ဘေးမဲ့တောနှင့် သစ်တောစခန်း ပြင်ပရှိ သဘာဝ ဆင်ရိုင်းများသည် မျိုးတုံးမည့် အန္တရာယ် ကျရောက်နေသည်ဟု ထို့ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက သတိပေးထားကြသည်။

တောဆင်ရိုင်းများ မျိုးတုံးရသည့် အဓိက အကြောင်းရင်းမှာ အမဲလိုက် ခံရခြင်း ဖြစ်သည်။ ဆင်များကို ဆင်စွယ် ရယူရန်အပြင် ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများကိုလည်း ရှေးရိုးစဉ်လာ တိုင်းရင်းဆေးဝါးများတွင် အသုံးပြုရန်အတွက် ရယူနေကြသည်။ ထို့ပြင် ဆင်များကို တရားမဝင် ဖမ်းဆီးပြီး အိမ်နီးချင်းနိုင်ငံများသို့ အရှင်လတ်လတ် ရောင်းချခြင်းများလည်း ရှိနေသည်။ ထို့ပြင် တောဆင်ရိုင်းများတို့ နေထိုင်သည့် စားကျက်မြေများ ပျောက်ဆုံးနေခြင်းကလည်း တောဆင်ရိုင်းများ ရှင်သန်ရေးအတွက် အဓိက စိန်ခေါ်မှုကြီးဖြစ်သည်။

မြန်မာ့သမိုင်းတစ်လျောက်တွင် ဆင်များသည် အထင်ကရနေရာ၌ တည်ရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက ဆင်များကို ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် စစ်ပွဲများတွင် အသုံးပြုခဲ့ကြသည်။ ဆင်ဖြူများကိုမူ သြဇာအာဏာနှင့် တော်ဝင် အဆောင်အယောင်အဖြစ် ထားရှိခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အာရှဆင်များအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် Voices for Momos ဟု အမည်ပေးထားသည့် အဖွဲ့တစ်ခုကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက စုပေါင်းတည်ထောင်ခဲ့သည်။ ထိုအဖွဲ့ကို WWF၊ Wildlife Conservation Society နှင့် Fauna & Flora International အဖွဲ့များက ထောက်ပံ့ပေးထားသည်။ မြန်မာနိုင်ငံတွင် ရက်သတ္တပတ် တစ်ပတ်တိုင်း တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံနေရသည်ဟု ၎င်းတို့က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ တောဆင်ရိုင်းတွေ မျိုးတုံးမယ့် အန္တရာယ်ကို မျိုးဆက်သစ် လူငယ်တွေ သိရှိအောင် ကျွန်မတို့က  ပညာပေးနေပါတယ်” ဟု ထိုအဖွဲ့အစည်းကို  ငွေကြေးထောက်ပံ့နေသည့် ရွှေတောင်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်စန္ဒာထွန်းက ပြောသည်။

လုပ်ဆောင်မည့် အစီအစဉ်

မြန်မာနိုင်ငံရှိ ဆင်များအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် Myanmar Elephant Conservation Action Plan ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနက ယခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ငန်းစီမံချက်တွင် တောဆင်ရိုင်းများနှင့် လူများ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မူဝါဒ ချမှတ်ရန် လမ်းညွှန်မှုများကို ဖော်ပြထားသည်။

သတ်ဖြတ်ခြင်းခံထားရသည့် မြန်မာ့တောဆင်ရိုင်းတစ်ကောင်။ ဓာတ်ပုံ-Supply

သတ်ဖြတ်ခြင်းခံထားရသည့် မြန်မာ့တောဆင်ရိုင်းတစ်ကောင်။ ဓာတ်ပုံ-Supply

လာမည့် ၁၀ နှစ်တာ ကာလအတွက် ဆင်များကို ထိန်းသိမ်းရန် မဟာဗျူဟာများကို ဖော်ပြထားသည့်အပြင် အနှစ် ၁၀၀ အတွက် ပန်းတိုင်များနှင့်လည်း ချိတ်ဆက်ပေးထားသည်။ ရေရှည်တွင် မြန်မာနိုင်ငံ၏ တောဆင်ရိုင်း ထိန်းသိမ်းမှုက မည်သို့ ဖြစ်လာမည်ကိုလည်း ဖော်ပြထားသည်။

ထိုလုပ်ငန်းစီမံချက်တွင် အဓိက ရည်မှန်းချက် လေးခု ပါရှိသည်။ ၎င်းတို့မှာ တောဆင်ရိုင်းများနှင့် ၎င်းတို့၏ စားကျက်မြေများကို ထိန်းသိမ်းခြင်း၊ လူများနှင့် တောဆင်ရိုင်းများ ထိပ်တိုက်တွေ့ဆုံခြင်းကို လျှော့ချခြင်း၊ ဆင်များနှင့် ဆင်ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို တရားမဝင် ရောင်းချမှုများကို တိုက်ဖျက်ခြင်းနှင့် ဖမ်းဆီးထားသော ဆင်အယဉ်များနှင့် ဆင်အရိုင်းများအကြား အပြန်အလှန် ဆက်နွယ်မှုကို စီမံခန့်ခွဲခြင်းတို့ ဖြစ်ကြသည်။

“ဆင်တွေက မြန်မာနိုင်ငံမှာ ရာစုနှစ်ပေါင်း များစွာကတည်းက အထွတ်အမြတ် ထားလာတဲ့ အမျိုးသား ရတနာတစ်ခု ဖြစ်ပါတယ်” ဟု Centre for Global Conservation ၏ အာရှဒေသဆိုင်ရာ အစီအစဉ်မှ ဒေသဆိုင်ရာ အထက်တန်း အကြံပေးဖြစ်သူ Antony Lynam က ဆိုသည်။ “ဖမ်းဆီးထားတဲ့ ဆင်တွေကို မြန်မာနိုင်ငံက စီမံခန့်ခွဲရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို လိုက်ပြီး အတုမယူမိဖို့ လိုပါတယ်။ ထိုင်းနိုင်ငံမှာက အလုပ်လုပ်ခိုင်းစရာ မရှိတဲ့ ဆင်တွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားလေ့ မရှိပါဘူး။ မြန်မာနိုင်ငံက တောဆင်ရိုင်းတွေကိုလည်း ထိုင်းနိုင်ငံကို တရားမဝင် ရောင်းချနေကြတာပါ။ အဲဒီကနေတဆင့် လာအိုနဲ့ တရုတ်နိုင်ငံအထိ တရားမဝင် တင်ပို့နေကြပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်ငန်းများ ငြိမ်သက်လာချိန်တွင် ဖမ်းဆီးထားသော ဆင်များကို လူသားဆန်စွာ ဆက်ဆံနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်သင့်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် တောဆင်ရိုင်း အရေအတွက် မလျော့ကျစေရန်လည်း ထိန်းသိမ်းသင့်သည်ဟု ဆိုသည်။

ထုတ်ပြန်ထားပြီးဖြစ်သည့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ်၌လည်း လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် ဆင်များ အသက်ရှင် နေထိုင်နိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်ချက်များကို ဖော်ပြထားသည်။

အာရှဆင်များသည် ကမ္ဘာပေါ်ရှိ လူနေသိပ်သည်းသော အစိတ်အပိုင်းများတွင် နေထိုင်နေကြခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ဆင်များသည် အခြားသော နို့တိုက်သတ္တဝါများထက် သဘာဝ စားကျက်မြေ ပိုမို ကျယ်ပြန့်စွာ လိုအပ်သည့်အတွက် စားကျက်မြေ ရှားပါးလာခြင်း ပြဿနာကို ပထမဆုံး ရင်ဆိုင်ရသူများ ဖြစ်သည်။

စားကျက်မြေများ ရှားပါးလာခြင်းကြောင့် လူများနှင့် ဆင်များ ထိပ်တိုက် ရင်ဆိုင်တွေ့မှုများ ဖြစ်ပွားပြီး ဆင်များက လူများ စိုက်ပျိုးထားသော သီးနှံများကို စားသောက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် လူများအား ထိခိုက်ဒဏ်ရာ ရစေခြင်း၊ သတ်ဖြတ်ခြင်းများ ဖြစ်ပွားလာသည်ဟု အစီရင်ခံစာက ဆိုသည်။ ထိုသို့ ထိပ်တိုက် ရင်ဆိုင်တွေ့မှုများကြောင့် နှစ်စဉ် လူနှင့် ဆင်များ ရာနှင့်ချီကာ သေဆုံးနေသည်။

အမဲလိုက်ခြင်းကလည်း တောဆင်ရိုင်းများ၏ အသက်ရှင် နေထိုင်မှုကို ခြိမ်းခြောက်နေသည်။ အာရှဆင်များတွင် အထီး အနည်းငယ်ခန့်ကသာ ဆင်စွယ်များ ပါသောကြောင့် အမဲလိုက်ခြင်းက ကြီးမားသော ပြဿနာမဟုတ်ဟု ယူဆသူများ ရှိနေကြသည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော် ဆင်များကို အမျိုးမျိုးသော ပစ္စည်းများ ရယူရန်အတွက် အမဲလိုက်နေကြသည်ဟု ဆိုသည်။ ဆင်စွယ်အပြင် အသားစားရန်အတွက်လည်းကောင်း၊ သားရေ ယူရန်အတွက်လည်းကောင်း သုံးနေကြသည်ဟု ဆိုသည်။ ယခုအခါတွင် အမဲလိုက်ခြင်းကလည်း ဆင်များ ရေရှည် အသက်ရှင် နေထိုင်နိုင်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်ဟု  ယူဆလာကြပြီ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ အာရှဆင်များအတွက် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းက Wild Fauna and Flora  အဖွဲ့၏ Convention on International Trade in Endangered Species (CITES) စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ သို့သော် ဆင်စွယ်များနှင့် ဆင်ခန္ခာကိုယ် အစိတ်အပိုင်းများကို မြန်မာနိုင်ငံမှ ထုတ်ယူရောင်းချနေကြဆဲ ဖြစ်သည်။ ၎င်းမှာ ၁၉၉၄ ခုနှစ် Protection of Wildlife and Wild Plants နှင့် Conservation of Natural Areas Law များကို ချိုးဖောက်နေခြင်း ဖြစ်သည်။

ထိုသို့ ပြုလုပ်နေကြခြင်းမှာ ဥပဒေ စိုးမိုးမှု ကင်းမဲ့ခြင်းကို ပြသနေပြီး နိုင်ငံတကာ စာချုပ်များနှင့် ဥပဒေများကို ပြောင်ပြောင် တင်းတင်း မလေးစားရာ ရောက်သည်ဟု MECAP ၏ အစီရင်ခံစာက ဆိုသည်။ ရောင်းချသူများကလည်း ဆင်စွယ်များကို ပေါ်ပေါ်ထင်ထင် ပြသရောင်းချနေကြပြီး မှောင်ခိုရောင်းချသည့် လုပ်ငန်းစဉ်ကိုလည်း ပေါ်ပေါ်ထင်ထင် ပြောဆိုနေကြသည်ဟု ဆိုသည်။

တောရိုင်း တိရိစ္ဆာန်များ ရောင်းဝယ်မှုကို စောင့်ကြည့်လေ့လာသော အဖွဲ့ဖြစ်သည့် TRAFFIC က မြန်မာနိုင်ငံမှ ဈေးကွက် ၁၄ ခုနှင့် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်တို့မှ ဈေးကွက် သုံးခုကို ၂၀၀၆ ခုနှစ်က စစ်တမ်းကောက်ယူခဲ့ရာ ဈေးကွက်ထဲတွင် ဆင်စွယ် အပိုင်းအစ ၉,၀၀၀ နှင့် အချောင်းလိုက် ဆင်စွယ် ၁၆ ချောင်းကို ရောင်းချနေသည်ကို တွေ့ရှိခဲ့သည်။ ကုန်သည်များ၏ ပြောကြားချက်အရ ဆင်စွယ်များကို တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများက ဝယ်ယူကြပြီး အမေရိကန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့က ဝယ်ယူသူများလည်း ရှိသည်ဟု ဆိုသည်။

ဆင်စွယ်များကို တရားမဝင် ရောင်းချခြင်းသည် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြင့်တက်လာခဲ့သည်ဟု MECAP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ နယ်စပ်မြို့နယ်ဖြစ်သော မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအရ ၂၀၀၆ မှ ၂၀၁၄ ခုနှစ်အတွင်း ဈေးကွက်အတွင်း၌ ထွင်းထုပြီး ဆင်စွယ်ရုပ်တု ၃,၄၉၄ ခုနှင့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တွင် ဆင်စွယ် အချောင်းလိုက် ၄၉ ချောင်းကို တွေ့ရှိခဲ့သည်။ မိုင်းလားသည် တရုတ်နိုင်ငံသို့ တောရိုင်းတိရိစ္ဆာန် ထုတ်ကုန်များ ရောင်းချခြင်းဖြင့် နာမည်ကြီးသော မြို့တစ်ခု ဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ-၄ ၏ မြို့တော်ဖြစ်ပြီး အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (National Democratic Alliance Army) က ထိန်းချုပ်ထားသော ဒေသလည်း ဖြစ်သည်။

မိုင်းလားတွင် ရောင်းချနေသော ဆင်စွယ်များမှာ မြန်မာနိုင်ငံမှ အာရှဆင်များနှင့် တခြားအာရှဒေသများမှ ဆင်များမှ ဖြတ်ယူထားခြင်းဖြစ်ဖွယ်ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံမှ တဆင့်ရောက်ရှိလာသော အာဖရိက ဆင်စွယ်များကို ထွင်းထုပြီး တရုတ်ပြည်သို့ ပြန်လည် တင်ပို့ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်တွင် တွေ့ရှိရသော ဆင်အစိတ်အပိုင်းများမှာ သားရေ၊ သွား၊ အရိုး၊ အမွေးတို့အပြင် အသားနှင့် လိင်အင်္ဂါများကိုလည်း ရောင်းချနေကြသည်။

ဆင်ရိုင်းများအား ဆင်စွယ်အတွက်အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရယူရန်အတွက်ပါ သတ်ဖြတ်နေကြသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဆင်ရိုင်းများအား ဆင်စွယ်အတွက်အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရယူရန်အတွက်ပါ သတ်ဖြတ်နေကြသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုမှာ မြန်မာနိုင်ငံမှ တောဆင်ရိုင်းများကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် ထောက်ပံ့နေခြင်း ဖြစ်သည်။ တစ်နှစ်လျှင် မြန်မာနိုင်ငံမှ ဆင်အကောင်ရေ ၅၀ မှ ၁၀၀ ခန့်အထိ ထိုင်းနိုင်ငံသို့  ခိုးထုတ်ခံနေရသည်ဟု အစီရင်ခံစာက ဆိုသည်။

ခိုးထုတ်ခံရသော ဆင်များမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ဒေါနတောင်တန်းဒေသတို့မှ ဆင်များ ဖြစ်ကြသည်။ ထိုဆင်များကို အရှင်အတိုင်း ချင်းမိုင်၊ ဖူးခက်နှင့် ဆူရင်ဒေသများသို့ ပို့ဆောင်နေကြခြင်း ဖြစ်သည်။

အောက်ခြေအဖွဲ့အစည်းများ၏ ရုန်းကန်ရမှုများ

အစိုးရ၏ ကန့်သတ်ချက်များအပြင် တောဆင်ရိုင်း အများစုသည် ပဋိပက္ခ ဖြစ်ပွားနေသော နေရာများတွင် နေထိုင်နေခြင်းကြောင့် ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရသည့် ပြဿနာအား ဖြေရှင်းရန် အခက်တွေ့နေကြသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် မင်္ဂလာမြန်မာ (Mingalar Myanmar) ကို တည်ထောင်သူ ဦးဖုန်းဝင်းက ပြောကြားသည်။

“သူတို့က အစိုးရရဲ့ ခွင့်ပြုချက်ကို မရကြဘူး။ ဆင်တွေ နေထိုင်တဲ့ နေရာက ပဋိပက္ခ ဖြစ်ပွားနေတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်” ဟု ဦးဖုန်းဝင်းက ပြောသည်။ ဦးဖုန်းဝင်းသည် ပဲခူးရိုးမ တောင်တန်းများပေါ်တွင် ဆင်ဘေးမဲ့တောတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေသူ ဖြစ်သည်။

တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ဒေသတွင်း အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ တောရိုင်း တိရိစ္ဆာန်များအား ထိန်းသိမ်းနိုင်ရေးအတွက် ဖိုရမ်တစ်ခုကို ၂၀၀၇ ခုနှစ်က ကျင်းပခဲ့သည်။ ထိုဖိုရမ်သို့  တက်ရောက်လာသူများက ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသော တိရိစ္ဆာန်များစာရင်းကို အစိုးရထံ တင်ပြခဲ့သော်လည်း မည်သည့် တုန့်ပြန်မှု မရရှိခဲ့ပေ။

“အစိုးရက သူလုပ်ချင်ရာ လုပ်နေတာပဲ။ ဆင်တွေ နေထိုင်တဲ့ နေရာတွေကို NGOs အဖွဲ့တွေကို သွားရောက်ခွင့် မပြုဘူး” ဟု သူက ဆိုသည်။

ကျေးလက်ဒေသမှ လူများအတွက် ဆင်နှင့် လူတို့အကြား ပဋိပက္ခ ဖြစ်မှုများလည်း တိုးလာနေသည်။ ဆင်များ၏ သဘာဝ စားကျက်မြေများ ပျောက်ဆုံးကုန်သောကြောင့် လူတို့ နေထိုင်သော နေရာများသို့ ဆင်များက ဝင်ရောက်ကျူးကျော် လာကြတော့သည်။

ထိုသို့သော အဖြစ်အပျက်မျိုးသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဆင်မရွာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သေးသည်။

“ဆင်တွေက ရွာထဲက စိုက်ခင်းတွေဆီကိုလာပြီး စပါးတွေနဲ့ တခြားသီးနှံတွေကို ဖျက်ဆီးကြတယ်။ သူတို့က ရေလာရှာကြတာ” ဟု ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ပြောသည်။

ထိုကဲ့သို့ အဖြစ်အပျက်များက မကြာခဏ ဖြစ်ပွားနေသည်ဟု ဦးအောင်ကိုလွင်က ပြောသည်။ ဆင်များ ရောက်ရှိလာပါက ရွာသားများက ခြောက်လှန့် မောင်းလွှတ်ကြပြီး ထိုသို့လုပ်၍ မအောင်မြင်ပါက သစ်တောဌာနအား ဖုန်းဆက်ခေါ်ယူရလေ့ရှိသည်။

“သစ်တောဝန်ထမ်းတွေက တစ်ခါတစ်လေလည်း အချိန်မီ ရောက်လာတယ်။ တစ်ခါတစ်လေကျတော့လည်း နှစ်ရက်လောက် ကြာတယ်” ဟု ဦးအောင်ကိုလွင်ကပြောသည်။ ဆင်ပြဿနာအား မည်သို့ ဖြေရှင်းရမည်ဆိုသည်ကိုလည်း ရွာသားများကို လေ့ကျင့်သင်ကြားပေးထားသည်ဟု သူက ဆိုသည်။ သို့သော် ထိုသို့သော အကူအညီများသည် အကန့်အသတ်ဖြင့်သာ ရရှိနိုင်ပြီး လေ့ကျင့်မှု မရရှိကြသည်မှာ တစ်နှစ်ကျော် ရှိနေပြီဟု ဆိုသည်။

“ကျွန်တော်တို့က အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဆီက အကူအညီတွေကို ရယူလိုတယ်။ ဆင်တွေနဲ့ ရန်မဖြစ်ချင်ဘူး” ဟု ဦးအောင်ကိုလွင်က ဆိုသည်။

ခေါင်းစီးဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.