ဖေဖော်ဝါရီ၆ရက်က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြသူများ ရန်ကုန်မြို့၊​ မြို့တော်ခန်းမအနီး ရောက်ရှိလာချိန်တွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို ကိုဗစ်-၁၉ကာကွယ်ရေးပိုစတာတစ်ခုအနီး မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စစ်အုပ်ချုပ်ရေးနှင့် ကိုဗစ်တတိယလှိုင်းအကြားက အဖိနှိပ်ခံစက်ရုံလုပ်သားများ

ကိုဗစ်-၁၉တတိယလှိုင်းကာလတွင် စက်ရုံပိုင်ရှင်အချို့သည် ၎င်းတို့၏အလုပ်သမားများအပေါ် ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ကြသည့်အပြင် ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြောင်း အလုပ်သမားများက စွပ်စွဲပြစ်တင်ကြသည်။ စစ်တပ်၏ ရှာဖွေဖမ်းဆီးမှုကြောင့် အလုပ်သမားအဖွဲ့အစည်းများ လှုပ်ရှားမှုကင်းမဲ့နေချိန်တွင် အဖိနှိပ်ခံအလုပ်သမားများမှာ အားကိုးရာမဲ့ ဖြစ်ခဲ့ကြသည်။

ဖရွန်းတီးယားမြန်မာ

ဇူလိုင်လလယ်ခန့်တွင် စက်ရုံလုပ်သားတစ်ဦးဖြစ်သည့် ကိုအောင်မင်းသိန်း ခေါင်းကိုက်ခြင်းနှင့် ကြွက်သားနာကျင်ခြင်းတို့ကို စတင်ခံစားရပြီး သုံးရက်အကြာတွင် အနံ့ခံအာရုံပျောက်ဆုံးသွားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းလုပ်ကိုင်နေသော အသင့်စားခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံတွင် ကိုဗစ်-၁၉ လက္ခဏာများကို ခံစားနေရသည့်ဝန်ထမ်း အများအပြားရှိနေသည်ကို သတိထားမိခဲ့သည်။

“ကျနော့်ဘေးက အလုပ်သမားတစ်ယောက်က အရင်ဖျားတယ်။ သူဖျားပြီး နှစ်ရက်လောက်နေတော့ ကျနော်လည်း သူ့လိုလက္ခဏာတွေ ခံစားရတယ်။ ကျနော့်အထက်ကလူကို အနံ့မရတော့တဲ့အကြောင်း အသိပေးတော့ သူကအလုပ်နှစ်ပတ်နားဖို့ပြောတယ်”ဟု လုံခြုံရေးအရ နာမည်လွှဲပြောင်းထားသူ ကိုအောင်မင်းသိန်းက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်တည်ရှိသော ခေါက်ဆွဲခြောက်စက်ရုံတွင် ကိုအောင်မင်းသိန်းနှင့်အတူ ဝန်ထမ်းပေါင်း ၅၀၀ ကျော်လုပ်ကိုင်လျက်ရှိသည်။ အသက် ၃၄ နှစ်အရွယ် ကိုအောင်မင်းသိန်းက ယင်းမြို့နယ်တွင်ပင် မိဘနှစ်ဦး၊ မောင်နှမသုံးဦးနှင့် နေထိုင်သည်။ ရောဂါလက္ခဏာများ စတင်ခံစားရချိန်တွင် အိမ်ရှိအခန်းတစ်ခုတွင် သီးခြားခွဲ၍ နေထိုင်ခဲ့သော်လည်း ရောဂါပိုးက မိသားစုဆီ ကူးစက်သွားခဲ့သည်။ ကိုအောင်မင်းသိန်းဖျားပြီး လေးရက်အကြာတွင် ၆၇နှစ်အရွယ် ဖခင်ဖြစ်သူမှာ စတင်ဖျားနာခဲ့သည်။ 

“အမေကလွဲရင် တစ်မိသားစုလုံးအကူးခံရတယ်။ ကျနော်တို့ မောင်နှမတွေကတော့ ရောဂါဒဏ် သိပ်မခံရဘူး။ ဒါပေမဲ့ အဖေက သေမလိုအထိ ခံစားခဲ့ရတယ်။ အရမ်းကံကောင်းလို့သာ အဖေအသက်ရှင်ခဲ့တာ။ အောက်ဆီဂျင်က ၈၀အောက်ထိ ကျသွားတယ်”ဟု သူကပြောသည်။ 

၎င်းတို့မိသားစုမှာ ဖခင်ဖြစ်သူအတွက် အောက်ဆီဂျင်ဖိုး ငွေကျပ်၁၀သိန်းကျော်အထိ သုံးစွဲခဲ့ရပြီး အခြားဆေးဖိုးနှင့် ရောဂါစစ်ကိရိယာဖိုးများလည်း အမြောက်အမြား ကုန်ကျခဲ့ရကြောင်း ကိုအောင်မင်းသိန်းက ပြောသည်။

“အဖေက အခုချိန်ထိ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကို ခံစားနေရတုန်းပဲ။ အဖေ့ကို ကယ်နိုင်ခဲ့ပေမဲ့ မောင်၊ နှမတွေကတော့ ကျနော့်ကို အပြစ်တင်တာပေါ့။ ကျနော်က ရောဂါပိုးသယ်ခဲ့သူကိုး။ အဖေ့သာ ဆုံးရှုံးလိုက်ရရင် ကျနော်ဘယ်လိုများအပြောခံရမလဲဆိုတာ တွေးတောင်မတွေးရဲဘူး”ဟု ၎င်းက စိတ်ထိခိုက်စွာ ဆိုသည်။ 

ရပိုင်ခွင့်များ ဆုံးရှုံးရခြင်း

မိသားစု၏ အပြစ်တင်မှုများကိုခံစားခဲ့ရသည့်အပြင် ၎င်း၏အလုပ်ရှင်ကြောင့်လည်း စိတ်ပျက်စရာများ ကိုအောင်မင်းသိန်း ကြုံတွေ့ခဲ့ရသည်။ မိမိအထက်လူကြီး၏ စေခိုင်းချက်အရ အလုပ်နှစ်ပတ်နားခဲ့ရခြင်းဖြစ်သော်လည်း ယင်းရက်များအတွက် လုပ်ခလစာမရရှိဘဲ ကျန် ၁၆ရက်အတွက်သာ လုပ်ခကြေးငွေ ကျပ် ၇၆,၈၀၀သာ ရရှိခဲ့သည်။ ယင်းသည် ယခင်ရနေကျ လစာ ကျပ်၂၂၀,၀၀၀ ၏ သုံးပုံတစ်ပုံမျှသာရှိသည်။

မြန်မာနိုင်ငံ၏ အလုပ်သမားဆိုင်ရာဥပဒေများအရ ဆေးမှတ်တမ်းတင်ပြနိုင်ပါက ဆေးခွင့်ကို ရက်၃၀အထိ လစာအပြည့်ဖြင့် ခွင့်ပြုသည်။ သို့သော် ကိုအောင်မင်းသိန်း၏ အထက်လူကြီးများကတော့ ကိုဗစ်ကြောင့် ပျက်ကွက်ခဲ့သောရက်များကို လစာမဲ့ခွင့်ရက်အဖြစ်သာ သတ်မှတ်ခဲ့သည်။

“ကျနော်တို့အဖွဲ့ခေါင်းဆောင်က အလုပ်မလာနဲ့ဆိုလို့ အိမ်မှာ နှစ်ပတ်လောက်နားခဲ့ရတယ်။ ဒါပေမဲ့ လစာထုတ်တော့ ၁၄ရက်အတွက် လုပ်ခလစာရယ်၊ ရက်မှန်ကြေး၊ အချိန်ပိုကြေးတွေ အကုန်ဆုံးသွားတယ်”ဟု ၎င်းကပြောသည်။ 

စက်မှုဇုန်လုပ်သားများသည် တစ်နေ့အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ကျပ်နှင့်အတူ တစ်လအတွင်း တစ်ရက်မျှခွင့်မယူပါက ရက်မှန်ကြေး၊ အချိန်ပိုကြေးတို့ကို ရရှိသည်။ သို့သော် အကယ်၍လုပ်သားတစ်ဦးက ခွင့်တစ်ရက်မျှပျက်ကွက်လိုက်သည်နှင့် ရက်မှန်ကြေးအပြင် တစ်လလုံးဆင်းထားသမျှ အချိန်ပိုကြေးများကို စက်ရုံအများစုက ဖြတ်တောက်ပစ်ကြသည်။

ကိုအောင်မင်းသိန်းလုပ်ကိုင်နေသော ခေါက်ဆွဲခြောက်စက်ရုံအတွင်း အလုပ်သမားဒါဇင်နှင့်ချီ၍ အလားတူခေါင်းပုံဖြတ်ခံရသော်လည်း တစ်ဦးတစ်ယောက်ကမျှ မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားဝံ့ခြင်းမရှိဘဲ အားလုံးခေါင်းငုံ့ခံခဲ့ကြသည်ဟု သူကဆိုသည်။ 

“အခုချိန်မှာ အလုပ်ရှာနေတဲ့လူတွေကအများကြီးပဲ။ စက်ရုံက တစ်နေ့ကို နှစ်ပဲတစ်ပြားပေးတောင် နေ့စားနဲ့လုပ်ကြမယ့်လူတွေချည်းပဲ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမှ လစာဖြတ်တောက်ခံရတာကို စောဒကမတက်ရဲကြဘူး။ တကယ်လို့အငြိုးခံရပြီး အလုပ်ထုတ်ခံရရင် ကျနော်တို့မှာ ဘာမှပြန်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”ဟု ၎င်းကပြောသည်။ 

ကိုဗစ်ကူးစက်ခံခဲ့ရသည့် စက်ရုံအလုပ်သမားအရေအတွက်ကို ဖရွန်းတီးယားမြန်မာက အတိအကျမသိရှိရသော်လည်း စက်ရုံပေါင်း ၆,၆၀၀ ကျော်ရှိသော ရန်ကုန်မြို့တစ်ခုတည်းတွင်ပင် ကူးစက်ခံရသော အလုပ်သမားအရေအတွက်မှာ သိသိသာသာမြင့်မားခဲ့မည်ဟု ယုံကြည်ရသည်။

အလုပ်သမားများနှင့် အလုပ်သမားအခွင့်အရေး တက်ကြွလုပ်ရှားသူမျာ၏ အဆိုအရ စက်ရုံပိုင်ရှင်များသည် ရောဂါပိုးပြန့်နှံမှုကို ထိန်းချုပ်ကာကွယ်ရာတွင်ညံ့ဖျင်းခဲ့သည်။ 

ကမ္ဘာ့ထိပ်တန်း ဖိနပ်အမှတ်တံဆိပ်တစ်ခုဖြစ်သော Adidas ဖိနပ်များကို ချုပ်လုပ်ပေးသော လှိုင်သာယာမြို့နယ်အတွင်းက ချန်းရီဖိနပ်စက်ရုံသည် မိမိကိုယ်မိမိ ကိုဗစ်-၁၉ ကင်းစင်စက်ရုံအဖြစ် ကြွေးကြော်သတ်မှတ်ခဲ့သော်လည်း မြေပြင်တွင်ထိုသို့မဟုတ်ကြောင်း ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အသက်၃၇နှစ်အရွယ် မအိအိဝင်း(အမည်လွှဲ)က ဆိုသည်။

“စက်ရုံက ဇူလိုင်၁၇ကနေ ၃၁ထိပိတ်တယ်။ အဲဒီပိတ်ရက်အတွင်းမှာ အလုပ်သမားအတော်များများ ဖျားကြတယ်လို့ ကြားရတယ်။ တစ်ယောက်ဆို အဖျားကြီးပြီး ဆုံးသွားတယ်။ အခုထိလည်း နေမကောင်းလို့ ခွင့်ယူတဲ့လူတွေ ရှိသေးတယ်”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

စက်ရုံက ရောဂါကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းခွင်တွင် မျက်နှာဖုံးအကာများနှင့် လက်ဆေးရည်များပေးထားပြီး အကယ်၍ အနံ့ပျောက်သွားပါက အလုပ်မလာခိုင်းဘဲ အိမ်တွင်သာနေခိုင်းကြောင်း သူကပြောသည်။ ရောဂါမပြန့်ပွားရန် သတ်မှတ်ချက်တစ်ခုဖြစ်သော တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာခြင်းကို စက်ရုံအတွင်းတွင် အလုပ်လုပ်ရန်မှာ မဖြစ်နိုင်ကြောင်းနှင့် စက်ရုံဘက်က ယခုချိန်ထိ အလုပ်သမားတစ်ဦးတစ်ယောက်ကိုမျှ ရောဂါပိုးစစ်ဆေးပေးခြင်းမရှိကြောင်း မအိအိဝင်းက ပြောသည်။ 

“စက်ရုံအတွင်းမှာ အလုပ်လုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားက တစ်တောင်လောက်ပဲခွာကြတယ်။ ထမင်းစားတဲ့နေရာမှာလည်း မှန်တွေနဲ့ကာပေးထားတွေ ဘာတွေလည်းမရှိပါဘူး။ အခုထိ ဖျားနေကြတာပဲ။ လူ ၃၀ နဲ့ ၄၀ ကြားပါတဲ့ အဖွဲ့တစ်ခုစီတိုင်း ခွင့်ယူတဲ့လူက တစ်နေ့ကို ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်”ဟု သူက ပြောသည်။ 

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မနွဲ့ရီဝင်းက ရန်ကုန်စက်မှုဇုန်များရှိ အချို့စက်ရုံ၊​ အလုပ်ရုံပိုင်ရှင်များသည် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုညံ့ဖျင်းသည့်အပေါ် အမြတ်ထုတ်နေကြသည်ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ ပထမနှင့်ဒုတိယလှိုင်းအတွင်း စက်ရုံများသည် ရောဂါထိန်းချုပ်မှုကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

“အင်န်အယ်လ်ဒီအစိုးရလက်ထက်က စက်ရုံတွေကို ဒုတိယလှိုင်းအတွင်းမှာ ပြန်ဖွင့်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့ ညီ၊ မညီကို စစ်ဆေးပြီးမှသာ ဖွင့်ခိုင်းခဲ့တာ။ အခုတော့ ဘယ်သူမှလည်းစက်ရုံတွေကို လိုက်မစစ်တော့ဘူး။ အစိုးရဘက်က လစ်လျူရှုထားလေ စက်ရုံပိုင်ရှင်တွေက ပျော်လေပဲ”ဟု သူက ပြောသည်။ 

ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် စက်ရုံအတွင်း ရောဂါပိုးကူးစက်ခံရသူတွေ့ရှိပါက စက်ရုံတစ်ရုံလုံးပိတ်ရပြီး ထိတွေ့မိသူအားလုံးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်သည့်အပြင် ရောဂါပိုးရှိ၊ မရှိကို ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးရသည်။ 

ယခု စက်ရုံလုပ်သားများတွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူများကို တွေ့ရှိပါကလည်း စက်ရုံများက ဂရုမစိုက်တော့ကြောင်း ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့သော အလုပ်သမားများကပြောသည်။

ခြောက်ဆွဲခြောက်စက်ရုံလုပ်သား ကိုအောင်မင်းသိန်းက ဩဂုတ်လပထမပတ်အတွင် စက်ရုံက ကိုဗစ်-၁၉ စစ်ဆေးပေးခဲ့ရာမှ စက်ရုံတွင်းပိုးတွေ့ရှိသူ လေးဦးအထိ ရှိခဲ့သည်ဟု ဆိုသည်။

“ပိုးတွေ့တဲ့လူတွေကို အိမ်မှာနားခိုင်းလိုက်တယ်။ ဒါပေမဲ့ စက်ရုံကဆက်လည်ပတ်နေတာပဲ။ ဘယ်သူ့မှလည်း အထွန့်မတက်ကြပါဘူး။ စက်ရုံပိတ်လိုက်လည်း ကျနော်တို့ပဲ လုပ်ခလစာမရမှာလေ”ဟု ၎င်းကပြောသည်။ 

လှိုင်သာယာစက်မှုဇုန်က အလုပ်သမားများ ဝန်ထမ်းကြိုပို့ကားတစ်စီးပေါ်သို့ တက်နေသည်ကို မြင်တွေ့ရစဉ်။ အဆိုပါဓာတ်ပုံကို အထည်ချုပ်လုပ်ငန်းများ အခြေအနေကောင်းခဲ့စဉ် ၂၀၁၉အတွင်းက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကူကယ်ရာမဲ့ခြင်း

အလုပ်ရှင်များ၏ ဖိနှိပ်မှုမှန်သမျှကို အလုပ်သမားများ သည်းညည်းခံနေရခြင်းသည် အလုပ်အကိုင်များ မဆုံးရှုံးချင်သောကြောင့် ဖြစ်သလို ၎င်းတို့ကို ကူညီမည့်သူများ မရှိ၍လည်းဖြစ်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။

စစ်တပ်၏ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များနှင့် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲနှင့် အုံကြွမှုဖြစ်စဉ်အချို့ကို ဦးဆောင်ခဲ့ကြသည်။ အများစုမှာ စစ်ကောင်စီကို ကြံ့ကြံ့ခံ ဖီဆန်နေကြဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့် စစ်ကောင်စီ၏ ပစ်မှတ်ထားဖမ်းဆီးမှုခံလာရပြီး လက်ရှိချိန်အထိ အလုပ်သမားခေါင်းဆောင် ၂၀ဦးခန့် ဖမ်းဆီးခံထားရသည်။

အာဏာသိမ်းပြီး နောက်ပိတ်သိမ်းသွားသော တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦးကမူ အလုပ်သမားအရေးလှုပ်ရှားသူအများစုမှာ လက်ရှိအချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်နေနေရပြီး အင်န်အယ်လ်ဒီအစိုးရလက်ထက်ကလို အလုပ်သမားများကို မကူညီနိုင်တော့ကြောင်း ပြောသည်။

“ခေါင်းဆောင်တွေအများစုက စစ်တပ်ကိုပုန်းရှောင်ပြီး နေနေရတယ်။ ကူညီမယ့်သူမရှိတဲ့ ဒီအချိန်မှာ အလုပ်သမားတွေက အလုပ်ရှင်တွေရဲ့ ဆန္ဒတွေကို မလွန်ဆန်နိုင်တော့ ခိုင်းသမျှလုပ်နေကြရတော့တာပဲ”ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် အလုပ်သမားများအတွက် အနိုင်ကျင့်ခံရမှုများကို တိုင်ကြားစရာနေရာမရှိကြောင့် မနွဲ့ရီဝင်းက ဆိုသည်။ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းပေးသည့် ခုံသမာဓိကို အလုပ်သမားဘက်က ကိုယ်စားလှယ်မပါဘဲ တက်ရောက်ပါကအမှုများကို အလုပ်ရှင်ဘက်က နိုင်လိမ့်မည်ဟု သူကဆိုသည်။

စက်ရုံပိုင်ရှင်အချို့သည့် အာဏာသိမ်းမှုကို အခွင့်ကောင်းယူသည့်အနေဖြင့် လက်သင့်ရာ စစ်ကောင်စီ၏တပ်သားများကို စက်ရုံများသို့ လုံခြုံရေးအတွက် ဖိတ်ခေါ်တတ်ကြပြီး ယင်းကအလုပ်သမားများ၏အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု မနွဲ့ရီဝင်းက ပြောသည်။

“ဥပမာ စက်ရုံပိတ်ရလို့ လျော်ကြေးတွေပေးရတော့မယ့်နေ့မှာ စစ်သားတွေခေါ်ထားတာမျိုးပေါ့။ အကယ်၍အလုပ်ရှင်က ဥပဒေတွေကို မလိုက်နာဘဲ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တာ အပြည့်မပေးဘူးဆိုရင် အလုပ်သမားဘက်က စောဒကတက်ချင်တောင် ဘေးမှာသေနတ်တွေကိုင်ထားတဲ့ စစ်သားတွေရှိနေတာကြောင့် ဘယ်သူမှမကန့်ကွက်ရဲတာမျိုးတွေ ဖြစ်တယ်။ ဒါအလုပ်သမားအခွင့်အရေး ဆုံးရှုံးတာပဲ။ ဒီထက် ထပ်ဆုံးရှုံးစရာဘာမှမရှိတော့ဘူး”ဟု ၎င်းကပြောသည်။ 

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(အိုင်အယ်လ်အို) ရန်ကုန်ရုံးကလည်း မြန်မာနိုင်ငံ၏အခြေအနေကို စောင့်ကြည့်နေပြီး အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဘက်လုံး၏ ကိုယ်စားပြုအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ဆက်ဆံနေသည်ဟု ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုအဖွဲ့၏ ပြောရေးဆိုင်ခွင့်ရှိသူ မစ္စအန်နာဘော့က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ကိုဗစ်တတိယလှိုင်းက အရင်လှိုင်းနှစ်ခုထက် ပိုပြီးမြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ကူးစက်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ အသက်တွေဆုံးရှုံးရပြီး အလုပ်တွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။ အလုပ်လုပ်ချိန်တွေ လျှော့ချခံခဲ့ရသလို အလုပ်အတွက် အာမခံချက်တွေပါ ကင်းမဲ့ခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေအကြားမှာ လူများစွာရဲ့ ဘဝတွေမှာ ဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်”ဟု ၎င်းကပြောသည်။ 

အလုပ်သမားများ၏ တိုင်တန်းချက်များရှိပါက အချက်အလက်များကိုထောက်ပံ့ပေးရန် ဖရွန်းတီးယားမြန်မာက အိုင်အယ်လ်အိုကို မေးမြန်သည့်အခါ “ကျမတို့ရုံးက အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ နှစ်ခုကြားက အငြင်းပွားမှုတွေကို တိုက်ရိုက်မကိုင်တွယ်ပါဘူး”ဟု ဘော့က ဆိုသည်။

သို့သော် သူကအာဏာသိမ်းပြီးနောက် အလုပ်သမားခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် အကြမ်းဖက်ခံနေရခြင်းတို့အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် အလုပ်သမားအဖွဲ့အစည်း ၁၆ခုကို စစ်ကောင်စီက တရားမဝင် အဖွဲ့အစည်းများအဖြစ် ဖေဖော်ဝါရီ ၁၆ရက်က ကြေညာခဲ့သည့်အပေါ်လည်း ကန့်ကွက်ခဲ့သည်။

မိသားစုကိုရှာကျွေးနေရသူများ၏ ခက်ခဲမှု

စစ်အာဏာသိမ်းခြင်းနှင့် ကိုဗစ်-၁၉ကပ်ရောဂါတို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြင်းပြင်းထန်ထန်ရိုက်ခတ်ခံရပြီး စက်တင်ဘာ ၃၀ရက်တွင် ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာနှစ်တွင် စီးပွားရေးကျဆင်းမှု ၁၈ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းထားသည်။ စီးပွားရေးအကြပ်အတည်းကြားတွင် ဝင်ငွေနည်းအိမ်ထောင်စုများ များပြားလာပြီး ဆင်းရဲမွဲတေမှုက ၂၀၁၉ကထက် နှစ်ဆမြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

အိုင်အင်လ်အို၏ ဇူလိုင်တွင် ထုတ်ပြန်ထားသော စစ်တမ်းတွင်လည်း မြန်မာနိုင်ငံ၏အလုပ်အကိုင်အခွင့်အလမ်းရရှိမှုသည် ၂၀၂၀ နောက်ဆုံးလေးလနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ပထမလေးလပတ်တွင် ၆ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ဆိုသည်။ ယင်းမှာ အလုပ်အကိုင်အခွင့်လမ်း ၁ဒသမ၂သန်း လျော့ကျသွားသည့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် အိုင်အယ်လ်အိုက ၂၀၂၁၊ ပထမခြောက်လပတ်တွင် အလုပ်ချိန်စုစုပေါင်း၏ ၁၄ရာခိုင်နှုန်း ဆုံးရှုံးသွားသည်ဟု ခန့်မှန်းပြီး ယင်းသည် အချိန်ပြည့်အလုပ်သမား ၂ဒသမ၂ သန်း၏ အလုပ်ချိန်များနှင့် ညီမျှသည်။

စီးပွားရေးကဏ္ဍအားလုံးအပေါ် ရိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ခရီးသွားနှင့် ဖျော်ဖြေရေးလုပ်ငန်းများအပေါ် အများဆုံးထိခိုက်ခဲ့သည်ဟု အိုင်အယ်လ်အို စစ်တမ်းက ဆိုသည်။ အထည်ချုပ်ကဲ့သို့သော အမျိုးသမီးအများစု ပါဝင်သောလုပ်ငန်းများ ထိခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးများမှာ ပို၍ခက်ခဲသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်း အန္တရာယ်ရှိနေသော်လည်း အလုပ်သမားများသည် အလုပ်မဆုံးရှုံးရေးကိုသည် အာရုံစိုက်နေရသည်။ အထူးသဖြင့် မိသားစုတွင် တစ်ဦးတည်းသော ဝင်ငွေရှာဖွေနေများတွင် ရွေးချယ်ခွင့် ကင်းမဲ့နေကြသည်။

အလုပ်သမားအရေးလှုပ်ရှားသူ မနွဲ့ရီဝင်းက အလုပ်သမားအများစုသည် ကိုဗစ်-၁၉လက္ခဏာများ ခံစားနေရသည့်တိုင် လုပ်ခလစာများ ဖြတ်တောက်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် ခွင့်မယူဘဲ အလုပ်ဆင်းနေကြသည်ဟု ဆိုသည်။

“အနံ့ပျောက်နေရင်တောင် ဘယ်သူ့ကိုမှ အသိမပေးဘဲ ပုံမှန်အတိုင်း အလုပ်ဆင်းနေကြတယ်။ ဒါက ရောဂါပိုးပြန့်ပွားမှုနှုန်းကို ပိုဆိုးစေပါတယ်”ဟု ၎င်းက ပြောသည်။ 

ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံတွင်အလုပ်လုပ်နေသော အသက်၄၀အရွယ် မအေးအေးမာက လူမမည်သမီးသုံးယောက်နှင့် ဖခင်အိုကြီးကို ထောက်ပံ့နေရသဖြင့် ကိုဗစ်ကူးစက်ခံရပါကလည်း ခွင့်မယူချင်ကြောင်း ပြောသည်။

“အိမ်မှာက ကျမတစ်ယောက်တည်း ပိုက်ဆံရှာရတာ။ တစ်လကို လစာက (ကျပ်) ၁၈၀,၀၀၀ ဝန်းကျင်လောက်ရတယ်။ ဒါနဲ့တောင် မနည်းကာမိအောင် သုံးနေရတာ ခွင့်တစ်ရက်ယူလိုက်ဖို့ ဘယ်လိုမှမဖြစ်ဘူး”ဟု သူက ပြောသည်။ ၂၀၂၀ပြည့်နှစ်သည် သူ့အတွက် အခက်ခဲဆုံးနှစ် ဖြစ်ခဲ့သည်။ မနှစ်က ခင်ပွန်းဖြစ်သူ နောင်အိမ်ထောင်ပြုသွားပြီး ၎င်းလုပ်ကိုင်ရာ စက်ရုံကလည်း အာဏာသိမ်းပြီးနောက် ယာယီပိတ်သိမ်းလိုက်ခြင်းကြောင့် ငွေတိုးချေးသူများထံက အတိုးနှုန်းမြင့်မားစွာနှင့် ပိုက်ဆံအချို့ ချေးယူခဲ့ရသည်ဟု ၎င်းကဆိုသည်။ 

“အရင်းသုံးသိန်းအတွက် တစ်လကိုအတိုးက လေးသောင်းခွဲပေးရတယ်။ အိမ်ငှားခက ငါးသောင်းခွဲ။ ဒီတော့ အိမ်အသုံးစရိတ်က တစ်နေ့ကို ၂,၅၀၀နဲ့ လောက်အောင် သုံးရတယ်။ ခွင့်ယူလိုက်ပြီဆိုတာနဲ့ ဒီစရိတ်တွေကို မကာမိတော့ဘူး။ ခွင့်ယူရဖို့ စဉ်းစားမိတာနဲ့ ခေါင်းကိုက်ရတယ်”ဟု ၎င်းကပြောသည်။ 

သူလုပ်ကိုင်ရာ စက်ရုံတွင်လည်း ဖျားနာသူအများအပြားရှိနေခြင်းကြောင့် တစ်နေ့တစ်ချိန်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံလာရမည်ကို စိုးရိမ်နေရသည်ဟုမအေးအေးမာက ဆိုသည်။ 

“တစ်ခါတစ်လေဆို စိတ်ဓာတ်ကျတယ်။ ခေါင်းလေးကိုက်၊ အစားစားချင်စိတ် ပျောက်တာလေးနဲ့တောင် ကျမမှာ စိုးရိမ်စိတ်က ကြီးလာတယ်။ ကျမအလုပ်မလုပ်နိုင်တာနဲ့ မိသားစုက ဒုက္ခရောက်မှာပဲ”ဟု သူကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.