ကိုဗစ်-၁၉ကြောင့် ဇူလိုင်၁၇ရက်က ပိတ်လိုက်သည့် မြစ်ဝကျွန်းပေါ်ရွာလေးရှိ ဈေးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံလိုက်ရတဲ့ မြစ်ဝကျွန်းပေါ်ရွာလေး

ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အောင်အောင်မြင်မြင်တိမ်းရှောင်နိုင်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ရွာလေးတစ်ရွာဟာ တတိယလှိုင်းလာချိန်မှာတော့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ ကြိုတင်ပြင်ဆင်မှုမရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကင်းမဲ့ခြင်းတွေကြောင့် အသက်များစွာသေဆုံးခဲ့ရအထိ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

ဖရွန်းတီးယားမြန်မာ

ကိုဗစ်-၁၉ တတိယလှိုင်းက ဇူလိုင်လအစပိုင်းလောက်မှာ ရန်ကုန်မြို့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စ ပြုလာပါတယ်။ ဒါကြောင့် စာရေးသူတို့မိသားစုတွေ ရန်ကုန်ကနေ ငါးနာရီလောက် ကားမောင်းရင်ရောက်တဲ့ ဧရာဝတီတိုင်းက မွေးရပ်ရွာမှာ ပြန်နေကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျမတို့ရွာက မြို့ပြတွေနဲ့ အတော်လေးဝေးကွာပြီး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက ရွာမှာတစ်ယောက်မှ ရောဂါပိုးကူးစက်မခံခဲ့ရပါဘူး။ ဒါကြောင့် တတိယလှိုင်းမှာလည်း ရွာမှာရှိနေရင်လုံခြုံမယ်လို့ ကျမတို့က တွေးထင်ထားခဲ့တာပါ။ 

ရန်ကုန်ကနေ ရွာကိုရောက်ဖို့ဆိုရင် လမ်းနှစ်လမ်းရှိပါတယ်။ ပထမကလမ်းက ဓနုဖြူမြို့အထိ လူကျပ်ကျပ် အဝေးပြေးကားတွေကို စီးရပါတယ်။ အဲဒီကမှ တဆင့်ရွာကိုရောက်ဖို့ ဧရာဝတီမြစ်တလျှောက် မော်တော်ယာဉ်ကို နာရီနဲ့ချီ စီးရပါသေးတယ်။ တစ်လမ်းကတော့ အဖျောက်မြို့ကို ဖြတ်ရပါတယ်။ ဒီလမ်းကတော့ ကြမ်းလှပါတယ်။ မိုးတွင်းဆိုရင် ချိုင့်တွေခွက်တွေနဲ့ ကားမောင်းရတာ အန္တရာယ်များတယ်။ ကျမတို့မိသားစုကတော့ အဖျောက်လမ်းကနေတဆင့်ပဲ  ရွာကို ပြန်လာခဲ့ပါတယ်။ 

ရှည်လျားတဲ့ခရီးဖြစ်ပေမဲ့ ရွာမှာသီးခြားနေတာက ရောဂါပိုးအန္တရာယ်ကနေတော့ ရှောင်လွဲနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ပြန်ခဲ့တာပါ။ ဒါပေမဲ့ ကျမတို့မျှော်လင့်ချက်က တက်တက်စင်အောင် လွဲချော်ခဲ့ပါတယ်။ ကျမတို့မိသားစုအိမ်မှာ တစ်ပတ်ကြာ သီးခြားနေစဉ်မှာပဲ ရွာထဲမှာ ဒေသခံသုံးဦး ကိုဗစ်ကူးစက်ခံလိုက်ရတယ် ဆိုတာ သိရပါတယ်။ သူတို့ဟာ ကျမတို့ထက် အရင်ဆယ်ရက်လောက်ကြိုပြီး ရန်ကုန်မြို့ကနေ ဖျားနာပြီး ပြန်လာတဲ့လူဆီက ကူးစက်ခံရတယ်လို့ ယုံကြည်ရပါတယ်။

အဲဒီဖျားနာပြီးပြန်လာတဲ့လူက ရွာကိုရောက်ပြီးနောက်နေ့မှာပဲ သေဆုံးသွားပါတယ်။ ဒါပေမဲ့ အဲဒီချိန်မှာ ရွာမှာ ကိုဗစ်တတိယလှိုင်းအကြောင်း သိပ်မသိသေးတဲ့အပြင် နာရေးအိမ်ကလည်း သူတို့မိသားစုဝင်က ကိုဗစ်နဲ့ သေဆုံးတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ကိုဗစ်ကူးစက်ခံခဲ့ရတာဟုတ်၊ မဟုတ်စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်အစိုးရက ဘာကိရိယာမှ မပေးထားပါဘူး။ အဲဒါကြောင့် နာရေးကို မိသားစုဝင်တွေက ရိုးရာအတိုင်း အိမ်မှာသုံးရက်ထားပြီး ဧည့်သည် အမြောက်အမြားနဲ့ ကျင်းပခဲ့ပါတယ်။ 

ရက်ပိုင်းအတွင်းမှာပဲ ရွာထဲကလူတွေအတော်များများ အနံ့ပျောက်တာ၊ ခံတွင်းပျက်တာတွေ ဖြစ်ကုန်ပါတယ်။ ရွာသူရွာသားအတော်များများ ဖျားနာနေကြပေမဲ့ ကိုဗစ်စစ်ဆေးဖို့ test kits တွေ၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံတွေနဲ့ လက်အိတ်တွေရှိမနေပါဘူး။ တချိန်ထဲမှာပဲ မိသားစုအများစုက အိမ်မှာတစ်ဦးဖျားနာရင် ဘေးပတ်ဝန်းကျင်ကို အသိမပေးတော့ဘဲ ဖုံးကွယ်ထားပြီး ကိုယ်နည်းကိုယ့်ဟန်နဲ့ ကြိတ်ကုလာကြပါတယ်။ အဆိုးဆုံးအချိန်ရောက်မှသာ တိုက်နယ်ဆေးရုံကို ပို့ကြတာကြောင့် သေနှုန်းမြင့်တက်လာမှုက ရွာသေးသေးလေးကို ထိတ်လန့်တကြားဖြစ်စေပါတော့တယ်။ ဩဂုတ် ၁၇ရက်အထိတင် လူဦးရေ ၂,၀၀၀ လောက်ရှိတဲ့ရွာလေးမှာ လူ၂၀လောက် ကိုဗစ်ကြောင့် သေဆုံးခဲ့ရပါတယ်။

ကျမတို့ရွာအတွက် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနဆီက ရခဲ့တဲ့အကူအညီက မရှိသလောက်ပါပဲ။ လူတစ်ယောက်က ကိုဗစ်လက္ခဏာတွေခံစားနေရတယ်ဆိုရင် ရွာကျန်းမာရေးဦးစီးမှူးက စစ်ဆေးရေးကိရိယာ တစ်စုံရဖို့အတွက် မြို့နယ်အဆင့်ကို စာတင်ရပါတယ်။ အကယ်၍လူနာက ဖျားပဲဖျားပြီး အနံ့မပျောက်ဘူးဆိုရင် မြို့နယ်က စစ်ဆေးရေးကိရိယာ ထုတ်မပေးပါဘူး။ 

ရွာထဲမှာ ဗိုင်းရပ်ကပျံ့နှံ့နေချိန်မှာပဲ ရန်ကုန်နဲ့ တခြားမြို့တွေက ရွာကိုပြန်လာတဲ့လူတွေကလည်း တစ်နေ့တခြား များလာပါတယ်။ ကူးစက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ဖို့ နေရပ်ပြန်အတွက် ကွာရန်တင်းစင်တာ ဆောက်လုပ်ဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။ ငွေကြေးချမ်းသာသူတွေကလည်း အလှူငွေတွေစိုက်ထုတ်ဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေရဲ့ အကြံပြုချက်ကို ပယ်ချခဲ့ပါတယ်။

“အထက်က အမိန့်ညွန်ကြားချက်မရှိဘဲ မလုပ်ရဲဘူး”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လှိုင်းနှစ်ခုတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရလက်အောက်မှာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတလူငယ်တွေက ကွာရန်တင်းစင်တာတွေကို စနစ်တကျ ဖော်ဆောင်ခဲ့ကြတာကြောင့် ရွာက ရောဂါပိုးကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ နေရပ်ပြန်တချို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပေမဲ့ စင်တာမှာ အောင်အောင်မြင်မြင် သီးသန့်ခွဲကုသနိုင်ခဲ့ပြီး ရွာထဲကိုတစ်စုံတစ်ရာရိုက်ခတ်မှုမရှိခဲ့ပါဘူး။

တတိယလှိုင်းမှာတော့ ဘာကြိုတင်ပြင်ဆင်မှုမှမရှိတာကြောင့် အေးချမ်းတိတ်ဆိတ်လှတဲ့ ရွာမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်လာရပါတော့တယ်။

ကိုဗစ်-၁၉ဖြင့် သေဆုံးသွားသည့် သံသယလူနာတစ်ဦး၏ ရုပ်အလောင်းကို ပရဟိတအဖွဲ့ဝင်များက ယခုနှစ်၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးရှိ သုသာန်တစ်ခုက မီးသဂြိုဟ်နေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ရွာလုံးကျွတ် ကိုဗစ်လှိုင်းဒဏ်  ရိုက်ခတ်ခံရခြင်း

ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံက ခုတင် ၆၀လောက်ဆန့်ပေမဲ့ ကိုဗစ်-၁၉ကူးစက်ခံရတဲ့လူတွေကို ဆေးရုံထဲမှာ မထားဘဲ ဆေးရုံဘေးက ခုတင်ဆယ်ခုလောက်သာဆန့်တဲ့ အဆောက်အအုံတစ်ခုမှာ သီးသန့်ထားပါတယ်။ ခဏလေးအတွင်းမှာပဲ အဲဒီအဆောက်အအုံမှာ လူနာထားဖို့မဆန့်တော့ပါဘူး။

ကူးစက်ခံရပြီး သေနှုန်းတဖြည်းဖြည်းမြင့်လာတဲ့အခါမှာ ရွာထဲက ပရဟိတလူငယ်တွေစုစည်းပြီး ကုသရေး စင်တာကို ရွာအထက်တန်းကျောင်းထဲမှာ ဖွင့်လှစ်လိုက်ပါတယ်။ ရွာသူ၊ ရွာသားတွေလှူဒါန်းတဲ့ အလှူငွေတွေနဲ့ ပရိဟိတသမားတွေက ရန်ကုန်ကိုတက်ပြီး test kits အပါအဝင် တခြားလိုအပ်တဲ့ဆေးပစ္စည်းတွေကို ဝယ်လာပါတယ်။ စစ်ဆေးကိရိယာတွေရောက်ပြီး သံသယလူနာတွေကို စစ်ဆေးတဲ့အခါ ပိုးတွေ့သူက ၁၀ဦး ကျော်လောက်ရှိနေတာ တန်းသိရပါတယ်။ အဲဒီလူတွေကို ကုသရေးစင်တာတန်းပို့ပြီး တစ်ရက်အစာ သုံးနပ် ကျွေးမွေးပြီး ကုသမှုစတင်ပါတယ်။

ပိုးရှိသူရဲ့မိသားစုဝင်တွေကိုတော့ နေအိမ်တွေမှာပဲ သီးသန့်နေထိုင်စေပြီး အစားအသောက်နဲ့ တခြားလိုအပ်တာတွေကို အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေက ပေးပို့ကြပါတယ်။ သူတို့ အပြင်မထွက်စေဖို့အတွက် အိမ်နီးနားချင်းတွေက စောင့်ကြည့်ပြီး ကျမတို့လို ရွာသေးသေးလေးမှာ ဒါက ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ 

ဇူလိုင်ဒုတိယအပတ်မှာတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နေရပ်ပြန်တွေကိုလက်မခံဖို့၊ လက်ခံမိရင် အရေးယူမယ်လို့ အမိန့်ထုတ်ပါတယ်။ ဒါပေမဲ့ ကျေးရွာတစ်ခုနဲ့ တစ်ခုအကြား၊ စိုက်ခင်းတွေဆီအသွားအပြန်တွေမှာ ကျေးရွားသား အားလုံးလိုလိုက ဆိုင်ကယ်တွေကိုအသုံးပြုကြတဲ့အတွက် နှာခေါင်းစည်းတပ်ပြီး ဆိုင်ကယ်စီးဝင်လာသူတိုင်းကို လူစိမ်းလား၊ ရွာခံလားခွဲခြားဖို့ခက်ခဲတာကြောင့် အုပ်ချုပ်ရေးအဖွဲ့ရဲ့အမိန့်က မအောင်မြင်ပါဘူး။

ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ကိုဗစ်လူနာတွေအပြင် တခြားရောဂါတွေနဲ့ သေဆုံးရင် ပရဟိတ လူငယ်အဖွဲ့က ချက်ချင် သဂြိုဟ်ဖို့ ပြင်ဆင်ကြပါတယ်။ ရိုးရာအတိုင်း နာရေးကျင်းပလိုတဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် နှုတ်ဆက်ချိန်မရတာကတော့ စိတ်မကောင်းဖြစ်စရာပေမဲ့ ဒါက ဒီကာလမှာ လုပ်သင့်တဲ့ကိစ္စ ဖြစ်နေပါတယ်။

အဘက်ဘက်က ပိတ်ဆို့မှုတွေနဲ့ ခြောက်ခြားဖွယ်တိတ်ဆိတ်သွားခြင်း

ကူးစက်ခံရမှုက တဖြည်းဖြည်းမြင့်တက်လာလေ အုပ်ချုပ်‌ရေးအဖွဲ့ရဲ့ စီမံခန့်ခွံမှုအပေါ် ကျေးရွာသားတွေရဲ့ စိတ်ပျက်မှုက မြင့်တက်လာလေလေပါပဲ။ နေရပ်ပြန်သူတွေအတွက် ကွာရန်တင်းစင်တာထားရှိဖို့ ငြင်းဆိုခဲ့တဲ့အပြင် ရွာထဲမှာဆေးဆိုင်တွေကလွဲလို့ ရှိသမျှဆိုင်တွေ၊ ဈေးတွေကို ပိတ်ထားဖို့ အုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။ ဒေသခံတွေ နေ့စဉ်စားသောက်ဖို့အတွက် အသားနဲ့အသီးအရွက်တွေဝယ်ဖို့ ဆိုင်တွေမရှိတော့ပါဘူး။

ကျေးရွာသားတွေက ဈေးဝယ်ခြမ်းဖို့ အချိန်တစ်ခုသတ်မှတ်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေနဲ့အညီ ဖွင့်စေချင်ပေမဲ့ ရပ်/ကျေးအုပ်ချုပ်ရေးရုံးက နားမထောင်ပါဘူး။ ဈေးနဲ့ ရွာထဲကဆိုင်တွေကို ရောင်းခွင့် သုံးပတ်တိတိ ပိတ်သိမ်းခဲ့ပါတယ်။

သုံးပတ်အတွင်း အစားအစာအတွက် ရပ်ကွက်ထဲလိုက်အော်ရောင်းတဲ့ ခေါင်းရွက်ဈေးသည်တွေကိုပဲ အားကိုးခဲ့ရပါတယ်။ လိုအပ်တဲ့ အာဟာရပြည့်အစားအစာမရတဲ့အတွက် ရောဂါကူးစက်မှုကို တိုက်ခိုက်နေရတာကို ပိုခက်ခဲစေပါတယ်။ ဝယ်ဖို့အတွက် လက်ထဲပိုက်ဆံရှိပေမဲ့ ကိုယ်လိုချင်တာ ဝယ်မရတဲ့ခံစားချက်က တော်တော်လေး စိတ်တိုစရာပါပဲ။ အဲဒီအချိန်ကာလတွေမှာ တစ်ရွာလုံး လော့ဒေါင်းကျနေသလိုပါပဲ။

ရောဂါကူးစက်မှုတွေတိုးလာတာကြောင့် ရွာကလုံးဝကို ခြောက်ခြားဖွယ် တိတ်ဆိတ်သွားပါတယ်။ လမ်းပေါ်မှာ ဘယ်သူမှမရှိတော့ဘဲ အိမ်တိုင်းက ခြံတံခါးတွေကို ပိတ်ထားကြပါတယ်။ ပုံမှန်ကာလတွေဆို နေ့ဘက်ခြံတံခါးပိတ်ထားရင် လာဘ်ပိတ်လေ့ရှိတယ်ဆိုတဲ့ အယူကြောင့် အိမ်တိုင်းလိုလိုက နေ့အချိန်ဆို ခြံတံခါး၊ အိမ်တံခါးတွေကို ပိတ်ခဲလှပါတယ်။ ကိုဗစ်တတိယလှိုင်းမှာတော့ ဒီအယူအဆတွေကို ဘယ်သူမှ ဂရုမစိုက်နိုင်တော့ပါဘူး။ 

ယေဘုယျအားဖြင့် ငြိမ်းချမ်းလှတဲ့ရွာလေးက ကိုဗစ်ဒဏ်ကို အလူးအလဲခံနေရချိန်မှာ အများစုက အရည်အချင်းပျက်ယွင်းလှတဲ့ ကိုဗစ်-၁၉ဆိုင်ရာတုံ့ပြန်ပုံတွေအတွက် စစ်ကောင်စီကို အပြစ်တင်ကြပါတယ်။ အန်င်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တိကျရှင်းလင်းတဲ့ ညွှန်ကြားချက်တွေကို ရရှိခဲ့ပြီး ကွာရန်တင်း စင်တာတွေကို စနစ်တကျလည်ပတ်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အခုစစ်တပ်လက်ထက်မှာတော့ test kit တွေတောင် အလုံအလောက်မရခဲ့ဘူးလို့ ခါးခါးသီးသီး ပြောဆိုကြပါတယ်။

သူတို့ဆီက ထပ်ခါထပ်ခါကြားမိတဲ့စကားသံတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရနဲ့ အခုအာဏာရယူထားတဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သူတို့ရဲ့ယုံကြည်အားကိုးမှုတွေက မိုးနဲ့မြေလိုကွာခြားနေတာကို ပြသနေပါတယ်။

“အမေစုအစိုးရအောက်မှာဆိုရင် ငါတို့တွေ အခုလိုကြုံတွေ့ခံစားနေရမှာ မဟုတ်ဘူး”လို့ သူတို့ကပြောဆို ညည်းတွားလေ့ရှိပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.