Pools of chemicals used to extra rare earths from the hills of Kachin State along the border with China. (Supplied | Frontier)
ကချင်ပြည်နယ်၊ တရုတ်နယ်စပ်တစ်နေက မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုရေကန်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်မှုကြောင့် ကြီးပွားချမ်းသာနေသော နယ်ခြားစောင့်တပ်ဖွဲ့

ကချင်ပြည်နယ်၏ဝေးလံခေါင်သီသောဒေသတစ်ခုရှိ တပ်မတော်ထိန်းချုပ်မှုအောက်က နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သည် ကမ္ဘာ့မြေရှားသတ္တုရောင်းဝယ်မှုတွင် အဓိကလုပ်ငန်းရှင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး ၎င်းထိန်းချုပ်သည့်ဒေသကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမြင့်မားသော သတ္တုတူးဖော်ရေးဗဟိုဒေသ တစ်ခုအဖြစ် ပြောင်းလဲနေသည်။

ဂျာနူမန်၊ အင်မ်မလီဖစ်ရှ်ဘိန်းနှင့် ရွန်ဂျာ ပီးလ်ဂါ့ဒ် ရေးသားသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော ကချင်ပြည်နယ်၏ တောင်တန်းဒေသများသည် မြေရှားသတ္တုပေါကြွယ်ဝသည့် အဖိုးတန်နေရာတစ်ခုဖြစ်သည်။​ ယင်းမြေရှားသတ္တုကို ကမ္ဘာတစ်ဝှမ်း လူအများအသုံးပြုသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၊ ကွန်ပြူတာလက်ပ်တော့များနှင့် ပစ်မှတ်ကို အတိအကျညွှန်းပေးနိုင်သည့် အဆင့်မြင့် စစ်ဘက်သုံးလက်နက်များ ထုတ်လုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။

ကချင်ပြည်နယ်တွင် အဆိုပါသတ္တုကိုတူးဖော်ရောင်းချမှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် မြေရှားသတ္တု တတိယအများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။

ကချင်ပြည်နယ်ရှိ မြေရှားသတ္တုများကို တရုတ် သို့မဟုတ် တရုတ်ကျောထောက်နောက်ခံပြုထားသော ကုမ္ပဏီများက ချီဖွေမြို့နယ်တွင်းရှိ နေရာအချို့တွင် တရားမဝင်တူးဖော်ကြောင်း သတင်းအရင်းအမြစ်များစွာက ဖရွန်းတီးယားမြန်မာနှင့် ဒိန်းမတ်အခြေစိုက် Danwatch သတင်းဌာနသို့ ပြောသည်။ Danwatch သည် ယခုဆောင်းပါးအတွက် ဖရွန်းတီးယားမြန်မာနှင့် ပူးပေါင်း၍ စုံစမ်းရေးသားဖော်ထုတ်မှုတွင်ပါဝင်သော လွတ်လပ်သည့်သတင်းနှင့်သုသေတန ဌာနတစ်ခုဖြစ်သည်။ ချီဖွေမြို့နယ်သည် ဇခုံတိန့်ယိန်း ဦးဆောင်သောလက်နက်ကိုင်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။

ကချင်လွတ်မြောက်ရေးအစည်းအရုံး(ကေအိုင်အို)၏ အရာရှိဟောင်းတစ်ဦးဖြစ်သူ ဇခုံတိန့်ယိန်းသည် ၁၉၆၈တွင် ကေအိုင်အို၏ ခွဲထွက်အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နှင့် ပူးပေါင်းခဲ့သည်။ ၁၉၈၉၊ ဗကပပြိုကွဲပြီးနောက် ကချင်ဒီမိုကရေစီသစ်-တပ်မတော် (အင်န်ဒီအေ-ကေ)ကို တည်ထောင်ခဲ့သည်။  ၂၀၀၉တွင် အင်န်ဒီအေ-ကေအဖွဲ့သည် မြန်မာ့တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) အဖြစ် အသွင်ပြောင်းခဲ့သည့် ပထမဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်လာခဲ့သည်။  ဇခုံတိန့်ယိန်းက အဆိုပါဒေသတွင် တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားသော ပြည်သူ့စစ်အဖွဲ့ကိုလည်း ဦးစီးနေကြောင်း သတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ဇခုံတိန့်ယိန်းနဲ့သူရဲ့ အင်န်ဒီအေ-ကေအဖွဲ့က တပ်မတော်ကွပ်ကဲမှုအောက်မှာရှိနေတယ်။ ပြောရမယ်ဆိုရင် ဒီအဖွဲ့က တပ်မတော်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ သဘောသက်ရောက်နေပါတယ်”ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ Global Witness၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသနပညာရှင် ကလဲရာ ဟမ်မွန်ဒ်ကပြောသည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်းက မြေရှားသတ္တုတူးဖော်လုပ်ကွက်ရှိ ငွေ့ရည်ခံရေကန်တစ်ခုကို မြင်တွေ့ရစဉ်။ အရည်များ အငွေ့ပျံသွားသောအခါ အလုပ်သမားများက ကျန်ရှိခဲ့သည့် ပစ္စည်းများကို မီးရှို့ပြီး ထွက်ရှိလာသည့် သတ္တုကို တရုတ်နယ်စပ်သို့ ပို့ဆောင်ကြသည်။ (ဓာတ်ပုံ | ပေးပို့)

မြန်မာပြည်မှတင်သွင်းခြင်း

၁၉၈၇ အစောပိုင်းတွင် တရုတ်ခေါင်းဆောင်တိန့်ရှောင်ဖိန်က မြေရှားသတ္တုများသည် ခေတ်သစ်စီးပွားရေးအတွက် အလွန်အရေးပါလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ “အရှေ့အလယ်ပိုင်းဒေသမှာ ရေနံရှိတယ်၊ ဒါပေမဲ့ တရုတ်မှာ မြေရှားသတ္တုတွေ ရှိတယ်”ဟု ၎င်းက တရုတ်ပြည်၊ မွန်ဂိုးလီးယားရှိ သတ္တုထုတ်လုပ်ရေးနေရာတစ်ခုသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

သတ္တု၁၇မျိုးပါဝင်သော ရှားပါးဒြပ်စင်များကို ကမ္ဘာ့နေရာတော်တော်များများတွင် တွေ့နိုင်သော်လည်းလိုအပ်သည့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မကျခံနိုင်ကြပေ။ သတ္တုတူးဖော်ရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ရေးဆိုးများနှင့်သတ္တုဓာတ်စုပ်ယူထားသောရေကန်များသည် အက်ဆစ်များ၊ သတ္တုများနှင့် ရေဒီယိုသတ္တိကြွဓာတ်များဖြစ်ပေါ်စေပြီး မြေဆီလွှာကိုသာမက မြေအောက်ရေထဲသို့ပါ ယိုစိမ့်၍ သစ်တောပြုန်းတီးမှုနှင့် ဂေဟစနစ်ကို ပျက်စီးစေသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ မြေရှားသတ္တုတူးဖော်ရေးကဏ္ဍကို ဦးဆောင်နေပြီး ၂၀၁၀ပြည့်နှစ်တွင် ၎င်း၏ထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံးရှိ တရားဝင်မြေရှားသတ္တုတူးဖော်မှု၏ ၉၅ရာခိုင်နှုန်းရှိသည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ထားသည်။

မြေရှားသတ္တုပါဝင်သည့် သံလိုက်သုံးလေအားလျှပ်စစ်ထုတ်တာဘိုင်များ၊​ လျှပ်စစ်မော်တော်ကားများ၊ မိုဘိုင်းလ်ဖုန်းများနှင့် ကွန်ပြူတာများ၏ LED ဖန်သားပြင်များစသည့် ထုတ်ကုန်ပစ္စည်းများ ဝယ်ယူအားမြှင့်တက်လာသည်နှင့်အမျှ အဆိုပါသတ္တုထုတ်လုပ်မှုကို မြှင့်တင်ရန် အမျိုးမျိုးကြိုးပမ်းလာကြသည်။

မောင်းသူမဲ့ လေယာဉ်ပျံနှင့် ဒရုန်းများစသည့် စစ်ဘက်ဆိုင်ရာလက်နက်နည်းပညာများတွင် မြေရှားသတ္တု၏ အသုံးဝင်မှုကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် တစ်ကမ္ဘာလုံးတွင် ၎င်း၏ ဝယ်လိုအားနှင့် တန်ဖိုးမြင့်တက်လာသည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရသည် ၎င်း၏နိုင်ငံအတွင်း ပို့ကုန်ဥပဒေများကို တင်းကျပ်ခဲ့ပြီး ၂၀၁၅မှစ၍ တရုတ်ပြည်အတွင်း မြေရှားသတ္တုတရားဝင်ထုတ်ယူမှုကန့်သတ်ထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ပြဋ္ဌာန်းခဲ့သည်။ တရုတ်နိုင်ငံ၏ တင်းကျပ်သောစည်းမျဉ်းများကြောင့် မြေရှားသတ္တုတူးဖော်မှုများသည် အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာတော့သည်။

အထူးသဖြင့် မြေရှားသတ္တုသည် နည်းပညာမြင့်စစ်ဘက်ဆိုင်ရာလက်နက်များ ထုတ်လုပ်ရာတွင် လိုအပ်သောကြောင့် ဝယ်လိုအားမြင့်တက်နေကြောင်း အဆိုပါလုပ်ငန်းနှင့် နီးစပ်သောသတင်းရင်းမြစ်များက ဖရွန်တီးယားမြန်မာနှင့် Danwatch သတင်းဌာနကို ပြောသည်။

“တရုတ်နိုင်ငံက သူ့ရဲ့မြေရှားသတ္တုထုတ်ယူမှုအများစုကို ပိတ်ပစ်လိုက်တာမျိုး ဒါမှမဟုတ် ရပ်ပစ်လိုက်ပြီး မြန်မာနိုင်ငံက မြေရှားတွေကို အစားထိုးတင်သွင်းနေတယ်”ဟု အရေးပါသည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုဆိုင်ရာ နိုင်ငံတကာအကြံပေးလုပ်ငန်း Roskill Information Services ကုမ္ပဏီ၏မြေရှားသတ္တုပညာရှင် ဒေးဗစ် မာရီယန်ကပြောသည်။

တရုတ်၏ တရားဝင်ကုန်သွယ်မှု အချက်အလက်များအရ ၂၀၁၄မှ ၂၀၂၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှ မြေရှားသတ္တု တင်သွင်းမှုသည် တန်ချိန် ၃၀၀ မှ ၃၅,၅၀၀ အထိရှိပြီး အမေရိကန်​ဒေါ်လာ ၃၈၈ သန်း တန်ဖိုးရှိသည်။ ၂၀၁၉တွင် မြန်မာနိုင်ငံသည် ဩစတြေးလျနိုင်ငံကို ကျော်တက်ပြီး တရုတ်နှင့်အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် မြေရှားသတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာသည်။ ယမန်နှစ်က တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းခဲ့သော မြေရှားသတ္တု ၉၄ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်သည်။

သို့သော် တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် မြေရှားသတ္တုများ တရားမဝင်ကုန်သွယ်နိုင်ခြင်းကြောင့် တရားဝင်ကုန်သွယ်မှု အချက်အလက်များသည် ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းက ထွက်ရှိသည့် သတ္တုပမာဏ၏ တစ်စိတ်တစ်ပိုင်းကိုသာ ထင်ဟပ်စေနိုင်ကြောင်း Global Witness က မစ္စဟမ်မွန်ဒ်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

ဇခုံတိန့်ယိန်းသည် ဤလမ်းကြောင်းများမှ အမြတ်အစွန်းရရန် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ထားပုံရသည်။ နယ်စပ်ကတစ်ဆင့် တင်ပို့မှုလုပ်ငန်းများ မပြုလုပ်ခင်ကပင် ၎င်းကွပ်ကဲသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တို့၏ ထိန်းချုပ်မှုအောက်ရှိနယ်မြေများတွင် မြေရှားသတ္တုများကို ထုတ်ယူနေကြောင်း သတင်းရင်းမြစ်များက ဖရွန်တီးယားမြန်မာကိုပြောသည်။

မြေရှားသတ္တုတူးဖော်ခြင်း၏ တရားမဝင်သဘောသဘာဝနှင့် အဆိုပါတူးဖော်မှုများသည် ဇခုံတိန့်ယိန်း၏ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသောနယ်မြေအတွင်း လုပ်ကိုင်ဆောင်ရွက်နေခြင်းကြောင့် ယင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများ သို့မဟုတ် ပုဂ္ဂိုလ်များကို ခြေရာခံရန်ခက်ခဲနေသည်။ သို့သော် တူးဖော်ရေးလုပ်ငန်းခွင်ရှိ အကြီးတန်းလုပ်သားများနှင့် ကုမ္ပဏီပိုင်ရှင်များမှာ တရုတ်လူမျိုးများဖြစ်ကြောင်း ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် ယင်းသတ္တုတွင်းများသို့ သွားရောက်လုပ်ကိုင်ဖူးသည့် လုပ်သားများက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမိုင်းများနှင့် ဝိုင်းမော်မြို့နယ်ရှိ တစ်ရှူးငှက်ပေါ်စိုက်ကွက်များစသည့် လုပ်ငန်းများတွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်းများနှင့် အလားတူ စီးပွားရေးလုပ်ကွက်များ ပေါ်ထွက်လာသည်။

တရုတ်​နောက်ခံကုမ္ပဏီများသည် စီးပွားရေးလုပ်ရာတွင် အစိုးရချမှတ်ထားသည့်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ရှောင်ကွင်းနိုင်ရန် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောကုမ္ပဏီများနှင့် ပူးပေါင်းခြင်း (သို့မဟုတ်) တရားမဝင် ဝင်ရောက်လုပ်ကိုင်လေ့ရှိသည်။

ဇခုံတိန့်ယိန်း၏နယ်ခြားစောင့်တပ်ဖွဲ့ကဲ့သို့ တပ်မတော်အောက်ရှိ ပြည်သူ့စစ်များသည် တရုတ်စီးပွားရေးသမားများကို မြေရှားသတ္တုတူးယူခွင့်ပြုပြီး ၎င်းတို့ထံမှအခွန် (သို့မဟုတ်) လာဘ်ငွေများရယူနေသည်ဟု ကချင်ပြည်နယ်ဒေသခံ တက်ကြွလှုပ်ရှားသူနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး တူးခေါင်က ပြောသည်။ ယင်းသည် ဇခုံတိန့်ယိန်း၏ နယ်ခြားစောင့်အဖွဲ့ထိန်းချုပ်မှုအတွင်းကျရောက်သော ဝိုင်းမော်မြို့နယ်တွင် ဘိန်းစိုက်တောင်သူများနှင့် ၎င်းတို့အကြားကျင့်သုံးနေသည့် အလေ့အထတစ်ခုလည်းဖြစ်သည်။

“(အရင်) အင်န်ဒီအေ-ကေနဲ့ တပ်မတော်က ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သိတယ်။ သူတို့အတွက် ဘာမှမရရင် ငြိမ်နေမှာမဟုတ်ဘူး”ဟု တူးခေါင်က ပြောသည်။

၂၀၁၀မှ ၂၀၁၈ အကြား ချီဖွေမြို့နယ်၊ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်မှုပြုလုပ်နေကြောင်း အင်တာနက်နည်းပညာဖြင့် ကမ္ဘာမြေကြီးပေါ်ကို ဓာတ်ပုံမှတ်တမ်းများ သိမ်းဆည်းရိုက်ကူးသည့် Google Earth ၏ ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြနေသည်။

နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ခြင်း

ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၏ သမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ပြည်နယ်အတွင်း ပထမဆုံး မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအချို့ကို ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် စတင်ခဲ့သည်ဟု ယူဆရကြောင်း သတင်းရင်းမြစ်များက ဖရွန်းတီယားမြန်မာကိုပြောသည်။ သို့သော် ၂၀၁၁တွင် ၎င်းတို့နှင့် တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေးပျက်ပြယ်ခဲ့ပြီးနောက် ကေအိုင်အိုက ၎င်းထိန်းချုပ်နယ်မြေများရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများအားလုံး သို့မဟုတ် အများစုကို ရပ်ဆိုင်းလိုက်သည်။

ကေအိုင်အိုသည် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွင် တရားဝင်ပါဝင်တူးဖော်ခြင်းမရှိသော်လည်း မိုင်ဂျာယန်ဒေသရှိ ကချင်အမည် Mung Hkawng Pa ဟုလူသိများသည့် အရှေ့ပိုင်းခရိုင်တွင် စူးစမ်းလေ့လာခွင့်ပြုထားကြောင်း ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။ သို့သော် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတူးဖော်ရေးနှင့်ပတ်သက်သည့် နောက်ဆက်တွဲမေးခွန်းများကို ဖြေဆိုခွင့်မရှိဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

မိုင်ဂျာယန်မြို့၏ အနောက်မြောက်ဘက်တောင်တန်းဒေသတစ်ခုတွင် Google Earth ဂြိုဟ်တုပုံများမှတစ်ဆင့် ရေကန်လေးခုကို အစုလိုက်တွေ့ရသည်။ ချီဖွေမြို့နယ်ရှိ၊ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင်လုပ်ကိုင်ခဲ့သူများက ဖရွန်တီးယားမြန်မာကို ပြသသော ဓာတ်ပုံများ၊ ၂၀၁၉က မီဒီယာများ ချီဖွေမြို့သို့သွားရောက်ပြီး မြေရှားသတ္တုတွင်းများသို့ သွားရောက်သတင်းရယူစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံများ၊ ရုပ်သံမှတ်တမ်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် အဆိုပါရေကန်လေးကန်သည် မြေရှားသတ္တုတွင်းလုပ်ငန်းခွင်နှင့် ပုံစံတူနေကြောင်းတွေ့ရသည်။

သို့သော် မိုင်ဂျာယန်ဒေသရှိ မြေရှားသတ္တုတွင်းများဟု ယူဆရသောလုပ်ကွက် အရေအတွက်သည် ဇခုံတိန့်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ထိန်းချုပ်သော နယ်မြေရှိ သတ္တုတွင်းများ၏ အရေအတွက်နှင့်နှိုင်းယှဉ်လျှင် အနည်းသာရှိကြောင်း တွေ့ရသည်။

ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုအားလုံးနီးပါးသည် ဇခုံတိန့်ယိန်း၏ နယ်ခြားစောင့်တပ်ဖွဲ့ နှင့်ပြည်သူ့စစ်များ အခြေစိုက်ရာ အထူးသဖြင့် နယ်စပ်မြို့ဖြစ်သော ပန်ဝါဝန်းမြို့ဝန်းကျင်တွင် တည်ရှိနေကြောင်း အဆိုပါလုပ်ငန်းအကြောင်း ထဲထဲဝင်ဝင် သိရှိထားသူခြောက်ဦးက ဖ​​ရွန်းတီးယားမြန်မာကို ပြောသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ မြေရှားသတ္တုတူးဖော်မှုသည် ၂၀၁၄ သို့မဟုတ် ၂၀၁၅ခန့်က ပန်ဝါဒေသတွင် စတင်ခဲ့သည်။ မြေရှားသတ္တုတူးဖော်ခြင်းနှင့် ဆက်စပ်နေသည့် ထူးခြားရေကန် ပုံစံများပါဝင်သော သတ္တုလုပ်ကွက်ပေါင်း ၁၀၀ခန့်ရှိသည်ကို အဆိုပါဒေသတွင် ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များအရ မြင်တွေ့ရသည်။ 

သတင်းရင်းမြစ်များက အဆိုပါသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များသည် စစ်ကောင်စီ၏ အရေးယူမှုထိန်းကွပ်မှု တစ်စုံတစ်ရာအောက်တွင် ရှိမနေကြောင်း ထောက်ပြကြသည်။

“ဒေသခံတွေက တိုင်ကြားမှုတွေရှိပေမဲ့ ဒီမြေရှားသတ္တုတူးဖော်ရေးဆိုတာ နယ်ခြားစောင့်အဖွဲ့တွေ ထိန်းချုပ်ထားတာ။ သူတို့မှာ လက်နက်၊ အာဏာနဲ့ ငွေကြေးရှိတော့ ဒေသခံပြည်သူတွေရဲ့ အသံကို နားမထောင်ဘူး”ဟု မြစ်ကြီးနားအခြေစိုက် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဒေသခံအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Transparency and Accountability Network Kachin State (TANKS)၏ အဖွဲ့ဝင်တစ်ဦးကမူ မြေသိမ်းခံရမှုသည် မြေရှားသတ္တုတူးခြင်းကြောင့် ဒေသခံများကြုံတွေ့ရသော ပြဿနာများအနက်က တစ်ခုဖြစ်သည်။

“အင်န်ဒီအေ-ကေနဲ့ မြေရှားသတ္တုကုမ္ပဏီတွေက ဒေသခံတွေရဲ့လယ်မြေတွေကို အဓမ္မသိမ်းယူခဲ့ပြီး ဆွေးနွေးညှိနှိုင်းတာမျိုး မလုပ်ဘဲ လျော်ကြေးငွေပေးခဲ့တယ်။ ဒေသခံတွေက လက်မခံရင် သူတို့က မပေးတော့ဘူး။ ဒါမှမဟုတ်  အရင်ကထက် လျှော့ပေးတယ်။ ရွာသားတွေတိုင်ကြားဖို့ အခွင့်အရေးလည်းမရှိဘူး”ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

ဇခုံတိန့်ယိန်း၏လက်နက်ကိုင်အဖွဲ့များထိန်းချုပ်နယ်မြေများတွင် ယင်းသို့ တရားမဝင်သတ္တုတူးဖော်မှုများအပေါ် အရေးယူရန် ပျက်ကွက်နေခြင်းသည် အသစ်အဆန်းမဟုတ်တော့ကြောင်း ဒေသခံတက်ကြွလှုပ်ရှားသူများက ဆိုသည်။ 

အန်င်အယ်လ်ဒီအစိုးရလက်ထက်တွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် မြေရှားသတ္တုတူးဖော်မှုကို ဥပဒေပြဋ္ဌာန်းကာ စောင့်ကြည့်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သဘာဝသယံဇာတအုပ်ချုပ်မှုကို လေ့လာစောင့်ကြည့်သည့်အဖွဲ့တစ်ခုလည်းဖြစ်သော TANKSအဖွဲ့ဝင်က ပြောသည်။

ယခင်က အင်န်အယ်လ်ဒီနှင့်အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သော အကဲဖြတ်စစ်ဆေးရေးအဖွဲ့များ အဆိုပါလုပ်ငန်းခွင်များသို့ သွားရောက်သောအခါ တပ်မတော်သားကိုယ်စားလှယ်များ လိုက်ပါလာလေ့ရှိပြီး ထိုအချိန်များတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားလေ့ရှိသည်။

“သူတို့ (အကဲဖြတ်အဖွဲ့) တွေက မြစ်ကြီးနားကိုပြန်သွားတဲ့အခါ (မြေရှားသတ္တုးတူးဖော်ရေးလုပ်ငန်း) ကပြန်စတယ်။ အင်န်အယ်လ်ဒီအစိုးရက မြေရှားသတ္တုတူးဖော်မှုကို အတတ်နိုင်ဆုံးထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဓိက လုပ်နေတဲ့သူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်နေတော့ ထိန်းဖို့မဖြစ်နိုင်ခဲ့ဘူး။ အင်န်အယ်လ်ဒီက တရားမဝင်တူးဖော်မှုကို ရပ်ပါလို့ပဲ ပြောနိုင်ယုံပဲ။ ဒီလိုပြောရုံနဲ့ လက်နက်ကိုင်ထားတဲ့အုပ်စုတွေအပေါ် ဘာသက်ရောက်မှုမှမရှိဘူး”ဟု TANKSအဖွဲ့ဝင်က ပြောသည်။

အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ ဖရွန်းတီးယားမြန်မာက တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

အလားတူ အင်န်ဒီအေ-ကေခေါင်းဆောင် ဇခုံတိန့်ယိန်းကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ ၎င်း၏သားဖြစ်သူ နိုင်ငံရေးသမားနှင့် အင်န်ဒီအေ-ကေ ဝါရင့်တပ်မှူးဟောင်း ဇခုံယိမ်းဆောင်လည်း  ဖရွန်းတီးယားမြန်မာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

၂၀၂၀တွင် ပြည်နယ်လွှတ်တော်၌ရွေးကောက်တင်မြှောက်ခံရသော ဇခုံယိမ်းဆောင်ဦးဆောင်သည့် ဒီမိုကရေစီပါတီသစ် (ကချင်)က တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့ပါတီသည် မြေရှားသတ္တုတူးမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီး ဆက်စပ်ကိစ္စများနှင့်စပ်လျဉ်းသည့် မေးခွန်းများကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းခွင်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပင့်ကူအိမ် ပါမစ်

မြန်မာ့သတ္တုတွင်းလုပ်ငန်း၏ ခွင့်ပြုချက်မှတ်တမ်းများတွင် ဇခုံတိန့်ယိန်း၏လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်ရှိ တရုတ်နှင့်နယ်နမိတ်ထိစပ်​နေသည့် ကချင်ဒေသတွင် သတ္တုတူးဖော်ရေးကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးထားသည်။ 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစ၍ မြန်မာနိုင်ငံသည် သတ္တုထုတ်လုပ်ခွင့်ပေးသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်သည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်သယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုကိုတိုင်းတာသည့် တွင်းထွက်သယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်းစဉ် (EITI) ကို လိုက်နာသည့်အနေဖြင့် ထုတ်ဝေခဲ့ခြင်းသည်။  EITI ၏ နိုင်ငံတကာစံနှုန်းအရ သတ္တုတူးဖော်မှုတွင်ပါဝင်နေသည့် အစိုးရများနှင့် ကုမ္ပဏီများသည် ယင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ၊ အခကြေးငွေများနှင့် လုပ်ပိုင်ခွင့်အပါအဝင် သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် အသိပေးထုတ်ပြန်ရသည်။

၂၀၁၆-၁၇ဘဏ္ဍာနှစ်အတွက် Myanmar EITI မှတ်တမ်းများအရ ကချင်ပြည်နယ်အတွက်တူးဖော်ခွင့်ပြုထားသော သတ္တုတွင်း ၁၄၈တွင်းအနက် ထက်ဝက်ကျော်သည် ဇခုံတိန့်ယိန်း၏ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများဖြစ်သော ချီဖွေနှင့် ဆော့လော်မြို့နယ်များတွင် ထက်ဝက်ကျော်ရှိနေသည်။

သို့သော် ဖော်ပြပါခွင့်ပြုချက်များသည် မြေရှားသတ္တုတူးဖော်ခြင်း(သို့) ထုတ်လုပ်ခြင်းအတွက် မဟုတ်ပေ။ ခွင့်ပြုချက်အ များစုသည် သံ၊ သံဖြူ၊ အဖြိုက်နက်၊ စကျင်ကျောက်၊ ခဲနှင့် သွပ် ကဲ့သို့သော အခြားသတ္တုပစ္စည်းများရှာဖွေခြင်းအတွက် “ဦးသူဦးစားပေး”စနစ်ဖြင့် ထုတ်ပေးခြင်းဖြစ်သည်။

ခွင့်ပြုချက်များစွာထုတ်ပေးထားသော လုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင်မှတ်ပုံတင်ထားခြင်းမရှိသော ကုမ္ပဏီများဖြစ်နေသည်။ ဥပမာအားဖြင့် လိုင်စင်၁၅ခုရရှိထားသည့် Chain Yein Taung သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် ခွင့်ပြုချက်သုံးခုရရှိထားသည့် Lan Chaw Pwan ဖွံ့ဖြိုးရေးကုမ္ပဏီ တို့သည် ဇခုံတိန့်ယိန်း၏ နယ်ခြားစောင့်တပ်ဌာနချုပ်တည်ရှိရာ ချီဖွေမြို့နယ်၊ ပန်ဝါဒေသတွင် သတ္တုတူးခွင့်လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများအနက်က အချို့ဖြစ်ပြီး DICA တွင် တရားဝင်မှတ်တမ်းတင်ထားခြင်း မရှိပေ။

DICA မှတ်တမ်းများအရ ဇခုံတိန့်ယိန်းနှင့် ၎င်း၏သားဖြစ်သူတို့သည် ပါမစ်များစွာရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီများ၌ ဒါရိုက်တာများဖြစ်နေသည်။ ယင်းကုမ္ပဏီများအနက် Myanmar Myo Ko Ko Medical Instrument ကုမ္ပဏီလီမိတက်သည် ပန်ဝါဒေသတွင် “ဦးသူဦးစားပေး” စနစ်ဖြင့် သံထုတ်လုပ်ရန် လုပ်ပိုင်ခွင့်ပါမစ် ၁၁ခုရရှိထားသည်။ ၂၀၁၆တွင် ထုတ်ပေးသောပါမစ်များသည် ၂၀၂၁၊​ မတ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းတို့ကို ထပ်မံသက်တမ်းတိုးပေးခြင်းရှိ၊ မရှိ အတိအကျမသိရပေ။

ဇခုံတိန့်ယိန်းနှင့် သူ၏သားများဖြစ်သော ဇခုံယိန်းဆောင်၊ ဇခုံယိန်းတိုင်နှင့် ဇခုံယိန်းချန်တို့သည့်  ချီဖွေမြို့နယ် ပန်ဝါဒေသ၌ လုပ်ပိုင်ခွင့်ပါမစ်များစွာရယူထားသော  San Lin International Import and Export ကုမ္ပဏီ၏ ဒါရိုက်တာများလည်းဖြစ်သည်။ Myanmar Myo Ko Ko နှင့် San Lin ကုမ္ပဏီများအပြင် Bawm Myang ကုမ္ပဏီနှင့် Sin Kyaing ကုမ္ပဏီတို့ အပါအဝင် အခြားခွင့်ပြုချက်ရကုမ္ပဏီများတွင်လည်း ဒါရိုက်တာရာထူးများ ခွဲဝေရယူထားသည်ကို တွေ့ရသည်။

One Map Portal ဝက်ဆိုက်တွင် ဖော်ပြထားသော ၂၀၁၇နှင့် ၂၀၁၈အတွင်း မြန်မာနိုင်ငံအတွင်း EITI သတ္တုတူးဖော်ရေးဆိုင်ရာမှတ်တမ်းများတွင် Bawm Myang၊ San Lin နှင့် Lan Chaw Pwan Development ကုမ္ပဏီများသည် အဆိုပါနှစ်တွင် ပန်ဝါဒေသ၌ သတ္တုတူးဖော်ခွင့်လိုင်စင်များ ရရှိထားသည်ကို တွေ့ရသည်။ 

သို့သော် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် Myanmar Myo Ko Ko ကုမ္ပဏီတစ်ခုသာ မြေရှားသတ္တုတူးဖော်ရေးတွင် တရားဝင်ပြုလုပ်ခွင့်ရသောကုမ္ပဏီဖြစ်ကြောင်း TANKS ကိုယ်စားလှယ်က ယခုနှစ်၊ မေတွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။ ပြည်ထောင်စုအဆင့်သတ္တုတွင်းဝန်ကြီးဌာနသည် ၂၀၁၈တွင် ၎င်းတို့ကို တစ်နှစ်တာ သတ္တုတူးဖော်ခွင့်လိုင်စင် ပေးအပ်ခဲ့သည်ဟု အဆိုပါကုမ္ပဏီကဆိုသည်။

၂၀၁၉တွင် ကချင်ပြည်နယ်သတ္တုတွင်းဝန်ကြီးဌာန၏ ပြောကြားချက်အရ Myanmar Myo Ko Ko ကုမ္ပဏီသည် စုစုပေါင်း ၁၁၄ဧကရှိသည့် သတ္တုတွင်းငါးတွင်းတွင် လုပ်ကိုင်ခွင့်ရရှိထားသည်။ အဆိုပါဒေသက မြေရှားသတ္တုတူးဖော်မှုလုပ်ငန်း အများစုသည် တရားမဝင်တူးဖော်မှုများဖြစ်ကြောင်း ကချင်ပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒါရှီလဆိုင်းက ၂၀၁၉တွင် RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖရွန်းတီးယားမြန်မာသည် Myanmar Myo Ko Ko ကုမ္ပဏီကို ဆက်သွယ်​​ရန် ဖော်ပြထားသည့် ဖုန်းနံပါတ်များက တစ်ဆင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းနံပါတ်တစ်ခုကသာ လက်ခံဖြေကြားခဲ့ပြီး ဖုန်းမှားနေသည်ဟုသာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ပန်ဝါဒေသရှိ တောင်ကုန်းထူထပ်ရာအရပ်တစ်နေရာက မြေရှားသတ္တုလုပ်ကွက်တစ်ခုကို မြင်တွေ့ရစဉ်။ အဆိုပါဒေသတွင် မြေရှားသတ္တုတူးဖော်မှုလုပ်ကွက်များဟု ယူဆရသော မိုးပြာရောင်ရေအိုင်များကို မြင်တွေ့ရပြီး လုပ်ကွက်အနည်းဆုံး ၁၀၀ခန့်ရှိနိုင်ကြောင်း ကောင်းကင်ဂြိုဟ်တုဓာတ်ပုံများအရ မြင်တွေ့နိုင်သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

‘တိရိစ္ဆာန်တစ်ကောင်မှတောင် မရှိဘူး’

မြေရှားသတ္တုတူးဖော်မှုသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရွေ့ပြောင်းလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များလည်း ကပ်ပါလာသည်။ Global Witness အဖွဲ့က ဟမ်မွန်ဒ်က ထိုဒေသတွင် “တရားဥပဒေစိုးမိုးမှု အားနည်းခြင်း”ကြောင့် မြေရှားသတ္တုတူးဖော်မှုများသည် “အခြေခံသဘာဝပတ်ဝန်းကျင်စံနှုန်းများ”ကိုပင် လိုက်နာခြင်းမရှိဟု ပြောသည်။

သတ္တုတူးဖော်မှုများကြောင့် မြေတိုက်စားခြင်းအပါအဝင် မြေနှင့်ရေသယံဇာတများတွင် သတ္တုဓာတ်များပါဝင်လာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း ဖရွန်းတီးယားမြန်မာနှင့် အင်တာဗျူးခဲ့သူများက ပြောဆိုခဲ့သလို  ပြည်တွင်းသတင်းဌာနများကလည်း ရေးသားဖော်ပြခဲ့ကြသည်။ သတ္တုတူးဖော်မှုကြောင့် မြေပြိုမှုများနှင့် ချင်းတွင်းမြစ်တွင် အနည်များပုံနေကြောင်း ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် မိုင်းတွင်းအလုပ်သမားများက ပြောသည်။ ထို့ပြင် အလုပ်သမားများ လုပ်ငန်းခွင်လုံခြုံရေးပိုင်းတွင် အထောက်ပံ့ အနည်းငယ်သာပေးထားကြောင်း ၎င်းတို့ကဆိုသည်။ 

မြစ်ကြီးနားမြို့အနီးရှိ ကျေးရွာတစ်ခုက အသက်၃၀အရွယ် ကချင်အမျိုးသား ဆန်အောင်(အမည်လွှဲ) သည် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုတွင် ၂၀၁၉၊ စက်တင်ဘာကစပြီး အလုပ်စဝင်ခဲ့သည်။ သို့သော် ကုမ္ပဏီ၏အမည်ကို မသိကြောင်း သူကပြောသည်။ မြစ်ကြီးနားမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွင်နေထိုင်သော အသက်၆၀အရွယ်ရှိ ဆွတ်ထင်း (အမည်လွှဲ)သည် သတ္တုတွင်းကုမ္ပဏီတစ်ခုတွင် ၂၀၁၇၊ ဒီဇင်ဘာမှ ၂၀၁၈၊ မေအထိ အလုပ်လုပ်ခဲ့သော်လည်း ကုမ္ပဏီအမည်ကို မသိပေ။ 

၎င်းတို့နှစ်ဦးစလုံးသည် သတ္တုတူးဖော်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုသော ဓာတုပစ္စည်းများအကြောင်းကို အနည်းသာ သိကြောင်းပြောသည်။ ၎င်းလုပ်ကိုင်ခဲ့သော လုပ်ငန်းခွင်တွင် ကိုင်တွယ်ရသည့်အမှုန့်မှာ ဆားနှင့်တူသည်ဟု ဆန်အောင်က ပြောသည်။ ဆွတ်ထင်းကမူ ဓာတုအရည်များနှင့် အမှုန့်များကို တရုတ်စာများဖြင့်သာ ရေးသားထားသော ကွန်တိန်နာများတွင် သိုလှောင်ထားသည်ဟု ဆိုသည်။

“ဒေသခံအလုပ်သမားအများစုက အဲဒီကွန်တိန်နာပေါ်မှာ ဘာရေးထားတယ်ဆိုတာကို နားမလည်ကြဘူး။ ဘယ်သူမှလဲ လာမရှင်းပြဘူး”ဟု ၎င်းက ပြောသည်။

ဓာတုပစ္စည်းများကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်ရသည့် အလုပ်မှာ လုပ်ခပိုရသော်လည်း ကျန်းမာရေးထိခိုက်ကြောင်း ယင်းအလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏ ပြောဆိုမှုကြောင့် ယင်းအလုပ်ကို ရှောင်ရှားခဲ့သည်ဟု ဆွတ်ထင်းက ပြောသည်။

“အလုပ်သမားအများစုက အဲဒီအလုပ်တွေကိုမလုပ်ချင်ဘူး။ တစ်လ၊ နှစ်လလောက်ပဲလုပ်ကြတယ်။ သူတို့က (အလုပ်သမားများ) အဲဒီဓာတုအရည်တွေနဲ့ အမှုန့်တွေက သူတို့ကျန်းမာရေးကို ထိခိုက်စေတယ်လို့ပြောတယ်။  တချို့အလုပ်သမားတွေဆို ဖျားနာကြတယ်။ ကုမ္ပဏီက လိုအပ်တဲ့လုံခြုံရေးပစ္စည်းတွေ ဘာတစ်ခုမှ မပံ့ပိုးပေးခဲ့ဘူး”ဟု ဆွတ်ထင်းက ပြောသည်။

ဓာတုပစ္စည်းများကို တိုက်ရိုက်ကိုင်တွယ်ရသည့် အလုပ်သမားဆန်အောင်သည် လက်အိတ်ဝတ်ဆင်၍ အလုပ်လုပ်ရသော်လည်း သတ္တုတူးဖော်မှုတွင် အသုံးပြုသော ဓာတုပစ္စည်း အမှုန့် (သို့) အရည်ကိုထိသည့်အခါ အနည်းငယ်ပူသည်ဟု ခံစားရလေ့ရှိကြောင်း ပြောသည်။

အလုပ်သမားများသည် သတ္တုတူးဖော်သည့်ဒေသမှ ထွက်ရှိသည့် ရေများအား သောက်သုံးရန်နှင့် ရေချိုးရန်ပင် အသုံးမပြုခဲ့ပေ။ အလားတူ ထိုဒေသရှိ သစ်တောများမှာလည်း ပျက်စီးလာနေသည်ဟု ဆန်အောင်က ပြောသည်။

“အဲဒီမှာသစ်ပင်တွေတောင် မကျန်တော့ဘူး။ သစ်ပင်တွေကိုခုတ်ပြီး မီးရှို့ကြတယ်။  အလုပ်လုပ်တဲ့နေရာမှာဆို တိရိစ္ဆာန်တစ်ကောင်မှတောင် မရှိဘူး”ဟု ၎င်းက ပြောသည်။

မြင့်တက်လာနိုင်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ

ဖေဖော်ဝါရီ၁ရက်၊ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစတင်၍ မြေရှားသတ္တုတူးဖော်မှုများ တစ်ဖန်ပြန်လည်၍ အရှိန်မြင့်တက်လာနေသည်ဟု ဖရွန်းတီးယားမြန်မာနှင့် Danwatch တို့က အင်တာဗျူးခဲ့သူ သတင်းရင်းမြစ်များက အခိုင်အမာယုံကြည်နေသည်။

“အာဏာသိမ်းပြီးကတည်းက ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုတွေ ပိုများလာတာကို ကျမတို့ တွေ့ရပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေက ပြည်သူ့စစ်အဖွဲ့တွေရဲ့ လုပ်ငန်းအကျိုးစီးပွားတွေကို ပိုပြီးအထောက်အကူ ဖြစ်နေလိမ့်မယ်လို့ ကျမတို့မြင်ပါတယ်”ဟု Global Witness က မစ္စဟမ်မွန်ဒ်က ပြောသည်။

“တရားမဝင်လှုပ်ရှားမှုတွေက မင်းမဲ့စရိုက်ဆန်ဆန်အခြေအနေတွေမှာ ကြီးထွားလာမှာဖြစ်ပြီး အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်လာတဲ့ ကသောင်းကနင်းအခြေအနေတွေက တရားမဝင်လုပ်ငန်းမှာ ကျင်လည်နေသူတွေအတွက် သဘာဝ အရင်းအမြစ်များကို အခွင့်ကောင်းယူပြီး လုယူဖျက်ဆီးကြဖို့ လမ်းဖောက်ပေးလိုက်တာပါပဲ”ဟု ၎င်းက ပြောသည်။

အင်န်ယူဂျီဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း မြေရှားသတ္တုတူးဖော်မှုများ တိုးမြင့်လာလိမ့်မည်ဟု ခန့်မှန်းပြောဆိုသည်။ “လူထုနဲ့ တက်ကြွလှုပ်ရှားသူတွေက တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကို လွပ်လပ်စွာ အသိပညာပေးနိုင်မှု မရှိတဲ့အခါ သူတို့ရဲ့စောင့်ကြည့်နိုင်စွမ်းအား နည်းလာပြီး မြေရှားသတ္တုတူးဖော်မှုတွေက အရင်ကထက် ပိုပြီးလွတ်လွတ်လပ်လပ် တူးဖော်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ မြေရှားသတ္တုဝယ်ယူနေသော တရုတ်နိုင်ငံသည် ဆန္ဒရှိလျှင် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် တရားမဝင် တူးဖော်နေခြင်းကို လျော့ကျအောင် ကိုင်တွယ်နိုင်ပြီး ဖိအားလည်းပေးနိုင်သည့် နိုင်ငံဖြစ်သည်။

ဇန်နဝါရီတွင် တရုတ်နိုင်ငံသည် မြေရှားသတ္တုထုတ်လုပ်မှုလုပ်ငန်းများကို ထိန်းညှိရန် ဥပဒေမူကြမ်းတစ်ခုကို ပြဋ္ဌာန်းရန်ပြင်ဆင်ခဲ့ပြီး အဆိုပါမူကြမ်းတွင် မြေရှားသတ္တု တရားမဝင်တူးဖော်မှုနှင့် ကုန်သွယ်မှုကို တားမြစ်ထားပြီး မြေရှားသတ္တုကုန်သွယ်မှုကို ခြေရာခံသည့်စနစ်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် တရားမဝင်မြေရှားသတ္တုတူးဖော်၊ ကုန်သွယ်မှုများကို ပိုမိုထိရောက်စွာ တားဆီးသင့်ကြောင်း Global Witness အဖွဲ့က မစ္စဟမ်မွန်ဒ်ကပြောသည်။ တရားမဝင် သတ္တုတူးဖော်မှုများသည် ဒေသခံများအတွက် အကျိုးအမြတ် မဖြစ်ထွန်းသည့်အပြင် ယင်းဒေသ၏သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးစေကြောင်း ၎င်းက ထောက်ပြသည်။

“ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုဟာ မြန်မာ့စစ်တပ်အမိန့်ကိုနာခံတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေကိုသာ အကျိုးပြုပြီး ဖြစ်ထွန်းစေတာပါ။ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်ရလိုက်တဲ့အတွက် အပြန်အလှန်အနေနဲ့ သူတို့က စစ်တပ်ကိုထောက်ပံ့မှုတွေလုပ်ပေးနေတယ်” ဟု မစ္စဟမ်မွန်ဒ်ကပြောသည်။ “ဒီအဖွဲ့တွေဆီကို စီးဆင်းနေတဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်တာက စစ်တပ်ကို ဖိအားအားပေးရာရောက်ပါလိမ့်မယ်”ဟု ဟမ်မွန်ဒ်က ပြောသည်။ 

ဂျော်တူးခေါင် ပံ့ပိုးရေးသားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.