Rice sold out in Yangon markets on March 24 after the Ministry of Health and Sports announced Myanmar’s first two COVID-19 cases. (Nyein Su Wai Kyaw Soe | Frontier)

အထိတ်တလန့်ဈေးပြေးဝယ်ရင်း ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက် ချိုးဖောက်မိခြင်း

“လူစုလူဝေးကိုရှောင်ပါ” ဟူသော စကားမှာ ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် COVID-19 ပိုးရှိသူနှစ်ဦးတွေ့ရှိကြောင်း မတ်လ ၂၃ ရက် ညနက်ပိုင်းတွင် အစိုးရကထုတ်ပြန်လိုက်ပြီးနောက် ထိတ်လန့်တကြားဈေးပြေးဝယ်သူများရှိခဲ့ရာ ဈေးဝယ်စင်တာအချို့တွင် သန်းခေါင်ယံအချိန်ကြီးလူစုလူဝေးဖြစ်ခဲ့ရသည်။ထိတ်လန့်တကြားဈေးပြေးဝယ်မှုမှာ နောက်တစ်ရက်မနက်အထိကူးစက်ပြီး ရန်ကုန်မြို့ရှိဈေးများသည် အကြီးဆုံးလူစုလူဝေးဖြစ်လာသည်။

နန္ဒ

ဦးအောင်မင်းလွင်တစ်ယောက် ဆန်ဆိုင်စဖွင့်ဖွင့်ချင်းပင် ဒီနေ့သည် ပုံမှန်ထက်ထူးခြားမည့်နေ့ဆိုတာသိ၍ ဗီနိုင်းစတစ်ခု၏နောက်ကျောတွင် စာတစ်ကြောင်းကောက်ရေးလိုက်ပြီးဆိုင်ရှေ့တွင်ချိတ်ထားလိုက်သည်။ အလားတူစာမျိုးကို နာဂစ်မုန်တိုင်းကာလကလည်းသူရေးခဲ့ဖူးသည်။

ဆန်ဈေးမတက်ဘဲ ပုံမှန်ဈေးအတိုင်းရောင်းပေးမည်ဆိုသော စာသားကိုချိတ်ဆွဲထားခြင်းဖြစ်သည်။

“လူတွေစိတ်ပူနေတဲ့အချိန်မှာအပူစာတွေမစားချင်ဘူး။”ဟု သူကပြောသည်။

ဝယ်သူများကို အစိုးရိမ်မလွန်ကြရန်နှင့် လိုသလောက်ရမည်ဖြစ်ကြောင်း သူကရှင်းပြခဲ့သော်လည်း မွန်းလွဲ နှစ်နာရီခန့်တွင် “နေလ”ဆန်ဆိုင်တွင်ရောင်းစရာဆန်မရှိတော့ပေ။ ပုံမှန်အားဖြင့် ဆယ်ရက်ခန့်ရောင်းရမည့် ဆန်အိတ်ပမာဏမှာ နေ့ဝက်အတွင်း ရောင်းကုန်သွားခြင်းဖြစ်သည်။

နေလ ဆန်ဆိုင်ပိုင်ရှင် ဦးအောင်မင်းလွင် အား မတ် လ ၂၅ ရက် ကတွေ့ရစဉ်။ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

နေလ ဆန်ဆိုင်ပိုင်ရှင် ဦးအောင်မင်းလွင် အား မတ် လ ၂၅ ရက် ကတွေ့ရစဉ်။ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

စမ်းချောင်းမြို့နယ်ရှိ “နေလ” ဆန်ဆိုင်နှင့် ဓာတ်တိုင်ဆယ်တိုင်ခန့်သာဝေးသော “ရှမ်းလမ်း”ဈေး(ဂွဈေး)တွင်လည်း ဈေးပွဲတော်ကြီးကဲ့သို့ဖြစ်နေပြီး နေ့လည်စာစားချိန်အထိဈေးမကွဲသေးပေ။

ဈေးထဲသို့ဝင်လျှင် အပူချိန်တိုင်းပြီးမှ ဝင်ခွင့်ပြုပြီး ဆပ်ပြာနှင့် ရေတိုင်ကီတစ်လုံးကို လက်ဆေးရန်ချထားပေးသော်လည်း ဘယ်သူမှမဆေးဘဲဈေးပြေးဝယ်ကြသည်။ ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့်ငရုတ်သီးစသည့် အခြေခံစားကုန်ရောင်းသည့်ဈေးသည်များသည် ဈေးဝယ်သူကဈေးနှုန်းမေးနေသည်ကို ပြန်မဖြေနိုင်လောက်အောင်ပင်ဝယ်သူကျနေသည်။

ရောင်းသူအများစုက mask မတပ်ထားဘဲ ဝယ်သူအများစုကသာတပ်ဆင်ထားကြသည်။ COVID-19 မကူးစက်ရန် သုံးပေအကွာနေရမည်ဟူသော စည်းမျဉ်းကို ရောင်းသူရောဝယ်သူပါ မလိုက်နာနိုင်တော့။ မကြာခဏ လက်မဆေးနိုင်ဘဲ မကြာခဏပိုက်ဆံရေတွက်နေကြသည်။

“ဈေးသည်ဆိုတာ ဝယ်သူရှိတုန်းရောင်းရတာဆိုတော့ ရွေးချယ်စရာမရှိဘူး။ ကြောက်နေရင်ဆိုင်တွေပိတ်ထားလိုက်ရမှာပေါ့။ အဲ့ဒီကျရင်အကုန်ဘာနဲ့သွားစားမလဲ” ဟု ရှမ်းလမ်းဈေးရှိ ကုန်ခြောက်ဆိုင်ရှင်တစ်ဦးကပြောသည်။
လူစုလူဝေးကိုရှောင်ရန် တကမ္ဘာလုံး၌ နည်းမျိုးစုံဖြင့်သတိပေးထားသော်လည်း အထိတ်တလန့်ဈေးပြေးဝယ်မှုကြောင့် မတ် ၂၄ ရက်မနက်ပိုင်းက ရန်ကုန်မြို့ရှိဈေးများသည် အကြီးဆုံးလူစုလူဝေးဖြစ်လာသည်။

ဈေးဝယ်သူများမှာ ပုံမှန်ထက်ဈေးဘယ်လောက်တက်သွားလဲဟု တွက်ချက်နေကြသော်လည်း ယခင်ကလို ဈေးတစ်ပတ်ပတ်ပြီးမှ အသက်သာဆုံးဆိုင်ကို ရွေးဝယ်တာမျိုးမလုပ်နိုင်ကြတော့ဘဲ ခပ်သုတ်သုတ်ဝယ်နေကြသည်။

မွန်းတည့် ၁၂း၀၀ တွင် ဈေးမကွဲသေးသည့် ရှမ်းလမ်းဈေး-ဓာတ်ပုံ/နန္ဒ

မွန်းတည့် ၁၂း၀၀ တွင် ဈေးမကွဲသေးသည့် ရှမ်းလမ်းဈေး-ဓာတ်ပုံ/နန္ဒ

အလှကုန်နှင့်အထည်တန်းမှာလူရှင်းလင်းလျက်ရှိပြီး လူတွေစုပြုံတိုးနေကြသည့် အခြေခံစားသောက်ကုန်ရောင်းသူများကို ငေးကြည့်နေကြသည်။ ဆိုက္ကားဆရာများလည်းအလုပ်ဖြစ်သည်။ အိမ်ထဲမှမထွက်လိုသူများက စီးနေကျ ဆိုက္ကားဆရာများကို ဝယ်ခိုင်းကြသည်။

“ဆန်နဲ့ဆီ အများဆုံးသယ်ပေးရတာပဲ”ဟု ဆိုက္ကားဆရာ ကိုမောင်နိုင်က ပြောသည်။ ဈေးထဲမှ ထွက်လာသူများသည် လက်နှစ်ဘက်လုံး ပစ္စည်းများအပြည့်နှင့်ဖြစ်သည်။

“လူစုလူဝေးဆီကိုဘယ်သူမှမလာချင်ဘူး။ ကိုယ်လာတော့မှလူစုလူဝေးကြီးတွေ့ရတာ။ အပြင်ကိုခဏခဏမထွက်ချင်လို့အခုလိုတစ်ခါထဲဝယ်ထားတာပေါ့”ဟု မတ်လ ၂၄ ရက်တွင် ဈေးဝယ်သူတစ်ဦးကတုန့်ပြန်သည်။

အထက်ပါအခြေအနေများသည် မတ်လ ၂၃ ရက်ညနက်ပိုင်းမှ အစပြုသည်။

မြန်မာပြည်မှာ COVID-19 ပိုးရှိသူနှစ်ဦးတွေ့ရှိကြောင်း ပထမဆုံးအကြိမ်ထုတ်ပြန်လိုက်ပြီးနောက် မတ်လ ၂၄ ရက် ညသန်းခေါင်မှာပဲ ၂၄ နာရီဖွင့်လှစ်သည့် ဈေးဝယ်စင်တာများတွင် လူတွေကျိတ်ကျိတ်တိုးဈေးဝယ်ခဲ့ကြခြင်းဖြစ်သည်။

မြေနီကုန်းစီးတီးမတ်တွင် ကိုယ်ပိုင်ကားများနှင့်ဈေးလာဝယ်ကြသူများနှင့်ပြည့်နေရာ လူအုပ်ကြီးဖြစ်နေကြောင်း သတင်းသွားယူခဲ့သည့် ဖရန်တီးယားဓာတ်ပုံသတင်းထောက်ကပြောသည်။

“Shopping Mall တွေမှာ စုပြုံတိုးဝှေ့ ဝယ်ယူတဲ့ Panic Buying ကြောင့် ကူးစက်မှု မြင့်မားသွားခဲ့တဲ့ နိုင်ငံတွေကို သင်ခန်းစာယူကြပါ”လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
COVID-19 နှင့်ပတ်သက်၍ မတ်လ ၁၂ ရက်မှာ ကောလဟလထွက်၍ ထိပ်လန့်တကြားဈေးပြေးဝယ်မှုများဖြစ်ခဲ့သေးသည်။

မတ် ၂၄ ရက် နေ့လည်ခင်းက ဈေးဝယ်စင်တာတစ်ခုမြင်ကွင်း-ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

မတ် ၂၄ ရက် နေ့လည်ခင်းက ဈေးဝယ်စင်တာတစ်ခုမြင်ကွင်း-ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

ထိုအချိန်က မြန်မာနိုင်ငံတွင် COVID-19 ပိုးမတွေ့ရှိသေးကြောင်း ထုတ်ပြန်ထားချိန်ဖြစ်သော်လည်း ပြည်သူအများက သံသယဖြစ်ပြီးစိုးရိမ်ခဲ့ကြသည်။

မတ်လ ၁၆ ရက် ၈နာရီသတင်းအပြီးမှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထွက်ပြောပြီးအခြေအနေကိုဝင်ထိန်းခဲ့သည်။

“အစိုးရိမ်လွန်ပြီး ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်မငြိမ် ဖြစ်စေမယ့်လုပ်ရပ်များ မဖြစ်ပေါ်ရေးမှာလည်း ပြည်သူတွေက အဓိကပါ” လို့ သူကပြောခဲ့သည်။

သို့သော် မတ်လ ၂၃ ရက် သန်းခေါင်ယံကြေညာချက်ပြီးနောက် အစိုးရိမ်လွန်သော ရိက္ခာစုဆောင်းရေးများဆက်လက်ဖြစ်ပွားခဲ့သည်။

မိုးလင်းမှသတင်းကြားပြီး ထိတ်လန့်တကြားဈေးဝယ်ထွက်ကြ၍ ရန်ကုန်မြို့ရှိဈေးအများစုတွင် နေ့လည်စာစားချိန် အထိ ဈေးမကွဲခဲ့ချေ။

ကြက်ဥ၊ဘဲဥဆိုင်များက ပစ္စည်းပြတ်သွားပြီး
“ညနေရမယ်လာခဲ့” လို့ ကုန်သွားတဲ့ကြက်ဥကတ်အလွတ်တွေကို သိမ်းရင်းဆိုင်ရှင်က ဝယ်သူတစ်ဦးကိုပြောသည်။

 class=
ဆေးဆိုင်များတွင်လည်း လူတန်းကြီးဖြစ်သွားသည်။

class=

မီနီမားကတ်တချို့မှာ ကိုယ်တိုင်ယူစနစ်ကိုဖျက်သိမ်းလိုက်ပြီး ဆိုင်ထဲကိုအဝင်မခံတော့ဘဲဈေးဆက်ရောင်းပေးနေသည်။

ဆန်ဆိုင်များကလည်းအထူးရောင်းကောင်းသည်။ လက်ကျန်ဆန်အလုံအလောက်ရှိကြောင်း ပြည်သူများစိတ်မပူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း မတ်လ ၂၄ ရက်တွင်ချက်ချင်းကြေညာချက်ထုတ်ပြန်သည်။

COVID-19 ဖြစ်ပေါ်နေချိန်တွင် ပြည်ပတင်ပို့မှုကို အရန်ဆန်ထားရှိမှု နှင့် ယှဉ်တွဲဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရသို့ တင်ပြအကြံပြုနိုင်ရေး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် မတ်လ ၁၈ ရက်က ဆွေးနွေးညှိနှိုင်းခဲ့သေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း မတ်လ ၂၄ ရက်ညနေခင်းတွင် ဒုတိယအကြိမ်မြောက် COVID-19 မိန့်ခွန်းကိုထွက်ပြောပြန်ပါသည်။

” ရိက္ခာပြတ်နိုင်တဲ့အလားအလာမရှိပါဘူး။ လူအုပ်ထဲသွားတိုးဝယ်လို့ ရောဂါကူးနိုင်မယ့်အလားအလာက ပိုများပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပုဇွန်တောင်ဈေးရှိ အသားတန်းအား မြို့တော်စည်ပင်က မတ် ၂၁ ရက်တွင် ပိုးသတ်ဆေးဖျန်းနေစဉ်။ ဓာတ်ပုံ-ခွန်လတ်

ပုဇွန်တောင်ဈေးရှိ အသားတန်းအား မြို့တော်စည်ပင်က မတ် ၂၁ ရက်တွင် ပိုးသတ်ဆေးဖျန်းနေစဉ်။ ဓာတ်ပုံ-ခွန်လတ်

ထိတ်လန့်တကြားဈေးဝယ်နေကြချိန်တွင် မြို့ကြီးအချို့၌ ပရဟိတသမားလည်းပေါ်လာသည်။

မန္တလေးမြို့တွင် အလုအယက်ဈေးဝယ်ကြချိန်တွင် မြို့ခံလူထု၏စိုးရိမ်ချက်ကိုလျော့ချရန်

Together ဟုအမည်ပေးလိုက်သည့် Volunteer Team တစ်ခုကို ဖွဲ့ခဲ့ကြသည်။
မန်းလေးမြို့တွင်း မည်သည့်နေရာက မည်သူမဆို လိုအပ်သည့်ပစ္စည်းကိုလိုက်လံဝယ်ယူပေးကာ မည်သည့်အခကြေးငွေမျှ ပေးဆောင်စရာမလိုပဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါမည့်အကြောင်း သူတို့အဖွဲ့ကကြေညာခဲ့သည်။
သို့သော် မန္တလေးတွင်လည်း လူအများအလုအယက်ကြောက်လန့်တကြားဈေးထွက်ဝယ်လျက်ရှိကြောင်း အဖွဲ့တည်ထောင်သူ ကိုပြည့်ဖြိုးထက်ကပြောသည်။

ထိပ်လန့်တကြားဈေးပြေးဝယ်ကြချိန်တွင် အစိုးရကရောသြဇာရှိသူများကပါ ထိုသို့ပြေးဝယ်စရာမလိုကြောင်းထွက်ပြောခြင်းမှာအရေးပါကြောင်း သတင်းစာဆရာ ဦးဇေယျသူကပြောသည်။
“အခုအဝယ်များနေတဲ့ဆန်၊ဆီ၊ပဲလိုအခြောက်အခြမ်းကပြည်တွင်းထွက်ကုန်တွေပါပဲ။ဒါကိုထွက်ပြောဖို့လိုတယ်”ဟု ၎င်းကပြောသည်။

နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးက ပြည်တွင်းတွင် ရိက္ခာဖူလုံမှုရှိကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်ရှင်းပြသည်။

“ ပြည်တွင်းစားသုံးမှုအတွက် ဆန် အလုံအလောက် ရှိပါတယ်။ မကြာခင် နွေစပါးတွေ ထပ်ပေါ်လာဦးမှာပါ။ ရေကြီးတာ မုန်တိုင်းဝင်တာ မရှိလို့ စပါးအထွက်နှုန်း မကျပါ။ နိုင်ငံခြားပို့ခွင့် ယာယီပိတ်ထားတဲ့အတွက် အတော်လေး ပိုလျှံပါလိမ့်မယ်။
မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေ ပုံမှန်အတိုင်း ထွက်ရှိနေပါတယ်။ သားငါးတွေမှာ ဘာရောဂါမှ မကျရောက်နေတဲ့အတွက် အသားငါးထွက်နှုန်း မကျပါ။ ပြည်ပတင်ပို့မှု လျော့နည်းသွားလို့ ပိုလျှံနေပါသေးတယ်။
ဟင်းသီးဟင်းရွက်စိုက်ခင်းတွေက ပုံမှန်ရာသီဥတုမှာ ပုံမှန်ထွက်နေပါတယ်။ မူလကတည်းက စားနပ်ရိက္ခာကို ဖူလုံစွာ ထုတ်နိုင်တဲ့ တိုင်းပြည်မို့လို့ စိတ်ပူစရာ မရှိပါ။
မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေကို ပြည်တွင်းမှာ ထုတ်လုပ်မှု ရှိသလို ပြည်ပကနေလည်း တင်သွင်းခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ဆေးတချို့ ဈေးတက်နေပေမယ့် လူအများသုံးတဲ့ ဆေးတွေကတော့ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူလို့ရနေတုန်းပါပဲ။ ဆေးကုမ္ပဏီကြီးတွေကလည်း တင်သွင်း ရောင်းချပေးနေတုန်းပါပဲ။”ဟု မတ် ၂၅ ရက် နံနက်ပိုင်းကရေးသားထားသည်။

City Mart Supermarket ကလည်း ဆိုင်များတွင် နေ့စဉ် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများအား ပြတ်လတ်မှုမရှိစေရန် ကြိုးစား ဖြည့်တင်းလျက်ရှိပါကြောင်း လူကြီးမင်း တို့အားလုံးကို စိတ်ချစေလိုကြောင်း မတ် ၂၄ ရက် ကထုတ်ပြန်သည်။

မတ် ၂၄ ရက် နေ့လည်ခင်းက ဈေးဝယ်စင်တာတစ်ခုမြင်ကွင်း။ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

မတ် ၂၄ ရက် နေ့လည်ခင်းက ဈေးဝယ်စင်တာတစ်ခုမြင်ကွင်း။ဓာတ်ပုံ/ငြိမ်းဆုဝေကျော်စိုး

စင်ကာပူ နိုင်ငံတွင်နေထိုင်လျက်ရှိသည့် မြန်မာတစ်ဦးဖြစ်သည့် ကိုညီညီဝင်းက ထိတ်လန့်တကြားဈေးဝယ်မှု မဖြစ်ရန်နှင့် ပစ္စည်းများကိုဈေးတင်မရောင်းရန် အစိုးရကထိန်းချုပ်ထားနိုင်ကြောင်းပြောသည်။

“ဒီမှာ facemask တုန်းကပဲ Panic Buying ဖြစ်သွားတယ်။ နောက်ပိုင်း အစိုးရကသေချာကိုင်တွယ်နိုင်လို့ ဘယ်သူမှ ထိတ်လန့်တကြားထွက်မဝယ်ကြတော့ဘူး”ဟု သူကပြောသည်။
စင်ကာပူသည် ကြက်သား၊ ကြက်ဥ ၊ ငါး နဲ့ ဟင်းသီးဟင်းရွက်အများစုကို မလေးရှားက တင်သွင်းနေရသည့်နိုင်ငံဖြစ်သည်။

အင်္ဂလန်တွင် ပညာတော်သင်သွားရောက်နေသည့် မဧကရီဘို က အင်္ဂလန်ရှိဆူပါမားကတ်များတွင် လူတဦးကို ပစ္စည်းတစ်မျိုးလျှင် ၃ ခုထက်ပေးမဝယ်ကြောင်းပြောသည်။ ဗြိတိန်အစိုးရက ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ရန်မှတပါးအပြင်ပေးမထွက်ဘဲ လူနှစ်ယောက်ထက်ပိုမစုရန် အမိန့်ထုတ်ထားသည်။

“ဝူဟန်မှာရောဂါပိုးအဓိကပျံ့နှံ့ရခြင်းက Panic Buying ကြောင့်ဆိုတာ အထူးသတိပြုကြရမှာပါ” ဟု မဧကရီဘိုကပြောသည်။

အင်္ဂလန်တွင် ဆူပါမားကတ်တွေအကုန်လုံးက ဆိုင်ဖွင့်ဖွင့်ချင်း အစောဆုံး မနက်တစ်နာရီကို သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက်သာ ရောင်းပေးပြီးတခြားသူတွေက ထိုတစ်နာရီ နောက်ပိုင်းမှ ဝယ်၍ရကြောင်းပြောကြားသည်။

ပိုက်ဆံရှိတဲ့သူတွေကPanicBuyingလုပ်ပြီးအိမ်ထဲလှောင်ထားလို့လက်လုပ်လက်စားတွေစားစရာမရှိမယ့်အရေးကိုစာနာသင့်ကြောင်း၎င်းက ပြောသည်။

သတင်းစာဆရာဦးဇေယျသူက ပြည်သူတွေလက်ထဲကို အခြေခံစားသောက်ကုန်များနှင့်ဆေးဝါးပစ္စည်းများမျှမျှတတရောက်ရန်လိုအပ်ကြောင်း ပြောသည်။

“ ဆေးတွေအများကြီးအိမ်ထဲဝယ်စုထားပြီးအကုန်လုံးသောက်ပစ်လိုက်လို့မှမရတာ”ဟု သူကပြောပါသည်။

မတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ/Steve Tickner

မတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ/Steve Tickner

မတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ/Steve Tickner

မတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ/Steve Tickner

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထွက်ပြောပြီး နောက်တစ်ရက်ဖြစ်သည့် မတ်လ ၂၅ ရက် တွင် အခြေအနေများက ပုံမှန်နီးပါးဖြစ်သွားခဲ့သည်။

“ဒီနေ့ကလာဝယ်တဲ့သူကနည်းသွားပြီလေ။မနေ့ကထက်နည်းတယ်ဆိုပေမယ့်လို့ ပုံမှန်ထက်ကိုရောင်းအားတက်နေပါသေးတယ်။” ဟု ရှမ်းလမ်းဈေးရှိ ကုန်ခြောက်ဆိုင်ရှင်တစ်ဦးကပြောသည်။ သူ၏ဆိုင်တွင် မတ်လ ၂၄ ရက် ကရောင်းကုန်သွားသည့် ပစ္စည်းများကိုလည်းပြန်လည်ဖြည့်တင်းလျက်ရှိသည်။

တစ်ရက်ထဲဖြင့် ၂ ပတ်ကနေ တစ်လစာအထိဝယ်ယူသွားခဲ့ကြခြင်းနှင့် မတ်လ ၂၄ ရက်ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထွက်ပြောခြင်းတို့ကြောင့် လူတွေထိတ်လန့်တကြားဈေးထွက်မဝယ်ကြတော့ခြင်းဖြစ်နိုင်ကြောင်း ဆိုင်ရှင်များကပြောသည်။

အများပြည်သူအတွက်မရှိမဖြစ်လိုအပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ဈေးများနှင့်အရောင်းအဝယ်စင်တာများကိုပိတ်သိမ်းရန်အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏မိန့်ခွန်းတွင်ပြောကြားသည်။

“ဈေးဝယ်တဲ့အခါ မိသားစုလိုက်၊အစုအဖွဲ့လိုက်မသွားဘဲ တစ်ယောက်ပဲသွားပြီး မိသားစုအတွက်အမှန်တကယ်လိုအပ်တဲ့ပမာဏကိုပဲဝယ်ယူစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.