မြဝတီမြို့ရှိ အသုံးပြုပြီးပစ္စည်းများကို ပြန်လည်သန့်စင်သည့် စက်ရုံတစ်ခုကို စက်တင်ဘာတွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Wanna Taemthong ၊ ဖရွန်းတီးယား)

လက်တစ်လုံးခြားလုပ်ခြင်း- ဥပဒေဟာကွက်သုံး၍ ပြည်ပကုမ္ပဏီများက မြန်မာပြည်တွင် အမှိုက်ပစ်

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ နိုင်ငံတကာအသိုင်းအဝိုင်းက ကမ္ဘာ့စွန့်ပစ်အမှိုက်ကုန်သွယ်မှုကို ပိတ်ပင်တားဆီးရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းလာသည်။ အမှိုက်ကုန်သွယ်မှုဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများတွင် အမှိုက်ပစ်၍ အမြတ်ထုတ်နေသည်။ ကြီးကြပ်ကွပ်ကဲမှု ကင်းမဲ့ခြင်းနှင့် ဥပဒေအားနည်းချက်များကြောင့် စွန့်ပစ်အမှိုက်ကုန်သွယ်မှုက ဆက်လက်တည်ရှိနေသည်။

ခြောက်လကြာ စုံစမ်းပြီးနောက် ပြည်ပကုမ္ပဏီများ အလွယ်တကူ အမြတ်ထုတ်နေသည့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပလတ်စတစ်အမှိုက်ကုန်ကူးမှု၏ လျှို့ဝှက်ကွင်းဆက်တစ်ခုကို ဖရွန်တီးယားသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့သည်။ ကြွယ်ဝချမ်းသာသည့် နိုင်ငံများသည် မြန်မာနိုင်ငံကို အမှိုက်ပုံသဖွယ် အသုံးချနေသည့် သက်သေအထောက်အထားများ တွေ့ရှိရကြောင်းကို ဖရွန်းတီးယားက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ဤသတင်းတင်ဆက်မှုကို စုံစမ်းထုတ်ဖော်ခြင်းဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်သည့် Lighthouse Reports အပြင် နိုင်ငံငါးခုက သတင်းဌာနများနှင့် ပူးပေါင်းဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါဖော်ထုတ်မှုအရ မြန်မာသည် လာမည့်နှစ်များတွင် ပြည်ပမှ တင်သွင်းသည့် ပလတ်စတစ်အမှိုက်များ ပြည့်နှက်လာနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။

ဤဆောင်းပါးသည် စုံစမ်းဖော်ထုတ်မှု၏ ဒုတိယအပိုင်းဖြစ်သည်။ ပထမအပိုင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

အယ်လ်လီဂရာ မန်ဒယ်လ်ဆင် ရေးသားသည်။

သောင်ရင်းမြစ်၏ မြစ်ကျဉ်းတစ်နေရာတွင် ထိုင်းဘက်မှ မြန်မာဘက်အခြမ်း၊ ကရင်ပြည်နယ် ကမ်းစပ်သို့ ကူးလူးရန် လှေများ၊ ဖောင်များပေါ်သို့ ရာနှင့်ချီသော သေတ္တာများ တင်ဆောင်၍ ပျားပန်းခပ်မျှ အလုပ်ရှုပ်နေသော ကုန်သည်များကို နေ့စဉ်မြင်တွေ့ရတတ်သည်။

မြစ်ဆိပ်တစ်ခုရှိ အရိပ်အာဝါသကောင်းကောင်းအောက်က စားပွဲတစ်လုံးတွင် ပူပြင်းသည့်နေရောင်ကို အံတုလျက် ထိုင်နေသော လူတစ်စုထံသို့ ဖရွန်းတီးယားက ချဉ်းကပ်ခဲ့သည်။ “ဘာပို့ချင်လို့လဲ။ ကျနော်တို့ အကုန်ပို့ပေးလို့ရတယ်”ဟု ၎င်းတို့အနက်မှ လူတစ်ဦးက မတ်တပ်ရပ်ကာ မေးမြန်းသည်။

တစ်ဘက်ခြမ်းရှိ မြစ်ကမ်းတွင် ထိုင်းအကောက်ခွန်ဌာနက ကုန်ပစ္စည်းများကို စစ်ဆေးလေ့ ရှိသော်လည်း ထိုမှတစ်ဆင့် ကုန်စည်များကို မြန်မာဘက်သို့ ပို့ဆောင်ခြင်းက တရားမဝင် ကုန်သွယ်မှုပင် ဖြစ်သည်။ လက်ရှိတွင် လူအဝင်အထွက်နှင့် ကုန်ပစ္စည်းတင်သွင်းမှုကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတားနှစ်ခုတွင်သာ တရားခွင့်ပြုထားသည်။

သို့တိုင် နှစ်ပေါင်းများစွာကပင် ပဲနို့နှင့် စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များကို သောင်ရင်းမြစ်၏ ကျဉ်းမြောင်းသောနေရာများမှတစ်ဆင့် မြန်မာပြည်သို့ တင်သွင်းခဲ့ကြသည်။ ထိုနေရာများသည် မူးယစ်ဆေးဝါးနှင့် လက်နက်အပါအဝင် တရားမဝင် ကုန်စည်များ ကုန်ကူးရန်နှင့် လူပုဂ္ဂိုလ်များ နယ်စပ်ဖြတ်ကျော်ရာတွင် အသုံးများသော လမ်းကြောင်းများ ဖြစ်သည်။

မကြာသေးမီနှစ်များတွင် တင်သွင်းနေကျမဟုတ်သည့် တရားမဝင် ကုန်စည်တစ်မျိုး ထိုလမ်းကြောင်းမှတစ်ဆင့် မြန်မာပြည်သို့ ဝင်ရောက်လာသည်။ ၎င်းမှာ ပလက်စတစ်အမှိုက်များ ဖြစ်သည်။

ပလတ်စတစ်အမှိုက်များကို ပြည်ပမှ မြန်မာပြည်သို့ တင်သွင်းမှုသည် တရားမဝင်သော်လည်း အများအားဖြင့် ၎င်းတို့ကို အခြားပလက်စတစ် ပုံစံများနှင့် ခွဲခြားရခက်သည်။ ပြည်တွင်းတွင် ပြန်လည်သန့်စင်ပြီး လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုအတွက် အဓိကကျသဖြင့် တရားမဝင်သည့်တိုင် ပြည်ပမှ ပလတ်စတစ် တင်သွင်းမှုက မြင့်တက်ဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံပြင်ပတွင် ပလက်စတစ် အမှိုက်စွန့်ပစ်ရန် ကြိုးပမ်းနေသည့် ပြည်ပကုမ္ပဏီများကလည်း သုံးပြီးပလက်စတစ်ပစ္စည်းများ မြန်မာပြည်သို့ တင်သွင်းလျက်ရှိသည်။

ပလတ်စတစ်အမှိုက်အချို့ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနှစ်စင်းမှတစ်ဆင့် တရားဝင် တင်သွင်းသော်လည်း အများစုကို သောင်ရင်းမြစ်တစ်လျှောက် ဆိပ်ကမ်းများမှတစ်ဆင့် မှောင်ခို တင်သွင်းကြသည်ဟု မြဝတီမြို့ရှိ ကုန်သွယ်ရေးရုံးတစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။ လုံခြုံရေး အခြေအနေကြောင့် အဆိုပါဝန်ထမ်း၏ အမည်ကို ဖော်ပြနိုင်ခြင်း မရှိပေ။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုအချက်အလက်များစုဆောင်းရာ UN Comtrade ၏ အဆိုအရ ပလတ်စတစ်အမှိုက်အများစုကို မြန်မာသို့ ထိုင်းမှတစ်ဆင့် တင်သွင်းသော်လည်း အမှိုက်အားလုံး၏ မူလဇစ်မြစ်မှာ ထိုင်းနိုင်ငံ မဟုတ်ပေ။

၂၀၁၇မှစ၍ ကမ္ဘာ့နိုင်ငံများက ထိုင်းသို့ ပလတ်စတစ်အမှိုက် တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့သည်။ သို့သော် သုံးပြီးပစ္စည်းပြန်လည်သန့်စင်သည့် လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကမူ ဆိုခဲ့ပါ အမှိုက်တန်ချိန် တစ်သန်းအနက် အချို့မှာ ထိုင်းကိုဖြတ်သန်း၍ မြန်မာနိုင်ငံသို့ ရောက်ရှိသွားသည်ဟု ဆိုကြသည်။

စွန့်ပစ်ကုန်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများထက်စာလျှင် ဥပဒေထိန်းချုပ်မှု လျော့ရဲသည့် နယ်စပ်ကတစ်ဆင့် တင်သွင်းခြင်းက ပိုမိုလွယ်ကူသည်။ သို့ဖြစ်ရာ ဥရောပနှင့် မြောက်အမေရိကတိုက်ရှိ နိုင်ငံများက စွန့်ပစ်ပစ္စည်းများကို ၎င်းတို့အမှန်တကယ်ပို့ဆောင်လိုသော မြန်မာနိုင်ငံသို့ အသင့်တော်ဆုံး ကြားခံနေရာဖြစ်သည့် ထိုင်းမှတစ်ဆင့် တင်ပို့သည်။

ပမာဏအတိအကျ မသိရသည့်တိုင် မြန်မာသို့ရောက်လာသည့် ပြည်ပ ပလတ်စတစ်အမှိုက် အများစုသည် ထိုင်းမှတစ်ဆင့် ဝင်ရောက်လာကြောင်း အထောက်အထားအချို့ကို ဖရွန်းတီးယားက ရှာဖွေတွေ့ရှိခဲ့သည်။

ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာဥပဒေများတွင် ယိုပေါက်များ ရှိနေခြင်း၊ အကြီးအကျယ် ပုံမှားရိုက်ခြင်းတို့က ထိုတရားမဝင်ကုန်သွယ်မှုကို ဖုံးကွယ်ထားပြီး ဆက်လက်တွင်ကျယ်စေသည်။ နိုင်ငံတွင်း မတည်ငြိမ်မှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးကြပ်ကွပ်ကဲသည့်ယန္တရားပြိုလဲမှုတို့ကို ဖြစ်စေသည့် ၂၀၂၁ အာဏာသိမ်းမှုကြောင့် ထိုတရားမဝင်ကုန်သွယ်မှုက ပိုမိုကျယ်ပြန့်လာသည်။

အက်ကြောင်းများမှ ယိုစိမ့်လာခြင်း

ပလတ်စတစ်အမှိုက် တင်သွင်းမှုကို နှစ်နှစ်အတွင်း တဖြည်းဖြည်း အဆုံးသတ်ပြီး ပြန်သုံးနိုင်သော ပလတ်စတစ်ကုန်ကြမ်း တင်သွင်းမှုကို သုံးနှစ်အတွင်း အဆင့်ဆင့် လျှော့ချသွားမည်ဟု ထိုင်းက ယခုနှစ်ဆန်းတွင် ကြေညာခဲ့သည်။ ထိုပစ္စည်းနှစ်မျိုးလုံးကို ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွင်း ကုန်စည်ခွဲခြားမှု စံနည်းလမ်းဖြစ်သော ကုဒ်နံပါတ် 3915 HS တစ်ခုတည်းအောက်တွင် ရောင်းဝယ်ဖောက်ကားသည်။

၂၀၁၉တွင် မြန်မာက ထိုကုဒ်နံပါတ်ကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်စာရင်းသို့ ထည့်သွင်းခြင်းဖြင့် ပလတ်စတစ်အမှိုက်တင်သွင်းမှုကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် လိုင်စင်ရကုမ္ပဏီများကိုမူ ပြန်လည်သုံးစွဲနိုင်သော ပလက်စတစ်ကုန်ကြမ်း တင်သွင်းခွင့်ပြုထားသည်။ ထို့ပြင် ဖရွန်တီးယား၏ စုံစမ်းမှုများအရ နယ်စပ်မှ တင်သွင်းမှုကိုလည်း ထိထိရောက်ရောက် တားမြစ်ပိတ်ပင်ခြင်း မပြုသေးပေ။

တရုတ်က ပလက်စတစ်အမှိုက် တင်သွင်းမှုကို ပိတ်ပင်ပြီး ငါးနှစ်အကြာတွင် ထိုင်းကလည်း အလားတူပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ ယခင်ကဆိုလျှင် တရုတ်သည် ကမ္ဘာ့စွန့်ပစ္စည်း အများဆုံးလက်ခံသည့် နိုင်ငံဖြစ်ခဲ့သည်။ ရည်ရွယ်ချက်ကြီးမားသည့်တိုင် ထိုင်း၏ တားမြစ်မှုသည် ၎င်း၏ အကောက်ခွန်စနစ်အတွင်းက အကြီးမားဆုံး ဥပဒေယိုပေါက်ကိုတော့ ပိတ်ဆို့နိုင်ခြင်းမရှိပေ။ အဆိုပါ အားနည်းချက်ကြောင့်ပင် မြန်မာက တရားမဝင်စွန့်ပစ်ပစ္စည်းကုန်သွယ်မှုဒဏ်ကို အလူးအလဲ ခံစားရဖွယ်ရှိသည်။

ထိုင်းတွင် လက်ရှိကျင့်သုံးနေသည့် တဆင့်ခံကုန်သွယ်မှု သဘောတူညီချက်များအရ ကုမ္ပဏီများသည် နိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများ တင်သွင်းနိုင်ရုံမက ထိုင်းနိုင်ငံအတွင်း နေရာအနှံ့အပြားသို့ပင် သယ်ယူရွှေ့ပြောင်းနိုင်သည်။ ထိုမှတစ်ဆင့် နောက်တတိယတစ်နိုင်ငံသို့ပါ ဆက်လက်တင်ပို့နိုင်ပေသည်။ သို့ဖြစ်ရာ အဆိုပါဖြစ်စဉ်အတွင်း ကုန်ပစ္စည်းလာရာလမ်းကြောင်းကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်၍ ရနိုင်သည့် အခွင့်ရှိသည်။

အဆိုပါသဘောတူစာချုပ်များသည် "ဥပဒေကို နားလှည့်ပါးရိုက်လုပ်ရန် နည်းလမ်းကောာင်း တစ်ခု"ဟု RecyGlo လုပ်ငန်းတည်ထောင်သူ ဦးဥက္ကာဖြိုးမောင်က မှတ်ချက်ပြုသည်။ RecyGlo သည် မြန်မာနိုင်ငံတွင် စွန့်ပစ်ပစ္စည်းများ ပြန်လည်သန့်စင်သုံးစွဲမှုကို အားပေးကျင့်သုံးနေသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ သုံးပြီးပစ္စည်းကုန်သွယ်မှုတွင် ပါဝင်ခြင်း မရှိသည့်တိုင် အဆိုပါ ကိစ္စရပ်များတွင် ကျွမ်းကျင်နှံ့စပ်သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

"စွန့်ပစ်ပစ္စည်းတွေကို ထိုင်းဆိပ်ကမ်းတွေမှာ ချပြီး တစ်ဆင့်ခံကုန်သွယ်မှု သဘောတူညီချက်နဲ့ ကုန်းကြောင်းက တစ်ဆင့် မြန်မာနယ်စပ်တစ်နေရာကို ပို့နေကြတာတွေအများကြီးပဲ"ဟု ဦးဥက္ကာဖြိုးမောင်က ပြောသည်။

သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုက စွန့်ပစ်ပစ္စည်းများကို နယ်စပ်သို့ ပို့ဆောင်ပြီးနောက် မြန်မာပြည်သို့ ကိုယ်တိုင် တိုက်ရိုက်တင်ပို့နိုင်သလို မြန်မာကုမ္ပဏီတစ်ခုခုကိုလည်း လက်လွှဲပေးနိုင်ကြောင်း ၎င်းကဆိုသည်။

ပြည်ပမှလာသည့် ပလတ်စတစ်အမှိုက်များကို ထိုင်းမှတစ်ဆင့် မြန်မာသို့ တင်သွင်းသည်

မြန်မာနိုင်ငံက ပလတ်စတစ်အမှိုက်တင်သွင်းမှုကို ပိတ်ပင်ခြင်းကို ရှောင်လွှဲရန် တင်သွင်းသူများသည် စွန့်ပစ်ပစ္စည်းများကို ထိုင်းသို့ ဦးစွာတင်သွင်းပြီး နယ်စပ်မှတစ်ဆင့် မြန်မာသို့ သယ်ယူပို့ဆောင်သည်။

ပလက်စတစ်အမှိုက်များ သယ်ယူရာလမ်းကြောင်းကို ခဲရောင်မျဉ်းဖြင့်ပြသထားသည်။ ကိုးကား - မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် မေးမြန်းမှုများနှင့် အမေရိကန်အစိုးရ အကောက်ခွန် အချက်အလက်များ။ မြေပုံ - Myanmar Data Citizens

၂၀၁၇တွင် ထုတ်ပြန်သည့် ထိုင်း အကောက်ခွန်အမိန့်ညွှန်ကြားချက်အသစ်အရ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည်ဟု သံသယဝင်လျှင် အကောက်ခွန်အရာရှိများသည် တဆင့်ခံပို့ဆောင်မှုအတွင်း ကွန်တိန်နာများကို ဖွင့်ဖောက်စစ်ဆေးခွင့် ရှိသည်။ သို့သော် လက်တွေ့တွင် ထိုညွှန်ကြားချက်သည် စာရွက်ပေါ်တွင်သာရှိပြီး ထိုင်းအကောက်ခွန်ဌာနက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုမျိုး မရှိပေ။ သို့ဖြစ်ရာ ပလတ်စတစ်အမှိုက်များကို ထိုင်းနိုင်ငံတစ်ဝန်း နေရာအနှံ့သို့ အတားအဆီးမရှိ သယ်ယူပို့ဆောင်နေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖရွန်တီးယားက ထိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီနှစ်ခုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းတို့၏အဆိုအရ အကောက်ခွန်အရာရှိများနှင့် ကုန်စည်ပို့ဆောင်သည့် ကုမ္ပဏီများသည် ထပ်ဆင့်ကုန်သွယ်မှုသဘောတူညီချက်အောက်က ကုန်စည်များကို ထိုင်းနိုင်ငံအတွင်းတွင် ဖွင့်ဖောက်စစ်ဆေးလေ့မရှိဟု သိရသည်။

၎င်းတို့အနက် ကုမ္ပဏီတစ်ခုကမူ ကုန်စည်များကို နေရာနှစ်ခုတွင်သာ စနစ်တကျစစ်ဆေးသည်ဟု ဆိုသည်။ ပထမတစ်နေရာမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်း Laem Chabang တွင်ဖြစ်ပြီး X-ray နည်းပညာဖြင့် စစ်ဆေးသည်။ နောက်တစ်နေရာမှာ ထိုင်းနယ်စပ်မြို့ မဲဆောက်တွင်ဖြစ်သည်။ ထိုသို့ စစ်ဆေးသည့်တိုင် တရားမဝင် ပလတ်စတစ်အမှိုက်များကို တရားဝင်ခွင့်ပြုထားသော အခြားပလတ်စတစ်ပစ္စည်းများနှင့် ခွဲခြားရန် အလွန်ခက်ခဲသည်ဟု အဆိုပါ ကုမ္ပဏီကဆိုသည်။

ထိုင်းအကောက်ခွန်အရာရှိ ခွန်ဆုမ်ဖောင်*ကမူ ထိုင်းနိုင်ငံအတွင်း တစ်ဆင့်ခံကုန်သွယ်မှုတွင် ပါဝင်သော ကုန်စည်များကို စစ်ဆေးရာတွင် စာရွက်စာတမ်းများကိုသာ စိစစ်လေ့ရှိကြောင်း ဆိုသည်။

"အကောက်ခွန်က ကွန်တိန်နာတံခါးမှာကပ်ထားတဲ့ တံဆိပ်၊ ကတ်ပြားတွေ ကောင်းသေးရဲ့လား၊ မကောင်းတော့ဘူးလားဆိုတာ စစ်ဆေးတာပဲရှိတယ်။ ဒီကုန်ပစ္စည်းတွေကို စစ်ဆေးတာက ပုံမှန်အားဖြင့် တင်ပို့တဲ့ နိုင်ငံကအကောက်ခွန် ဒါမှမဟုတ် လက်ခံမယ့်နိုင်ငံက အကောက်ခွန်တွေမှာပဲ တာဝန်ရှိတယ်"ဟု ဆုမ်ဖောင်က ပြောသည်။

ထိုင်းနိုင်ငံ၏ "နောက်ထပ်ပြဿနာကြီးတစ်ခုမှာ" "လမ်းကြောင်းများကို မည်သူက ထိန်းချုပ်နေသနည်း"ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရခြင်းဖြစ်သည်ဟု ထိုင်းအခြေစိုက် ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ EARTH Thailand ၏ ဆက်သွယ်ရေးအရာရှိ ပုန်ရာသောန် ဂျန်စ်မာန်က ပြောသည်။

အဆိပ်အတောက်ဖြစ်စွန့်ပစ်ပစ္စည်းများကို ကြီးကြပ်ကွပ်ကဲခြင်းသည် စက်မှုလုပ်ငန်းဌာန၏ လုပ်ပိုင်ခွင့်ဖြစ်သော်လည်း "အမှိုက် သို့မဟုတ် စွန့်ပစ်ပစ္စည်းတင်ဆောင်လာသည့် ကွန်တိန်နာများကို ဖွင့်ဖောက်စစ်ဆေးရန်မှာ အကောက်ခွန်ဦးစီးဌာနပေါ်တွင် အပြည့်အဝမူတည်နေ"ကြောင်း ၎င်းက ပြောသည်။ သို့သော် ထိုဌာနနှစ်ခုသည် အချင်းချင်း သတင်းအချက်အလက်ပင် မျှဝေကြပုံမပေါ်ဟု ၎င်းကဆိုသည်။

တဆင့်ခံကုန်ကုန်သွယ်မှုကတစ်ဆင့် မြန်မာသို့ ပလတ်စတစ်အမှိုက်တင်သွင်းမှုကို ခွင့်ပြုထားသည့်တိုင် ထိုင်းက "၂၀၂၅တွင် စတင်မည့် ပိတ်ပင်မှုစီမံချက်တွင် (ထိုင်းမှ) တစ်ဆင့်ခံတင်သွင်းမည့် ကုန်စည်များကို ချွင်းချက်ပေးထား"ကြောင်း ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဟောင်း ဝါရာဝတ် ဆီလ်ပါအာချာက ဇွန်တွင် အတည်ပြုသည်။

ဝါရာဝတ်က ယမန်နှစ်၊ စက်တင်ဘာတွင် အဆိုပါမူဝါဒသစ်ကို ကြေညာခဲ့သော်လည်း တစ်ဆင့်ခံသွင်းကုန်များကို မည်သည့်အတွက်ကြောင့် ပိတ်ပင်ခြင်းမရှိသည်ကို မရှင်းပြခဲ့ပေ။ ထိုင်းအကောက်ခွန်ဦးစီးဌာနကို မှတ်ချက်ပေးရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိပေ။

"ထိုင်းက ပလတ်စတစ်အမှိုက်နဲ့ပတ်သက်ပြီး အသံထွက်သလောက် မြန်မာကို တရားမဝင်ပို့နေတာကို ခွင့်ပြုထားတာက သူတော်ကောင်း ယောင်ဆောင်နေတာပဲ။ သူတို့ နိုင်ငံထဲမှာ ဥပဒေအတိုင်းလုပ်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ဥပဒေအတိုင်းပဲ လုပ်သင့်တယ်"ဟု Basel Action Network ၏ အမှုဆောင်ဒါရိုက်တာ ဂျင်မ်ပက်ကက်က ပြောသည်။ Basel Action Network သည် အဆိပ်အတောက်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းတင်ပို့မှု တိုက်ဖျက်ရေးတွင် ပါဝင်နေသည့် အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သြဂုတ်လအတွင်းက ထိုင်းဘက်ခြမ်းရှိ သောင်ရင်းမြစ်ကမ်းတွင် စားသောက်ကုန်ပစ္စည်းများကို လှေများပေါ်သို့တင်နေသည့် ကုန်သည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အယ်လ်လီဂရာ မန်ဒယ်လ်ဆင်၊ ဖရွန်းတီးယားမြန်မာ)

တဆင့်ခံကုန်သွယ်မှုသဘောတူညီချက်များကို ပစ္စည်းတင်ပို့သည့် သက်သေ၊ အထောက်အထားအား ဖုံးကွယ်ရာတွင် အသုံးပြုနိုင်သည်။ UN Comtrade သို့ အချက်အလက်များ ပေးပို့ရာတွင် နိုင်ငံများသည် တစ်ဆင့်ခံကုန်သွယ်မှုအား လက်ခံဆောင်ရွက်သည့်နိုင်ငံကို "ပူးတွဲအစီရင်ခံရမည့် မိတ်ဖက်" အဖြစ် ဖော်ပြရသည်။

အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယားနှင့် သြစတေးလျ အပါအဝင် အခြားနိုင်ငံများမှ စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင်၍ အသုံးပြုရန် ထိုင်းမှတစ်ဆင့် ဝယ်ယူတင်သွင်းကြောင်း မြန်မာပြည်အတွင်းက လုပ်ငန်းရှင်များက ဆိုသည်။ သို့သော် ၂၀၁၇မှ ၂၀၂၂အတွင်း UN Comtrade သို့ အစီရင်ခံရာတွင် ဖော်ပြပါနိုင်ငံများအနက် မည်သည့်နိုင်ငံကမှ ထိုင်းကို တစ်ဆင့်ခံကုန်သွယ်မှုအတွက် ပူးတွဲအစီရင်ခံရမည့် မိတ်ဖက်နိုင်ငံအဖြစ် ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။

အမေရိကန်နိုင်ငံ၏ အကောက်ခွန်မှတ်တမ်းအချို့တွင် အမှိုက်တင်ပို့သူများက ထိုင်းကို နောက်ဆုံးလက်ခံသည့် နိုင်ငံအဖြစ် ထည့်သွင်းပြီး မှတ်ချက်တွင်မူ မြန်မာနိုင်ငံသည် ဂိတ်ဆုံးနေရာဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် ထိုအကျဉ်းချုံးဖော်ပြချက်များကို တရားဝင်စာရင်းဇယားများတွင် ထည့်သွင်းဖော်ပြခြင်း မရှိပေ။

နိုင်ငံများက မိမိဆန္ဒအလျောက် UN Comtrade သို့ ကုန်သွယ်မှုအစီရင်ခံစာ တင်သွင်းလေ့ရှိပြီး ၎င်းဝက်ဘ်ဆိုက်ပါ အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိဆိုသည်မှာ နိုင်ငံများက မိမိ၏ကုန်သွယ်မှု အခြေအနေကို မှန်မှန်ကန်ကန် တင်ပြနိုင်သည့်အပေါ်တွင် မူတည်နေသည်။ နိုင်ငံများက တင်ပြသည့် အချက်အလက်များကို အတည်ပြုရန် သို့မဟုတ် သံသယဖြစ်ဖွယ်တင်ပြမှုများကို သတိပေးရန် ကြီးကြပ်ကွပ်ကဲသည့် လုပ်ငန်းစဥ်မရှိပေ။

"များသောအားဖြင့် အချက်အလက်တွေက ဒိတ်အောက်တာများတယ်။ အဲဒါကို စစ်ဆေးတာမျိုးလည်း မရှိဘူး။ အချက်အလက်တွေ မမှန်တာတို့၊ ရှာမရတာတို့ ခဏခဏ ကြုံရတယ်။ အဲဒီတော့ မဟုတ်တာတစ်ခုကို ပေါ်တင်လုပ်ခွင့်ပေးထားသလိုပါပဲ"ဟု အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (INTERPOL) လက်အောက်ရှိ ပတ်ဝန်းကျင်ညစ်ညမ်းစေသောရာဇဝတ်မှုတိုက်ဖျက်ရေး အလုပ်အဖွဲ့  (Pollution Crime Working Group)၏  ဒုတိယဥက္ကဋ္ဌ ဝီလီ ဝီလ်ဆင်က ပြောသည်။ ဤသို့ပြောဆိုရာတွင် ၎င်းက Comtrade ဝက်ဘ်ဆိုက်သာမက ကုန်သွယ်မှုဆိုင်ရာ အချက်အလက်အားလုံးကို ယေဘုယျအားဖြင့် ရည်ညွှန်းခြင်းဖြစ်သည်။

တဆင့်ခံကုန်သွယ်မှု၏ အားနည်းချက်ကို ထိုင်းတွင်သာမက အခြားနိုင်ငံများတွင်လည်း အသုံးချကြသည်။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ၂၀၂၀တွင် နိုင်ငံပေါင်း၄၀မှ အာဏာပိုင် အဖွဲ့အစည်းများကို ပလက်စတစ်အမှိုက် တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ စစ်တမ်းတစ်ခု ကောက်ယူခဲ့သည်။ တရုတ်က ၂၀၁၈တွင် ပလက်စတစ်အမှိုက်တင်သွင်းမှုကို တားမြစ်ပြီးနောက် စွန့်ပစ်ပစ္စည်း တရားမဝင်ကုန်ကူးမှု မြင့်တက်လာခဲ့ကြောင်း စစ်တမ်းကိုဖြေဆိုခဲ့သည့် နိုင်ငံ၄၀ရှိ အာဏာပိုင်အဖွဲ့အစည်းများအနက် ၆၀ရာခိုင်နှုန်းက ဆိုသည်။

အစိုးရများက အမှိုက်ကုန်သွယ်မှုကို စာရင်းပြုစုခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဟု မထင်မြင်ကြောင်း The Last Beach Cleanup အဖွဲ့တည်ထောင်သူ ဂျန်ဒဲလ်က ပြောသည်။ The Last Beach Cleanup သည် ပလတ်စတစ် ညစ်ညမ်းမှုအကြောင်း အသိပညာပေးနေသည့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"တခြား တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကိုတော့ အစိုးရတွေက အသေအချာ ခြေရာခံလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကုန်ပစ္စည်းတွေကို သူတို့က စောင့်ကြည့်မယ်၊ ဒါမှမဟုတ် အခွန်ကောက်မယ်။ ဒါပေမဲ့ ခုပြောနေတာက အမှိုက်ပဲလေ။ ဆိုတော့ကာ အဖိုးတန်ပစ္စည်းလည်းမဟုတ်တော့ ဘယ်သူမှ သိပ်ပြီးတော့လည်း အာရုံမစိုက်ဘူးပေါ့။ နိုင်ငံတွေက မဖြစ်မနေ အစီရင်ခံဖို့ မလိုသလို အချက်အလက်တွေလည်း မပြုစုထားဘူး။ အရင်ကတော့ ဘာမဟုတ်တဲ့ တန်ဖိုးမဲ့ ကုန်ပစ္စည်းတစ်ခုလို့ မြင်ခဲ့ကြပေမဲ့ အခုတော့ ဒါကြီးက အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာ ကျမတို့ သိသွားပြီ"ဟု ဒဲလ်က ပြောသည်။

မီးလောင်ရာလေပင့်

တစ်ဆင့်ခံကုန်သွယ်မှုသဘောတူညီချက်များကြောင့် ပလက်စတစ်အမှိုက်များကို ထိုင်းနိုင်ငံအတွင်း နေရာအနှံ့သို့ သယ်ယူပို့ဆောင်နိုင်သည်။ သို့သော် ထိုပလက်စတစ်အမှိုက်များ မြန်မာနယ်စပ် ရောက်သောအခါ ကြီးကြပ်ကွပ်ကဲမှုကင်းမဲ့ခြင်းက အမှိုက်ပြဿနာကို မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုဆိုးရွားစေသည်။

ရွေးကောက်ခံအစိုးရလက်ထက်မှာပင် ပလတ်စတစ်အမှိုက် ကုန်ကူးမှုတိုက်ဖျက်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် မသတ်မှတ်ခဲ့ပေ။ သို့ဖြစ်ရာ ၂၀၂၁အာဏာသိမ်းမှုအလွန်တွင် အမှိုက်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် လုံးဝနီးပါး အမေ့လျော့ခံရသည့် လုပ်ငန်းတစ်ခုဖြစ်သွားသည်။

"ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေက ထင်ထားတာထက် ပိုပြီးယိုပေါက်တွေ ရှိနေတယ်။ (စစ်ကောင်စီဟာ) တခြား ဦးစားပေးလုပ်ငန်းတွေ ရှိနေတဲ့အတွက် ဒီယိုပေါက်တွေကို ကာကွယ်နိုင်စွမ်းလည်း ပိုနည်းတယ်။ ပိုပြီးတော့လည်း အဂတိလိုက်စားမှု ထူပြောတယ်။ မြန်မာလို အုပ်ချုပ်မှုစနစ် မကောင်းတဲ့အပြင် အဂတိလိုက်စားမှု ထူပြောပြီး အာဏာပိုင်အဖွဲ့အစည်းတွေ အင်အားချိနဲ့တဲ့ နေရာတွေဟာ ပလက်စတစ်အမှိုက်နဲ့ တခြားစွန့်ပစ်ပစ္စည်းတွေ ဝင်ရောက်လာဖို့ အကောင်းဆုံးနေရာတွေပဲ"ဟု ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက် ဟိုဆေးက ပြောသည်။

"ဒါက ကြပ်မတ်မှုအားနည်းတဲ့ အာဏာပိုင်အဖွဲ့အစည်းရှိတဲ့နိုင်ငံတွေမှာ ပြည်တွင်းကို ဆီလို မရရအောင် အပေါက်ရှာပြီး ယိုစိမ့်နေတဲ့ စက်ဆုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါပဲ"ဟု ၎င်းက ပြောသည်။

သြဂုတ်လအတွင်းက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်ရှိ နယ်စပ်ဂိတ်တစ်ခုကို မဲဆောက် ဘက်ခြမ်းမှ တွေ့ရစဥ်။ (အယ်လ်လီဂရာ မန်ဒယ်လ်ဆင်၊ ဖရွန်းတီးယား)

အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်သည် အင်အားကြီးထွားလာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန်သာ အာရုံစိုက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စစ်ကောင်စီသည် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူပို့ဆောင်မှုကိုသာ တင်းတင်းကျပ်ကျပ် ဖြိုခွင်းခဲ့သည်ဟု ဟိုဆေးက ဆိုသည်။

စစ်ရေးပဋိပက္ခများကိုသာ အာရုံစိုက်နေရသဖြင့် ပလတ်စတစ်အမှိုက်ကုန်သွယ်မှုသည် NUG အစိုးရအတွက်ပင်လျှင် ထိပ်တန်းဦးစားပေး လုပ်ငန်းမဟုတ်ပါ။ "ပလတ်စတစ်အမှိုက် တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဥ်း၍ အနည်းငယ်မျှသာ သိရှိကြောင်း" NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပြီး လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုသာ အာရုံစိုက်နေကြောင်း ဆိုသည်။

NUG ၏ မဟာမိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်မှ တစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံးအတွက်လည်း ထိုကိစ္စမှာ အလားတူပင်ဖြစ်သည်။ စွန့်ပစ်ပစ္စည်း အမြောက်အမြား တင်သွင်းရာ ကရင်ပြည်နယ်အတွင်းရှိ နယ်မြေအများအပြားသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော်လည်း "ထိုကိစ္စနှင့်ပတ်သက်၍ မသိရှိပါ"ဟု ကေအင်န်ယူ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုစောတောနီက ပြောသည်။

အစိုးရအဆက်ဆက် ဌာနဆိုင်ရာအာဏာပိုင်များသည် တရားဝင်ခွင့်ပြုသော ပလက်စတစ်အမှိုက်နှင့် တရားမဝင် ပလက်စတစ်အမှိုက်များကို ခက်ခက်ခဲခဲ ခွဲခြားခဲ့ရကြောင်း အာဏာသိမ်းမှုမတိုင်ခင်တွင် အငြိမ်းစားယူခဲ့သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမင်းမော်က ပြောသည်။

ပလတ်စတစ်အမှိုက်များနှင့် ပလတ်စတစ်ကုန်ကြမ်းများသည် အပြင်ပန်းသဏ္ဍာန်တွင် ထပ်တူနီးပါး တူညီပြီး နှစ်မျိုးလုံးကို ကုဒ်နံပါတ် HS3915 အသုံးပြု၍ ကုန်သွယ်လေ့ရှိသည်ဟု ဦးမင်းမော်က ပြောသည်။ ထို့ကြောင့် "အကောက်ခွန်နဲ့ တခြားဌာနဆိုင်ရာအရာရှိတွေက ကုဒ်နံပါတ် 3915ဆိုတာနဲ့ သွင်းခွင့်ပြုရမယ်လို့ပဲ မှတ်ထားကြတာ"ဟု ၎င်းက ပြောသည်။ ထို့ပြင် ကြီးကြပ်ကွပ်ကဲမည့် ဌာနဆိုင်ရာအရာရှိများသည် တရားမဝင်အမှိုက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးရန် လိုအပ်သော စက်ကိရိယာနှင့် ကျွမ်းကျင်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လိုင်စင်ရကုမ္ပဏီများမှအပ ပလတ်စတစ်အမှိုက်တင်သွင်းမှုကို မည်ကာမတ္တ ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံက လိုင်စင်ထုတ်ပေးသည့် ကုမ္ပဏီအရေအတွက်မှာ တစ်နှစ်လျှင် ၁၀ခုထက်မပိုဟု ဦးမင်းမော်က ပြောသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ယူသည့် နယ်စပ်ကုန်သွယ်မှု စစ်ဆေးရေးလုပ်ငန်းစဉ်များတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပါဝင်ခြင်းမရှိပေ။

သို့သော် ပလက်စတစ်ကုန်ကြမ်းတင်သွင်းရန် ပြည်တွင်းကုမ္ပဏီများက ခွင့်ပြုချက်လျှောက်လာလျှင် ၎င်းတို့ကို အကဲဖြတ်စိစစ်ခြင်းနှင့် သွင်းကုန်လိုင်စင် ချပေးရန် သင့်၊ မသင့် အကြံပြုရာတွင်မူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။ သို့တိုင် ထိုတာဝန်သည် အနည်းအကျဥ်းမျှသာဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်သည်။

စစ်ကောင်စီ၏ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နှစ်စဉ် ပလက်စတစ်အမှိုက် သွင်းကုန်ခွင့်လိုင်စင်များ ဆက်လက်ချထားပေးနေကြောင်း အဆိုပါဝန်ကြီးဌာန၏ ဒုတိယအတွင်းဝန် တစ်ဦးဖြစ်သူ ဒေါ်ဇင်မာထွန်းက ဖရွန်းတီးယားသို့ ပြောသည်။ သို့သော် အာဏာသိမ်းမှုနောက်ပိုင်း တွင်သွင်းခွင့် လိုင်စင်ရသည့် ကုမ္ပဏီများကိုမူ လူသိရှင်ကြား မကြေညာတော့ပေ။

တင်သွင်းလာသည့် ပလတ်စတစ်အမှိုက် အများအပြားသည် ရန်ကုန်ရှိ ယခုနေရာကဲ့သို့သော အမှိုက်ပုံမဟုတ်သည့် နေရာများတွင် အဆုံးသတ်သွားကြသည်။ (ဓာတ်ပုံ - ပေးပို့)

"ကျမတို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေနဲ့ တရားမဝင် ပလတ်စတစ်အမှိုက်ကုန်သွယ်မှုတွေ ရှိနေတယ်ဆိုတာ သိပေမဲ့ ဒါကို တားမြစ်ဖို့ဆိုတာ ကျမတို့ရဲ့အလုပ်မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။ တာဝန်ရှိသည့်အဖွဲ့အစည်းမှာ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံပိုင်သတင်းစာများ၏ မကြာခဏဖော်ပြချက်များအရ ထိုကော်မတီအစည်းအဝေးများကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဦးဆောင်ကျင်းပလေ့ရှိသည်။ စစ်တပ်ထိပ်သီးခေါင်းဆောင်တစ်ဦးက ဦးဆောင်သော်လည်း အဆိုပါကော်မတီသည် အများအားဖြင့် "ဟန်ပြသက်သက်သာ"ဖြစ်သည်ဟု ဟိုဆေးက မှတ်ချက်ပြုသည်။

"သူတို့အဓိက လုပ်တာက ရန်ကုန်-မြဝတီအဝေးပြေးလမ်းမှာ စစ်ဆေးရေးဂိတ်လေးတွေဖွင့်ပြီး ခွင့်ပြုထားတဲ့ သွင်းကုန်၊ ပို့ကုန် ဟုတ်၊ မဟုတ်ဆိုတာကို စစ်တာနဲ့ ကုန်သွယ်မှုအတွက် စာရွက်၊ စာတမ်း၊ အထောက်အထားတွေ မှန်ကန်ရဲ့လားဆိုတာမျိုးလောက်ပဲ စစ်ဆေးတယ်"ဟု ဟိုဆေးက ဆက်ပြောသည်။

"တစ်ခုခုလုပ်နေတယ်ဆိုတာကို ပြဖို့လောက်ပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ဘာထိရောက်မှုမှ မရှိတာ ကျနော်တို့အားလုံး သိနေတာပဲ။ မြန်မာနဲ့ထိုင်းကြားက ကုန်သွယ်မှုကို နှိုင်းယှဥ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ပိုလို့တောင် ဆိုးဝါးနေတာကို တွေ့ရတယ်။ အထိန်းအကွပ်မဲ့ ကုန်သွယ်မှုက လျော့မသွားဘူး။ ပို့လို့တောင် များလာတယ်"ဟု ၎င်းက ပြောသည်။

ထိုင်းက တရားဝင်ထုတ်ပြန်ထားသော မြန်မာသို့ တင်ပို့သည့် ပို့ကုန်ပမာဏနှင့် မြန်မာနိုင်ငံက တရားဝင်မှတ်တမ်းတင်ထားသော ထိုင်းနိုင်ငံမှ သွင်းကုန်ပမာဏတို့အကြား ကြီးမားသော ကွာဟချက်ကို ၎င်းက ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။

အာဏာပိုင်များနှင့် ရေလိုက်ငါးလိုက်နေခြင်း

ထိုသို့ကွာဟရခြင်းမှာ မဲဆောက်နှင့် မြဝတီမြို့အကြား "လှေဆိပ်"များဟု ရည်ညွှန်းကြလေ့ရှိသည့် သောင်ရင်းမြစ်ကို ဖြတ်သန်းကူးလူးရာ နေရာ၃၀ကျော် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။

အမှတ်(၁) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မြောက်ဘက်ရှိ လှေဆိပ်နှစ်ခုကို ဖရွန်တီးယားက သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ရာ မြစ်ကိုဖြတ်၍ ပလတ်စတစ်အမှိုက် ပမာဏအများအပြားကို မြန်မာဘက်သို့ နေ့စဥ်ပို့ဆောင်ပေးရကြောင်း ပွဲစားများက ပြောသည်။

သြဂုတ်လဆန်းတွင် မြန်မာဘက်ခြမ်းက ကုန်သွယ်ရေးလမ်းကြောင်းများ ရေကြီး၊ ရေလျှံမှုဒဏ် ခံခဲ့ရသဖြင့် ပို့ဆောင်မှုများ ခေတ္တရပ်တန့်ခဲ့ကြောင်း လှေဆိပ်များရှိ ပွဲစားနှစ်ဦးက ပြောသည်။ ယခုဆောင်းပါးဖော်ပြချိန်အထိ (အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးဖော်ပြသည့် အောက်တိုဘာ ၁၁ရက်ဝန်းကျင် အချိန်ကာလကို ရည်ညွှန်းသည်) ကုန်သွယ်မှုကို ဆိုင်းငံ့ထားသေးသော်လည်း မုတ်သုန်အထွက် "နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာပတ်ဝန်းကျင်" တွင် ပလက်စတစ် ကုန်ကူးမှု ပြန်လည်စတင်မည်ဟု ခန့်မှန်းထားကြောင်း ပွဲစားတစ်ဦးက ဆိုသည်။

"အမှိုက်နဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အရင်က မြစ်ကူးပြီး ပို့ဆောင်ပေးခဲ့ဖူး"သည်ဟု တတိယမြောက်လှေဆိပ်ရှိ အလုပ်သမားတစ်ဦးက ပြောသည်။ သို့သော် လွန်ခဲ့သည့် သုံးနှစ်ခန့်ကစ၍ ထိုသို့ကုန်ကူးမှုများ ရပ်တန့်သွားကြောင်း ၎င်းကပြောသည်။ မည်သည့်အတွက်ကြောင့်ဆိုသည်ကိုတော့ မရှင်းပြခဲ့ပေ။

နေ့စဉ်နီးပါး ပလတ်စတစ်အမှိုက် ခြောက်ဘီးကား ခြောက်စီးစာခန့်ကို မြန်မာသို့ ပို့ဆောင်ရန် လှေနှင့် ဖောင်များပေါ်သို့ တင်ပေးရသည်ဟု ပထမလှေဆိပ်တွင် တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူပွဲစားတစ်ဦးက ဖရွန်တီးယားသို့ပြောသည်။

မြောက်ဘက်ကီလိုမီတာအနည်းငယ်အကွာရှိ ဒုတိယမြောက် လှေဆိပ်တွင်မူ  ပို့ဆောင်ရသည့် ပမာဏမှာ ပို၍ များပြားသည်။ ပေ ၄၀ရှည်လျားသည့် ကုန်တင်ကား ငါးစီးစာရှိသော ပလတ်စတစ်အမှိုက်များကို မြန်မာသို့ သောင်ရင်းမြစ်ကို ဖြတ်၍ နေ့စဥ်ပို့ဆောင်ရကြောင်း၊ ကားတစ်စီးလျှင် သယ်ယူပို့ဆောင်ခ ထိုင်းဘတ် ၁၆,၀၀၀ခန့် (မြန်မာငွေ ကျပ်၁၅သိန်းနီးပါး) ရရှိကြောင်း အဆိုပါလှေဆိပ်ရှိ မန်နေဂျာက ပြောသည်။

၎င်းပို့ဆောင်ပေးခဲ့ရသည့် ပလတ်စတစ်အမှိုက်အများစုက မဲဆောက်အခြေစိုက် ထိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီ Far Far Shipping Service ထံမှလာကြောင်း ၎င်းကပြောသည်။ သို့သော် ထိုကုမ္ပဏီ၏ လက်ထောက်မန်နေဂျာတစ်ဦးကမူ ယင်းသို့ပြောဆိုမှုကို ငြင်းဆိုပြီး ၎င်းတို့အနေဖြင့် ပလတ်စတစ်အမှိုက်များကို "နှစ်ပေါင်းများစွာကတည်းက" တင်ပို့ခြင်းမပြုတော့ဟု ဆိုသည်။

သုံးပြီးပလတ်စတစ်ပစ္စည်းများကို ပြန်လည်သန့်စင်သည့် မန္တလေးမြို့ကလုပ်ငန်းရှင် ဦးထွန်းခိုင်*ကမူ ပလက်စတစ်အမှိုက်တင်သွင်းမှုကို ဥပဒေအရ ခွင့်ပြုမထားသဖြင့် "တရားဝင်ဆိပ်ကမ်းများကတစ်ဆင့် သယ်ယူပို့ဆောင်၍မရ"ကြောင်း ပြောသည်။ "မြန်မာနိုင်ငံထဲ စွန့်ပစ်ပစ္စည်းတွေသွင်းဖို့ ထိုင်းမှာ ဆိပ်ကမ်းတစ်ခု ငှားသုံးရသလိုပေါ့"ဟု ၎င်းက ပြောသည်။

ဦးထွန်းခိုင်က ပလတ်စတစ်အမှိုက်များကို ထိုင်းမှမြန်မာသို့ ကိုယ်တိုင်တင်သွင်းသည်။ သို့သော် အများအားဖြင့် ထိုင်းမှ တင်သွင်းသူ သို့မဟုတ် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများနှင့် မြန်မာရှိ ဝယ်လက်များအကြား ကြားခံလူအဖြစ် တာဝန်ခံသည့် ပွဲစားများကို ငှားရမ်းလေ့ရှိသည်။ ထိုပွဲစားများသည် ပလက်စတစ်အမှိုက်များ နယ်စပ်ဖြတ်ကျော်၍ မြန်မာထဲရောက်သည်အထိ တာဝန်ယူ ကြီးကြပ်ရသည်။

မြစ်ကမ်းပေါ်ရှိ နယ်စပ်ဂိတ်သဖွယ်ရှိသည့် လှေဆိပ်များကို ဖြတ်ရန်ဆိုလျှင် ကုန်သည်များသည် ရှေးယခင်ကတည်းက "တာဝန်ကျအရာရှိများကို အခွန်အခပေးရသည့်အပြင် လာဘ်လည်းထိုးရ"ကြောင်း ဦးထွန်းခိုင်က ပြောသည်။ သို့သော် အာဏာသိမ်းမှု နောက်ပိုင်း တံစိုးလက်ဆောင် ပေးရခြင်းသည် ပို၍ လွယ်ကူလာသည်ဟု ၎င်းက ဆိုသည်။

"အရင်ကတော့ ပေးရင်တောင် အတော်လေး သတိထားရတယ်။ ဒါမှမဟုတ် လျှို့ဝှက်ပြီးပေးရတယ်။ အခုတော့ ပေါ်တင်ပေးလို့ရနေပြီ။ တာဝန်ကျအရာရှိတွေကလည်း တခြားသူတွေမြင်မှာ သိပ်ဂရုမစိုက်တော့ဘူး"ဟု ဦးထွန်းခိုင်က ပြောသည်။

ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပြီးသည့်တိုင် ၎င်းအတွက်မူ အခက်အခဲများ ကျန်ရှိနေသေးသည်။ မန္တလေးရှိ၎င်း၏စက်ရုံများသို့ ကုန်စည်ပို့ဆောင်ရာတွင် ပဲခူးတိုင်းဒေသကြီးရှိ စစ်ကောင်စီ၏ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရသည်။

"မရမ်းချောင်ဂိတ်မှာဆို X-rayစက်တွေ နဲ့စစ်တယ်။ အဲဒီတော့ ကျနော်တို့က ဒီပစ္စည်းတွေဟာ ပြည်တွင်းဖြစ်တွေပါလို့ ပြောရတယ်။ ဒီလိုသယ်တာက တရားမဝင်ဘူးဆိုတော့ သူတို့နဲ့ ရေလိုက်ငါးလိုက် နေရတယ်"ဟု ဦးထွန်းခိုင်က ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် မဲဆောက်အနီးရှိ လှေဆိပ်များကို ထိုင်းအကောက်ခွန်အရာရှိများက စောင့်ကြပ်ပြီး ကုန်ပစ္စည်းများကို တရားဝင်မှတ်တမ်းရေးသွင်းသည်။ ဖရွန်တီးယားက သွားရောက်ခဲ့သည့် ဂိတ်အချို့ တွင် ထိုင်းစစ်သားများက တင်ပို့သည့် ပစ္စည်းများကို စစ်ဆေးပြီး ကွန်တိန်နာများအား ဓာတ်ပုံရိုက်ကူးနေသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုင်းစစ်သားက မြန်မာနှင့်ထိုင်းနိုင်ငံအကြား သောင်ရင်းမြစ်အတွင်း ဖောင်ပေါ်သို့ ပစ္စည်းများတင်ဆောင်မှုကို စောင့်ကြည့်နေသည်ကို သြဂုတ်လအတွင်းက တွေ့ရစဥ်။ နယ်စပ်ဂိတ်တွင် ပုံမှန်အားဖြင့် ပေ၄၀ကွန်တိန်နာကား ငါးစီးစာရှိသည့် ပလတ်စတစ်အမှိုက်များကို နေ့စဥ်တင်ပို့သည်။ (ဓာတ်ပုံ - အယ်လ်လီဂရာ မန်ဒယ်လ်ဆင်၊ ဖရွန်းတီးယား)

သို့သော် မြန်မာဘက်ခြမ်းက လှေဆိပ်များကိုမူ အာဏာပိုင်များက စောင့်ကြပ်ကြည့်ရှုခြင်း မရှိပေ။ အကျိုးဆက်အားဖြင့် အကောက်ခွန်ဌာနသည် အဆိုပါ "လှေဆိပ်များကိုဖြတ်၍ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်ဆေးနိုင်ခြင်းမရှိ"ဟု မြဝတီမြို့ရှိ ပို့ကုန်-သွင်းကုန်ရုံးက အမည်မဖော်လိုသော တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

"ထိုင်းဘက်မှာတော့ အတော်လေး စည်းကမ်းကျပ်တယ်။ လှေဆိပ်(ဂိတ်)တွေကို နံပတ်စဉ်တပ်ထားပြီး အကောက်ခွန်ဌာနလည်းရှိတယ်။ ဒီအကောက်ခွန်အရာရှိတွေက အဆိပ်အတောက်ဖြစ်စေတဲ့ ပိုးမွှားကူးစက်မှုကို အဓိက စစ်ဆေးတယ်။ ဒါ ထိုင်းက အလေးထားတဲ့ သူ့ရဲ့ တရားဝင် ပို့ကုန်လမ်းကြောင်းပဲ။ သူတို့ရဲ့ နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်း၊ အချက်အလက်တွေထဲမှာ ဒါတွေကို အကုန်မှတ်တမ်းတင်ထားတယ်"ဟု ဟိုဆေးက ပြောသည်။

"မြန်မာဘက်အခြမ်းမှာတော့ ဒီလှေဆိပ် (ဂိတ်)တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ကြီးကြပ်တာမျိုးမရှိတော့ ဒီလှေဆိပ်တွေ အားလုံးက တရားမဝင်ဂိတ်တွေလိုပဲဖြစ်နေတယ်"ဟု ၎င်းက ဆက်ပြောသည်။

ဖရွန်တီးယားက အတည်ပြုခဲ့သည့် ဂိတ်နှစ်ခုအပါအဝင် ပလတ်စတစ်အမှိုက်တင်သွင်းရာ လှေဆိပ်(ဂိတ်)ပေါင်း ၃၀ခန့်ကို မြန်မာစစ်တပ်လက်အောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က ထိန်းချုပ်ထားသည်။ ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် ပလက်စတစ်အမှိုက် တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ခြင်းမရှိဘဲ "အဆိုပါစွန့်ပစ်ပစ္စည်းများအပေါ် အခွန်ကောက်ခံ"ကြောင်း ဟိုဆေးက ပြောသည်။

ကရင်နယ်ခြားစောင့်တပ်သည် ဘီယာ၊ မော်တော်ယာဥ်နှင့် အခြားကုန်ပစ္စည်းများကို ထိုင်းမှမြန်မာသို့ တရားမဝင်ကုန်သွယ်မှုသာမက လူကုန်ကူးမှုတွင်ပါ နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေသည့်တိုင် စစ်တပ်က ၎င်းကို အရေးမယူနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကရင်နယ်ခြားစောင့်တပ်သည် ကရင်အမျိုးသားအစည်းအရုံးနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ခိုက်ချေမှုန်းရာတွင် စစ်တပ်အတွက် အဓိကကျသည့် မဟာမိတ်ဖြစ်သောကြောင့် ဖြစ်သည်။

"တရားမဝင်ဂိတ်တွေကနေ ဝင်နေတဲ့ပစ္စည်းတွေ၊ တရားမဝင် ဘီယာတင်သွင်းတာတွေကအစ စစ်တပ်က အကုန်သိတယ်။ အခွန်အခဆုံးရှုံးတဲ့အတွက် ကျေတော့မကျေနပ်ဘူး။ ဒါပေမဲ့ တခြားကိစ္စတွေအတွက် ကရင်နယ်ခြားစောင့်တပ်ရဲ့အကူအညီလိုတော့ ဒီအပေါ်မှာ သူဘာမှမတတ်နိုင်ဘူးလေ"ဟု ဟိုဆေးက ပြောသည်။

ကြီးမားသည့် ကိန်းဂဏန်းကွာဟချက်

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံလုံး၏ တရားဝင်ကုန်သွယ်မှု ကိန်းဂဏန်းများအကြား အကြီးအကျယ်ကွာဟမှုက နယ်စပ်ဂိတ်များတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ ကြီးကြပ်ကွပ်ကဲမှု ကွာခြားပုံကို ထင်ဟပ်ပြနေသည်။

၂၀၁၇မှ ၂၀၂၁အတွင်း မြန်မာသည် ထိုင်းမှ ပလတ်စတစ်အမှိုက် တန်ချိန် ၁၄,၀၀၀ခန့် တင်သွင်းခဲ့ကြောင်း UN Comtrade သို့ မြန်မာကပေးပို့သည့် အချက်အလက်များကဆိုသည်။ သို့သော် ထိုင်းက UN Comtrade သို့ပို့သော အချက်အလက်များအရ ထိုကာလအတွင်း မြန်မာသည်ထိုင်းမှ ပလက်စတစ်အမှိုက် တန်ချိန် ၁၁၄,၀၀၀ ခန့် တွင်သွင်းခဲ့ပြီး ယင်းပမာဏမှာ ရှစ်ဆခန့် ပိုများနေသည်။ စင်စစ်အားဖြင့် နိုင်ငံအချို့မှတင်သွင်းသည့် ကုန်စည်များကလွဲ၍ သွင်းကုန်အများစုကို မြန်မာက UN Comtrade သို့ လျှော့လျှော့ပေါ့ပေါ့ အစီရင်ခံထားပုံပေါ်သည်။

ထိုင်းနှင့် မြန်မာအကြား ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်း၊ အချက်အလက်များ ကွာဟနေကြောင်းကို စစ်ကောင်စီကလည်း ယေဘုယျအားဖြင့် ဝန်ခံထားသည်။ ထိုင်းနိုင်ငံမှ အချက်အလက်များအရ လွန်ခဲ့သည့်နှစ်တွင် ၎င်းတို့က မြန်မာသို့ အမေရိကန်ဒေါ်လာ၂ဒသမ၉ဘီလျံ တင်ပို့ထားသည်ဟုသိရကြောင်း၊ မြန်မာဘက်မှ အချက်အလက်များအရ ထိုင်းမှတင်သွင်းသည့်ပမာဏသည် ဒေါ်လာ၁ဒသမ၂ဘီလျံသာရှိသည်ကိုတွေ့ရပြီး များစွာလျော့နည်းနေကြောင်းနှင့် ယင်းမှာ "တရားမဝင်ကုန်သွယ်မှုကြောင့်"ဖြစ်နိုင်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင်လအတွင်းက အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ စီးပွား၊ ကူးသန်းဝန်ကြီးဌာနကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပေ။

ထိုင်းနှင့်မြန်မာတို့၏ အချက်အလက်များသည် ၂၀၂၁တွင် အနီးစပ်ဆုံးဖြစ်ခဲ့ပြီး ထိုနှစ်တွင် တန်ချိန် ၃,၀၀၀ သာ  ကွာဟချက်ရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်များ ပိတ်ကာ ကုန်သွယ်မှုကျဆင်းသွား၍ဖြစ်သည်ဟု ဟိုဆေးက ခန့်မှန်းသည်။

ကိုဗစ်ကာလအတွင်း ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်သည့် နယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှု "ရပ်တန့်ခဲ့ရာ" ကုန်စည်အများစုကို တရားဝင်လမ်းကြောင်းမှ ကုန်သွယ်ရသဖြင့် အကောက်ခွန်ဌာနတွင် မှတ်တမ်းဝင်သွားခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။

၂၀၂၂အတွက် ပလက်စတစ်အမှိုက်ကုန်သွယ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ထိုင်းနိုင်ငံက တရားဝင် မထုတ်ပြန်သေးပေ။ သို့သော် ထိုင်းဥပဒေနှင့် အမိန့်ညွှန်ကြားချက်ပါ ယိုပေါက်နှင့် အားနည်းချက်များကို ဖာထေးခြင်းမပြုဘဲ ထိုင်းအစိုးရက အမှိုက်ကုန်သွယ်မှုကို လုံးဝပိတ်ပင်လိုက်ပါက စွန့်ပစ်ပစ္စည်းအမြောက်အမြား မြန်မာသို့ ဝင်ရောက်နိုင်ခြေမြင့်မားကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက စိုးရိမ်မကင်း ဆိုကြသည်။

၂၀၁၈တွင် တရုတ်က စတင်ပိတ်ပင်ပြီးနောက် မြန်မာနိုင်ငံတွင် ပလတ်စတစ်အောက်ခံပြား ပြုလုပ်သည့် စက်ရုံအရေအတွက် များပြားလာကြောင်း မန္တလေးမြို့က ပြန်လည်သန့်စင်လုပ်ငန်းရှင် ဦးထွန်းခိုင်က ပြောသည်။ ထိုင်းနိုင်ငံ၏ ပိတ်ပင်မှုသာ စတင်အသက်ဝင်လာပါက အလားတူပင် ပလက်စတစ်သုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ မှိုလိုပေါက်ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

ကုဒ်နံပါတ် HS3915 ဖြင့် တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခြင်းသည် သက်ရောက်မှု အနည်းငယ်ရှိနိုင်သော်လည်း ပုံမှားရိုက်သည့်ပြဿနာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသဖြင့် ပလက်စတစ်အမှိုက် ကုန်သွယ်မှု တစ်ခုလုံးကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ဟု EARTH Thailand အဖွဲ့၏ ဆက်သွယ်ရေးအရာရှိ ပုန်ရာသောန်က ဆိုသည်။

"ကုဒ်နံပါတ် HS3915 အောက်မှာ တင်သွင်းတဲ့ ကုန်စည်တွေက အမျိုးအစား အတော်များတယ်။ ဒါကို ပိတ်လိုက်တာက အထောက်အကူဖြစ်နိုင်ပေမဲ့ အကောင်းဆုံး အဖြေတော့မဟုတ်ဘူး။ ဘာလို့လဲဆို ဒီနယ်ပယ်ထဲကလူတွေက ဒီပစ္စည်းတွေကို တင်သွင်းဖို့ တခြားနည်းလမ်းတွေ ရှာလို့ရနေလို့ပါပဲ။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ပြဿနာဖြေရှင်းရာမှာ အကူအညီဖြစ်စေပေမဲ့ အကုန်လုံးတော့ ပြေလည်သွားမှာမဟုတ်ဘူး။ သူတို့က ဒီကုဒ်နံပါတ်အောက်က ကုန်ပစ္စည်းအုပ်စုကို ပိတ်လိုက်ရင် တခြားနေရာသွားပြီး နောက်ထပ်နည်းလမ်းတွေ ရှာကြမှာပဲ"ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတစ်ခုတည်းက ပလက်စတစ်အမှိုက် ကုန်သွယ်မှုကို ရပ်တန့်နိုင်မည်မဟုတ်ပေ။ ပလက်စတစ်အမှိုက် ကုန်ကူးမှုသည် "ပို၍ဆိုးရွားလာသော" ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုသာဖြစ်ကြောင်း နိုင်ငံတကာပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ရာဇဝတ်မှုခင်းပညာရှင် ဝီလ်ဆင်က ဆိုသည်။

"သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေကို အပြည့်အစုံ နောက်ကြောင်းလိုက်ဖို့ ခက်လေတော့ ပို့ဆောင်တုန်းမှာပဲ ကုန်စည်မှားယွင်းတင်သွင်းမိကြောင်း ကြေညာတာမျိုး၊ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ တင်သွင်းတဲ့ ကုန်ပစ္စည်း အမျိုးအစားကို ပြောင်းပစ်လိုက်လို့ရတယ်။ ပါဝင်ပတ်သက်နေတဲ့ လူတွေကတော့ ခပ်မြန်မြန် ခြေရာဖျောက်လို့ရတာပါပဲ"ဟု ဝီလ်ဆင်က ပြောသည်။

"ဒီလိုပွင့်လင်းမြင်သာမှု မရှိတာက ဒီကိစ္စတစ်ခုလုံးအတွက် အရေးကြီးဆုံး ပြဿနာတွေထဲက တစ်ခုဖြစ်တယ်။ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်ချင်တဲ့ အထိန်းအကွပ်မဲ့ မသမာသူတွေအတွက်တော့ အခွင့်ကောင်းတစ်ခုပေါ့"ဟု ၎င်းက ဆက်ပြောသည်။

*အမှတ်အသားပါသည့်အမည်များသည် သတင်းရင်းမြစ်များ၏ လုံခြုံရေးကြောင့် လွှဲပြောင်းထားသော အမည်များဖြစ်သည်။

ရေချယ်လ်မွန်း၊ နော်ဘတ်တီဟန်၊ Kannikar Petchkaew ၊ Sicha Rungrojtanakul ၊ Eva Constantaras ၊ Charlotte Alfred ၊ Nalinee Maleeyakul နှင့် ရဲမွန်တို့ ပါဝင်အားဖြည့် တင်ဆက်သည်။

ဤစုံစမ်းဖော်ထုတ်သတင်းတင်ဆက်မှုအတွက် Investigative Journalism for Europe (IJ4EU)က ငွေကြေးထောက်ပံ့ပေးထားသည်။ ဤဆောင်းပါးကို Prachatai ၊ The Canadian Press ၊ Front Story ၊ The Independent ၊ Politico စသည့် သတင်းဌာနများနှင့် ပူးပေါင်းဖော်ထုတ်၊ တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.