ရန်ကုန်၊ မေ ၁၉
မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ရန် ရည်မှန်းချက်သစ်အား ပြည့်မီရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် မြန်မာနှင့် အိန္ဒိယကုန်သည်များ တွေ့ဆုံကြမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ms Nirmala Sitharaman သည် မြန်မာ-အိန္ဒိယစီးပွားရေးအဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်ဖြစ်ပြီး အတွေ့အကြုံဖလှယ်ရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြမည်ဟု အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံအကြား ရှည်လျားသည့် နယ်စပ်ချင်း ထိစပ်နေသလို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ ဆက်နွယ်မှုများရှိနေသော်လည်း နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ နည်းပါးစေဖြစ်သည်။ အထူးသဖြင့် မြန်မာနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက အလွန်ပင် နည်းပါးနေသေးသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ Gautam Mukhopadhaya က နှစ်နိုင်ငံကြား ဆက်ဆံရေးအား ပြန်လည်ထူထောင်ရန် ဆန္ဒရှိနေသည်ဟု ပြေကြားခဲ့သည်။
နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးအား လက်ရှိ အမေရိကန်တစ်ဘီလျံမှ ၂၀၂၀ ခုနှစ်တွင် ၁၀ ဘီလျံအထိ မြင့်တက်လာအောင် ရည်မှန်းထားသည်ဟု ၎င်းကပြောကြားသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအား အဓိကထား ဆွေးနွေးကြမည်ဖြစ်ကာ အိုင်တီ၊ ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် State Bank of India၊ တာတာသံမဏိလုပ်ငန်းနှင့် အိန္ဒိယစက်မှုအဖွဲ့ချုပ်တို့မှ အဆင့်မြင့်အရာရှိများနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။ နှစ်နိုင်ငံကုန်သည်များ၏ စီးပွားရေး ဆွေးနွေးပွဲကို မေ ၂၀ တွင် UMFCCI တွင် ကျင်းပမည်ဖြစ်သည်။
သတင်း- ကျော်ဖုန်းကျော်