A processing camp for Rohingya Muslims pasted with Myanmar and Chinese flag stickers is seen in Maungdaw in Rakhine State in March 2018. (Joe Freeman | AFP)
ရိုဟင်ဂျာမွတ်စလင်များအတွက် တည်ဆောက်ထားပြီး တရုတ်-မြန်မာအလံစတစ်ကာများ ကပ်ထားသော မောင်တောမြို့နယ်အတွင်းက ဒုက္ခသည်လက်ခံရေး စခန်းတစ်ခုကို ၂၀၁၈၊ မတ်တွင် မြင်တွေ့ခဲ့ရသည်။ (ဂျိုးဖရီးမင်း | အေအက်ဖ်ပီ)

ရိုဟင်ဂျာအရေး သံခင်းတမန်ခင်းကို တရုတ်ကပြန်လည်သုံးသပ်သင့်

ရိုဟင်ဂျာအရေးဖြေရှင်းရာတွင် တရုတ်သည် မှားယွင်းနေသော ၎င်း၏ချဉ်းကပ်ပုံကို ပြောင်းလဲသင့်ပြီဖြစ်သည်။ ယင်းသို့မလုပ်နိုင်ပါက လုံးဝလက်ရှောင်၍ ဘေးထွက်နေသင့်သည်။

ဂျိုးဖရီးမင်း ရေးသားသည်။

လက်နက်ကိုင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သံချေးတက်နေသောတံတားကိုကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မိုးကုပ်စက်ဝိုင်းတစ်လျှောက် စောင့်ကြည့် အကဲခတ်နေကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရွာများရှိ ရိုဟင်ဂျာအမျိုးသမီး၊ အမျိုးသားနှင့်ကလေးသူငယ်များ ထွက်ပြေးခဲ့ကြရသည့် နှိမ်နင်းမှုအပြီး လအတန်ကြာလာသည့်အချိန်တွင် မြင်ရသည့်မြင်ကွင်းက ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ် ခြောက်ကပ်နေသည်။

ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ၎င်းတို့၏ နေအိမ်များမှ ထိတ်လန့်ကြောက်ရွံ့စွာ ထွက်ပြေးခဲ့ရသည့် ရက်စက်သော နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများအပြီး ငါးလအကြာ ၂၀၀၈၊  မတ်တွင် ကျွန်တော်လည်း သတင်းသမားများအတွက် အစိုးရကစီစဉ်ပေးသော ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည်။ နေရာတိုင်းတွင် မီးလောင်ပြာကျနေသော ရွာများကို တွေ့ရသည်၊ ကျေးရွာအများအပြားမှာ စစ်တပ်၏ စနစ်တကျ ပိရိသပ်ရပ်စွာလုပ်ဆောင်ပုံအတိုင်း ပြာပုံအတိ ဖြစ်ကျန်ရစ်သည်ကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားသော ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရမည့်နေရာ အနီးတဝိုက်တွင် တရုတ်နိုင်ငံပါသည့် စတစ်ကာများ ကပ်ထားသော ယာယီရွေ့လျားအိမ်၊ အဆောက်အဦးများ ရှိနေသည်ကိုတွေ့ရသည်။ 

ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများ လျော့နည်းသွားချိန်တွင် မြန်မာအစိုးရအား ကျွမ်းကျင်မှုအကူအညီ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေကြေးအထောက်အပံ့များ ကမ်းလှမ်းလာသည်မှာ တရုတ်တစ်နိုင်ငံတစ်ခုတည်း မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဗြတိန်၊ နော်ဝေ၊ အိန္ဒိယ၊ ဂျပန်နှင့် အစ္စရေးတို့လည်း ပါဝင်ပါသည်။ သို့ရာတွင် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဘဲ ဝေးဝေးနေရန် တွင်တွင်ပြောတတ်သော တရုတ်နိုင်ငံအစိုးရက ယခုအခါ ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ရန် ထူးထူးခြားခြားကြိုးပမ်းမှုက တရုတ်၏ခြေလှမ်းကို အခြားနိုင်ငံများနှင့် ကွဲပြားစေပါသည်။

လက်ဦးမှုယူသည့်အနေဖြင့် တရုတ်၏ အကြီးတန်းသံတမန်များက မြေပြင်ပေါ်တွင် တင်းမာမှုများ လျော့ပါးရေးအတွက်ရည်ရွယ်သော အဆင့်သုံးဆင့်ပါသည့် အစီအစဉ်ကို ကြေညာခဲ့သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးများအကြား ဆွေးနွေးပွဲအတော်များများကိုလည်း လက်ခံကျင်းပပေးခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရန် ငွေကြေးထောက်ပံ့မည်ဟူသော မက်လုံးပေးတိုက်တွန်းမှု ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများထွက်ခဲ့သည်။ ရိုဟင်ဂျာများကို နယ်စပ်ဖြတ်ကျော်၍ ပြန်လည်ခေါ်ယူနိုင်ရန် ကုန်တင်ကားများကိုလည်း မြန်မာအစိုးရသို့ လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေသော ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာလျှင်ကြုံရမည့် အခြေအနေများကိုစုံစမ်းစစ်ဆေးနိုင်ရန် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာနိုင်အောင် ကြားဝင်စီစဉ်ပေးရန်ကြိုးစားခဲ့သော်လည်း ယင်းအစီအစဉ်ကို မြန်မာဘက်က နောက်ပိုင်းတွင် လက်မခံခဲ့ဟုသိရသည်။ ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်အလုပ်အဖွဲ့ကို တရုတ်က ဦးဆောင်ဖွဲ့စည်းပေးကာ ကြားဖြတ် အလွတ်သဘောဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

သို့ရာတွင် ၂၀၁၇၊ သြဂုတ်၂၅ရက်က တပ်မတော်က ရိုဟင်ဂျာများကို လူမျိုးတုံးသုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး သုံးနှစ်ကြာလာချိန်တွင် ယင်းပြဿနာကြီးကို အမှန်တကယ်ကြားဝင်ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ တရုတ်အစိုးရက ထုတ်ပြနိုင်ခဲ့ခြင်းရှိပါသလားဟုမေးလျှင် ပြစရာသိပ်မရှိပါဟုသာ ဆိုရပါမည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ဒုက္ခသည်များ ပြန်ခေါ်ရေးအတွက် အစီအစဉ်ကြီးနှစ်ခု ပြုလုပ်ခဲ့သော်လည်း မဖြစ်မြောက်ပဲ ပြီးဆုံးသွားသည်။ ယင်းအချိန်မှ ယခုအထိ နောက်ထပ်ဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းများပြန်စရန် သိသိသာသာ ကြိုးပမ်းမှုမတွေ့ရသေးပါ။ မြန်မာနိုင်ငံတွင် အခြေစိုက်သော သံတမန်များ၏ အဆိုအရ တရုတ်ဘက်က ကြိုးပမ်းမှုမှာ ပြန်ရောက်လာမည့် ရိုဟင်ဂျာများအတွက် အခြေအနေကောင်းများ အရင်ဖန်တီးပေးရေးထက် ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးကိုသာ စတင်လုပ်ဆောင်ရန် အာရုံစိုက်နေခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံအတွင်းတွင်လည်း ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရေးအတွက် နိုင်ငံရေးဆန္ဒများစွာရှိသည်ကို မတွေ့ရပါ။ ရွေးကောက်ပွဲများ မကြာခင်ပြုလုပ်ရန် ရှိနေပြီး မဲဆန္ဒရှင်ပြည်သူများ အများကြားတွင်လည်း ရိုဟင်ဂျာဆန့်ကျင်ရေး သဘောထားများက အားကောင်းစွာရှိနေကြဆဲဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ၎င်းနှင့်ထိစပ်နေသော ချင်းပြည်နယ်တို့တွင် လုံခြုံရေးအခြအနေကလည်း ပို၍ပင်ဆိုးရွားလာသည်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်မပြေးပဲ ကျန်နေခဲ့သော ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် ၎င်းတို့ကိုယ်၎င်းတို့ ရက္ခိုင့်တပ်မတော်ဟုခေါ်သော (အေအေ) ရခိုင်လက်နက်ကိုင်အဖွဲ့တို့၏ ပြင်းထန်သော တိုက်ပွဲများအကြားတွင် ပိတ်မိနေကြသည်။ ယင်းပဋိပက္ခအတွင်းတွင် ရိုဟင်ဂျာ၊ ရခိုင်နှင့် ချင်းမိသားစုများမှ ကလေးများအပါအဝင် အရပ်သားများ သေဆုံးခဲ့ကြရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများနှင့် ချင်းပြည်နယ် (ပလက်ဝမြို့နယ်)တို့တွင် အစိုးရက တစ်နှစ်ကျော်ကြာ အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ထားခဲ့သည့်အတွက် ဒေသအတွင်းဖြစ်ပျက်ခဲ့သည့် ရက်စက်မှုများ အများအပြားမှာလည်း မှတ်တမ်းမတင်နိုင်ဘဲ ရှိခဲ့ရသည်။ ယခုလတွင် အစိုးရက မြို့နယ်ရှစ်ခုတွင် အင်တာနက်ဆက်သွယ်မှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သော်လည်း 2G အင်တာနက်ကွန်ရက်ကိုသာ အကန့်အသတ်ဖြင့် ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုက ကမ္ဘာ့သတင်းခေါင်းစဉ်များကို လွှမ်းမိုးလာခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာများ၏ အခြေအနေကို လူအများအာရုံစိုက်မှု လျော့ကျခဲ့ပြီး အစိုးရများကလည်း ၎င်းတို့အပေါ်စာနာမှုများ ယခင်ရှိခဲ့သည့် အခြေအနေထက်ပင် လျော့နည်းသွားခဲ့သည်။ ထင်ရှားသည့်အချက်မှာ လွန်ခဲ့သောလများက မလေးရှားတွင် ကမ်းကပ်ရန်ကြိုးပမ်းခဲ့သော ရိုဟင်ဂျာများကို တင်ဆောင်လာသည့် လှေများသည် ကနဦးတွင်ကမ်းကပ်ခွင့်မရဘဲ နှင်လွှတ်ခံခဲ့ကြရသည်။

သို့ရာတွင် ကမ္ဘာ့ကပ်ရောဂါကြီးက ရိုဟင်ဂျာအရေး ၎င်းတို့ ကြားဝင်ကြိုးပမ်းပေးမှုနှင့် ပတ်သက်သော ချဉ်းကပ်ပုံကို တရုတ်အနေနှင့် ပြန်လည်သုံးသပ်နိုင်ရန် ရှားပါးသည့် အခွင့်အလမ်းတစ်ခုကိုလည်း ပေးအပ်နေပါသည်။ ယခုအချိန်တွင် လှုပ်ရှားမှုများ ရပ်တန့်ငြိမ်သက်နေသော်လည်း တရုတ်တို့သည် ယခုဖြစ်စဉ်တွင် အရေးပါသော အခန်းကဏ္ဍတွင် အမြဲရှိနေမည်ဖြစ်သည်။

“ကိုဗစ်ပြီးသွားတဲ့အချိန်ကျရင် သူတို့ သုံးပွင့်ဆိုင်လုပ်ငန်းအဖွဲ့ ကပြန်ပြီး တက်တက်ကြွကြွလှုပ်ရှားလာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ဒါကာမြို့ရှိ ဂျာဟန်ဂိနာဂါတက္ကသိုလ်က နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ ပါမောက္ခရှာဟတ် အန်နန်ခန်က ကျွန်တော့ကို ပြောပါသည်။ သူသည် နှစ်နိုင်ငံအကြား ကြားဝင်စေ့စပ်ရေးလုပ်ငန်းစဉ် အချို့တွင် ပါဝင်ပတ်သက်ခဲ့ဖူးသူလည်းဖြစ်သည်။ “အဲဒီလုပ်ငန်းစဉ် ပြန်စပြီး အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်းရှိပါသေးတယ်” ဟု သူကဆိုသည်။

မီးလောင်ပြာကျနေသော နေအိမ်နှင့်စိုက်ခင်းများနှင့် နေထိုင်သူမရှိတော့ဘဲ တစပြင်ကဲ့သို့ ဖြစ်နေသည့် မောင်တောမြို့နယ်အတွင်းက အင်းဒင်ရွာကို ဤသို့မြင်တွေ့ခဲ့ရသည်။ (ဂျိုးဖရီးမင်း | အေအက်ဖ်ပီ)

တရုတ်တို့အနေနှင့် ရိုဟင်ဂျာများမြန်မာပြည်ပြန်စေလိုလျင် ရခိုင်မြောက်ပိုင်းတွင် အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရေးဆောင်ရွက်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့လိုပါသည်။ ပြန်လာလိုသော ရိုဟင်ဂျာများအတွက် လုံခြုံရေး၊ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိရေးနှင့် နိုင်ငံသားအခွင့်အရေးများ မြန်မာအစိုးရက အာမခံပေးရမည်ဖြစ်သည်။ ယင်းသို့ဖြစ်လာရန် တစ်ခုတည်းသော နည်းလမ်းမှာ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးခွဲခြားကန့်သတ်သောစနစ်ကို လုံးဝအပြီးတိုင်ဖျက်သိမ်းပစ်ရမည် ဖြစ်သည်။ တရုတ်အနေနှင့် ရိုဟင်ဂျာများ လုံးဝအခွင့်အရေးမရစေရန် ဥပဒေအရကန့်သတ်ပေးထားသော လူမျိုးရေးခွဲခြား ကန့်သတ်သည့် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ဤလူ့အသိုင်းအဝိုင်းကို ထိခိုက်နစ်နာစေသည့် အခြားဖိနှိပ်ခွဲခြားသော ဥပဒေများ၊ မူဝါဒများ၊ ဒေသဆိုင်ရာ ကန့်သတ်ချက်များ၊ အမိန့်များ၊ လုပ်ထုံးလုပ်နည်းနှင့် အလေ့အထများကို ပယ်ဖျက်ပေးရန် မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းနိုင်သည်။ မြန်မာအစိုးရကိုယ်တိုင် ခန့်အပ်ခဲ့သော ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို သုံးသပ်ပြင်ဆင်ရန် ၂၀၁၇၊ သြဂုတ်တွင်ထုတ်ပြန်ခဲ့သော ကော်မရှင်၏အပြီးသတ် အစီရင်ခံစာတွင် မြန်မာအစိုးရကို အကြံပြုထားပြီး လူ့အခွင့်အရေးအဖွဲ့အစည်း အများအပြားကလည်း အလားတူ အကြံပြုတောင်းဆိုထားခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် နိုင်ငံတကာမျက်နှာစာတွင် ကြိုးပမ်းချက်များကို မြန်မာဘက်မှတစ်ဖက်သတ် လိုက်လံကာကွယ်ပေးနေမှုများကိုလည်း တရုတ်နိုင်ငံက ရပ်တန့်နိုင်သည်။ တရုတ်၏ ယင်းလုပ်ရပ်မှာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ပြန်နိုင်ရေး မြေပြင်ဆောင်ရွက်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ ရိုဟင်ဂျာများအနေနှင့် လွန်ခဲ့သည့်သုံးနှစ်က ၎င်းတို့ကြုံတွေ့ခံစားခဲ့ရသော သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် နေအိမ်များမီးရှို့ခံရမှုတို့ ထပ်မံမဖြစ်ပွားပါဟု သိရှိနားလည်ခြင်းမရှိသရွေ့ လုံခြုံ၍သိက္ခာရှိပြီး မိမိတို့ဆန္ဒအလျောက် ပြန်သွားခြင်းဖြစ်လာမည်ဟု အာမ မခံနိုင်ပါ။ ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမရှိဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်နိုင်ရေးမှာ အဓိက သော့ချက်ဖြစ်သည်။ လွန်ခဲ့သောလက ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တရုတ်နိုင်ငံကိုယ်စားလှယ်က မြန်မာကိုတရုတ်နိုင်ငံအနေနှင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး “လူ့အခွင့်အရေးကိစ္စများကို နိုင်ငံရေးအဖြစ်အသုံးချခြင်းနှင့် ပြောင်ပြောင်တင်းတင်း ဖိအားပေးခြင်းများ”ကို ကန့်ကွက်ပယ်ချကြောင်းပြောခဲ့သည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် “ရခိုင်ပြည်အရေးနှင့်ပတ်သက်သော ကိစ္စများကို ဖြေရှင်းရေးအတွက် ထောက်ကူပံ့ပိုးရန်၊ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများဖြစ်အောင် မလုပ်ရန်” နိုင်ငံတကာ အသိုင်းအဝိုင်းကို တရုတ်ကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။ သို့သော် တရုတ်အစိုးရကသာ ဆန့်ကျင်ဘက်ရလဒ်များဖြစ်အောင် လုပ်ဆောင်နေသည်။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ်ပြဿနာ၏အဖြေမှာ တရားမျှတမှု၊ အမှန်တရားနှင့် နစ်နာမှုများကို ကုစားရေးတို့ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် တရုတ်၏စီးပွားရေးအရ အကျိုးစီးပွားကြီးကြီးမားမားရှိနေခြင်းကလည်း ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပါသည်။ ယင်းအခြေအနေက ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး ပြဿနာဖြေရှင်းရာတွင် ဆန့်ကျင်ဘက် အကျိုးရလဒ်ဖြစ်ပေါ်စေသည်။ ၂၀၁၉၊ ဒီဇင်ဘာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)တွင် စွဲဆိုထားသောအမှုကို ခုခံချေပရန် သည်ဟိဂ်မြို့သို့မထွက်ခွာမီ ရက်ပိုင်းအလိုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက သမ္မတဦးဝင်းမြင့်နှင့်ပါ တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ မစ္စတာဝမ်ယီက တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေးဇုံဖော်ဆောင်ရေးကို အရှိန်မြှင့်တင်ရန် တရုတ်က စိတ်ဝင်စားနေကြောင်း အလေးအနက်ထားပြောကြားခဲ့ပြီး “နိုင်ငံတကာစင်မြင့်ပေါ်တွင် မြန်မာနိုင်ငံအား တရုတ်၏ထောက်ခံမှုမှာ မယိမ်းမယိုင်ရှိနေကြောင်း” ကိုလည်း အထူးဂရုပြုပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းတွင်လည်း တရုတ်ကမြန်မာကို ရက်ရောစွာ ထောက်ပံ့လှူဒါန်းမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယခင်အခြေအနေများကဲ့သို့ပင် ထောက်ပံ့ကူညီမှုများနှင့် ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံထားသော တရုတ်စီမံကိန်းများအတွက် အပေးအယူကိစ္စများမှာ ရိုးရှင်းလှသည်မဟုတ်ပါ၊ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်သည့် ဆိုးကျိုးရလဒ်များပင် ဖြစ်လာနိုင်ပါသည်။ မေလတွင်းက ပြုလုပ်ခဲ့သော နှစ်နိုင်ငံကြားဆွေးနွေးမှုတွင် သမ္မတရှီကျင့်ဖျင်က မြန်မာသမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို အရင်ပြောကြားခဲ့ပြီး၊ ယင်းနောက်တွင် တစ်ဒါဇင်ခန့်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးကို ဆက်လက်မေးမြန်းခဲ့သည်။ ယင်းစီမံကိန်းများမှာ သမ္မတရှီ မြန်မာနိုင်ငံကို ဇန်နဝါရီလအတွင်း လာရောက်လည်ပတ်စဉ်က နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးခဲ့သော စီမံကိန်းများဖြစ်ပြီး မစ္စတာရှီက ယင်းစီမံကိန်းများ တိုးတက်မှုကို တိတိကျကျမြင်လိုပုံရပါသည်။ တရုတ်ဘက်က ထုတ်ပြန်ချက်အရ သမ္မတရှီက “၎င်း၏ခရီးစဉ်မှ အကျိုးရလဒ်များကို အကောင်အထည်ပေါ်လာစေရန် နှစ်နိုင်ငံနီးနီးကပ်ကပ်ပူးပေါင်းလုပ်ဆောင်သွားရန်” တိုက်တွန်းပြောကြားခဲ့သည်ဟု ဆိုပါသည်။

ယင်းသို့လုပ်ဆောင်ပုံမျိုးမှာ ယခင်ကတည်းက တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ရိုဟင်ဂျာအရေး အပြင်းထန်ဆုံးဖြစ်ပွားခဲ့ချိန်နှင့် ယင်းဖြစ်ရပ်များ ဖြစ်ပွားပြီးသည့်နောက်ပိုင်း မြန်မာကို နိုင်ငံတကာက စောင့်ကြည့်ဝေဖန်မှုများနှင့် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး အရေးယူရန် ကုလသမဂ္ဂတွင် ကြိုးပမ်းမှုများတွင် တရုတ်က မြန်မာကို အကြိမ်ကြိမ် အကာအကွယ်ပေးခဲ့သည်။ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီက ၂၀၁၇နှောင်းပိုင်းတွင် အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပချိန်တွင် မြန်မာနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာတွင် တရုတ်က မဲခွဲရန်တောင်းဆိုခဲ့သည်။ လူ့အခွင့်အရေးကောင်စီကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၆မှစ၍ မြန်မာနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုကို ပထမဆုံးမဲခွဲဆုံးဖြတ်ရခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို တရုတ်နှင့်အတူ ဘူရွန်ဒီနှင့် ဖိလစ်ပိုင်တို့က ကန့်ကွက်မဲပေးခဲ့သည်။ (ယင်းနှစ်နိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတည်ထောင်ရန် သဘောတူထားသော ရောမပဋိညာဉ်မှ နုတ်ထွက်သွားသည့် နှစ်ခုတည်းသော နိုင်ငံများဖြစ်သည်။) ယင်းနောက်တွင်လည်း တရုတ်သည် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ရပ်တည်လုပ်ဆောင်မှုကို ဖျက်လိုဖျက်ဆီးလုပ်ရပ်အမျိုးမျိုးကို ဆက်လုပ်ခဲ့သည်။ ယင်းတို့အနက် တစ်ခုမှာ ၂၀၁၈က လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်ပြစ်မှုများကို တာဝန်ခံစေမည့် လုပ်ငန်းစဉ်ယန္တရားတစ်ခုတည်ထောင်ခြင်းကို မအောင်မြင်စေရန် ပိတ်ဆို့တားဆီးခဲ့သည်။ တရုတ်သည် ၎င်းတွင်ရှိသော ဗီတိုအာဏာကိုအသုံးပြု၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့တပ်မတော်ကို ထိရောက်သောအရေးယူမှုများ မပြုလုပ်နိုင်ရန်တားဆီးခြင်း၊ မြန်မာနိုင်ငံတွင်းက အခြေအနေများကို အပြည်ပြည်ဆိုင်ရာခုံရုံးက တရားစွဲအရာရှိထံ တင်ပြအရေးယူစေခြင်းမပြုလုပ်နိုင်ရန် တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ အရေးယူခံရမှု ဆက်လက်ကင်းလွတ်နေခြင်းကပင် တပ်မတော်သည် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုမြောက်သော လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ လူနည်းစုလူမျိုးစုများအပေါ် ဆက်လက်ကျူးလွန်ခွင့်ရနေပြီး တရုတ်က မြန်မာနိုင်ငံတွင် တွေ့မြင်၊ ဖြစ်ပေါ်စေလိုသည်ဆိုသည့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေနေသည်ကို တွေ့ရသည်။

ရခိုင်မြောက်ပိုင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကျွန်တော့တစ်သက်တာ မေ့နိုင်တော့မည်မဟုတ်သည့် မြင်ကွင်းများကို တွေ့ခဲ့ရသည်။ အောက်ခြေဖောင်ဒေးရှင်းအထိ မီးလောင်ကျွမ်းပြီး မည်းမှောင်စွာ ကျန်နေခဲ့သည့် အိမ်များ၊ နီးကပ်လာနေသည့် စစ်သားများနှင့် လူအုပ်ကြီးများရန်မှ လွတ်မြောက်အောင်ထွက်ပြေးရင်း မြေကြီးပေါ်တွင်ပြန့်ကျဲပြီးကျကျန်နေခဲ့သည့် အဝတ်အစားများ၊ ရွာမှလူများ အစအနမကျန်အောင် ရုတ်တရက်ပျောက်ကွယ်သွားသည့်နှယ် ရွာလုံးကျွတ် စွန့်ခွာသွားကြသည့်ရွာများကို တွေ့ခဲ့ရသည်။

ရိုဟင်ဂျာများကို ရက်စက်စွာနှင့် အရှက်ရစရာကောင်းလောက်အောင် ပြုမူခဲ့မှုများကို ကုစားတည့်မတ်ပေးရာတွင် အနှောက်အယှက်၊ အဟန့်အတားမဖြစ်စေဘဲ ထိရောက်သောကြားဝင်ဆောင်ရွက်ပေးသူအဖြစ် အမှတ်ရထင်ကျန်ရစ်လိုပါက တရုတ်နိုင်ငံသည် ၎င်းတို့၏ မအောင်မြင်သောချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ သုံးနှစ်ကြာလာချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်တစ်သန်းနီးပါး လှောင်ပိတ်မိနေဆဲဖြစ်ပြီး မြန်မာစစ်တပ်ကလည်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ဆဲ ဖြစ်သည်။ တရုတ်အနေနှင့် ယင်းသို့မလုပ်နိုင်ပါက လုံးဝလက်ရှောင်၍ ဘေးထွက်နေပေးဖို့သာ ရှိပါတော့သည်။

ဂျိုးဖရီးမင်းသည် အရှေ့တောင်အာရှအခြေစိုက် သတင်းစာဆရာနှင့် သုတေသီတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာသတင်းဆောင်းပါးများကို  နိုင်ငံတကာသတင်းဌာနများတွင် ငါးနှစ်ကျော်ကြာအောင် ရေးသားခဲ့သူဖြစ်သည်။ ယခုဆောင်းပါးသည် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အတွက် ၎င်းရေးသားခဲ့သော သုတေသနစာတမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.