နိုဝင်ဘာ၈ရက်က ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် မဲပေးရန်တန်းစီစောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်များကို မြင်တွေ့ရစဉ်။ ရခိုင်ပြည်နယ်အတွင်းက နေရာအများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဂျပန်အစိုးရကိုယ်စားလှယ်ရဲ့ ရခိုင်မှာ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းမှု အောင်မြင်မလား

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေလျော့ကျသွားရုံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ပြီလို့တော့ တစ်ထစ်ချယူဆလို့မရနိုင်သေးပါဘူး။ ဒါပေမဲ့ ဂျပန်အစိုးရကိုယ်စားလှယ် ယိုဟေး ဆာဆာကာဝါရဲ့ နောက်ဆက်တွဲရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးကြိုးပမ်းချက်ဟာ အကျိုးတစ်စုံတစ်ရာ ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ကျင်းပပြီးသွားတဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁,၁၇၁ နေရာရှိတဲ့အထဲမှာ ၁,၁၁၇နေရာပဲ ကျင်းပနိုင်ပြီး ၅၄နေရာ မကျင်းပနိုင်ပါဘူး။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေထဲမှာ ဝတပ်ဖွဲ့နဲ့မိုင်းလား တပ်ဖွဲ့ထိန်းချုပ်ရာမှာ ပါဝင်နေတဲ့ ငါးမြို့နယ်နဲ့ ရှမ်းပြည်နယ်က တခြားမြို့နယ် တစ်ခုပါဝင်ပြီး ကျန်တာအားလုံး ရခိုင်ပြည်နယ်ထဲက ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် စုစုပေါင်း ၆၄နေရာရှိတဲ့အနက် ၂၈နေရာပဲကျင်းပနိုင်ပြီး ၃၆နေရာ မကျင်းပနိုင်ပါဘူး။ ပြောရရင် မဲဆန္ဒနယ် တစ်ဝက်ကျော်ဖြစ်တဲ့ ၅၆ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာပါ။ အဓိက,ကတော့ တပ်မတော်နဲ့ အေအေရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေနဲ့ ဆက်စပ်ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာ၈ရက်နောက်ပိုင်း မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကနေ ရခိုင်ပြည်နယ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာအောင် ကြိုးစားပေးလာတာတွေ့ရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဘက်ဘက်ကနေ ကူညီနေသူ မစ္စတာ ယိုဟေး ဆာဆာကာဝါဟာ တပ်မတော်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်လေ့လာပါတယ်။ နောက် တပ်မတော်၊ ရခိုင် – အေအေတပ်ဖွဲ့တွေဘက် ဆက်သွယ်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေကျင်းပဖြစ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါရဲ့ ကြိုးစားမှုအောင်မြင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီကိစ္စအကြောင်း လေ့လာကြည့်ကြရအောင်။

ရွေးကောက်ပွဲ တစ်ခုကျင်းပမယ်ဆိုရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခင်းအကျင်းဖြစ်နေဖို့လိုမယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ ဘယ်လိုအခင်းအကျင်းမျိုး လိုအပ်သလဲဆိုတာကိုလည်း လေ့လာကြည့်ဖို့ ကောင်းပါတယ်။

ဒါနဲ့ ပတ်သက်လို့ လတ်တလော ကိုဗစ်-၁၉ဖြစ်ပွားဆဲ အခြေအနေအောက်မှာ ကျင်းပပြီးသွားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုပဲ ပြန်ကြည့်ရပါမယ်။ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ဆိုရင် အဓိက ရွေးကောက်ပွဲကော်မရှင်က အလုပ်လုပ်ရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကော်မရှင်ဟာ ခြိမ်းခြောက်မှုကင်းကင်း၊ အန္တရာယ်ကင်းကင်း သွားလာလှုပ်ရှား အလုပ်လုပ်နို်င်ရပါမယ်။ ဒါ့ပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်အတွက်ဆိုရင်တော့ ကော်မရှင်တစ်ခုတည်း အလုပ်လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ မဲစာရင်းကိစ္စဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက ဝိုင်းကူညီကြရပါတယ်။

ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲကာလဟာ ကိုဗစ်ဖြစ်ပွားနေဆဲမို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဝန်ထမ်းတွေရဲ့ အကူအညီကိုလည်းရယူရပါတယ်။ ရွေးကောက်ပွဲအတွက် နောက်ထပ်အရေးပါတဲ့သူတွေကတော့ ပညာရေးဝန်ထမ်းတွေပါ။ မဲရုံတွေမှာ ပညာရေးဝန်ထမ်းအများကြီး အသုံးပြုကြရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနမူနာကိုကြည့်ရင် မဲရုံတွေအတွက် အထူးရဲတွေ သောင်းနဲ့ချီခန့်ထား လုံခြုံရေးလုပ်ပေးကြရပါတယ်။ တစ်ချို့နေရာတွေမှာ တပ်မတော်အကူအညီ ယူရတာမျိုးလည်းရှိပါတယ်။ ဥပမာ ကချင်ပြည်နယ်ဘက်မှာ ဝေးလံခေါင်ဖျားနေရာတွေဆီ မဲပုံးတွေ၊ မဲလက်မှတ်တွေပို့ဆောင်ရေးမှာ တပ်မတော်ရဟတ်ယာဉ်တွေ အသုံးပြုကြရတာမျိုးပါ။

ဒါတင်မက ရွေးကောက်ပွဲမှာ ပြည်တွင်း၊ ပြည်ပလေ့လာစောင့်ကြည့်သူတွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပြုရပါသေးတယ်။ ဒါကြောင့် ရွေးကောက်ပွဲတစ်ခု အောင်အောင်မြင်မြင် ကျင်းပဖို့ဆိုရင် ကော်မရှင်အဖွဲ့ဝင်တွေအပါအဝင် ကူညီမဲ့၊ ပါဝင်မဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊လုံခြုံရေးဆိုင်ရာတွေ၊ လေ့လာစောင့်ကြည့်သူတွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား၊ ခြိမ်းခြောက်မှုမရှိ အလုပ်လုပ်နိုင်၊ စောင့်ကြည့်နိုင်ကြဖို့ လိုအပ်ပါတယ်။

ရွေးကောက်ပွဲဆိုတာ အဓိကအားဖြင့် နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေ ပြိုင်ဆိုင်ကြတာမျိုးဖြစ်လေတော့ ရွေးကောက်ပွဲဝင်မဲ့ပါတီတွေ၊ အမတ်လောင်းတွေအားလုံးနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ၊ ဝန်းရံထောက်ခံကြသူတွေ ခြိမ်းခြောက်မှုကင်းကင်း၊ အန္တရာယ်ကင်းကင်း၊ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားစည်းရုံးနိုင်ဖို့၊ မဲဆွယ်နိုင်ဖို့၊ မဲပေးတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နိုင်ဖို့လိုအပ်ပါတယ်။

အားလုံးကို ခြုံပြီးပြောရရင် ရွေးကောက်ပွဲတစ်ခု အောင်အောင်မြင်မြင်ကျင်းပဖို့ ဆိုတာဟာ တိုက်ပွဲတွေဖြစ်မနေရုံ အခြေအနေမျိုးလောက်နဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ နမူနာအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ဝင်ပြီးပြိုင်ကြမဲ့ အင်န်အယ်လ်ဒီ၊ ရှမ်းပါတီတွေဖြစ်တဲ့ SNLD၊ SNDPနဲ့ ပြည်ခိုင်ဖြိုး စုစုပေါင်းလေးပါတီကတောင်းဆိုပေမဲ့ တအာင်းအမျိုးသားပါတီကတော့ သူတို့ပါတီကို RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ဟန့်တားတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ဆီ ကန့်ကွက်တိုင်ကြားခဲ့ပါတယ်။ ပါတီအများစုက သဘောတူသည့်တိုင် ဝင်ပြိုင်မဲ့ပါတီတစ်ခု ခြိမ်းခြောက်ခံရတာကြောင့် ရွေးကောက်ပွဲကော်မရှင်ဟာ မိုင်းကိုင်မှာ ရွေးကောက်ပွဲမကျင်းပပေးခဲ့ပါဘူး။

အလားတူ ရခိုင်ပြည်နယ်မှာလည်း တောင်ကုတ်မြို့နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်မဲ့ အင်န်အယ်လ်ဒီအမတ်လောင်းသုံးယောက်ကို အေအေလက်နက်ကိုင်အဖွဲ့က အောက်တိုဘာ၁၄ရက်က ဖမ်းဆီးခေါ်ဆောင်ထားတာ ရွေးကောက်ပွဲအပြီးခုချိန်အထိ ပြန်လွှတ်ပေးတာမရှိသေးပါဘူး။ ပြောရရင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေအဖွဲ့ တိုက်ခိုက်မှုမရှိလို့ တိုက်ပွဲတွေဖြစ်ပွားမနေတာကလွဲပြီး ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ဖို့ ကောင်းမွန်တဲ့ ရေခံ၊ မြေခံရှိမနေပါဘူး။

နောက်ထပ် ပြဿနာတွေလည်း ရှိပါသေးတယ်။ လက်ရှိအချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ နိုဝင်ဘာ၈ရက်ကကျင်းပပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဆိုင်ရာ နောက်ဆက်တွဲ လုပ်စရာ၊ ကိုင်စရာရှိတဲ့လုပ်ငန်းတွေကို ဆက်ပြီးအကောင်အထည် ဖော်နေရပါသေးတယ်။ အသေးစိတ်အတည်ပြုရလဒ်တွေ ထုတ်ပြန်တာ၊ စာရင်းဇယားတွေ ထုတ်ပြန်တာ၊ ရွေးကောက်ပွဲကုန်ကျစရိတ်တွေ လက်ခံတာ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေအတွက် အမှုတွေကိုလက်ခံတာ၊ ခုံရုံးတွေဖွဲ့စည်းဖို့ပြင်ဆင်တာ၊ ရွေးကောက်ပွဲအတွက် အပြီးသတ်အစီရင်ခံစာပြုစုတာ စတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

နောက်ထပ်ရှိနေသေးတဲ့ ပြဿနာက တပ်မတော်ဘက်ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲမှု၊ တောင်းဆိုမှု အမျိုးမျိုးလုပ်နေဆဲဖြစ်ပြီး အဲဒီပြဿနာတွေကို ဖြေရှင်းလို့ မပြီးနိုင်၊ မစီးနိုင်ဖြစ်နေဆဲအခြေအနေပါ။ အခုနောက်ဆုံး အခြေအနေအရ တပ်မတော်ဘက်ကနေ တပ်မတော်သားနဲ့မိသားစုဝင်တွေ မဲပေးခဲ့ကြတဲ့ ၂၁၈မြို့နယ်က ရွေးကောက်ပွဲဆိုင်ရာအခြေအနေတွေကို ပြန်လည်စိစစ်သုံးသပ်နေတယ်၊ အဲဒီအတွက် သူတို့စစ်ဆေးလိုတဲ့ အချက်အလက်၊ အထောက်အထားတွေကို ကြည့်ရှုခွင့်ပေးပါ၊ မိတ္တူကူးခွင့်ပေးပါဆိုပြီး တောင်းဆိုထားသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း အဲဒီလိုတောင်းဆိုမှုဟာ ဥပဒေနဲ့မညီညွတ်လို့ခွင့်မပြုနိုင်ဘူးဆိုပြီး ထုတ်ပြန်ကြေညာထားရတဲ့ အခြေအနေရောက်နေတာပါ။

နောက်ထပ်တစ်ချက်ကတော့ လက်ရှိနိုဝင်ဘာ၈ရက်ရွေးကောက်ပွဲမှာ ရွေးကောက်ခံလိုက်ရတဲ့ အမတ်တွေပါဝင်မဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်အစည်းအဝေးတွေကို လာမဲ့ဖေဖော်ဝါရီလဆန်းမှာ ကျင်းပနိုင်ဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျင်းပပြီးသွားတဲ့ အထွေထွေရွေးကောက်ပွဲကြီးနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို လက်စသတ်နေရချိန်၊ တစ်ဘက်မှာလည်း တပ်မတော်ဘက်ကမပြီးနိုင်၊ မစီးနိုင် မေးခွန်းထုတ်နေမှုတွေကို ဖြေရှင်းလို့မပြီးပြတ်သေးချိန် နောက်ဆက်တွဲရွေးကောက်ပွဲတစ်ခုကျင်းပပေးဖို့ အချိန်ပေးနိုင်မဲ့အခြေအနေရှိမနေသေးဘူးလို့ ခန့်မှန်းရပါတယ်။

အခြားတစ်ဘက်မှာလည်း လက်ရှိလွှတ်တော်အကြီးအကဲတွေအနေနဲ့ လွှတ်တော်အသစ် စတင်ကျင်းပနိုင်ရေးလုံးပမ်းနေပြီး လက်ရှိရွေးကောက်ပွဲရလဒ်တွေကို အကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ် ဘာပြဿနာမှမပေါ်ဘဲ အောင်အောင်မြင်မြင်ဖြစ်အောင် ကြိုးစားနေရချိန်လည်း ဖြစ်နေပါတယ်။

ဒါ့ပြင် တကယ့်တကယ်အရေးကြီးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်မဲ့ ရေခံမြေခံရှိမနေတာတွေက သိပ်မကြာခင် ရခိုင်ပြည်နယ်မှာ နောက်ဆက်တွဲရွေးကောက်ပွဲတွေ ကျင်းပပေးလိမ့်မယ်ဆိုပြီး မျှော်လင့်လို့ရနိုင်မယ်မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါရဲ့ ကြိုးစားအားထုတ်မှုကတော့ အချည်းနှီးဖြစ်မသွားပါဘူး။ အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်သက်နေလို့ သောင်းနဲ့ချီတဲ့စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နေကြပါပြီ။ တိုက်ပွဲမဖြစ်ပွားတဲ့အချိန်ကာလ ကြာမြင့်ရင်ကြာမြင့်သလို တခြားစီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေကိုလည်း ပိုပြီးလုပ်ကိုင်လာနိုင်ကြပါလိမ့်မယ်။

ဒါ့ပြင် အရင်က မဟာမိတ်တွေနဲ့မှဆွေးနွေးမယ်လို့ ပြောဆိုထားတဲ့ အေအေရခိုင်တပ်ဖွဲ့ဘက်ကလည်း တပ်မတော်၊ အစိုးရနဲ့ တစ်ဖွဲ့ချင်းစီဆွေးနွေးမယ်လို့ သဘောထားပြောင်းလဲလာတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုအဖြစ် ရှုမြင်နိုင်မှာဖြစ်သလို၊ ဒါတွေဟာ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.