မူဝါဒများကြောင့် လူမှုအဖွဲ့အစည်းအခြေပြု ခရီးသွားလုပ်ငန်း တိုးတက်မှု နှောင့်နှေးနေ

လူမှုအဖွဲ့အစည်း ခရီးသွားလုပ်ငန်းများသည် ဒေသတွင်း လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေလျှက် ရှိသော်လည်း နိုင်ငံအဆင့် မူဝါဒများကြောင့် အသေးစား လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်မှုတွင် အတားအဆီးများ ရှိနေသေးသည်။

Jakob Krembzow ရေးသားသည်။

မည်သည့် ခရီးသွားဒေသက လာမည့် တစ်နှစ်ပတ်လုံးအတွက် ခရီးသည်များ၏ ကြိုတင်စာရင်းပေးသွင်းထားမှုဖြင့် အပြည့်ဖြစ်နေပါသလဲ။ ၎င်းမှာ စေတီပုထိုးများ ထောင်ချီရှိသော ပုဂံဒေသလည်း မဟုတ်ပေ။ လှေကို ခြေဖြင့် လှော်ခတ်သော ငါးဖမ်းသမားများရှိသည့် အင်းလေးကန်လည်း မဟုတ်ပေ။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ ရွာ လေးရွာသည် ထိုသို့ ကြိုတင်အမှာစာများပြည့်နေသော နေရာဖြစ်လိမ့်မည်ဟု မည်သူကမျှ ယုံကြည်မည် မဟုတ်ပေ။ သို့သော် ActionAid Myanmar အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သော လူမှုအဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းကြောင့် အပူပိုင်းဒေသမှ တိတ်ဆိတ်ငြိမ်သက်သော ထိုဒေသသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။

Journeys Adventure Travel ၏ အထွေထွေ မန်နေဂျာတစ်ဦးဖြစ်သော Mr Lee Sheridan ၏ ပြောကြားချက်အရ ၎င်းတို့၏ ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် မြိုင်မြို့နယ်မှ ရွာ လေးရွာသို့ ခရီးသွား ဧည့်သည် ၁,၀၀၀ ခန့် စေလွှတ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုရွာများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်သော စီမံကိန်းကို ဗြိတိသျှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ActionAid က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Journeys Adventure Travel ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကို ကူညီအားဖြည့်ပေးခြင်းဖြစ်သည်။

လူမှုအဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းတွင် ရည်ရွယ်ချက် အမျိုးမျိုး ရှိနေသည်။ ခရီးသွားလုပ်ငန်းကို လက်ခံပြုလုပ်သောရွာမှ ဒေသခံများကို ဝင်ငွေများ ခွဲဝေပေးခြင်းအပြင် ခရီးသွားလုပ်ငန်းကို အတွေ့အကြုံပြည့်ဝသော ခရီးစဉ်တစ်ခု ဖြစ်စေရန်လည်း ကြိုးစားလျှက် ရှိသည်ဟု Sheridan က ပြောကြားသည်။ ခရီးသွားဧည့်သည်များအတွက် ထူးခြားပြီး အမှတ်တရ ဖြစ်စေနိုင်သော အစီအစဉ်များ ဖန်တီးပေးခြင်း ဖြစ်သည်။

မြိုုင်မြို့နယ်ရှိကျေးရွာအတွင်း စက်ဘီးစီးကာ လေ့လာနေကြသည့် ခရီးသည်များ။ ဓာတ်ပုံ-ပံ့ပိုး

မြိုုင်မြို့နယ်ရှိကျေးရွာအတွင်း စက်ဘီးစီးကာ လေ့လာနေကြသည့် ခရီးသည်များ။ ဓာတ်ပုံ-ပံ့ပိုး

မြိုင်မြို့နယ်တွင် ဧည့်သည်များသည် ယင်းဒေသ လူ့အဖွဲ့အစည်းတွင် တစ်ရက်နှင့် တစ်ည နေထိုင်ပြီး ဒေသခံမိသားစုများနှင့်အတူ ထမင်းစားခြင်း၊ ဒေသခံအကအဖွဲ့၏ ဖျော်ဖြေမှုများကို ကြည့်ရှုခြင်းတို့ကို လုပ်ဆောင်ကြသည်။ လက်ခံဧည့်ခံပေးသော မိသားစုသည် ခရီးသွားဧည့်သည်များကို တည့်ခင်းသော အစားအသောက်များအတွက် ငွေကြေးရရှိကြသည်။ ထိုသို့ တိုက်ရိုက်ပေးသော ငွေကြေးအပြင် Journeys Adventure Travel က ဧည့်သည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနှုန်းဖြင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးရေးရန်ပုံငွေထဲသို့ ထည့်ဝင်ပေးသည်။ ထိုရန်ပုံငွေကို ဒေသခံများကသာ စီမံခန့်ခွဲကြသည်။ှ

ဒေါ်နန်းခင်မွှေးသည် ကန်ကြီးတော အနောက်ရွာမှ အမျိုးသမီး အကြံပေးအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ထိုအဖွဲ့သည် စီမံကိန်းတွင် တက်ကြွစွာ ပါဝင်လျှက် ရှိသည်။ စီမံကိန်းမှတစ်ဆင့် ရွာအတွက် ရရှိလာသော အကျိုးကျေးဇူးများကို ၎င်းက အားရလျှက်ရှိသည်။

“ဒါက လူတစ်ယောက်ထဲ အကျိုးကျေးဇူးရတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုးကျေးဇူး ခံစားရတာပါ” ဟု ၎င်းက Frontier ကို ပြောကြားသည်။

ခရီးသွားဧည့်သည်များနှင့်အတူ အချိန်သိပ်မဖြုန်းသောသူများကပင် စီမံကိန်းကို သဘောကျကြသည်။ ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်မသင့်လေးက “စီမံကိန်းက လူ့အဖွဲ့အစည်း အစီအစဉ်များအတွက် ရန်ပုံငွေ ရှာဖွေပေးပါတယ်။ မကြာသေးမီကဆို ရန်ပုံငွေနဲ့ ရွာမှာ စာကြည့်တိုက် အသစ်ဆောက်နိုင်ခဲ့တယ်” ဟု ပြောကြားသည်။

ထိုစီမံကိန်းသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သည်။ ဂျာမန်မဂ္ဂဇင်း တစ်ခုဖြစ်သည့် Travel One မဂ္ဂဇင်းက ပေးအပ်သည့် ဆုများအနက် ရေရှည်တည်တံ့သည့်အမျိုးအစားတွင် ဒုတိယဆုကို ပြီးခဲ့သော နိုဝင်ဘာလက ရရှိခဲ့သည်။

မြိုင်မြို့နယ်အတွင်း စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်လည်း ခရီးသွားများကို တိုက်တွန်းအားပေးထားသည်။ ဓာတ်ပုံ-ပံ့ပိုး

မြိုင်မြို့နယ်အတွင်း စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်လည်း ခရီးသွားများကို တိုက်တွန်းအားပေးထားသည်။ ဓာတ်ပုံ-ပံ့ပိုး

ထိုစီမံကိန်းသည် စီမံကိန်းရာသီဖြစ်သော အောက်တိုဘာလမှ ဧပြီလအထိ မပြီးဆုံးသေးသော်လည်း ခရီးသွားများ၏ တုန့်ပြန်မှုသည် အားရကျေနပ်ဖွယ်ကောင်းလှသည်။ “ခရီးသွားတွေအများစုက မြန်မာနိုင်ငံကို သီတင်းပတ်နဲ့ချီပြီး လာရောက်လည်ပတ်ကြတာပါ။ သူတို့ရဲ့ခရီးစဉ် အဆုံးမှာ ပြောကြတာက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသက ရွာလေးမှာ တစ်ညတာ အိပ်စက်ခဲ့ရတာက အပျော်ဆုံးပဲလို့ ပြောကြပါတယ်” ဟု Sheridan က ပြောသည်။

ထိုစီမံကိန်းကို ActionAid နှင့် Journeys Adventure Travel တို့က အဓိကလုပ်ကိုင်လျှက်ရှိသည်။ ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ယခင် စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသော ဝင်ငွေကို အစားထိုးသည့် သဘောမသက်ရောက်စေရေးအတွက် ခရီးသွားအရေအတွက်ကို Journeys Adventure Travels နှင့် ActionAid တို့က အဆင့်တစ်ခုတွင် ထိန်းသိမ်းကန့်သတ်ထားသည်။

အချိန်နှစ်နှစ်ခန့် ကြာပြီးသောအချိန်တွင် ထိုဒေသမှ လူ့အဖွဲ့အစည်းများသည် ထိုစီမံကိန်းကို မိမိတို့ဘာသာ စီမံခန့်ခွဲနိုင်မည်ဟု မျှော်လင့်ထားသည်။ Sheridan က ထိုသို့ဖြင့် ထိုရွာများသည် ခရီးသွားလုပ်ငန်းအပေါ်တွင် အလွန်အကျူး မှီခိုနေခြင်းမျိုး မဖြစ်နိုင်ဟု မျှော်လင့်ကြောင်းနှင့် ထိုသို့ မှီခိုနေပါက ၎င်းတို့၏ လူမှုရေး တည်ဆောက်ပုံများ ပျက်ယွင်းသွားနိုင်ပြီး ခရီးသွားဧည့်သည်များ၏ အတွေ့အကြုံကိုလည်း ထိခိုက်နိုင်သည်ဟု ပြောသည်။

မြိုင်မြို့နယ်၏ နမူနာသည် မြန်မာနိုင်ငံတွင် ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒေသရှိ လူမှုအဖွဲ့အစည်းများသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ခဲ့သည့် သမိုင်းကြောင်း မရှိသောကြောင့် ဖြစ်သည်။ ထိုဒေသမှ ခရီးသွားလုပ်ငန်းသည် ယခင်က စစ်အစိုးရ၏ လိုအပ်ချက်များနှင့် ချမ်းသာကြွယ်ဝသူများကိုသာ ဝန်ဆောင်မှု ပေးခဲ့ရသောကြောင့် ဖြစ်သည်။

thanakha_application_1.jpg

 title=

title=

ပြီးခဲ့သောနှစ်များတွင် ငပလီ၊ ချောင်းသာနှင့် ငွေဆောင်ကဲ့သို့သော ကမ်းခြေဒေသများတွင် မြေယာသိမ်းယူမှုများ အများအပြား ဖြစ်ပွားခဲ့ပြီး ပုဂံနှင့် အင်းလေးကန်ဒေသတို့တွင်လည်း မသင့်တော်သော ဖွံ့ဖြိုးရေး စီမံကိန်းများ အများအပြား လုပ်ဆောင်ခဲ့ကြသည်။ ဒေသခံများသည် ခရီးသွားလုပ်ငန်းများတွင် ဆောက်လုပ်ရေးနှင့် ဟိုတယ်သန့်ရှင်းရေးတို့ကဲ့သို့သော သေးနုပ်သည့် အလုပ်အကိုင်များကိုသာ ပြန်လည်ရရှိကြသည်။

အတိတ်ကအမှားများကို ရှောင်ရှားရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ပါဝင်ပတ်သက်နေသူအားလုံးနှင့် တိုင်ပင်ဆွေးနွေးပြီး ၂၀၁၂ ခုနှစ်တွင် Responsible Tourism Policy ကို ပြဌာန်းပေးခဲ့သည်။

ထိုသို့ဖြင့် အစိုးရက ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ဝင်ငွေများနှင့် စီမံခန့်ခွဲမှုများတွင် ဒေသခံ လူ့အဖွဲ့အစည်းများကိုပါ ပါဝင်လာစေသည်။ ထို့ပြင် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း ပိုမိုခိုင်မာလာစေခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် Community Involvement in Tourism Policy နှင့် Tourism Master Plan ကို မိတ်ဆက်ပေးခဲ့သည်။

ထိုသို့ပြောင်းလဲလိုက်ပြီးနောက်တွင် ခရီးသွားလုပ်ငန်းလည်း အားကောင်းလာခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ နယ်စပ်မှ ဝင်ရောက်လာသည့် နေ့ချင်းပြန် ခရီးသွားများ အပါအဝင် ခရီးသွား အရေအတွက်သည် တဟုန်ထိုး တိုးတက်လာခဲ့သည်။ တိုးပွားလာသော ဝယ်လိုအားကို ပြည့်မီစေရန်အတွက် ဟိုတယ်အသစ်များနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။

လာမည့်နှစ်များတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဟု ခန့်မှန်းမှုများ ရှိလာသည်။ ပြီးခဲ့သည့် သြဂုတ်လ အစောပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသော Tourism and Hospitality Conference တွင် AccorHotels ၏ ဒုဥက္ကဋ္ဌဖြစ်သော Victor Pang ၏ ပြောကြားချက်အရ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်းတွင် အရှေ့တောင်အာရှ နိုင်ငံများအား ဦးဆောင်နိုင်မည်ဟု ဆိုသည်။ ညီလာခံတွင် ပါဝင်သူအားလုံးက ၎င်း၏ အမြင်ကို လက်မခံနိုင်ကြသော်လည်း ခရီးသွားလုပ်ငန်း တိုးတက်လာမည့် အချက်ကိုမူ မငြင်းနိုင်ကြပေ။

dance_performance.jpg

 title=

title=

မေးစရာရှိသော မေးခွန်းတစ်ခုမှာ ထိုသို့ ခရီးသွားလုပ်ငန်း တိုးတက်လာမှု၏ အကျိုးကျေးဇူးများကို မည်သို့ ခွဲဝေယူကြမည်နည်းဟူသော မေးခွန်းဖြစ်သည်။ ညီလာခံတွင် ပါဝင်သူ Ms Nicole Haeusler ကမူ Tourism Master Plan တွင် ကျယ်ပြန့်သော ကဏ္ဍပေါင်းစုံမှ လူ့အဖွဲ့အစည်းများသည် ခရီသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ခံစားရရှိကြမည်ဟု ပါဝင်သည်ဟု ပြောကြားခဲ့သည်။

ပြဿနာမှာ Tourism Master Plan တွင် ပါဝင်သော ကမ်းလှမ်းချက်များကို လုပ်ဆောင်မှု နည်းပါးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ Tourism Master Plan တွင် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

မြိုင်မြို့နယ်တွင် လုပ်ဆောင်သော စီမံကိန်းမျိုးသည် အလွန်တန်ဖိုးရှိကြောင်း၊ သို့သော် သီးခြား တစ်နေရာတည်းသာ လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ထိရောက်မှု နည်းပါးကြောင်း Ms Nicole Haeusler က Frontier ကို ပြောကြားသည်။ ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးကို တစ်နိုင်ငံလုံး ရရှိစေရန် နိုင်ငံလုံးအဆင့်ဖြင့် လုပ်ဆောင်ခြင်းမျိုး လိုအပ်သည်ဟု ၎င်းဆိုသည်။ ထို့ပြင် ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးများကို နိုင်ငံလုံးအနှံ့ လျှော့ချနိုင်လောက်အောင်လည်း မကျယ်ပြန့်သေးဟု ဆိုသည်။

ထိုသို့ တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှု သုံးသပ်စိစစ်ချက်များ၊ စိမ်းလန်းသောနည်းပညာများ မြင့်တင်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိစိတ် လေ့ကျင့်ပျိုးထောင်မှု၊ ဒေသဆိုင်ရာ ခရီးသွားနေရာ စီမံခန့်ခွဲမှု အစီအစဉ်များ လိုအပ်မည်ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင်ရှိသော ဝန်ကြီးဌာနသည် စီမံကိန်းများကို ချုပ်ကိုင်ခြင်းများလျှော့ချပေးပြီး ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများက မိမိတို့ကိုယ်ပိုင် မဟာဗျူဟာများကို ချမှတ်လုပ်ဆောင်စေသင့်သည်ဟု ၎င်းက အကြံပြုခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်လည်း လေ့ကျင့်ပျိုးထောင်မှုများ လိုအပ်သည်ဟု ဆိုသည်။

villagers_and_pax.jpg

 title=

title=

ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကို ညီမျှစွာ ဖြန့်ဝေနိုင်စေရန်အတွက် ဝန်ကြီးဌာနက မည်သို့လုပ်ဆောင်နေပါသနည်းဟု မေးမြန်းသောအခါ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ထိုကိစ္စကို ယခုအခါတွင် အရေးကြီးသော ကိစ္စရပ်တစ်ခုအဖြစ် ဝန်ကြီးဌာနက မရှုမြင်ဟု ဖြေကြားခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် ခိုင်မာမှုကိုသာ အာရုံစိုက်သင့်သေးကြောင်းနှင့် ယခုအခါတွင် အရေးတကြီး လုပ်ဆောင်ရမည်မှာ ခရီးသွားလုပ်ငန်း နာမည်ရလာစေရန်ပင် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အသေးစားလုပ်ငန်းရှင်များအတွက်မူ လုပ်ငန်းကို စတင်တည်ထောင်ရသည့် ကုန်ကျစရိတ်နှင့် လိုအပ်သော ခွင့်ပြုချက်များကို ဝန်ကြီးဌာနထံမှ ရယူရခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသေးသည်။

“ဒါက ကုန်ကျစရိတ်တင် မကပါဘူး။ အချိန်လည်း အတော်ကြာနိုင်ပါတယ်။ ဧည့်ရိပ်သာတစ်ခု ဖွင့်ချင်တဲ့ လုပ်ငန်းရှင်တစ်ဦးက လိုင်စင်ရဖို့ နှစ်နှစ်လောက်အထိ စောင့်ရနိုင်ပါတယ်” ဟု Hanns Seidel Foundation မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr Achim Munz က ပြောကြားသည်။ “ဝန်ကြီးဌာနက အသေးစားလုပ်ငန်းရှင်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ လုပ်ငန်းပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့က အရေးကြီးပါတယ်။ ဧည့်ရိပ်သာတွေ၊ စားသောက်ဆိုင်တွေသာမက အငှားအရမ်း ဆိုင်တွေကိုပါ လုပ်ငန်းလုပ်ဆောင်ဖို့ လွယ်ကူအောင် ဖန်တီးပေးသင့်ပါတယ်။ ဘဏ္ဍာရေး အခက်အခဲ ကလည်း စိန်ခေါ်မှု တစ်ရပ်ပါပဲ” ဟု ၎င်းကပြောသည်။

ခရီးသွားလုပ်ငန်း စီးပွားရေး အောင်မြင်စေရန် မျှော်လင့်ချက်ပေးနိုင်သော နေရာအနည်းငယ်ခန့် ရှိနေသည့်အနက် နေရာတစ်ခုမှာ သံတောင်ကြီးဒေသဖြစ်သည်။ ထိုဒေသတွင် မနက်စာနှင့် ညအိပ်ရုံ နေရာသာပေးသော ဧည့်ရိပ်သာများကို ကရင်ပြည်နယ်အစိုးရက လိုင်စင်ထုတ်ပေးကာ စမ်းသပ်စီမံကိန်းတစ်ခုကို မိတ်ဆက်ပေးလျှက်ရှိသည်။

၂၀၁၅ ခုနှစ် နှောင်ပိုင်းတွင် လိုင်စက်များ စတင်ချပေးကတည်းက ဒေသတွင်းမှ အိမ်ပိုင်ရှင် ခုနစ် ဦးခန့်သည် နိုင်ငံခြားသား ဧည့်သည်များကို စတင်လက်ခံပေးခဲ့ကြသည်။ ၎င်းတို့အားလုံးမှာ သံတောင်ကြီးဒေသမှ လူမှုအသိုက်အဝိုင်းက ပိုင်ဆိုင်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ဤဆောင်းပါးသည် Frontier Myanmar မဂ္ဂဇင်း၏ ခရီးသွားလုပ်ငန်းအထူးထုတ် စာစောင်ဖြစ်သည့် Discover Myanmar ကဏ္ဍတွင် ပါဝင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- မြိုင်ဒေသသို့ လာရောက်လည်ပတ်သော ဧည့်သည်များက မြိုင်ဒေသအတွက် အရေးပါသည့် စိုက်ပျိုးရေးလုပ်ငန်းကို လေ့လာနေပုံ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.