ရုရှားနိုင်ငံရှိ အမှတ် (၄) လေကြောင်းအတတ်သင်ကျောင်းသို့ တပ်မတော်(လေ)မှ သင်တန်းသားများ စေလွှတ်နိုင်ရေးအတွက် ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အဆိုပါကျောင်းသို့ ဇွန် ၂၁ ရက်နေ့က ရောက်ရှိစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါသင်တန်းကျောင်းသည် ရုရှားတပ်မတော်ထုတ် SU အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်များ လေ့ကျင့် ပျံသန်းမှု သင်ကြားပေးသည့် သင်တန်းကျောင်းဖြစ်သည်။
မြန်မာ့တပ်မတော်အနေဖြင့် အဆင့်မြင့် တိုက်လေယာဉ်အမျိုးအစားဖြစ်သည့် SU အမျိုးအစား တိုက်လေယာဉ်များ ဝယ်ယူမည့်သတင်းများ ပေါ်ထွက်လာခြင်းမရှိသေးသော်လည်း အဆိုပါကျောင်းသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်ကာ သင်တန်းသားများ စေလွှတ်ရန် ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းကျောင်းရှိ တိုက်ခိုက်ရေး လေယာဉ်များ လေ့ကျင့်ပျံသန်းသည့် Simulator အတွင်း SU 30 SM နှင့် SU 34 လေယာဉ်များ၏ Simulator များတွင် လေယာဉ်မောင်းသင်တန်းကျောင်း အကြီးအကဲနှင့်အတူ စမ်းသပ်မောင်းနှင်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းမှ လေ့ကျင့်ရေးပြုလုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်(လေ)မှ သင်တန်းသားများ စေလွှတ်လေ့ကျင့်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
ထို့ပြင် SU 35 တိုက်ခိုက်ရေးလေယာဉ်များ အုပ်ဖွဲ့ လေ့ကျင့်ပျံသန်းနေမှုများ၊ SU 30 ၊ SU 34 နှင့် SU 25 လေယာဉ်များ၏ တည်ဆောက်ထားမှုနှင့် လက်နက်စနစ် တပ်ဆင်ထားမှုများ၊ စွမ်းဆောင်နိုင်မှုများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြည့်ရှုလေ့လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိမြန်မာတပ်မတော်(လေ)တွင် SU အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်များ မရှိသေးသော်လည်း ရုရှားထုတ် MiG 29 တိုက်လေယာဉ် အစီး ၃၀ ပိုင်ဆိုင်ထားသည်ဟု Wikipedia စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့ပြင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Yak-130 လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူထားသည်။