အင်န်စီအေ နှစ်ပတ်လည်အခမ်းအနား(ဝါ) နေပြည်တော်က အလွမ်းပြဇာတ် တစ်ပုဒ်

တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ဆိုတော့ တကယ်ဆိုရင် ဝမ်းသာပျော်ရွှင်မှုတွေနဲ့ အတူ ကျင်းပရမှာဖြစ်ပေမဲ့ တကယ့်လက်တွေ့မှာ ကြေကွဲဖွယ် အလွမ်းပြဇာတ် တစ်ပုဒ် ကပြနေသလားလို့တောင် ခံစားရစေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်း  လေးနှစ်ပြည့်အခမ်းအနား ကျင်းပခဲ့ပါတယ်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ချုပ်ဆိုခဲ့ပေမဲ့ အခုနှစ် နှစ်ပတ်လည် အခမ်းအနားကိုတော့ အစိုးရနဲ့ စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး အားလုံးတက်ရောက်နိုင်မယ့် အောက်တိုဘာ ၂၈ ရက်ကို နောက်ဆုတ် ကျင်းပခဲ့ကြတာပါ။ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ဆိုတော့ တကယ်ဆိုရင် ဝမ်းသာပျော်ရွှင်မှုတွေနဲ့ အတူ ကျင်းပရမှ ဖြစ်ပေမဲ့ တကယ့်လက်တွေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အခမ်းအနားကတော့ အဲဒီပုံစံ ဖြစ်ခဲ့ပုံမရပါဘူး။

ပွဲတက်ရောက်လာတဲ့သူတွေရဲ့ အနေအထားကို အရင်ကြည့်ကြရအောင်။ တကယ်တော့ ဒီ NCA စာချုပ်ကြီး ပေါ်ပေါက်လာအောင် ကြိုးစားခဲ့ကြသူတွေကတော့ အရင်သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ငြိမ်းချမ်းရေးကို ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့ အဓိက သက်ဆိုင်ပေမဲ့ ဒီနှစ်ပတ်လည် အခမ်းအနားကို သူတို့တွေ တက်ရောက်တာ မတွေ့ရပါဘူး။ ဒါဟာ ရှေ့အစိုးရနဲ့ နောက်အစိုးရ ဆက်ဆံရေး အထူးကောင်းကြပုံ မပေါ်ဘူးလို့ မှတ်ချက်ချနိုင်တဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ထပ် ထူးခြားတာ တစ်ခုက NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စုပေါင်းခေါင်းဆောင် RCSS/SSA ရှမ်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်လည်း မတက်ရောက်ပါဘူး။ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့အဖွဲ့ဟာ သူတို့တပ်ဖွဲ့ဌာနချုပ် လွယ်တိုင်းလျန်ကနေ တောင်ကြီး၊ တောင်ကြီးကနေ နေပြည်တော်ပွဲကို ကားလမ်းနဲ့လာဖို့ ကြိုတင် ညှိနှိုင်းခဲ့ပေမဲ့ တကယ်လာဖို့ ပြင်ဆင်တဲ့အချိန်ကျမှ တပ်မတော်ဘက်က ကားလမ်းနဲ့ မလာဖို့ တားမြစ်ရာကနေ အခမ်းအနားတက်မယ့် အစီအစဉ် ပျက်သွားခဲ့ရတာပါ။ တပ်မတော်နဲ့ အစိုးရဘက်က လေကြောင်းလမ်းနဲ့လာဖို့ ပြန်ဖိတ်ခေါ်ခဲ့ပေမဲ့ ရောက်မလာတော့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် RCSS/SSA ဘက်ကနေ တပ်မတော်ကို အပစ်ဖို့ထားပြီး နောက်လထဲ လုပ်မယ့် JICM လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း တက်တော့မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

နဂိုအစီအစဉ်မှာတော့ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဟာ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုယ်စား ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ အတူ အဖွင့်မိန့်ခွန်း ပြောကြားဖို့ ဖြစ်ပါတယ်။ အခု အဲဒီအစီအစဉ် ပျက်သွားခဲ့ပြီး NCA ရဲ့ တရားဝင် ဆွေးနွေးပွဲတွေမှာ ပါဝင်မှုရပ်ဆိုင်းထားတဲ့ တစ်သီးတခြား ရပ်တည်နေတဲ့ KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိန့်ခွန်းပြောရတဲ့ အနေအထား ရောက်သွားစေခဲ့ပါတယ်။

ဒါ့အပြင် ဒီ NCA နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်ရသေးတဲ့၊ အပစ်ရပ်ထားပေမဲ့ NCA လက်မှတ်မထိုးရသေးတဲ့ KIA လို၊ ဝ လို လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေကို ဧည့်သည်အဖြစ် ဖိတ်ကြားတာမျိုး မကြားသိရသလို တက်ရောက်ကြတာကိုလည်း မတွေ့ကြရပါဘူး။ ဒါက အခမ်းအနားထဲက ပုံရိပ်တွေပါ။

အခမ်းအနား ကျင်းပတဲ့ ရက်ပိုင်း အခြေအနေကို ကြည့်လိုက်ရင်တော့ ရခိုင်ပြည်နယ်မှာ အေအေရခိုင်တပ်ဖွဲ့နဲ့ တပ်မတော် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တပ်မတော်နဲ့ တအာင်း ပလောင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ပွဲ မကျင်းပခင် အောက်တိုဘာ ၂၆ ရက်ကဆိုရင် ရခိုင်ပြည်နယ်က ရေယာဉ်တစ်စင်းပေါ် ပါလာတဲ့ တပ်မတော်သား ၁၄ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၂၉ ယောက် အပါအဝင် စုစုပေါင်း လူအယောက် ၆၀ လောက်ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားလို့ တပ်မတော်ဘက်က လိုက်လံကယ်တင်ရင်း ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်၊ လူအသေအပျောက် အများကြီး ဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။

ထုံးစံအတိုင်း ပွဲမှာမိန့်ခွန်းတွေ ပြောကြပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ လတ်တလော တိုက်နေ ခိုက်နေတဲ့ လုပ်ရပ်ဟာ “ သူတို့ တောင်းဆိုနေတဲ့ တိုင်းရင်းသား အခွင့်အရေးလား” ဆိုပြီး မေးခွန်းထုတ်ခဲ့သလို တပ်မတော်လုပ်ရပ် မှန်ကန်ကြောင်း၊ ငြိမ်းချမ်းရေးမရတာ တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့်ဆိုတဲ့ သဘောမျိုး ပြောဆိုသွားတာ တွေ့ကြရပါတယ်။

ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခုထိ တိုးတက်မှု များများစားစား မရသေးတာဟာ ယုံကြည်မှုတွေ အားနည်းပြီး အာဃာတတရားတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေ၊ မုန်းတီးမှုတွေ အားကောင်းနေတာကြောင့်လို့ သူမြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းအထိ အကျုံးဝင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ် ချပြခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပါအချက်တစ်ချို့က ဝမ်းနည်းစရာ ကောင်းနေပြန်ပါတယ်။ သူက “ ကျွန်မတို့ရဲ့ ကမ္ဘာကြီးက နည်းပညာတော်လှန်ရေး 4.0 ကို သွားနေကြပါပြီ။ အခြားနိုင်ငံတွေက လူငယ်တွေ မှတ်ဉာဏ်အတု၊ ပုံရိပ်ယောင် လူ့အဖွဲ့အစည်း၊ စက်မှုတော်လှန်ရေး၊ ဒစ်ဂျစ်တယ် ရေစီးကြောင်းတွေထဲကြားမှာ တက်တက်ကြွကြွနဲ့ စက္ကန့်နဲ့အမျှ တိုးတက်ဆန်းသစ်နေချိန်မှာ ကျွန်မတို့ရဲ့ ပြည်ထောင်စုမှာတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားလူငယ်တွေ၊ ကျွန်မတို့ တိုင်းရင်းသားဒေသတွေရဲ့ အနာဂတ်တွေအတွက် အာမခံချက်တွေ လိုနေပါသေးတယ်။ ဒီ လက်နက်ကိုင် ပြည်တွင်းစစ်ကို စတင်ခဲ့သူတွေဟာ ဒီ ၂၁ ရာစု ဒီကနေ့ ဒီအချိန် လောကကြီးထဲမှာ မရှိကြတော့ပါဘူး ” လို့ ပြောခဲ့ပါတယ်။

အဲလို မိန့်ခွန်းတွေ မပြောကြခင် အခမ်းအနားအဖွင့်မှာ တေးသီချင်းနှစ်ပုဒ်နဲ့ ဖျော်ဖြေတာ လုပ်ခဲ့ပါသေးတယ်။ အဲဒီထဲက တစ်ပုဒ်ကတော့ ကယားပြည်နယ်က ရာနဲ့ချီတဲ့ လူငယ်တွေ ရေးသား၊ စပ်ဆို၊ တီးမှုတ် သီဆိုထားကြတဲ့ “ မငြိမ်းချမ်းလို့ မဖြစ်ဘူး” ဆိုတဲ့ သီချင်းပါပဲ။ စတိတ်စင်မှာ လူငယ်တွေ အများကြီး တီးမှုတ် သီဆိုကြသလို နောက်ခံမှာလည်း ပရိုဂျက်တာနဲ့ ထိုးပြီး ဒုက္ခသည် စခန်းက ပုံရိပ်တွေ၊ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ထိုးပြထားပါသေးတယ်။

စာသားကိုလည်း လေ့လာကြည့်ပါဦး။ “မျက်လုံးကြောင်တောင်နဲ့ ကလေးငယ်လေးရယ်၊ လောကကြီးအကြောင်းကို မသိသေးချိန်၊ ပုခက်အတွင်းမှဆင်းလို့ မြေကြီးပေါ်နင်းတာနဲ့ စစ်တလင်းက ဆီးကြိုနေသလားကွယ်။ အယူအဆ မတူတဲ့ကြားက လောဘ အလိုရမ္မက်များကြောင့်၊ စစ်ပွဲတွေ မရပ်နိုင်တာလားကွယ်။ နှလုံးသားနုနုနဲ့ အပြစ်မဲ့ကလေးငယ်တွေရဲ့၊ အနာဂတ်ဟာ မပီပြင် မှုန်ဝါးဆဲ။ မငြိမ်းချမ်းတော့ပြီလား၊ မရိုးသားခြင်းတွေကြား၊ မေတ္တာတရားတွေ ခန်းခြောက်သွားကာ လုံးပါး ပါးတော့မှာလား။ ကွဲပြားခြင်းတွေနဲ့သာ အဆုံးသတ်ကြတော့မလား။ တိုင်းပြည်မရှိတဲ့ လူမျိုးဘဝကို တွန်းပို့ကြတော့မလား။ ” ဆိုတဲ့ စာသားတွေ ပါဝင်နေပါတယ်။

အခမ်းအနားမှာ ဒီသီချင်းကို နားဆင်၊ ခံစားကြည့်ရှုရသူတွေအဖို့ မျက်ရည်စို့စေသလို ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအတွက်လည်း ဝမ်းနည်းမှု ရသကို ခံစားရစေပါတယ်။

မိန့်ခွန်းတစ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က “ လက်နက်ကိုင် ပဋိပက္ခကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဒေါ်လာ ဘီလျံနဲ့ချီပြီး ပျက်စီး ဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်ပေါင်း မြောက်မြားစွာ ပေးဆပ်ခဲ့ရပါတယ်။ နေရပ် စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ တိုင်းရင်းသား လူငယ်လေးတွေဟာ ပညာရေးနဲ့ အလှမ်းဝေးပြီး ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရပါတယ်။ အကြီးမားဆုံးသော ဆုံးရှုံးမှုကတော့ ပြည်ထောင်စုရဲ့ အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက်သလို ဖြစ်ခြင်းပါပဲ။” ဆိုပြီးဖြစ်ပါတယ်။

ဒီပြောဆိုမှုတွေ၊ ဒီသီဆိုတင်ဆက်မှုတွေ၊ ဒီအခင်းအကျင်းတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ၂၀၁၉ အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA စာချုပ် လေးနှစ်ပြည့်ပွဲဟာ ဝမ်းမြောက်ဖွယ်အခမ်းအနား တစ်ခုနဲ့မတူဘဲ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ ကျော်ရှိနေပြီဖြစ်တဲ့၊ ကျိန်စာသင့်သလိုဖြစ်နေတဲ့ တိုင်းပြည်တစ်ခုအတွက် ကြေကွဲဖွယ် အလွမ်းပြဇာတ် တစ်ပုဒ် ကပြနေသလားလို့တောင် ထင်မြင်ယူဆမိကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.