ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်းအပါအဝင် ၆ ဦးကို အဂတိ တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်

ရဲမွန်

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့်အမှုကို ကျပ်သိန်း ၇၂ဝ ကျော် လာဘ်ယူကာ အမှု ရုပ်သိမ်ပေးခဲ့သည်ဆိုသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဥပဒေချုပ်ဟောင်းအပါအဝင် တရားရေးအရာရှိများနှင့် ရဲအုပ်တစ်ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာ ၂၅ ရက်နေ့က တရားစွဲတင်လိုက်ပြီဖြစ်သည်။

၎င်းတို့ခြောက်ဦးမှာ ချုပ်ရမန်ရက် မပြည့်သေးသော်လည်း ရဲတပ်ဖွဲ့ဘက်မှ အမှုတည်ဆောက်ခြင်း ပြီးပြည့်စုံသွားပြီဖြစ်သောကြောင့် ရက်မပြည့်မီ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်၏ ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက သတင်းထောက်များကို ပြောကြားသည်။

ပထမဦးဆုံးအကြိမ် ရုံးချိန်းလည်းဖြစ်သည့်နေ့တွင် ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် တရားရေးအရာရှိများကို အမှုအမှတ် ၆/၂ဝ၁၈ ဖြင့် တရားစွဲဆိုခြင်းကို တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး ရွှေပေါက္ကံ နယ်မြေ စခန်းမှူးဟောင်း (ယခင်သုဝဏ္ဏနယ်မြေ စခန်းမှူး)ရဲအုပ်ဟောင်း ချစ်ကိုကိုအတွက်ကိုမူ အမှုအမှတ် ၅/၂ဝ၁၈ ဖြင့် လက်ခံခဲ့သည်။

ထို့ပြင် တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က အမှုအမှတ် ၆/၂ဝ၁၈ အတွက် တရားလိုပြသက်သေ ၃၉ ဦးနှင့် အမှုအမှတ် ၅/၂ဝ၁၈ အတွက် တရားလိုပြသက်သေ ၁၈ ဦးတို့ကို တရားရုံးသို့ တင်သွင်းခဲ့သည်။

အမှုကို တရားသူကြီး ဒေါ်စိုးစိုးအောင် စစ်ဆေးမည်ဖြစ်ရာ အမှုအမှတ် ၅/၂ဝ၁၈ အတွက် ဒုတိယအကြိမ်ရုံးချိန်းကို အောက်တိုဘာ ၄ ရက်နေ့သို့လည်းကောင်း၊ ၆/ ၂ဝ၁၈အတွက် ရုံးချိန်းကို အောက်တိုဘာ ၅ ရက်နေ့သို့လည်းကောင်း ပြန်လည် ချိန်းဆိုခဲ့သည်။

ပထမအကြိမ်ရုံးချိန်းသို့ လေ့လာသူအဖြစ် လာရောက် နားထောင်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုအမှုကို တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစွဲတင်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးသမိုင်းတွင် တိုးတက်ပြောင်းလဲမှုဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အမှုကိုကိုင်တွယ်မည့် တရားသူကြီးဒေါ်စိုးစိုးအောင်သည် သမာသမတ်ရှိသူဖြစ်ကြောင်းနှင့် အမှုကို တရားမျှတစွာဖြင့် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စီရင်ဆုံးဖြတ်သွားမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“သမာသမတ်ကျတဲ့ တရားသူကြီးဆိုတော့ စိတ်ချရမယ်လို့ ယုံကြည်ပါတယ်။ သူက နာမည်ကောင်းရှိတဲ့ တရားသူကြီး တစ်ပါးပါ။ သူနဲ့ဆိုရင် မျှမျှတတနဲ့ မြန်မြန်ဆန်ဆန် ပြီးသွားပါလိမ့်မယ်။ သူက အချိန်မဆွဲတတ်ဘူးဗျ”ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဥပဒေချုပ်ဟောင်းအပါအဝင် ခြောက်ဦးအား ရဲများက တရားရုံးသို့ ခေါ်ဆောင်လာချိန်တွင် တရားစွဲဆိုခံရသူများ၏ မိသားစုဝင်များက တရားရုံးပြင်ပနှင့် ပုရဝဏ်အတွင်း တရားစွဲဆိုခံရသူများအား မီဒီယာများက ဓာတ်ပုံနှင့် ဗီဒီယိုများ မရိုက်ကူးနိုင်ရန် ရဲလုံခြုံရေးများကို ကျော်လွန်ကာ ပဝါများ၊ ထီးများဖြင့် ကာကွယ်ပေးခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ထိုသို့ကာကွယ်ပေးရာတွင် မိသားစုဝင်များသာမက တရားရုံးဝန်ထမ်းတချို့လည်း ပါဝင်ခဲ့သော်လည်း ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့မူက တရားရုံးဝန်ထမ်းများသည် ရုံးလုံခြုံရေးကြောင့်သာ ပုရဝဏ်အတွင်း တရားစွဲဆိုခံရသူများကို ဓာတ်ပုံအရိုက်မခံရစေရန် ကာကွယ်ပေးခြင်းဖြစ်သည်ဟု သတင်းထောက်များကို ဖြေကြားခဲ့သည်။

သို့သော် တရားရုံး ပုရဝဏ်ပြင်ပတွင် ဓာတ်ပုံနှင့် ရုပ်သံရိုက်ကူးခြင်းများကို တရားရုံးဝန်ထမ်းများက တားဆီးပိုင်ခွင့် မရှိဟု ၎င်းက ပြောသည်။

ကျပ်သိန်း ၇၂ဝ ကျော်လာဘ်ယူမှုကြောင့် ဖမ်းဆီးခံထားရသူများမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး)ရဲအုပ်ချစ်ကိုကိုတို့ ဖြစ်ကြသည်။

၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အများဆုံး ၁၅ နှစ် ချမှတ်ခံရနိုင်ပြီး ပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အများဆုံး ၁ဝ နှစ် ချမှတ်ခံရနိုင်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

လူမှုကွန်ရက်ပေါ်တွင် ဟာသဗီဒီယိုများဖြင့် လူသိများလာသူ အောင်ရဲထွေးသည် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ညက ရန်ကုန်ရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲ၌ ရန်ပွဲတစ်ခုတွင် ရရှိခဲ့သည့် ဒဏ်ရာဖြင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့သည်။ ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ် ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြပြီးနောက် အမှုရင်ဆိုင်ခဲ့ကြရသည်။

အမှုအား စစ်ဆေးနေစဉ် ဇူလိုင် ၂၅ ရက်နေ့တွင် အမှုအား ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုလိုက်သည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဖမ်းဆီးအမှုရင်ဆိုင်နေရသူ သုံးဦးအား လွှတ်ပေးခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် အမှုအား ပြန်လည်စစ်ဆေးနိုင်ရေး ဆောင်ရွက်ရန် သမ္မတက ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ညွှန်ကြားပြီး အမှုအား ပြန်လည်သုံးသပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အရှေ့ပိုင်းခရိုင်တရားရုံး၏ ဇူလိုင်လအတွင်း ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်က စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး အမှုတွဲဖိုင်ကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြန်လည် လွှဲပေးခဲ့သည်။

တိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်ကြောင့် လူသတ်မှုတွင် ပါဝင်သည်ဟုဆိုသူ သုံးဦးကို ဖမ်းဝရမ်း ပြန်ထုတ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.