မမြင်ကွယ်ရာက ဥပဒေအရာရှိတွေရဲ့လုပ်ပိုင်ခွင့်နဲ့ သူတို့ရင်ဆိုင်နေရတဲ့ဖိအား

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကို တရားစွဲဆိုရတဲ့ ဥပဒေအရာရှိတွေဟာ ဘယ်အမှုတွေကတော့ဖြင့် တရားရုံးကို ပို့မယ်လို့ဆုံးဖြတ်ရာမှာ အရေးပါသင့်ပါတယ်။ ဒါပေမဲ့ သူတို့အခန်းကဏ္ဍနဲ့ စွဲချက်တွေကို ပ လပ်မလား ဆက်စွဲမလားဆိုတာနဲ့ပတ်သက်ပြီး သူတို့ရင်ဆိုင်နေရတဲ့ ပုံမှန်မဟုတ်တဲ့ ဖိအားတွေဟာ လူထုရဲ့ဝေဖန်မှုကိုတော့ သိပ်မခံရပါဘူး။

ရဲမွန် ရေးသားသည်။

ကျယ်ကျယ်ပြန့်ပြန့်မသိကြသေးတာက ရာဇဝတ်မှုတွေမှာ ဥပဒေအရာရှိတွေလို့ သိထားကြတဲ့ အစိုးရရှေ့နေတွေဟာ ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားတဲ့ တပ်မတော်အောက်မှာ ရှိနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဆုံးစွန်အနေနဲ့ သမ္မတကို တာဝန်ခံရပါတယ်။ ရှေ့နေချုပ်ရုံးရဲ့ ရှေ့တန်းဝန်ထမ်းတွေအဖြစ် သူတို့ဟာ အနည်းဆုံး စာရွက်ပေါ်မှာတော့ တရားရုံးကို ပို့ဆောင်တဲ့အမှုတွေကို ဖော်ထုတ်တာ၊ ထောက်ခံတင်ပြတာ လုပ်ရာမှာတော့ အဓိကကျသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်နဲ့ အဲဒီစနစ်ရဲ့ မအောင်မြင်မှုအကြောင်းတွေကို ဆွေးနွေးရာမှာတော့ သူတို့ရဲ့အခန်းကဏ္ဍကို ဖော်ပြခဲပါတယ်။ အရပ်သားအစိုးရကတော့ တရားစီရင်ရေးအပေါ် သြဇာလွှမ်းမိုးမှုမရှိဘူးလို့ ပြောလေ့ရှိပါတယ်။

ငါးနှစ်သက်တမ်းအတွက် ကက်ဘိနက်အဆင့်ရှိ ရှေ့နေချုပ်တစ်ဦးကိုခန့်အပ်ဖို့ ၂၀၀၈ အခြေခံဥပဒေက သမ္မတကို အာဏာအပ်နှင်းထားပါတယ်။ ရှေ့နေချုပ်ရဲ့အခန်းကဏ္ဍက ဥပဒေရေးရာအကြံပြုချက်တွေပေးဖို့၊ အဆိုပြုထားတဲ့ ဥပဒေတွေကိုစိစစ်ခြင်းလို ဥပဒေဆိုင်ရာကိစ္စတွေမှာ တာဝန်ပေးခံရပြီး သမ္မတကို ပြန်ပြီးအစီရင်ခံဖို့ဖြစ်ပါတယ်။ ရှေ့နေချုပ်လက်အောက်မှာ ဒုတိယရှေ့နေချုပ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နဲ့ တရားရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေအရာရှိတွေရှိကြပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကခန့်အပ်တဲ့ တရားလွှတ်တော်ချုပ်မှာလည်း ရှေ့နေချုပ်ရဲ့ အာဏာနဲ့တူညီတဲ့ အာဏာမျိုးရှိပါတယ်။ ဥပဒေအရာရှိရဲ့ စိစစ်အကြံပြုတဲ့ကဏ္ဍကို ၂၀၁၆ ခုနှစ်က ရှေ့နေချုပ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်တစ်ခုရဲ့အောက်မှာ သတ်မှတ်ပြဋ္ဌာန်းပါတယ်။ ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် အထောက်အထား အဓိကအနေနဲ့ ကနဦးသတင်းအချက်အလက်အစီရင်ခံစာနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေကို သက်ဆိုင်ရာဥပဒေရုံးကို လွှဲပြောင်းပေးပို့ပြီး အကြံပြုချက် တောင်းခံပါတယ်။

ဥပဒေအရာရှိတစ်ယောက်ဟာ သက်သေအထောက်အထားကို သုံးသပ်ပါတယ်။ တဖန် အထောက်အထားဟာ တရားရုံးကို တင်ပြလောက်အောင် အားကောင်းတယ်လို့ သူတို့ (ဥပဒေအရာရှိတွေ)က ဆုံးဖြတ်ရင် သက်ဆိုင်ရာတရားရုံးကို သူတို့လွှဲပေးပါတယ်။ တနည်းအားဖြင့်တော့ သူတို့ဟာ ဒီအထောက်အထားကို ရဲတွေဆီပြန်ပို့ပြီး နောက်ထပ်စုံစမ်းစစ်ဆေးဖို့ ပြောကြားနိုင်သလို အမှုလုံးဝပိတ်ပစ်ဖို့လည်း ထောက်ခံချက် ပေးနိုင်ပါတယ်။

၂၀၁၈ စက်တင်ဘာလက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဟန်ထူးနဲ့ တရားသူကြီးတစ်ဦးအပါအဝင် တခြားအရာရှိ ငါးဦးကို ကျပ်သန်း ၇၀ လာဘ်ယူပြီး ဖေ့စ်ဘွတ်ခ် ဟာသသရုပ်ဆောင် အောင်ရဲထွေးကိုသတ်ဖြတ်မှုနဲ့ သံသယရှိသူ သုံးဦးကို စွဲချက်တင်ထားတာ ရုပ်သိမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။

အဲဒီအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်မှာ ဆက်လက်စစ်ဆေးလျက်ရှိပါတယ်။ ကော်မရှင်ရဲ့ စွဲချက်တွေအရ စစ်ဆေးပြီးပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ်က ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။

ဦးဟန်ထူးကို စွဲထားတဲ့အမှုရဲ့ အကျိုးဆက်ကြောင့် အမှုတွေရုပ်သိမ်းဖို့တင်ပြလာတဲ့အခါ အထောက်အထားတွေက အားနည်းကြောင်း တွေ့ရှိရင်တောင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက အမှုတွေရုပ်သိမ်းတာကို အတည်ပြုဖို့ ဆန္ဒမရှိဘူးလို့ ရှေ့နေဒေါ်ဇာလီအေးက စက်တင်ဘာ ၁၂ က Frontier ကို ပြောခဲ့ပါတယ်။

သူက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့မိသားစုက တိုင်တန်းခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဒလမြို့နယ်က သက်ငယ်မုဒိမ်းမှုတစ်ခုကို ကိုးကားပြောကြားခဲ့တာပါ။ နောက်ပိုင်းမှာ မိန်းကလေးက သူဟာ စွပ်စွဲခံရတဲ့ ဆရာတစ်ဦးကို လက်ထပ်ချင်လို့ လုပ်ကြံဖန်တီးတာပါလို့ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးကို ထွက်ဆိုခဲ့ပါတယ်။

အဲဒီအမှုမှာ ရဲတပ်ဖွဲ့က အထောက်အကူပြုတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာကို မတင်ပြခဲ့ဘူးလို့ ဒေါ်ဇာလီအေးက ပြောပါတယ်။ မိန်းကလေးရဲ့မိသားစုဟာ ပြစ်မှုဆိုင်ရာတိုင်တန်းချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီးတဲ့နောက် အမှုရုပ်သိမ်းဖို့ မြို့နယ်ဥပဒေအရာရှိက ထောက်ခံချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီထောက်ခံချက်ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ပယ်ချခဲ့ပြီး ဒီနှစ်ဇူလိုင်လမှာ တောင်ပိုင်းခရိုင်တရားရုံးက အဲဒီဆရာကို မုဒိမ်းမှုနဲ့အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

မကြာသေးခင်ကာလအတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တစ်ခုကတော့ လူထုက ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မိန်းကလေးတစ်ဦးရဲ့အမှုပါ။ သူ့အသက်က မေလ ၁၆ ရက်မှာ နေပြည်တော်က ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရစဉ်က နှစ်နှစ်နဲ့ ၁၁ လပါ။

ရှေ့နေဦးခင်မောင်ဇော်ကတော့ တရားခံအဖြစ်စွပ်စွဲခံရတဲ့ အဲဒီကျောင်းက ဒရိုင်ဘာအောင်ကြီးခေါ် ကိုအောင်ကျော်မျိုးအတွက် လိုက်ပါဆောင်ရွက်နေသူဖြစ်ပါတယ်။ အောင်ကြီးဟာ မတရား အမှုဆင်ခံရတာဖြစ်တယ်လို့ လူအများကတော့ ယူဆနေပါတယ်။ သူ့ရဲ့အမှုသည်က ကျူးလွန်ကြောင်းပြဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့ ဦးခင်မောင်ဇော်က Frontier ကို စက်တင်ဘာလ ၁၂ ရက်က ပြောပါတယ်။

ရဲတပ်ဖွဲ့က အမှုနဲ့ဆက်နွယ်တဲ့ သက်သေအထောက်အထား ရှာမတွေ့တာကြောင့် အောင်ကြီးကို ဇွန်လက စွဲချက်မတင်ဘဲ ဖမ်းပြီးခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လအစောပိုင်းမှာပဲ သူ့ကို ပြန်ဖမ်းပြီး စွဲချက်တင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကပြင်ဆင်တဲ့ ကနဦးသတင်းအချက်အလက်အစီရင်ခံစာနဲ့ အမှုစစ်အရာရှိရဲ့ထွက်ဆိုချက်မှာ မိန်းကလေးငယ်နဲ့အင်တာဗျူး မပါဝင်တဲ့အတွက် ဥပဒေအရာရှိတွေအနေနဲ့ ကန့်ကွက်မှုပြုလုပ်သင့်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

အောင်ကြီးအပေါ်စွဲချက်မတင်မီ ရဲတပ်ဖွဲ့ဟာ မိန်းကလေးငယ်နဲ့ သူ့မိဘတွေကို တွေ့ဆုံမေးမြန်းသင့်တယ်လို့ ရဲမှူးဟောင်း မိုးရန်နိုင်က Frontier ကို ပြောပါတယ်။ သူကတော့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရဲတပ်ဖွဲ့ရဲ့ထောင်ချောက်ဆင် ဖမ်းဆီးခံရတာဖြစ်ကြောင်း ထွက်ဆိုပြီးနောက် ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံရပြီး ထောင်ဒဏ်တစ်နှစ်ချခံခဲ့ရသူဖြစ်ပါတယ်။ ဥပဒေအရာရှိတွေဟာ ရဲတပ်ဖွဲ့က ဒီလိုလုပ်ဖို့ ပျက်ကွက်တာကို သတိပြုသင့်ပြီး ရဲတပ်ဖွဲ့အစီရင်ခံတာကို ငြင်းပယ်သင့်ကြောင်း သူကဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ မုဒိမ်းမှုတွေမှာ ခိုင်မာတဲ့အထောက်အထားတွေကို ရှာဖွေစုဆောင်းဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဥပဒေအရာရှိတွေအနေနဲ့ ရဲတပ်ဖွဲ့က သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်ဆိုတာ သေချာအောင်လုပ်ဖို့လည်း လိုအပ်ပါတယ်လို့ ရဲမှူးဟောင်း မိုးရန်နိုင်က ပြောပါတယ်။ “ဗစ်တိုးရီးယားအမှုမှာ တကယ်လို့သာ အောင်ကြီးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာခံရရင် ရဲတပ်ဖွဲ့ရော ဥပဒေအရာရှိတွေရော တာဝန်ယူဖို့ လိုပါလိမ့်မယ်” လို့ သူကဆိုပါတယ်။

စက်တင်ဘာလ ၁၁ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ဒီအမှုရဲ့ကြားနာမှုတစ်ခုမှာ ဗီဒီယိုကနေ အထောက်အထားပေးခဲ့တဲ့ ကျူးလွန်ခံရတဲ့ မိန်းကလေးကို အောင်ကြီးနဲ့ တခြားသူလေးဦးတို့ရဲ့ရုပ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ သူ့ကိုကျူးလွန်စော်ကားတဲ့သူ ဘယ်သူလဲလို့ မေးတဲ့အခါမှာတော့ ကလေးမလေးက ဆယ်ကျော်သက်နှစ်ဦးရဲ့ပုံကို ထောက်ပြခဲ့ပြီး အောင်ကြီးကိုတော့ မသိဘူးလို့ဆိုပါတယ်။

ဗစ်တိုးရီးယားအမှုအတွက် ကြားနာစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ကျေကျေ ထမ်းဆောင်နေတဲ့ ဥပဒေအရာရှိတွေရဲ့အရေးပါမှုကိုလည်း မီးမောင်းထိုးပြလိုက်ပါတယ်။ ဒါကတော့  အစိုးရရှေ့နေတွေ၊ ဒါမှမဟုတ် ရှေ့နေခမတတ်နိုင်တဲ့အမှုတွေမှာ တရားခံဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို ဆိုလိုပါတယ်။ သာဓကအနေနဲ့ ၂၀၁၇ ဇန်နဝါရီလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်မှုနဲ့ ဒီနှစ် ဖေဖော်ဝါရီလက အပြစ်ရှိကြောင်းချမှတ်ခံရတဲ့ ဦးကြည်လင်းရဲ့အမှုလိုမျိုးမှာပါ။

ရဲအရေးပိုင်တဲ့၊ ဒါမှမဟုတ် ကြီးလေးတဲ့ပြစ်မှုမျိုးတွေမှာတောင် ရဲတပ်ဖွဲ့ဟာ ပုဒ်မတပ်ရန် ဆုံးဖြတ်ချက်မချခင်မှာ စိစစ်ဖို့အတွက် ဥပဒေအရာရှိတွေဆီကို အမှုတွဲတင်ဖို့လိုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အမှုကိုတည်ဆောက်ဖို့ သက်သေအထောက်အထား ဘယ်လိုစုဆောင်းရမယ်ဆိုတာ ဥပဒေအရာရှိတွေဆီက လမ်းညွှန်မှုကိုလိုက်နာဖို့ တာဝန်ရှိတယ်လို့ လုပ်သက် နှစ်နှစ်ဆယ်ရှိခဲ့တဲ့ ဥပဒေအရာရှိအငြိမ်းစား ဦးထွန်းမြင့်က Frontier ကို ပြောပါတယ်။

“ရဲတပ်ဖွဲ့က ဥပဒေအရာရှိတွေဆီက သဘောထားမှတ်ချက်ရယူဖို့ အမှုတွေကို ပို့ပေးရတယ်။ ရဲတပ်ဖွဲ့က သူတို့ရဲ့အကြံပြုချက်ကို လိုက်နာဖို့လိုတယ်” လို့ သူကပြောပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ရဲတပ်ဖွဲ့ဟာ ဒီလိုအကြံပြုချက်ကို လျစ်လျူရှုတတ်လို့ ဖြစ်ကတတ်ဆန်း စုံစမ်းစစ်ဆေးမှုတွေအတွက်တော့ ဥပဒေအရာရှိတွေကို အပြစ်မတင်သင့်ဘူးလို့ ဦးထွန်းမြင့်ကဆိုပါတယ်။

ပြစ်မှုဆိုင်ရာ တရားဝင်လုပ်ထုံးလုပ်နည်းတွေမှာ ဥပဒေအရာရှိတွေကို တာဝန်ပေးထားတဲ့  ထိန်းချုပ်ကန့်သတ်တဲ့ အခန်းကဏ္ဍရှိပေမဲ့ ရဲတပ်ဖွဲ့မှာ လုံလောက်တဲ့အထောက်အထားရှိတယ်ဆိုရင် ဥပဒေအရာရှိတွေက လိုက်ပါဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့ကတောင်းဆိုနိုင်တယ်လို့ ရဲမှူးဟောင်း မိုးရန်နိုင်က ခံယူထားပြီး သူ့ရဲ့ရဲဝန်ထမ်းဘဝမှာ အကြိမ်တော်တော်များများ အဲဒီအတိုင်းဆောင်ရွက်ခဲ့တယ်လို့ သူကပြောပါတယ်။

“တခါတလေ သူတို့အကြံပြုချက်အတိုင်း မလိုက်နာရင် ဥပဒေအရာရှိတွေက ရဲစခန်းလာပြီး မကျေမနပ် ကန့်ကွက်လာတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်ကိစ္စမှာတော့ ဘယ်တုန်းကမှ အရေးယူမခံရဘူး။ ဘာဖြစ်လို့လဲဆိုတော့ (ဒီလိုအကြံပြုချက်ကို လျစ်လျူရှုရတာနဲ့ပတ်သက်လို့) ကျွန်တော့်မှာ အကြောင်းပြချက်ကောင်းတစ်ခု အမြဲတမ်းရှိနေခဲ့လို့ပဲ” လို့သူကပြောပါတယ်။

အစိုးရဥပဒေအရာရှိတွေဟာ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်ခဲတယ်လို့ တရားခံရှေ့နေနဲ့ မြန်မာရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကြီးမြင့်က Frontier ကို ပြောပါတယ်။

တကယ်လို့သာ ဥပဒေအရာရှိတွေနဲ့ တရားရုံးတွေကသာ လူ့အခွင့်အရေးကို လေးစားမယ်ဆိုရင် ၆၆(ဃ)နဲ့ ၅၀၅(က)တို့နဲ့ တရားစွဲခံရတဲ့သူတွေဟာ ဘယ်တော့မှ ထောင်ထဲရောက်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ ၂၀၁၃ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အရ အွန်လိုင်းအသရေဖျက်မှုနဲ့ လက်နက်ကိုင်ဝန်ထမ်းတွေကို ပုန်ကန်ဖို့ လှုံ့ဆော်မှုနဲ့ဆိုင်တဲ့ ကိုလိုနီခေတ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က) တို့နဲ့ဆိုင်တဲ့အမှုတွေကို သူကရည်ညွှန်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ဦးထွန်းမြင့်ကတော့ ဒီဝေဖန်မှုကို ပယ်ချပါတယ်။ သူက ဥပဒေအရာရှိတွေဟာ ဒီလိုအမှုမျိုးတွေမှာ တရားခံတွေကို ပိုမိုသက်ညှာတဲ့ ပြစ်ဒဏ်တွေချဖို့ တရားသူကြီးတွေကို မေတ္တာရပ်ခံလေ့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးက တခါတလေ လာဘ်ပေးခြင်းနဲ့လည်း ဆက်နွယ်နေတတ်တယ်လို့ သူက ဝန်ခံပါတယ်။

“တရားခံမိသားစုတွေက တံစိုးလက်ဆောင်တွေ၊ ဒါမှမဟုတ် ငွေကြေးပေးတာကို လက်ခံတဲ့ ဥပဒေအရာရှိတွေဟာ ကြားနာမှုတွေမှာ အမှန်တရားမပေါ်ထွက်အောင် သေသေချာချာ အသေးစိတ် ကြိုတင်ပြင်ဆင်ပါလိမ့်မယ်။ ဒါမှသာ တရားရုံးက ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချလို့မရမှာပါ” လို့ သူကပြောပါတယ်။ “ဒါ့အပြင် အဲဒီဥပဒေအရာရှိတွေဟာ တခါတလေမှာ အဲဒီမိသားစုရဲ့ ခြိမ်းခြောက်တာကိုလည်း ခံရတတ်တယ်” လို့ ထပ်ပြောပါသေးတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုတွေကို တရားစွဲရုံကလွဲလို့ ဥပဒေအရာရှိတွေမှာ တခြားရွေးချယ်စရာမရှိဘူးလို့ ဦးထွန်းမြင့်က ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြိုတင်အတည်ပြုချက်ယူဖို့ လိုအပ်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် ကြိုတင်သတ်မှတ်ချက် တစ်ခုဖြစ်နေရတာထက် ဒီလိုအမှုအားလုံးကို လိုက်ပါဆောင်ရွက်ဖို့ ဘာ့ကြောင့် ရှေ့နေချုပ်ရုံးနဲ့ သူ့ဥပဒေအရာရှိတွေကို မဖြစ်မနေတောင်းဆိုနိုင်ရသလဲဆိုတာ ဖရန်တီယာက ရှင်းရှင်းလင်းလင်းမသိပါဘူး။

အသရေဖျက်တယ်ဆိုတဲ့ အွန်လိုင်းကပြောဆိုမှုတွေရဲ့ နောက်ကွယ်ကလူတွေကို ဖော်ထုတ်အတည်ပြုရာမှာ ဝန်ကြီးဌာနက အရေးပါတဲ့ကဏ္ဍက ပါဝင်နေတယ်လို့ ဒေါ်ဇာလီအေးက ပြောပါတယ်။ သူက ဦးထွန်းမြင့်ပြောတာကို သဘောတူပြီး ဝန်ကြီးဌာနက အတည်ပြုထားတဲ့အမှုတစ်ခုကို ပယ်ချဖို့က ဥပဒေအရာရှိတွေအတွက် မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

လူထုအနေနဲ့ ဥပဒေရယ်၊ သက်သေအထောက်အထား ကြားနာမှုတွေရယ်ကို ဦးစွာနားမလည်ဘဲ အမှုတွေကို ကြိုတင်ခန်မှန်းလေ့ရှိတယ်လို့လည်း ဦးထွန်းမြင့်ကပြောပါတယ်။

“ဦးမင်းထင်ကိုကိုကြီးအမှုကို မမျှတဘူးလို့ သူတို့ဘယ်လိုပြောနိုင်လဲ” လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တပ်မတော်ကို ဝေဖန်တဲ့အမှုနဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က) အရ အင်းစိန်မြို့နယ်တရားရုံးက သြဂုတ်လ ၂၉ ရက်က ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်တဲ့ အသက် ၅၇ နှစ်အရွယ် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအမှုကိုရည်ညွှန်းပြီး သူကပြောလိုက်တာဖြစ်ပါတယ်။ ဥပဒေအရာရှိတွေဆီတင်သွင်းတဲ့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲမှာ ဘာပါရှိတယ်ဆိုတာ ဝေဖန်သူတွေက မသိပါဘူးလို့ ဦးထွန်းမြင့်က ဆိုပါတယ်။

“ဥပဒေအရာရှိတွေဟာ ဥပဒေကို အမြဲတမ်း လိုက်နာနေရတယ်” လို့ သူကဆိုပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်သူများ ဇူလိုင် ၆ ရက်က အင်းစိန် စီအိုင်ဒီရုံးသို့ လမ်းလျှောက်ချီတက်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.