တရုတ်ပြည်သို့ လူကုန်ကူးခံအမျိုးသမီးများ၏ ဆိုးရွားသည့်ဘဝကို အစီရင်ခံစာတစ်စောင်၌ ဖော်ပြထား

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှ အမျိုးသမီးလေးများ လူကုန်ကူးရောင်းစားခံရပြီး တရုတ်ပြည်ဘက်တွင် မတော်မတရား ပြုကျင့်နှိပ်စက်ခံရပုံ၊ ကလေးမွေးပေးရပုံများကို Human Rights Watch အဖွဲ့၏ အစီရင်ခံစာတွင် စိတ်မချမ်းမြေ့ဖွယ်ရာ ဖော်ပြထားသည်။

အမည်ကိုဖော်ပြထားခြင်းမရှိသော ကချင်အမျိုးသမီးတစ်ဦးသည် အသက် ၁၆ နှစ်အရွယ်တွင် သူ့ယောင်းမလုပ်သူက တစ်ဘက်နိုင်ငံသို့ လူကုန်ကူးရောင်းစားခြင်းခံခဲ့ရသည်။ ၁၆ နှစ်အရွယ် ကချင်မလေးမှာ တဘက်နိုင်ငံတွင် အခန်းတစ်ခန်းထဲ၌ တစ်လ၊ နှစ်လကြာအောင် သော့ပိတ်ခံထားရသည်။

“ထမင်းစားချိန်ရောက်ရင် ထမင်းလာပို့တယ်။ ကျွန်မကတော့ ငိုနေတာပေါ့။ ထမင်းလာပို့တဲ့ တရုတ်က ထမင်းလာပို့တိုင်း ကျွန်မကို မုဒိန်းကျင့်ပါတယ်” ဟု ကချင်မလေးက HRW ကို ပြန်ပြောင်းပြောပြခဲ့သည်။

ထိုကချင်မလေးမှာ HRW က တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော အသက်မသေ ကျန်ရစ်သူ အမျိုးသမီး ၃၇ ဦးထဲမှ တစ်ဦးဖြစ်သည်။

“တို့ကို ကလေးမွေးပေးမှ နင့်ကိုပြန်လွှတ်မယ်” မြန်မာပြည်မှ ကချင်သတို့သမီးလေးများ တရုတ်ပြည်သို့ ရောင်းစားခံနေရပုံ (Give Us a Baby and We’ll Let You Go: Trafficking of Kachin “Brides” from Myanmar to China) ဟု ခေါင်းစဉ်တပ်ထားသော စာမျက်နှာ ၁၁၂ မျက်နှာပါ အစီရင်ခံစာကို အသက်မသေကျန်ရစ်သော အမျိုးသမီး ၃၇ ဦး အား လူတွေ့မေးမြန်းကာ ရေးသားထားခြင်းဖြစ်သည်။

လူကုန်ကူးခံရသူများသည် သူတို့ မိသားစုများအပါအဝင် သူတို့ယုံကြည်ရသော လူများကိုယ်တိုင်က သူတို့ကို တရုတ်ပြည်တွင် အလုပ်အကိုင်များရမည်ဟုပြောကာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃,ဝဝဝ မှ ၁,၃ဝဝဝ အထိဖြင့် တရုတ်မိသားစုများထံ ရောင်းစားခံခဲ့ကြရသည်ဟု ပြောပြကြသည်။

အမျိုးသမီးများမှာ အခန်းတစ်ခန်းတွင် သော့ပိတ်ခံထားရပြီး ကိုယ်ဝန်ရှိလာသည့်တိုင်အောင် မုဒိန်းကျင့်ခံကြရသည်မှာ တစ်ပုံစံတည်းလိုပင်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာအာဏာပိုင်နှင့် တရုတ်အာဏာပိုင်များကလည်း မသိကျိုးကျွံပြုကာ မျက်နှာလွှဲနေကြသည်။ ဤတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့၍ ကိုယ်ချင်းမစာယုတ်မာသော လူမှောင်ခိုသမားများက ကချင်အမျိုးသမီးလေးများကို ဘဝလှောင်အိမ်တွင်း ရောင်းစားကာ ပြောမပြနိုင်လောက်အောင် ဒုက္ခပင်လယ်ဝေကြရလေသည်ဟု HRW အစီရင်ခံစာ ရေးသားသူ အမျိုးသမီး Ms. Heather Barr က အစီရင်ခံစာတွင် ရေးသားထားသည်။

အသက်မွေးစရာ အလုပ်ကမရှိ၊ အခြေခံလူ့အခွင့်အရေးကိုပင် ကာကွယ်ပေးမည့်သူလည်း မရှိရှာကြသော အမျိုးသမီးငယ်လေးများမှာ လူကုန်ကူးသမားများ၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်သွားကြလေတော့သည်။ လူကုန်ကူးသမားများအဖို့ နယ်စပ်မျဉ်း၏ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးမှ ဥပဒေအရ အရေးယူခံရမည်ကိုလည်း သိပ် စိုးရိမ်စရာမရှိချေ။ တရုတ်မိသားစုများသည် ‘သတို့သမီး’ ကို ယခုလောက် လိုချင်လှသည်မဟုတ်ပဲ ကလေးရဖို့ကိုသာ စိတ်ဝင်စားကြပုံရသည်ဟု ရောင်းစားခံ အမျိုးသမီးများက ပြောပြကြသည်။

“ကလေးမွေးပြီးသောအခါ တခါတရံ ထွက်ပြေးလွတ်မြောက်ဖို့ အခြေအနေများရရှိလာတတ်သည်။ သို့သော် သူတို့ဝမ်းနှင့် လွယ်မွေးခဲ့ရသောကလေးကို အပြီးအပိုင် စွန့်ပစ်ထားခဲ့ရသည့် စိတ်ဝေဒနာကိုတော့ အကြီးအကျယ်ခံစားကြရသည်။ မြန်မာပြည်ပြန်ရောက်၍ ဘဝကိုပြန်လည်ထူထောင်ရန် ကြိုစားကြရာတွင် ထိုစိတ်ဒဏ်ရာနှင့် အရှက်သိက္ခာကျရသည့် ဝေဒနာတို့ကို ရင်ဆိုင်ကြရသည်။ သူတို့ကို ကူညီထောက်ပံ့ပေးမည့် ဝန်ဆောင်မှုကလည်း မရှိသလောက်ပင် ရှားပါးလှသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုအစီရင်ခံစာအတွက် HRW က လူတွေ့မေးမြန်းခဲ့သော လူကုန်ကူးခံ အမျိုးသမီးများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် နေရပ်ပြောင်းရွှေ့ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်သူ တစ်သိန်းကျော်ထဲမှ အမျိုးသမီးများဖြစ်သည်။ တရုတ်များက ကလေး ယောက်ျားလေးကိုသာ ပို၍လိုချင်ကြသည်။ ၁၉၇၉ နှင့် ၂ဝ၁၅ ခုနှစ်အကြားကျင့်သုံးခဲ့သော ကလေးတစ်ဦးသာယူရမည့် One-child policy ကြောင့် တရုတ်ပြည်တွင် အိမ်ထောင်ဖက် အမျိုးသမီး မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။

အချို့မိသားစုများသည် လက်ထပ်လောက်သော အမျိုးသမီး မရှိသောကြောင့် လူကုန်ကူးလာသော အမျိုးသမီးများနှင့် မိန်းကလေးများကိုသာ ဝယ်ယူနေကြရသည်။ ‘သတို့သမီး’ လုပ်ရန် တရုတ်ပြည်ဘက်ကို လူကုန်ကူးရောင်းစားခံကြရသော အမျိုးသမီးနှင့် မိန်းကလေးအရေအတွက် မည်မျှရှိမည်ကို ခန့်မှန်းရန်ခက်ကြောင်း၊ မြန်မာအစိုးရကမူ ၂ဝ၁၇ ခုနှစ်တွင် လူကုန်ကူးမှု ၂၂၆ မှု ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် အဖြစ်မှန်မှာ ထိုကိန်းဂဏန်းထက် များစွာပိုမည်ဟု ယုံကြည်ရကြောင်း HRW က ပြောသည်။

မြန်မာပြည်နှင့် တရုတ်ပြည်တို့မှ လုံခြုံရေးတာဝန်ရှိသူများသာမက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထဲမှ အရာရှိများအပါအဝင် လုံခြုံရေးတာဝန်ခံများကလည်း လူကုန်ကူးခံရသူများ ပြန်ရရေးအတွက် ဆောင်ရွက်ကြိုးပမ်းမှုကို သိပ်မတွေ့ရဟု အစီရင်ခံစာတွင် ဖော်ပြသည်။

မိသားစုဝင်များက ရဲဌာနသို့သွားရောက် အကူအညီတောင်းသောအခါ မောင်းထုတ်ခံကြရကြောင်း၊ လုပ်ဆောင်ပေးစေလိုလျှင် ငွေကြေးအရင်ပေးရမည်ဟု တောင်းကြသည်ဟု ဆိုသည်။ အိမ်မှ ထွက်ပြေးပြီး တရုတ်ရဲများထံ သွားရောက် အကူအညီတောင်းသောအခါ၌လည်း တခါတရံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ချခံကြရသည်။ လူကုန်ကူးရာဇဝတ်မှုကျူးလွန်ခံကြရသူ ဓားစာခံများအဖြစ် ဆက်ဆံခြင်း မခံကြရချေ။

မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ အာဏာသက်ရောက်ရေးအတွက် ကြိုးပမ်းမှုတွင် အဂတိလိုက်စားမှုများ ရှိနေခြင်းက အတားအဆီးအခက်အခဲဖြစ်နေသည်ဟု အမည်မဖော်လိုသူ လူကုန်ကူးမှု ကျွမ်းကျင်ပညာရှင်တစ်ဦးကို ကိုးကား၍ အစီရင်ခံစာက ဖော်ပြထားသည်။

ပွဲစားများက ငွေပေးလာဒ်ထိုးနိုင်ကြသဖြင့် မည်သည့်အခါမှ အဖမ်းမခံရဘဲ အမြဲလွတ်မြောက်နိုင်ကြသည်။ ရဲများ၊ တရားရုံးများနှင့် နယ်ခြားစောင့်တပ်များအားလုံး တံစိုးလက်ဆောင်ယူနေကြသည်ဟု ယမန်နှစ်က ရန်ကုန်တွင် တွေ့ဆုံမေးမြန်းစဉ် အဆိုပါကျွမ်းကျင်သူက HRW ကိုပြောပြခဲ့သည်။

Ms. Barr က မြန်မာနှင့် တရုတ်အစိုးရတို့ကိုလည်းကောင်း၊ KIO အဖွဲ့ကိုလည်းကောင်း လူကုန်ကူးမှုကို တားဆီးပေးကြရန်၊ လူကုန်ကူးခံဓားစာခံများကို ကူညီကယ်ဆယ်ပေးကြရန်နှင့် လူကုန်ကူးသူများကို ရုံးတင်တရားစွဲ အပြစ်ပေးကြပါရန် ပန်ကြားခဲ့သည်။ အစိုးရက မလုပ်သည့်အလုပ်များကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ဆောင်နေကြသော ဒေသတွင်း အဖွဲ့အစည်းများအား လူကုန်ကူးခံဓားစာခံ အမျိုးသမီးငယ်များ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန်အတွက် အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့ကူညီကြပါရန်လည်း တိုက်တွန်းလိုက်သည်။

အမည်မဖော်သော မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်တစ်ဦးက “လူကုန်ကူးခံဓားစာခံတွေအတွက် ပေးနေတဲ့ ဝန်ဆောင်မှုတွေက လုံးဝလုံလောက်မှုမရှိပါ” ဟု ပြောကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။ မြန်မာအစိုးရ လူမှုဝန်ထမ်းဌာနသည် လေးစားခံရသောဌာနဖြစ်ကြောင်း၊ သို့သော် သူတို့တွင် လုပ်ကိုင်စရာ အရင်းအမြစ်၊ ငွေကြေးပစ္စည်း မရှိကြကြောင်း အဆိုပါသံတမန်က ပြောသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.