မြန်မာ့ရုပ်ရှင်ရွှေခေတ်ကို ပြန်လည်အသက်သွင်းကြမည့် မျိုးဆက်သစ်များ

လာမည့်နှစ်တွင် မြန်မာရုပ်ရှင်ရာပြည့်ပွဲတော်ကို ကျင်းပတော့မည်ဖြစ်သော်လည်း ရုပ်ရှင်လောကက နိုင်ငံတကာစင်မြင့်တွင် ဝင်တိုးနိုင်ခြင်းမရှိသေးပေ။ သို့သော် မျိုးဆက်သစ်ဒါရိုက်တာများ၏ အားထုတ်မှုများများကြောင့် ထိုအခြေအနေမှာ မကြာမီ ပြောင်းလဲသွားဖွယ်ရှိနေသည်။

Delphine thouvenot နှင့် Richard sargent /အေအက်ဖ်ပီ

မြန်မာ့ရုပ်ရှင်ရွှေခေတ်ကို ပြန်လည်အသက်သွင်းရန် မျိုးဆက်သစ်ဒါရိုက်တာများက ကြိုးပမ်းလာချိန်တွင် နောက်ဆုံးထွက်ရှိလာသည့် မြန်မာ့ရုပ်ရှင်ကားများ၌ လျှို့ဝှက်ရတနာသိုက်ကို အသေအလဲ အပြိုင်ရှာဖွေကြပုံ၊ ကားများအပြိုင်မောင်း၍ လိုက်လံတိုက်ခိုက်သည့် ဇာတ်ဝင်ခန်းများ ပါဝင်လာသည်။

၁၉၆၂ ခုနှစ်မတိုင်မီက မြန်မာ့ရုပ်ရှင်လောကသည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင်တို့ အာဏာသိမ်းပြီးနောက် တီထွင်ဖန်တီးမှုများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်း၊ နိုင်ငံတကာနှင့် အဆက်ဖြတ်ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတကာနှင့် ဆက်ဆံမှုများ စတင်ပွင့်လမ်းလာခဲ့သော်လည်း ရုပ်ရှင်လောက ပြန်လည်ခေါင်းထောင်မလာနိုင်ခဲ့သေးသောကြောင့် နိုင်ငံတကာစင်မြင့်တွင် ဝင်မတိုးနိုင်သေးပေ။ လာမည့်နှစ်ဆိုလျှင် မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော်ကျင်းပရန်ပင် ပြင်ဆင်နေကြပေပြီဖြစ်သည်။

“ရုပ်ရှင်လုပ်ငန်းက ဒီနိုင်ငံနဲ့ အတူတူပါပဲ၊ နှစ် ၁ဝဝ ကြာခဲ့ပေမယ့်လည်း နာလံမထူသေးပါဘူး” ဟု အသက် ၆၆ နှစ်အရွယ် ဒေါ်ဆွေဇင်ထိုက်က ပြောသည်။ ၎င်းသည် ဆယ်စုနှစ်ပေါင်းများစွာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် လည်းကောင်း၊ အကြံပေးတစ်ဦးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သူဖြစ်သည်။ အလွန်အကျွံ သရုပ်ဆောင်မှုများဖြင့် မျက်စိရှက်စရာ၊ စိတ်ပျက်စရာကောင်းလောက်အောင် ညံ့ဖျင်းသောကားများကို ကုန်ကျစရိတ်အနည်းငယ်ဖြင့် အမြောက်အမြား လှည့်ထုတ်နေသော မြန်မာရုပ်ရှင်ကားများကို နိုင်ငံတကာမှ ရုပ်ရှင်ဖြန့်ချိသူများက စိတ်မဝင်စားကြပေ။

သို့သော် ပြည်ပတွင် ရုပ်ရှင်ပညာများသင်ယူခဲ့ကြသော လူငယ်ဒါရိုက်တာ လက်တစ်ဆုပ်စာခန့်ကမူ မြန်မာ့ရုပ်ရှင်အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးစားနေကြသည်။ အသက် ၂၉ နှစ်ရှိ လူငယ်ဒါရိုက်တာ အာကာဝင်းသည် မြန်မာပြည် ပြန်မလာမီက စင်ကာပူတွင် ရုပ်ရှင်လုပ်ငန်းကို လေ့လာသင်ယူခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ရုပ်ရှင်ရိုက်ကွင်းတွင် ဒါရိုက်တာအာကာဝင်းအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ရုပ်ရှင်ရိုက်ကွင်းတွင် ဒါရိုက်တာအာကာဝင်းအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

၂ဝ၁၈ ခုနှစ်တွင် သူ၏ ဇာတ်ကား ဒုဌဝတီကိုလွန်၍ (The Mystery of Burma) တွင် ဇာတ်လိုက်သည် ဖုံးကွယ်နေသော ဘုရားကျောင်းကြီးတစ်ခုတွင် မြှုပ်နှံထားသော ရှေးဟောင်းပတ္တမြားကြီးကို လိုက်လံရှာဖွေနေသူအဖြစ် သရုပ်ဆောင်ထားပြီး Steven Spielberg ၏ Indiana Jones နှင့် Jon Turteltaub ၏ National Treasure တို့ကဲ့သို့ အက်ရှင်ခန်းများ အပြည့်ပါဝင်သည်။

“ကျွန်တော်တို့ အမီလိုက်ဖို့ ကြိုးစားနေတယ်” ဟု သူက AFP ကို ရန်ကုန်မြို့တွင် ပြောကြားသည်။

“အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားက ရုပ်ရှင်ကားတွေ နိုင်ငံတကာကို ရောင်းနေရပြီ။ ဒီမှာ အဲဒီအဆင့်ကို မရောက်သေးဘူး” ဟုလည်း သူက ပြောသည်။

မျိုးဆက်သစ်နဲ့ အဟောင်းတို့ကြားက ပဋိပက္ခ

မြန်မာနိုင်ငံ၏ လှပသော ရှုခင်းတွေနောက်ခံတွင် စတန့်ဆန်ဆန် ရိုက်ကူးထားသည့် သူ့ရဲ့ ရုပ်ရှင်ကားက ပရိသတ်အသစ်များကို ရုပ်ရှင်ရုံထဲရောက်အောင် ဆွဲခေါ်နိုင်ခဲ့သည်ဟုဆိုကာ အာကာက ဂုဏ်ယူနေသည်။

သို့သော် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံစုစုပေါင်း ၁၅၄ ရုံအား ကုမ္ပဏီနှစ်ခုကသာ ထိမ်းချုပ်ထားရာ ဒါရိုက်တာနှင့် သရုပ်ဆောင်အသစ်များအတွက် ရွေးချယ်စရာလည်း သိပ်မရှိလှပေ။

အလျင်စလိုနှင့် ရုပ်ရှင်တစ်ကားကို အပြီးရိုက်ကြလေရာ သရုပ်ဆောင်ရွေးချယ်မှု၊ ထုတ်လုပ်မှုများကို စနစ်တကျ လုပ်ချိန်မရကြပေ။ ရုပ်ရှင်ဇာတ်ညွှန်းမှာလည်း နည်းပါးလှသော ဘတ်ဂျက်ကို ငဲ့ညာ၍ အဆင်ပြေအောင် ရေးပေးကြရသည်။ ၂ဝ၁၈ ခုနှစ်တွင် ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ဝက်လောက်မှာ DVD ကားအဖြစ်နှင့်သာ နိဂုံးချုပ်ခဲ့ကြသည်။

“မနှစ်ကအထိ ကျွန်မမှာ မျှော်လင့်စရာဆိုလို့ လုံးဝမရှိခဲ့ဘူး” ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ပြောသည်။ ၎င်းသည် လွန်ခဲ့သည့် ၁ဝ နှစ်ကတည်းက New York ရုပ်ရှင်ပညာသင်ကျောင်းမှ ဆင်းလာခဲ့သူဖြစ်ပြီး မကြာခင်ကမှ မြန်မာ့ရုပ်ရှင်လောကထဲ ထိုးဖောက်ဝင်ရောက်လာသူဖြစ်သည်။

“ဒီက သရုပ်ဆောင်အများစုဟာ တစ်နှစ်ကို ဇာတ်ကား ၂ဝ အထိ လက်ခံရိုက်ကြတာ။ ကျွန်မနဲ့ဆိုရင် ၆ လလောက် အလုပ်လုပ်ကြရမယ်ဆိုတာ သူတို့ သိထားကြတယ်” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင် ဆူပါဟီးရိုးများ၊ သရဲတစ္ဆေနှင့် Zombie ရုပ်ရှင်အမျိုးအစားများ လွှမ်းမိုးနေသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင် အာကာရော၊ ခရစ္စတီးနားပါ နှစ်ယောက်လုံး အရွေးမခံခဲ့ရပေ။ ထို့ကြောင့် လူထုကြားတွင် အငြင်းအခုန်ဖြစ်ခဲ့ရသည်။ ၎င်းတို့ကဲ့သို့ ဒါရိုက်တာများအတွက် မြန်မာ့ရုပ်ရှင်ပင်မ ရေစီးကြောင်းထဲ လက်ခံရန်မှာ အဓိကစိန်ခေါ်မှုပင်ဖြစ်သည်။

လူအများသဘောကျလက်ခံကြသော မုဒြာရဲ့ ခေါ်သံ ‘Mudras Calling’ တွင် အမေရိကန်၌ ကြီးပြင်းသော မြန်မာလူငယ်တစ်ယောက် မြန်မာ့ဇာစ်မြစ်ကို ပြန်လည်တွေ့ရှိပုံ၊ ချစ်ကြိုက်မိပုံကို ခရစ္စတီးနား၏ ခင်ပွန်းဖြစ်သူက သရုပ်ဆောင်ထားသည်။ မြန်မာ့ရုပ်ရှင်ဆုပေးပွဲတွင် ထိပ်တန်းဆုများ ရရှိမည်ဟု တစ်ပေးခြင်းခံရသော်လည်း မည်သည့်ဆုမှ မရရှိခဲ့ပေ။ ဒေါသထွက်နေကြသော သူမ၏ပရိသတ်က ဆုရအခြားဒါရိုက်တာတစ်ဦး၏ ဇာတ်ကားအား သပိတ်မှောက်ရေးကို ဆိုရှယ်မီဒီယာမှ စည်းရုံးလှုံ့ဆော်ခဲ့ကြရာ အမုန်းပွားခဲ့ရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာက ရုပ်ရှင်ရိုက်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

၂၀၁၈ ခုနှစ် ဒီဇင်ဘာက ရုပ်ရှင်ရိုက်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က “မြန်မာ့ရုပ်ရှင်လုပ်ငန်းတွေ ငွေကြေးအရင်းအနှီးများများစိုက်ထုတ်၊ နည်းပညာအသစ်တွေ ရအောင်လုပ်ပြီး မျိုးဆက်အသစ်နဲ့ အဟောင်းတွေအနေနဲ့ ဒါရိုက်တာအသစ်တွေကို ကြိုဆိုပြီး မျိုးဆက်သစ်တွေကလည်း ဝါရင့်စီနီယာတွေကို တန်ဖိုးထားလေးစားကြစေချင်ပါတယ်” ဟု ပြောသည်။

Soft Power

Cannes ရုပ်ရှင်ပွဲတော်တွင် Midi Z သည် နိုင်ငံတကာက သိရှိသော ဒါရိုက်တာဖြစ်လာသည်။ သို့သော် မြန်မာနိုင်ငံဖွား သူသည်လည်း ထိုင်ဝမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

နေပြည်တော်တွင် ရုပ်ရှင် စတူဒီယိုတစ်ခုထူထောင်ရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်နေသည်။ သို့သော် အများ မျှော်လင့်တောင့်တနေသလို ရုပ်ရှင်လုပ်ငန်းတွင် နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှု ကင်းဝေးချင်မှ ကင်းဝေးနိုင်ပေလိမ့်မည်။

အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကယ်ဒမီဆုပေးပွဲကို ဖွင့်လှစ်ပေးရင်း ရုပ်ရှင်လုပ်ငန်းကို အသုံးချ၍ နိုင်ငံ့ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် Soft Power ကို အသုံးချရန် တိုက်တွန်းခဲ့သည်။

လက်နက်ကိုင်လူမျိုးစု ပဋိပက္ခများပြည့်နှက်နေသော နိုင်ငံတွင် ရုပ်ရှင်၏ သြဇာကြီးမားပုံကို စစ်တပ်ကလည်း ကောင်းကောင်းသဘောပေါက်ထားသည်။

မျိုးချစ်တပ်မတော်သားများက လူဆိုးသူပုန်များအား ရွတ်ရွတ်ချွံချွံ အသက်ပေး တိုက်ကြပုံများအား ပြသသည့် ဇာတ်ကားများကို နှစ်စဉ် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ငွေကုန်ကြေးကျခံကာ ရိုက်ကူးလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးနေသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သည်။

ထိုရုပ်ရှင်ရိုက်ကူးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်၌ပင် ကော်မတီဖွဲ့စည်းထားသည်။ နိုင်ငံခြားမှ ရုပ်ရှင်ထုတ်လုပ်သူများကမူ မြန်မာပြည်ကို ရိုက်ကွင်းအဖြစ်အသုံးပြုရန် မျက်စိကျနေကြသည်။ ဟောင်ကောင်ရုပ်ရှင် ‘Line Walker 2’ အား ရန်ကုန်တွင် လာရောက်ရိုက်ကူးစဉ်က ကားများ တန်းစီ ပေါက်ကွဲပုံ သည်းထိတ်ရင်ဖို ရိုက်ကွက် မြင်ကွင်းများကို ရန်ကုန်လူထု မြင်တွေ့လိုက်ကြရသည်။

ဟောလိဝုဒ်မင်းသား Nicolas Cage က သူ၏ သိပ္ပံဝတ္ထုရုပ်ရှင်ကား ‘Jiu Jitsu’ ဇာတ်ကားရိုက်ကူးရန် မကြာမီ မြန်မာပြည်လာမည်ဟု ကောလာဟလသတင်းထွက်ပေါ်နေသည်။ ဤကားများကို အက်ရှင်ကား အရူးအမူးကြိုက်သော မြန်မာများ အကြိုက်တွေ့ကြမှာ သေချာလှသည်။

ညဘဝနှင့် ဖြေဖျော်မှု သိပ်မရှိလှသော မြန်မာနိုင်ငံတွင် ရုပ်ရှင်ကားကောင်းတွေ ရိုက်ထုတ်ရန်မှာ မြန်မာရုပ်ရှင်ထုတ်လုပ်သူများ၏ တာဝန်သာဖြစ်သည်ဟု ဒါရိုက်တာအာကာက ပြောသည်။

“အားပေးမယ့် ပရိသတ်ကတော့ ဒီမှာ ရှိနေပါပြီ၊ ကျွန်တော်တို့က ကားကောင်းတွေ ရိုက်နိုင်ဖို့ပဲလိုတယ်” ဟု သူကပြောသည်။

ခေါင်းစီးဓာတ်ပုံ- ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ ရုပ်ရှင်ရိုက်ကွင်းတစ်ခု၌ ဒါရိုက်တာခရစ္စတီးနားခီက သရုပ်ဆောင် ပိုင်ဖြိုးသုအား ဇာတ်ဝင်ခန်းအကြောင်း ပြောကြားနေစဉ်။

ဦးကိုကို ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.