မြန်မာ့အယ်လ်ဂျီဘီတီ လူ့အဖွဲ့အစည်းနှင့် ဥပဒေဟောင်းအစွဲအလမ်းများ

မြန်မာ့အယ်လ်ဂျီဘီတီလူ့အဖွဲ့အစည်းသည် သူတို့၏လူမှုဘဝ နေထိုင်မှုကို ပြစ်မှုမြောက်စေသည့် အိုဟောင်းနေသော ဥပဒေများ လူ့အဖွဲ့အစည်း၏ ရက်စက်သောသဘောထားများကို ရင်ဆိုင်နေရသည်။

ဟိန်းကိုစိုးနှင့် ဝင်းဇာနည်အောင်တို့ရေးသားသည်။

ကျော်မျိုးသည် ထိုနေ့ကဝင်လာသော ဖုန်းခေါ်ဆိုမှုကို အမှတ်ရနေသည်။ ဆန့်ကျင်ဘက်လိင်လို ဝတ်စားထားသော အမျိုးသား(မိန်းမလျာ)နှင့် သူ့အမျိုးသားတို့သည် ကိုယ့်ကိုယ်ကို သတ်သေရန်ကြံစည်ပြီး ဓာတုဆေးဝါးများကို သောက်သုံးခဲ့ကြသည်။ သူတို့ခမျာ နာကျင်မှုဝေဒနာကို မခံစားနိုင်တော့သောကြောင့် ကျော်မျိုးထံဖုန်းဆက်ပြီး သူတို့ကို ဆေးရုံပို့ပေးရန် အကူအညီတောင်းခံခြင်းဖြစ်သည်။

သူတို့ဇနီးမောင်နှံသည် ပြီးခဲ့သောတစ်နှစ်ခန့်က တိတ်တိတ်ပုန်း လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် မန္တလေးမြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ တောင်သာမြို့တွင်နေထိုင်ကြသည်။ သူတို့မိဘများသည် သူတို့၏အချစ်ဇာတ်လမ်းကို လက်မခံကြပေ။ သို့ဖြင့် သူတို့သေကြောင်းကြံရန် အကြောင်းဖန်လာခြင်းဖြစ်သည်။

သူတို့၏အကူအညီတောင်းခံမှုသည် နောက်ကျသွားပြီဖြစ်သည်။ ကျော်မျိုးက သူတို့အိမ်သို့ အပြေးအလွှားသွားပြီး လူနာတင်ယာဉ်ခေါ်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ခဏအကြာတွင် နှစ်ဦးစလုံး ဘဝတပါးပြောင်းသွားကြရှာသည်။

“အဲဒီစုံတွဲက ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ဒါပေမဲ့ သူတို့မိဘတွေက ရှေးရိုးစွဲတွေပါ။ ဒါ့ကြောင့် သူတို့ သေကြရတာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်သူတွေဟာ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ နေရာတိုင်းမှာ ခွဲခြားဆက်ဆံမှုရှိပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ ခွဲခြားဆက်ဆံကြပါတယ်”

ထိုဇနီးမောင်နှံ သေဆုံးသွားသော်လည်း မိဘများ၏အမြင်ကမူ ပြောင်းလဲမသွားပေ။ အမျိုးသားချင်း နှစ်သက်သော ကွန်ရက်အဖွဲ့အစည်း MSM က သေဆုံးသွားသော ဇနီးမောင်နှံ၏အုတ်ဂူကို ဘေးချင်းယှဉ်ထားရှိမည်ဟု ဆောင်ရွက်သောအခါ နှစ်ဖက်မိသားစုက ကန့်ကွက်ကြသည်။

လွဲမှားသော ရှေးရိုးအယူအစွဲ

LGBT ဆိုသည့် အမျိုးသမီးချင်းနှစ်သက်သူ၊ အမျိုးသားချင်းနှစ်သက်သူ၊ အမျိုးသား၊ အမျိုးသမီးနှစ်မျိုးစလုံးကို နှစ်သက်သူ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ဝတ်စားနေထိုင်သူတွေကို ခွဲခြားဆက်ဆံမှုသည် မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည်။ ၎င်းတို့သည် လိင်တူကိုစိတ်ဝင်စားနေခြင်းမှာ အတိတ်ဘဝတွင် အကျင့်စာရိတ္တ ပျက်ပြားခဲ့သောကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်။

ယောကျ်ားလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးစိတ်ဝင်စားသူ၊ လိင်ပြောင်းသူအဖြစ် နေထိုင်ရခြင်းသည် ဒုက္ခများနိုင်သည်။ မိတ်ဆွေများ မိသားစုဝင်များ၏ ကန့်ကွက်ရှုတ်ချမှုကိုခံရနိုင်သည်။

လူအများ လက်ခံထားကြသော ယဉ်ကျေးမှုက LGBT များအား ကန့်ကွက်ရှုတ်ချမှုကို ဖြစ်ပေါ်စေသည်။ မိန်းမလျာများ၏ရုပ်သွင်ကို ရုပ်ရှင် ဗီဒီယိုများတွင် တင်ပြပုံသည်လည်း စိုးရိမ်ဖွယ်ရာကောင်းသည်။ ရုပ်ရှင် ဗီဒီယိုများတွင် မိန်းမလျာများကို ဟာသအသွင် လှောင်ပြောင်ထားသည်။ မိန်းမလျာများ၏ အများနှင့်မတူသောအသွင်ကို အရုပ်ဆိုးစွာ လှောင်ပြောင်ထားသည်။ ရုပ်ရှင်အဆုံးတွင် သူတို့သည် စိတ်ပြောင်းလိုက်ပြီး သာမန်ယောကျ်ားများအဖြစ် နေထိုင်သွားကြပုံကို ရိုက်ကူးပြသထားသည်။ သို့ဖြင့် LGBT တစ်ဦးဖြစ်နေခြင်းသည် မိမိ၏ရွေးချယ်မှုသာဖြစ်သည်ဟူသော မှားယွင်းသည့်အယူအဆကို ရှင်သန်စေသည်။  

မိတ်ကပ်ပညာရှင်ဖြစ်ပြီး မိန်းမလျာဖြစ်သူ လင်းလင်း။ ဓာတ်ပုံ - သူရဇော်

မိတ်ကပ်ပညာရှင်ဖြစ်ပြီး မိန်းမလျာဖြစ်သူ လင်းလင်း။ ဓာတ်ပုံ – သူရဇော်

ရုပ်ရှင်လောကတွင် မိတ်ကပ်ပညာရှင်ဖြစ်ပြီး မိန်းမလျာဖြစ်သူ လင်းလင်းက ရုပ်ရှင် ဗီဒီယိုများတွင် LGBT များကို သရုပ်ဖော်ပြသပုံကို သူ စိတ်မကောင်းဖြစ်မိကြောင်း၊ ယင်းတို့မှာ ဟာသသက်သက်ထက် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။

ရုပ်ရှင်ထုတ်လုပ်သူများသည် LGBT များကို လိင်စိတ် လွန်ကျူးသူများအဖြစ် သရုပ်ဖော်ထားသည်။ ၎င်းတို့က ရုပ်ရှင်တွင်ပါဝင်မည့် LGBT ဇာတ်ကောင်များအတွက် LGBT လူ့အဖွဲ့အစည်းဝင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိကြကြောင်း သူကဆိုသည်။

လင်းလင်းက LGBT များကို မကောင်းသောဇာတ်ရုပ်ဖြင့် ပြသထားသော ရုပ်ရှင်များအတွက် သူအလုပ်လုပ်ကိုင်မပေးကြောင်း ပြောပြသည်။ သူသည် အခြား LGBT အဖွဲ့ဝင်များနှင့်အတူ ရုပ်ရှင်များတွင် LGBT ဇာတ်ကောင်များအား တိကျမှန်ကန်စွာ သရုပ်ဖော်ပြသရန် ၎င်းတို့ရင်ဆိုင်နေရသော စိန်ခေါ်မှု အခက်အခဲများကို စာနာသည့်ဇာတ်လမ်းများကိုသာ ရိုက်ကူးရန် စည်းရုံးဆွဲဆောင်လျက်ရှိသည်။

LGBT များကို အထင်သေးရှုတ်ချခြင်းသည် ကိုလိုနီခေတ် ဥပဒေတစ်ခုကြောင့် ပိုမိုဆိုးရွားစေသည်။ ယင်းဥပဒေက လိင်တူဆက်ဆံမှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။ ပြစ်မှုဆိုင်ရာဥပဒေ၏ ပုဒ်မ ၃၇၇ တွင် အမျိုးသား၊ အမျိုးသမီး၊ တိရစ္ဆာန်များနှင့် သဘာဝကိုဆန့်ကျင်သည့် လိင်ဆက်ဆံမှုမျိုးမပြုရန် တားမြစ်ထားသည်။

ထိုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမျိုး နည်းပါးသော်လည်း ရဲများသည် ယင်းဥပဒေကိုသုံးပြီး မိန်းမလျာများ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ MSM ထံမှ ငွေညှစ်ရန်၊ ခြိမ်းခြောက်ရန်၊ နှောင့်ယှက်ရန်ကြိုးစားကြသည်ဟု လင်းလင်းကပြောသည်။

ရဲများသည် အမှောင်ထဲတွင် လိင်တူချစ်သူများ ချစ်တင်းနှောနေသည်ကို ဖမ်းမိပါက ၎င်းတို့ထံမှ ငွေညှစ်ကြသည်။ သာမန်ရည်းစားစုံတွဲများကိုမူ ထိုသို့မလုပ်ဆောင်ကြပေ။ ဘာကြောင့် ရဲများက ထိုသို့ ခွဲခြားဆက်ဆံကြသနည်း။

မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းသည် မိန်းမလျာများနှင့်ပတ်သက်ပြီး အယူအဆမှားများ ရှိနေကြသည်ဟု လင်းလင်းက ပြောသည်။ မိန်းမလျာအားလုံးသည် လိင်စိတ်လွန်ကဲသူများ ဖြစ်ကြသည်ဟု ယုံကြည်ကြသည်။

ဘယ်သောအခါမှ နောက်ကြောင်းမပြန်

၂၀၁၈ ခုနှစ်အစပိုင်းတွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ National Youth Policy ခေါ် အမျိုးသား လူငယ်ရေးရာ မူဝါဒတွင် လူငယ်များကို ၎င်းတို့၏လိင်နှစ်သက်မှုအရ ခွဲခြားဆက်ဆံမှုကို တားမြစ်ထားသည်။ ဥပဒေ၏ ပုဒ်မ ၂၄ (င) နှင့် ၂၆ (င) တွင် LGBT လူငယ်များကို “special consideration” ဆိုသည့်အထူးစဉ်းစားဖွယ်ရာ ထိုက်တန်သောလူငယ်များအဖြစ် ဖော်ပြထားသည်။ သို့ဖြင့် တရားဥပဒေအရ အကာအကွယ်ရရှိနိုင်သည်။ သို့သော် အသက်အရွယ်မရွေးသော LGBT များအတွက် အကျိုးရရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေဆဲဖြစ်သည်။

ပြီးခဲ့သောနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ MSM ကွန်ရက်အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားမြှင့်တင်ရေး ကော်မတီနှင့်တွေ့ဆုံခဲ့သည်။ သူတို့သည် LGBT များပါဝင်နိုင်သော ပွဲများဖော်ဆောင်ပေးရန်၊ ကျန်းမာရေး ဝန်ဆောင်မှုပေးရာတွင် LGBT များကို ခွဲခြားဆက်ဆံခြင်းမပြုရန်၊ HIV ကူးစက်မှုနှုန်းကိုလျှော့ချရန်နှင့် ယင်းကိစ္စဆိုင်ရာ မှားယွင်းယူဆမှုများကိုဖြေရှင်းရန်၊ ရုပ်ရှင် ဗီဒီယိုများကြောင့် LGBT များအပေါ် အထင်အမြင် လွဲမှားမှုကိုဖြေရှင်းရန်၊ ဥပဒေတွင် LGBT များကို ညီမျှသော အခွင့်အရေးပေးရန် စသည်များကိုဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့က (သူများထက်) ပိုသာတဲ့အခွင့်အရေးတွေ မလိုအပ်ပါဘူး။ ခွဲခြားဆက်ဆံမှုမရှိဘဲ ညီတူညီမျှ အခွင့်အရေးရရှိဖို့ပဲ တောင်းဆိုနေတာပါ” ဟု MSM ကွန်ရက်ဥက္ကဋ္ဌ ကိုနေလင်းကပြောသည်။ MSM ကွန်ရက်သည် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ပေးထားသော PITCH စီမံကိန်းဟုသိကြသည့် Partnership to Inspire, Transform and Connect the HIV Response ၏ အထောက်အပံ့ဖြင့် လုပ်ကိုင်နေသော ကွန်ရက်အဖွဲ့အစည်းဖြစ်သည်။

“ကျွန်တော်တို့က သာမန်သမားရိုးကျ လိင်နှစ်သက်မှုမျိုးကို ဘယ်တော့မှ ပြန်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်တွေထဲမှာ LGBT ဟာသဇာတ်ကောင်က သာမန်နှစ်သက်မှုမျိုး ပြန်ရသွားတယ်လို့ ဖော်ပြလေ့ရှိကြတယ်။ ဒါ့အပြင် ကျန်းမာရေးကဏ္ဍမှာလည်း ကျွန်တော်တို့ကို ခွဲခြားဆက်ဆံနေတာတွေရှိပါတယ်” ဟု ကိုနေလင်းက ပြောသည်။

မိုးကြိုးငှက်ငယ်လေးများ ကဇာတ်အဖွဲ့။ ဓာတ်ပုံ - အန်းဝမ်

မိုးကြိုးငှက်ငယ်လေးများ ကဇာတ်အဖွဲ့။ ဓာတ်ပုံ – အန်းဝမ်

ပြည်သူလွှတ်တော်ကော်မတီ၏ အတွင်းရေးမှူးဖြစ်သော ဒေါက်တာသန်းဝင်းက သူသည် MSM ကွန်ရက်နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ သူတို့၏လုပ်ဆောင်မှုများကို ထောက်ခံကြောင်းပြောသည်။

“LGBT တွေနဲ့ ဒါ့ထက်ပိုပြီး တွေ့ဆုံဖို့လိုအပ်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ခွဲခြားဆက်ဆံမှုတွေနဲ့ ရုပ်ရှင်တွေထဲမှာ အထင်အမြင်လွဲမှုတွေ ရှိနေသေးလို့ပါ” ဟု သူက ဆိုသည်။

အခြားပြဿနာ တစ်ခုမှာ အစိုးရဝန်ထမ်းများသည် LGBT များ ရင်ဆိုင်နေရသော စိန်ခေါ်မှုအခက်အခဲများကို နားမလည်ကြခြင်းဖြစ်သည်ဟု ဒေါက်တာသန်းဝင်းက ပြောပြသည်။

LGBT အခွင့်အရေးလှုပ်ရှားသော အဖွဲ့အစည်းဖြစ်သည့် Colors Rainbow သည် ထိုအခက်အခဲများကို အများပြည်သူ သိရှိလာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအဖွဲ့က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ ကို ပြန်လည်သုံးသပ်ရန် အကြံပေးလျက်ရှိသည်။ ထို့ပြင် အမျိုးသားများက အမျိုးသမီးများပေါ် ကျူးလွန်မှသာ မုဒိန်းမှုအဖြစ် သတ်မှတ်ထားသော ပုဒ်မ ၃၇၅ ကိုလည်း ပြန်လည်သုံးသပ်ရန် အကြံပေးထားသည်။ သို့ဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော LGBT များမှာ အကာအကွယ် မရရှိနိုင်ဘဲဖြစ်နေကြသည်။

Colors Rainbow ၏ လက်ထောက်ဒါရိုက်တာဖြစ်သော ကိုလှမြတ်က ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် အချိန်ကြာမြင့်နိုင်ကြောင်း၊ အများပြည်သူ၏ အထင်အမြင်ပြောင်းလဲလာမှုပေါ်တွင် မူတည်ကြောင်း၊ အများပြည်သူ၏အမြင်သည် တဖြည်းဖြည်းချင်းတော့ ပြောင်းလဲလာနေကြောင်းပြောကြားသည်။

“ကျွန်တော်တို့က ဥပဒေတွေကို ပြုပြင်ဖို့ကြိုးစားနေတာ။ ဒါပေမဲ့ ဘယ်အချိန်အောင်မြင်မလဲ မသိသေးဘူး။ လူ့အဖွဲ့အစည်းကတော့ LGBT တွေအကြောင်း ပိုမိုနားလည်လာပြီး အရင်ကထက် လက်ခံလာကြပါတယ်။ ဒါပေမဲ့ အစိုးရဌာနတွေမှာ LGBT တွေအကြောင်း အပြည့်အဝ နားမလည်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့က အစိုးရဌာနကလူတွေကို အကြံပေးတာတွေ ပိုပြီးလုပ်ဆောင်နေပါတယ်” ဟု ကိုလှမြတ်က ဆိုသည်။

ပြောင်းလဲမှု အရိပ်လက္ခဏာများ

LGBT များကို လက်ခံလာအောင် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အတွင်း၌ ကိုယ်စားပြုလွှတ်တော်အမတ်များ မရှိခြင်းသည်လည်း အခက်အခဲ တစ်ရပ်ဖြစ်သည်။ သို့သော် LGBT အချို့သည် ၂၀၂၅ ရွေးကောက်ပွဲတွင် အမတ်ဝင်ရွေးရန် ကြိုးစားနေမှုများရှိသည်။ LGBT လူ့အဖွဲ့အစည်း၏အသံကို အများပြည်သူ ကြားလာနိုင်စေရန် ဖြစ်သည်။ ထိုအထဲတွင် မိန်းမလျာဖြစ်သူ ရှင်းသန့်လည်း ပါဝင်သည်။

“ဒါက ခက်ခဲမယ်ဆိုတာ ကျွန်မသိပါတယ်။ ဘယ်သူမှ လိင်ပြောင်းထားသူကို သူတို့ကိုယ်စားလှယ်အနေနဲ့ မရွေးချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် ကြိုးစားသွားမှာပါ။ လူတွေက ငါ LGBT လုပ်မယ်၊ MSM လုပ်မယ်ဆိုပြီး ရွေးချယ်ထားတာ မဟုတ်ပါဘူး။ ဒါက ကျွန်မတို့ရဲ့ဘဝပါ။ ကျွန်မတို့က ဒါကို လျစ်လျူရှုထားလို့ ရချင်ရမယ်။ ဒါပေမဲ့ ကျွန်မတို့ကလည်း လူသားတွေပါပဲ။ ဒါကြောင့် ကျွန်မတို့ကို အရှိအတိုင်း မြင်ပေးစေလိုပါတယ်” ဟု သူကပြောသည်။

အခက်အခဲများ ရှိနေသော်လည်း အပြောင်းအလဲ အရိပ်လက္ခဏာများကိုမူ မြင်တွေ့နေရသည်။

ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်များတွင် မြန်မာနိုင်ငံ၏ ငါးကြိမ်မြောက် LGBT ပွဲတော်ကို ရန်ကုန်တွင် ကျင်းပခဲ့သည်။ ယခင်က ထိုပွဲတော်ကို & PROUD ဟု ခေါ်ဆိုခဲ့သော်လည်း ကမ္ဘာတဝန်း လုပ်ဆောင်နေသော Pride လှုပ်ရှားမှုနှင့် ကိုက်ညီစေရန် ယခုနှစ်တွင် Yangon Pride ဟု အမည်ပြောင်းလိုက်သည်။

ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိပွဲကို အလုံမြို့နယ် သခင်မြပန်းခြံတွင် ကျင်းပခဲ့ပြီး တေးဂီတပွဲများ၊ ပြပွဲများ၊ ဖျော်ဖြေပွဲများနှင့် Drag Olympics ဂိမ်းပွဲများ ကျင်းပခဲ့သည်။ ထိုပွဲတွင် မြန်မာနိုင်ငံ၏ ပထမဆုံး LGBT မြစ်အတွင်း လှေစီးပွဲကို ဇန်နဝါရီ ၂၆ နေ့လယ်က ရန်ကုန်မြစ်ထဲတွင် ကျင်းပခဲ့သည်။ 

ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်ပွဲကို စမ်းချောင်းမြို့နယ်ရှိ French Institute တွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် ရုပ်ရှင်ပြသခြင်းများ၊ ဆန့်ကျင်ဘက်လိင်လိုနေထိုင်သူတွေ၏ ကျန်းမာရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ် LGBT တက်ကြွလှုပ်ရှားသူလည်းဖြစ်သော ဦးအောင်မျိုးမင်းက “LGBT တွေကြားမှာ ဒီပွဲတော် ရေပန်းစားလာတာ ကောင်းပါတယ်။ သာမန်ပြည်သူတွေကြားမှာလည်း သိရှိသူ များလာပါတယ်” ဟုပြောသည်။

“အရင်ကဆို ဒီလိုပွဲတော်တွေကို ကိုယ့်အဖွဲ့အစည်းလေးကြားမှာပဲ တိုးတိုးတိတ်တိတ် ကျင်းပရတာ။ အခုဆို အများပြည်သူကြားမှာတောင် ရေပန်းစားလာပြီ။ ကျွန်တော်တို့ ဂုဏ်ယူရပါမယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ခေါင်းစီးဓာတ်ပုံ – အန်းဝမ်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.