ကိုရိုနာအဝေးကိုပြေးဖို့ ထောင်ထဲက ချင်း(ဂျင်း) အစီအမံ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ဖို့ ထောင်တွေရဲ့အစီအစဉ်ကတော့ လက်ဆေးကန်တွေလုပ်ပေးတာ၊ပိုးသတ်ဆေးဖြန်းပေးတာနဲ့အတူ ချင်းပြုတ်ရည်တိုက်တာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ထောင်ထဲကလူစုလူဝေးကိုလျှော့ချဖို့ အကျဉ်းသားတွေလွှတ်ပေးသင့်တယ်ဆိုတဲ့စဉ်းစားချက်တွေလည်းရှိနေပါတယ်။

ရဲမွန်

“မောင်လေး မင်္ဂလာပါ မောင်လေး” လို့အစချီထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျောက်ဖို့ တမာရွက်ပြုတ်ရေသောက်ခိုင်းတဲ့ မက်ဆေ့ချ် ဟာ ခုရက်ပိုင်း Messenger ကတစ်ဆင့် လူအတော်များများဆီရောက်လာပါတယ်။ ဗိုင်းရပ်စ်ကိုတွန်းလှန်ဖို့ ကမ္ဘာတလွှားကဓာတ်ခွဲခန်းတွေမှာ ပညာရှင်တွေ အသဲအသန်အားထုတ်နေကြချိန်မှာ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဆားရည်နဲ့ တမာရွက်လို အခြေအမြစ်မရှိတဲ့ ကုထုံးတွေကလည်း ပျံ့နှံ့နေတာပါ။
ချင်းနဲ့ထန်းလျက် ပြုတ်သောက်တာဟာ အမျိုးသမီးတွေရဲ့ ဓမ္မတာနဲ့ဆိုင်တဲ့ဆေးနည်းလို့ လူသိများခဲ့တာပါ။ အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ဖို့ မြန်မာပြည်က ထောင်အချို့မှာ ချင်း(ဂျင်း) ပြုတ်ရည်က ခေတ်စားနေပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာနက အကျဉ်းသားတွေကို ချင်းပြုတ်ရည် နေ့စဉ်တိုက်ကျွေးဖို့နဲ့ ထောင်အတွင်းဆေးနေ့စဉ်ဖြန်းဖို့ ညွှန်ကြားထားတယ်လို့ မြင်းခြံအကျဉ်းထောင်ပိုင် ဦးအောင်နိုင်ဖေက အတည်ပြုပါတယ်။
ထောင်ဝင်စာသွားတွေ့တဲ့ မခင်မျိုးအောင်ကလည်း ချင်းပြုတ်ရည်သောက်ပါက ရောဂါကူးစက်ခံရမှာ မဟုတ်ဘူးဆိုပြီး အကျဉ်းထောင်ကအာဏာပိုင်တွေက အကျဉ်းသားတွေကို ရှင်းပြနေတယ်လို့ပြောပါတယ်။
“အစ်မအမျိုးသားကတောင် နင်လည်းချင်းပြုတ်ရည်သောက်တဲ့။ အဲ့ဒါဆိုရောဂါမကူးတော့ဘူးတဲ့။ ကောင်းတယ်ဆိုပြီး ပြောတယ်”လို့ မခင်မျိုးအေးက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို အကာအကွယ်ပြုသည် ဒါမှမဟုတ် ကူးစက်ခံရပါကလည်း သက်သာစေသည်ဟူသော ဆေးမြီးတိုကုထုံးများမှာ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးပျံ့နှံ့နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ မည်သည့် ဆေးဝါး၊ ဆေးဖက်ဝင်အပင်များကို အသုံးပြုရန် အကြံမပြုကြောင်း ထုတ်ပြန်ထားပါတယ်။

လူသားအားလုံးကိုခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သလို လူတွေကိုစုပြုံထားထားတဲ့ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေဟာလည်း စိုးရိမ်စရာ အနေအထားဖြစ်လာပါပြီ။
အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူက အကျဉ်းထောင်အတွင်းတွင် ကိုဗစ်နှင့်ပတ်သက်သည့် အသိပေးပိုစတာများကပ်ထားခြင်း၊ ချင်းပြုတ်ရည်တိုက်ကျွေးခြင်း၊ ဆေးဖြန်းခြင်း တို့ လုပ်ဆောင်ပေးနေတယ်လို့ တရားရုံးထုတ်တစ်ခုမှာ Frontier ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း အကျဉ်းသားများလျှော့ချရေးကို အစိုးရက ပထမဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သင့်နေပြီလို့ ပြောပါတယ်။
အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါ လူ့အဖွဲ့အစည်းကို ထိခိုက်မှုမရှိစေနိုင်သူများ၊ အသက်အရွယ်ကြီးရင့်သူများနဲ့ မနာမကျန်းဖြစ်နေသူများကိုသာ စဉ်းစားပေးရမယ်လို့လည်း သူက ဆိုပါတယ်။
နိုင်ငံတကာမှာလည်း အကျဉ်းထောင်တွေထဲက အကျဉ်းသားအရေအတွက်ကို စိစစ်လျှော့ချနေတာတွေ ရှိနေပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဒီကိစ္စဟာ ရောဂါပြန့်ပွားဖို့အတွက် စိုးရိမ်စရာအနေထားဖြစ်နေတာကြောင့် အမြန်ဆုံးကိုင်တွယ်ဖို့ အစိုးရအသီးသီးကို တိုက်တွန်းထားပါတယ်။
ဗြိတိန်က ကင်းဘရစ် မြို့မှာ ရှိတဲ့ Littlehey အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ အသက် ၈၄ နှစ်အရွယ်အမျိုးသား တစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။
မတ်လ ၂၅ရက်နေ့က ယူကေမှာ ရှိတဲ့ အကျဉ်းထောင်တွေထဲက ၁၀ ခုမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှု ရှိမရှိ စစ်ဆေးကြည့်တဲ့အခါ အကျဉ်းသား ၁၉ ယောက်နဲ့ နောက်ထပ် အကျဉ်းထောင် လေးခုမှာ ထပ်စစ်ကြည့်တဲ့အခါ အကျဉ်းထောင် ဝန်ထမ်း ၄ ယောက်တို့မှာ Covid-19 ရှိနေပြီလို့ အဲ့ဒီသတင်းကဖော်ပြပါတယ်။
ဒါ့အပြင် ထောင်သားများ ဆိုင်ရာ လုံခြုံရေး ဌာနစိတ်နဲ့ အကျဉ်းဦး စီးဌာန ထိန်းသိမ်းစောင့်ရှောက် ဆိုင်ရာ ဌာနခွဲတို့က ဝန်ထမ်း ၃ ယောက်မှာလည်း Covid-19 တွေ့ရှိခဲ့ပါတယ်။
ယူကေ က အကျဉ်းထောင်တွေမှာ ခိုင်မာတဲ့ အရံအတား အစီအမံတွေ ချမှတ်ထားပြီး လူထုကျန်းမာရေးဆိုင်ရာဌာန ၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာန စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး အကြံပေးမှု ရယူလျက် ရှိတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။
Covid-19 သံသယ ရှိသူ ဒါမှမဟုတ် တခြား ကူးစက်ရောဂါ တခုခု ရှိသူတွေ့တာနဲ့ လိုအင်ရင် သီးသန့်စီ ခွဲခြားနေခိုင်းတာ အပါအဝင် ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကောင်းကောင်း အကျဉ်းထောင်တွေမှာ ပြင်ဆင်ထားပါတယ်လို့ အကျဉ်းဦး စီးဌာန က ထုတ်ပြန်ပြောဆိုထားတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာလည်း အစိုးရအနေနဲ့ ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်နေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အကျဉ်းထောင်အတွင်း လက်ဆေးကန်တချို့လုပ်တာနဲ့၊ ဆေးဖြန်းတဲ့ သတင်းကလွဲပြီး ရောဂါကာကွယ်ရေးနဲ့ပတ်သက်တဲ့ တခြား သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။

အင်းစိန်အကျဉ်းထောင်သို့ ထောင်ဝင်စာလာတွေ့သူများအတွက် လက်ဆေးကန်များစီစဉ်ပေးထားသည်။ ဓာတ်ပုံ- သူရဇော်

အင်းစိန်အကျဉ်းထောင်သို့ ထောင်ဝင်စာလာတွေ့သူများအတွက် လက်ဆေးကန်များစီစဉ်ပေးထားသည်။ ဓာတ်ပုံ- သူရဇော်

မြန်မာနိုင်ငံက အကြီးဆုံးထောင်ဖြစ်တဲ့ အင်းစိန်ထောင်မှာတော့ ထောင်ဝင်စာတွေ့တာနဲ့ ပတ်သက်ပြီး ရက်ကန့်သတ်တော့မှာဖြစ်တယ်လို့ အကျဉ်းသားမိသားစုတွေကတဆင့် သိရပြီး ဘယ်လိုကန့်သတ်မလဲဆိုတာကိုတော့ အကျဉ်းထောင်အရာရှိတွေကို Frontier က ဆက်သွယ်နေဆဲပါ။
အင်းစိန်ထောင်ဟာ အကျဉ်းသားဦးရေ ၆၀၀၀ ဝန်းကျင်လောက်သာ ထိန်းသိမ်းနိုင်တဲ့ ထောင်ဖြစ်ပေမယ့်လက်ရှိမှာတော့ အကျဉ်းသားတစ်သောင်းကျော်အထိ ထိန်းသိမ်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ရရှိထားတဲ့ စာရင်းများအရ သိရပါတယ်။
ထိန်းသိမ်းနိုင်တဲ့ အကျဉ်းသား ထက်ဝက်ကျော်ပိုမို ထိန်းသိမ်းထားတဲ့ အင်းစိန်ထောင်ရဲ့ အနေအထားဟာ စိုးရိမ်စရာအနေအထားဖြစ်ပါတယ်။ အကျဉ်းသားတွေရဲ့ မိသားစုတွေလည်း အခုအခြေအနေအပေါ် စိုးရိမ်လျက်ရှိနေကြပါတယ်။
အင်းစိန်ထောင်မှာရှိတဲ့ ထောင်ဝင်စာလာတွေ့တဲ့မိသားစုဝင်များအတွက် နားနေဆောင်ကို Frontier ကသွားရောက်လေ့လာကြည့်ရှုတဲ့အခါမှာ လက်ဆေးစင်တွေ ပြင်ဆင်ပေးထားတာကို တွေ့ခဲ့ရပါတယ်။ လက်ဆေးပြီးမှ ဝင်ကြဖို့ကိုလည်း ဝန်ထမ်းတွေက အဆက်မပြတ် ဆော်သြနေပါတယ်။
ထောင်ဝင်စာသွားတွေ့တဲ့လူတွေကို မေးမြန်းကြည့်တဲ့အခါမှာလည်း အကျဉ်းသားများနဲ့ တွေ့ဆုံတဲ့ နေရာမရောက်ခင်အထိ လက်ဆေးရန် နေရာ သုံးခုကို ဖြတ်ရပြီး ကိုယ်အပူချိန်လည်း အဝင်နှင့်အထွက် တစ်ကြိမ်စီတိုင်းတာပေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် အကျဉ်းထောင်ကို အကျဉ်းသားမိသားစုတွေပဲ ဝင်ထွက်သွားလာနေကြတာ မဟုတ်ပါဘူး။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ဈေးဆိုင်ခန်းကဝန်ထမ်းတွေက ဥဒဟို ဝင်ထွက်သွားလာနေကြတာလည်းဖြစ်ပါတယ်။
အကျဉ်းကျနေတဲ့အမျိုးသားကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ မခင်မျိုးအောင်က လူစုလူဝေးမသွားရဘူးလို့ အစိုးရက စိုးရိမ်လို့ သတင်းထုတ်ပြန်ထားပေမယ့် လူစုလူဝေးလိုဖြစ်နေတဲ့ အကျဉ်းထောင်တွေကရော စိုးရိမ်စရာမကောင်းဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။
“စနစ်တကျစိစစ်ပြီး အရေအတွက်လျှော့ရင် အထဲမှာကျန်ခဲ့တဲ့လူအတွက်လည်း အသက်ရှုချောင်တာပေါ့ ”လို့ သူက ဆိုပါတယ်။

အဲဒီစိုးရိမ်မှုတွေဟာ အကျဉ်းသားမိသားစုတွေမှာပဲရှိနေကြတာမဟုတ်ပါဘူး။ အကျဉ်းသားတွေကိုယ်တိုင်လည်း ထောင်ထဲကိုရောဂါပိုးစရောက်လာမှာကို စိုးရိမ်လျက် ရှိနေကြပါတယ်။

“အသက်ကြီးတဲ့လူတွေလည်းရှိတယ်။ အကျဉ်းသားဦးရေအရမ်းများနေတယ်။ တခုခုဖြစ်လိုက်ရင် အစုလိုက်အပြုံလိုက်သေကြမှာလေ။ အကျဉ်းသားလျှော့ချဖို့ကို စဉ်းစားပေးစေချင်ပါတယ်”လို့ ကိုပိုင်ရဲသူက ဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.