ချားရဟတ်နှင့် ညီရင်းအစ်ကိုစိတ်ဓာတ်

မြန်မာနိုင်ငံတဝန်း ပွဲခင်းများတွင် ချားရဟတ်ကို ငယ်ရွယ်ပြီး ပေါ့ပါးဖျတ်လတ်သော လူငယ်အဖွဲ့များ၏ ကြွက်သားစွမ်းအားဖြင့် လှည့်ကြသည်။ လမ်းပေါ်တွင် လှုပ်ရှားသွားလာရသည့်ဘဝတွင် ယင်းလူငယ်များမှာ တစ်ဦးနှင့်တစ်ဦး ခိုင်မာသည့်သံယောဇဉ်ကြိုးများဖြင့် ဖွဲ့နှောင်ထားကြသည်။

စာသားနှင့် ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ ဘတ်စ်ကားအဝေးပြေးဂိတ်အနီး ပွဲခင်းတစ်ခုတွင် ခရီးလှည့်သွားနေရသည့် ပွဲဈေးလုပ်သားများ၏ သောင်းပြောင်းအဖွဲ့ကို ကျွန်‌တော်အမှတ်မထင်တွေ့သည်။ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားအများအပြားက နိုင်ငံတဝန်း ပွဲခင်းများတွင် တွေ့ရသည့် လူအားနှင့်လှည့်သည့် ချားရဟတ်များကို မြင်ရသည့်အခါ အလွန်အံ့သြကြသည်။ သို့သော်လည်း သစ်သားဟောင်းသတ္တုတို့ဖြင့်ပြုလုပ်ထားသည့် ရဟတ်များကို အသက်အန္တရာယ်အဖြစ်ခံပြီး အလုပ်လုပ်နေကြသူတို့အကြောင်းကို ကျွန်တော်က ပိုသိချင်မိသည်။

၎င်းတို့မှာ လန်ဒန်ရှိ ကျွန်တော်တွေ့ခဲ့ဖူးသည့် ခနော်နီခနော်နဲ့ ပွဲဈေးများတွင် အလုပ်လုပ်နေသော ခရီးသွားအုပ်စုများနှင့် တူလိမ့်မည်ဟု သံသယဖြစ်ခဲ့ဖူးသည်။ ကျွန်တော်မမှားခဲ့ပါ။ လှည့်လည်သွားလာ လုပ်ကိုင်စားသောက်ရသည့်ဘဝတစ်ခုက လူတမျိုးမျိုးကိုတော့ ဆွဲဆောင်နိုင်သည်။ အချို့မှာ အလုပ်ရှာရန် အိမ်မှထွက်ခဲ့ရသည်မှာ ကြာမြင့်နေခဲ့ပြီး အချို့မှာ အိမ်နှင့်ဝေးတွင် မိသားစုသစ်တစ်ခုနှင့် ဘဝတစ်ခုကို ကြိုးစားတည်ဆောက်နေရသည်။

မိတ်ဆွေတစ်ဦးက ရန်ကုန်မြောက်ပိုင်း မြောက်ဥက္ကလာပရှိ မယ်လမုဘုရားအနီး ဖုန်ထူသောကွင်းပြင်တစ်ခုမှ ပွဲခင်းသို့ ဇန်နဝါရီလက ကျွန်တော့်ကို ခေါ်သွားခဲ့သည်။ ပွဲဈေးများကို ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ပွဲတော်များတွင် ဘုရားစေတီများအနီးကျင်းပလေ့ရှိပြီး ယင်းသို့ပွဲများက ဘာသာရေးအလေးထားမှုနှင့်အတူ အပန်းဖြေမှုကို ရောနှောထားကြောင်းတွေ့ရသည်။

သစ်သား၊ သတ္တုချောင်းတို့ဖြင့် ပြုလုပ်ထားသည့် ကြီးမားသည့် ချားရဟတ်ကြီးသည် ပွဲဈေးအလယ်ဗဟိုတွင် လွင့်လွင့်မားမားရှိလေ့ရှိသည်။ ရဟတ်ကြီး၏ အောက်တွင် လူငယ်အမျိုးသားတစ်ဒါဇင်ခန့်ထိုင်နေပြီး အချို့က လုံချည်သာဝတ်ထားသည်။ ကျွန်တော့်မိတ်ဆွေ ဧည့်လမ်းညွှန် ကိုစလိုင်းနှင့်အတူ ကျွန်တော်တို့ချဉ်းကပ်လာစဉ် သူတို့က မသင်္ကာသည့်မျက်လုံးဖြင့် ကျွန်တော်တို့ကို ကြည့်နေကြသည်။ ကျွန်တော်တို့ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

ဓာတ်ပုံ - အိုင်ဗင်အိုဂျီဗီ

ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

သူတို့၏အလုပ်ရှင်က ရှိမနေဘဲ သူတို့က စကားပြောချင်ဟန်မရှိပေ။ ယင်းအုပ်စုက ကျွန်‌တော် ပထမဆုံးတွေ့သည့် အုပ်စုဖြစ်သည်။ (နောက်အုပ်စုကိုနောက်လ တောင်ဒဂုံမြို့နယ်ရှိ ပွဲခင်းတစ်ခုတွင် တွေ့ခဲ့ပြီး ယခုဆောင်းပါးအတွက် ဓာတ်ပုံများ ရိုက်ယူခဲ့သည်။)

မြောက်ဥက္ကလာပကွင်းရှိ ချားရဟတ်၏ဘေးတွင် ရဟတ်အဖွဲ့သားများ အိပ်သောဝါးတဲလေးတစ်လုံးရှိသည်။ မျက်နှာတွင် အလှဆင်အပေါက်များနှင့် ရင်ဘတ်တွင် ငှက်တစ်ကောင်၏ ကြီးမားသည့် တက်တူးပုံတစ်ခုရှိသော ကိုရော်ရဲက စီးနင်းခုံများတွင် အဝတ်ကို အချိန်ယူလျှော်ဖွတ်နေသည်။ အခြားအဖွဲ့ဝင်များက ပင်ပန်းရတော့မည့်နောက်တစ်ညအတွက် ကြို၍တမှေးအိပ်နေသည်။

သူတို့အိပ်သောဝါးတဲသည် နှစ်တစ်နှစ်၏ အချိန်အများစုအတွက် သူတို့အိမ်ဖြစ်သည်။ ပွဲဈေးတစ်ခုပြီးဆုံးချိန်တွင် သူတို့က အခိုင်အမာမဟုတ်သည့်တဲလေးကိုဖျက်ပြီး နောက်ပွဲခင်းသို့ သူတို့နှင့်အတူ ရွှေ့ယူသွားကြသည်။ ၎င်း၏ ဘဝလမ်းက ၎င်းအတွက်ကျင့်သားရနေပြီဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲလင်းမက ပြောသည်။ “ကျွန်တော်တို့ နှစ်တိုင်းပဲ ပုံစံတူအတိုင်း လှုပ်ရှားနေရတော့ အသားကျနေပါပြီ။ ဒါပေမဲ့ ကျွန်တော်မိသားစုတော့ လွမ်းပါတယ်” ဟု၎င်းကပြောသည်။

ကိုကျော်မိုးဇင်ဆီကို ကျွန်တော့်မျက်စိရောက်သွားသည်။ သူက ဖော်ရွေပြီး ကွမ်းသွေးတွေစွန်းထင်းနေတဲ့ နှုတ်ခမ်းတွေကို စေ့စေ့ထားပြုံးကာ ညာဘက်လက်တွင် အင်္ဂလိပ်လို music (တေးဂီတ) ဆိုသည့်စကားလုံးကို တက်တူးထိုးထားသော မွေးရာပါ ဆံပင်ဖြူ၊ အရေပြားဖြူ၊ ပန်းရောင်မျက်လုံးနဲ့လူ Albino ဖြစ်သည်။ သူကတော့ ဆေးပေါ့လိပ်သောက်ကာ ကျွန်တော့်မေးခွန်းများကို ဖြေရသည်မှာ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ဖြစ်ဟန်ရှိသည်။

“ကျွန်တော်တို့အားလုံး အကြမ်းဖျင်းအနေနဲ့တော့ နေရာတူက လာကြတာပါ။ ဒီလိုအလုပ်မျိုးကို သူငယ်ချင်းတွေဆီက ကြားခဲ့ပြီးမှ သူတို့နဲ့ လာပေါင်းခဲ့ကြတာပါ” ဟု၎င်းကပြောသည်။

ဓာတ်ပုံ - အိုင်ဗင်အိုဂျီဗီ

ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

“တခါတလေတော့ ကျွန်တော်တို့မိသားစုတွေကိုယ်နှိုက်က ကျွန်တော်တို့ကို လွှတ်တာပါ” ဟု ရဲလင်းမက ကြားဖြတ်ပြောသည်။ “ကျွန်တော်တို့ ရှစ်လလောက် နိုင်ငံတဝန်းခရီးသွားပြီး မိုးရာသီရောက်တော့ အိမ်ပြန်တယ်”ဟု ၎င်းကဆိုသည်။ အဖွဲ့ဝင်အများစုမှာ ရန်ကုန်အနောက်မြောက်ဖက် ကီလိုမီတာ ၁၆၀ ခန့်ကွာဝေးသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ဖြစ်သည်။

အဖွဲ့၏အကြီးအကဲမှာ အသက် ၄၅ နှစ်အရွယ်ရှိ ကိုမော်ကြီးဖြစ်သည်။ သူက အသက် ၁၄ နှစ်တွင် ချားရဟတ်အလုပ်ခွင်မှာ စတင်လုပ်ကိုင်ပြီး နောက်ပိုင်း၌ သူ့အလုပ်ရှင်၏ သမီးနှင့်လက်ထပ်ခဲ့သည်။ သူ့အလုပ်ရှင်က ယင်းစီးပွားရေးအလုပ်ကို ဆက်လုပ်ရန် စေခိုင်းခဲ့သည်။ ၎င်းတွင် ယခင်က ခပ်ငယ်ငယ် ချားရဟတ်တစ်စင်းရှိခဲ့ပြီး နောက်ပိုင်းတွင် သူကိုယ်တိုင်ဒီဇိုင်းထုတ်ခဲ့သည့် ပိုကြီးသည့်ချားရဟတ်နှင့် အစားထိုးခဲ့သည်။

တက်တူးများထိုးထားသော၊ နားဆွဲနားကပ်များဆင်ထားသော လူငယ်အများအပြားသည် ကမ္ဘာတဝန်းမှ ခရီးသွားလူ့အဖွဲ့အစည်းများတွင်တွေ့ရသည့်လအချို့ကဲ့သို့ ပေပေတေတေနေလိုသော စိတ်ဓာတ်ရှိပြီး ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောဆိုတတ်ကြသည်။

ပထမထောင်စုနှစ်နောက်ပိုင်း ယူရေးရှားတိုက်တဝန်း အနောက်သို့ ခရီးသွားခဲ့သော အိန္ဒိယမြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှ ရိုမာနီဂျစ်ပဆီများနှယ် ပွဲဈေးများတွင် အလုပ်လုပ်လေ့ရှိပြီး မြန်မာနိုင်ငံကို ရောက်လာသလိုမျိုး စဉ်းစားမိသည်။

ပြပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ၎င်းတို့သည် သနပ်ခါးအပါအဝင် မိတ်ကပ်များလည်း လိမ်းထားတတ်သည်။ ရတနာလိုမျိုး အဆင်တန်ဆာများ ဝတ်ဆင်ကြသည်။ လုံချည်နှင့် တွဲဝတ်ရန် သတ္တုခရီးဆောင်သေတ္တာထဲမှ မီးပူတိုက်ထားသည့် ရှပ်အင်္ကျီတို့ကို ဆွဲထုတ်သည်။ ခရမ်းရောင်နှင့် လိမ္မော်ရောင်ကောင်းကင်နောက်ခံတွင် ချားရဟတ်၏ မီးလုံးများနှင့် တေးဂီတသံစုံ ဖွင့်လိုက်သည့်အခါ မိသားစုအဖွဲ့များ စတင်ရောက်လာကြပြီး ယင်းလူငယ်လေးများက ကိုယ့်တာဝန်ကိုယ် ယူကြတော့သည်။

ဓာတ်ပုံ - အိုင်ဗင်အိုဂျီဗီ

ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

ချားရဟတ်၏ထိုင်ခုံများဝယ် ပူးကပ်ထိုင်နေသော ကလေးများ၏ မျက်လုံးထဲတွင် စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့ ရှိနေကြကာ မကျအောင် လက်တန်းကို အတင်းဆုပ်ညှစ်ထားကြသည်။ ချားရဟတ်ကြီးက အိုဟောင်းနေဟန်ရှိပြီး အသည်းထိတ်စရာကောင်းလောက်အောင် တကျွီကျွီမြည်နေသေးသည်။ ချောင်နေသည့် ပတ္တာများပေါ် လွှဲရမ်းနေသော ထိုင်ခုံများတွင် ကလေးများကိုင်ရန် သင့်လျော်သည့် အန္တရာယ်ကင်း ဘားတန်းများ မရှိပေ။

ချားရဟတ်၏ အချင်းက ၁၅ မီတာလောက်ရှိပြီး လူ့ကြွက်သားအင်အားသုံးဖြစ်သည်။ ပါဝါ၏ အရင်းအမြစ် လူသားများက ရဟတ်ပေါ်ရှိ ၎င်းတို့နေရာသို့ တက်မယူမီ ဆုတောင်းကြရသည်။ ချားရဟတ်၏ အခြေကို ဦးညွတ်၍ ဆုတောင်းစကား အနည်းငယ်ကို တီးတိုးရွတ်ဆိုရသည်။

၎င်းတို့ဆုတောင်းခြင်းမှာ ၎င်းတို့အန္တရာယ်ကင်းရှင်းရေးအတွက်သာမက စီးနင်းသူများအတွက်ပါ အန္တရာယ်ကင်းစေရန် ဆုတောင်းခြင်းဖြစ်သည်ဟု ပွဲခင်းများတွင် အလုပ်လုပ်နေသည်မှာ ခြောက်နှစ်ရှိပြီဖြစ်သော ရဲလင်းမက ပြောသည်။

ရဟတ်ကို စလည်စေရန် ၎င်းတို့က ညီညီညွတ်ညွတ်နှင့် လျင်လျင်မြန်မြန်လုပ်ရသည်။ ရဟတ်၏ထိပ်ပိုင်းရှိ ၎င်းတို့၏ နေရာများမှနေ၍ လည်ပတ်မှုကိုအရှိန်ရစေရန် ထိုင်ခုံများမှ တွဲလဲဆွဲရင်း ပေါင်းစည်းအလေးချိန်ကို အသုံးပြုသည်။ ၎င်းတို့မြေပြင်ရောက်သောအခါ နောက်လူအတွက် လမ်းကြောင်းဖယ်ရန် ခပ်မြန်မြန် ခုန်ထွက်ရသည်။ မြန်ဆန်သည့် စနစ်တကျလှုပ်ရှားမှုမျိုးကို ကောင်းမွန်ကျေညက်သော လေ့ကျင့်မှုဖြင့် ရရှိသည့် ကျွမ်းကျင်မှုဖြင့်သာ ဆောင်ရွက်နိုင်သည်။ သို့တိုင် လုပ်ငန်းခွင်အန္တရာယ် ကြီးမားကြောင်းကတော့ ပြောစရာမလိုပေ။

ဓာတ်ပုံ - အိုင်ဗင်အိုဂျီဗီ

ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

စီးနင်းနေသောကလေးများ၏ထိုင်ခုံက ညကောင်းကင်ယံထဲ မြောက်တက်သွား၍ ကလေးများက အသံကုန်ဟစ်အော်စဉ် ရဟတ်လည်သည့်အကြိမ်တိုင်း ရဟတ်လှည့်သည့်အဖွဲ့ဝင်တစ်ဦးက ရဟတ်ကို တွယ်ကပ်ထားရသည်။ ရဟတ်၏ပတ်လမ်းများက မိုက်ရူးရဲဆန်ဆန် ဟန်ပါပါလုပ်ဆောင်မှုကို ထိန်းချုပ်ထားသည်။

အခြေအနေတစ်ခုတွင် ရဟတ်အဖွဲ့ဝင်တစ်ဦးသည် ဘီးထောက်နှစ်ခုကြား ခြေကားလက်ကားနေရာယူပြီး တစ်ပတ်ပြည့်အောင်လှည့်သည့်အခါ ထိပ်ဆုံးရောက်ချိန် ခေါင်းကအောက် ခြေထောက်ကမိုးပေါ်ထောင်နေ၏။ နောက်တစ်ဦးက ဘီးထောက်များနင်းထားခြင်းဖြင့် မတ်တပ်အနေအထားမပျက်အောင်လုပ်နေ၏။ တစ်ဉီးကမူ အမြင့်ကိုရောက်မသွားစေဘဲ နံရံတစ်ခုကို ပြေးတက်နေသည်နှင့်တူအောင် တန်းများကိုခုန်ကူးနေသည်။

စီးနင်းမှုတစ်ခု ပြီးဆုံးသည့်အခါ ရဟတ်ကိုနှေးအောင်လုပ်ပြီးနောက် ရပ်တန့်ရသည်။ ထို့နောက် နောက်စီးမည့် ကလေးများကို ထိုင်ခုံများတွင် ထိုင်စေသည်။ ရဟတ်ဘောင်ပေါ် အမြင့်တွင် အဖွဲ့ဝင်များရှိနေစဉ် မြေပြင်ပေါ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ညွှန်ကြားသည်။ ထိုင်ခုံများတွင် လူပြည့်သည်နှင့် သူက ခရာမှုတ်သည်။ ဖရိုဖရဲဖြစ်ဟန်ရှိသည့် မြင်ကွင်းနောက်ကွယ်တွင် အဖွဲ့လိုက်လှုပ်ရှားမှုနှင့် စီစဉ်တကျရှိမှုတို့က အထင်ကြီးလောက်သည်။

၎င်းအတွက်အလုပ်လုပ်နေသော လူငယ်များသည် ဆင်းရဲသည့်မိသားစုများမှဖြစ်သည်ဟု ကိုမော်ကြီးက ပြောသည်။

“တခါတလေ သူတို့မိသားစုတွေ ငွေကြေးအခက်အခဲဖြစ်နေတာသိရင် ကျွန်တော်က အဲဒီမိသားစုဆီ ပိုက်ဆံတိုက်ရိုက်ပို့ပေးပါတယ်” ဟု၎င်းကပြောသည်။

“ကျွန်တော်က သူတို့ကို ကူညီဖို့ ကြိုးစားပါတယ်။ သူတို့လုပ်ခတွေ ကြိုထုတ်ချင်ရင်လည်း ပေးပါတယ်” ဟု ၎င်းကဆိုသည်။ ရဟတ်အဖွဲ့ဝင်အများစုမှာ အသက် ၂၅ ဝန်းကျင်ရှိသည်။ ဇနီးနှင့်ကလေးရှိကြလားဟု ကျွန်တော်ကမေးသော် မည်သူမျှဇနီး၊ ကလေးမရှိသေးဟုဆိုသည်။ လမ်းပေါ်က ဘဝသည် များစွာမှ ခက်ခဲပေလိမ့်မည်။

ဓာတ်ပုံ - အိုင်ဗင်အိုဂျီဗီ

ဓာတ်ပုံ – အိုင်ဗင်အိုဂျီဗီ

“ဒါက ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ရတဲ့အခကြေးငွေက အများကြီးမဟုတ်ပေမဲ့ လုံလုံလောက်လောက်တော့ ရှိပါတယ်” ဟုရဲလင်းမက ပြောသည်။ ကျွန်တော်တို့ ဧရာဝတီ(တိုင်းဒေသကြီး)မှာဆို တစ်နေ့ကို နှစ်ထောင်လောက်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာက ပိုရပါတယ်” ဟု ၎င်းကဆိုသည်။ ရန်ကုန်ပွဲဈေးတွင် ၎င်းတို့၏ ရရှိငွေများကိုတော့ သူကထုတ်မပြောပေ။

၎င်းတို့အဖွဲ့၏ နောက်သွားမည့်နေရာမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း တစ်နေရာဖြစ်သည်။ ယင်းနေရာက ၎င်းတို့၏နေအိမ်နှင့် ပိုနီးသွားမည်ဖြစ်ပြီး မိုးရာသီတွင်တော့ လအနည်းငယ်အနားယူရင်း လူ့ခွန်အား၊ ကျွမ်းကျင်မှုနှင့် ရဲတင်းမှုတို့ဖြင့် လုပ်ကိုင်ရသည့် နှစ်စဉ်ချားရဟတ်ပွဲများအတွက် တကျော့ပြန် စောင့်ဆိုင်းနေရပေသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.