သဘာဝရေပြင်ရှိရာ ဧရာဝတီတိုင်းသို့

သဘာဝရေကူးစရာနေရာများနှင့်ပတ်သက်သည့် ခရီးသွားစီးရီးများထဲက အပိုင်းတစ်ပိုင်းအတွက် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ကမ်းရိုးတန်းသို့ ဦးတည်ခဲ့ကြပြီး အသစ်စက်စက် ပင်လယ်ကမ်းခြေများ၊ ရှုမောဖွယ်ကျွန်းများနှင့် တံတားပေါ်က ခုန်ချအားကစားလုပ်ရာ အကောင်းဆုံးနေရာ တစ်နေရာမှာ ပျော်မွေ့ခဲ့ကြပါသည်။

စာသားနှင့်ဓာတ်ပုံ – ဒိုးမနစ်ဟော်နာ

မုတ်သုန်ရာသီကုန်ဆုံးပြီး မိုးကုန်ချိန်တွင် သဘာဝရေပြင်မှာ ရေကူးခြင်းအတွက် ကောင်းဆိုးနှစ်တန်ရှိသည်။ အဆိုးဘက်မှာ အပူချိန်မြင့်လာခြင်းနှင့် ကြည်လင်သည့်ကောင်းကင်များက နိုင်ငံတဝန်း များပြားလှသည့် ရေကူးစရာနေရာများတွင် ရေခန်းခြောက်စပြုလာခြင်းဖြစ်သည်။

အကောင်းဘက်မှာမူ မြစ်တို့မှာ တွန့်လိမ်ကာ နွံညိုရောင်ထနေသည့် မြွေကြီးပုံသဏ္ဍန်ကနေ ဆွဲဆောင်မှုရှိသော ဝဲဂယက်လှည့်နေသည့် မြစိမ်းရောင်တန်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး ယခင်က မတော်တဆထောင်ချောက်များ တွေ့နိုင်သည့်၊ သွား၍မရခဲ့သည့် ရေတံခွန်အများအပြားသည် ရေမျက်နှာပြင်ကျဆင်းမှုနှင့်အတူ နောက်တကြိမ် ရေကူးရန် အန္တရာယ်ကင်းလာခြင်းတို့ပင်ဖြစ်သည်။

ပင်လယ်ကမ်းခြေများမှာမူ ခက်ခက်ခဲခဲ စဉ်းစားစရာကိစ္စမဟုတ်ပါ။ ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ရွေးချယ်စရာများကို စဉ်းစားကြည့်လျှင် ဂေါ်ရင်ဂျီကျွန်းမှအစ ချောင်းသာအဆုံး အံ့သြရွှင်မြူးစရာတွေချည်းသာဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ဘက် ဧရာဝတီတိုင်းဒေသကြီး၏ ကမ်းရိုးတန်းတွင် လမ်းကြောင်းမရှိသေးသည့် နယ်မြေဒေသများစွာနှင့် အသစ်စက်စက်ပင်လယ်ကမ်းခြေများစွာရှိနေပြီး ဆိုင်ကယ်တစ်စင်းနှင့်ဖြစ်စေ၊ အဆင့်မြင့်အစီအစဉ်အချို့နှင့်ဖြစ်စေ ဖော်ထုတ်ရှာဖွေနိုင်သည်။ သွားရောက်သင့်သည့် အကောင်းဆုံးနေရာ အချို့ကို လမ်းညွှန်လိုက်ပါသည်။

ဆင်မကမ်းခြေ

ဆင်မကမ်းခြေသည် အထူးအဆန်းတော့ မဟုတ်ပေ။ ငွေဆောင်၏တောင်ဘက် ၄၅ မိနစ်ခန့်သွားလိုက်လျှင် ထိုသေးငယ်သည့် တံငါရွာလေးက အမှိုက်ပုံများ၊ ရှုပ်ထွေးနေသည့်ငါးဖမ်းပိုက်များနှင့်ရှိနေသော သဲသောင်ခုံအနီးရှိနေပါသည်။ သည်နေရာမတော့ အေးအေးဆေးဆေးနှင့် သင် အပန်းဖြေချင်မည်မဟုတ်ပေ။ သို့သော်လည်း ထိုနေရာ၌ ထူးခြားကောင်းမွန်သည့် အသေးစားစွန့်စားမှုလေး နှစ်ခုကိုတော့ဖြင့် သင် လုပ်နိုင်ပါသေးသည်။

ဆိပ်ကမ်း (တည်နေရာ ၁၆.၇၃၃၄၃, ၉၄.၃၆၄၆၇၈) မှာ သင် မေးမြန်းလျှင် သင့်ကို ဆင်မကျွန်း (၁၆.၇၄၇၄၅၈, ၉၄.၃၅၉၃၅၂) ကိုပို့ပေးမည့် တံငါသည်တစ်ယောက်ကို ရှာတွေ့နိုင်မည်ဖြစ်သည်။ ပင်လယ်ကမ်းစပ်မှ ၂၀ မိနစ်ကြာသွားရသော အလွန်လှပသည့် ကျွန်းကလေးတစ်ကျွန်းဖြစ်သည်။ ယင်းကျွန်းတွင် သဲဖြူများ၊ အရိပ်အာဝါသများရှိနေပြီး တကိုယ်တည်း တံငါသည်ကြီးမှလွဲ၍ တခြားမည်သည့်အရာမျှမရှိ။ ကျွန်တော့်အကြံပြုချက်မှာ ကျွန်းပေါ်အပန်းဖြေစဉ် သင့်တံငါလှေပေါ်မှာ ဘီယာဘူးများတင်ကာ တစိမ့်စိမ့် အရသာခံသောက်ဖို့ပါ။

သင် ကမ်းခြေပြန်ရောက်ရင် မြန်မာနိုင်ငံမှာ ခုန်ချလို့အကောင်းဆုံးနေရာ တစ်ခုဖြစ်သော ဆင်မတံတား (၁၆.၇၂၈၄၃၆, ၉၄.၃၆၈၇၁၇) ကို လေ့လာကြည့်လိုက်ပါ။ ရေက နှစ်ဘက်စလုံးနက်ပါသည်။ သို့ပေမဲ့ ခုန်မချခင်တော့ ရေကူးကြည့်ပြီး ကြိုတင်သတိလေးထားကာကွယ်လိုက်ပါ။ ရှူးဖိနပ်တော့ ဝတ်ဖြစ်အောင်ဝတ်ပါ။ တံတားမှာ လက်ရန်းကို ကုတ်ကပ်တွယ်တက်စဉ် သင်ကိုယ်သင်မေးရလောက်အောင် အမှန်တကယ်မြင့်ပါသည်။ ဒီစိတ်ကူးကောင်းပါရဲ့လားဟုမေးရင် အဖြေက ဟုတ်ပါသည်ပေါ့ခင်ဗျာ။

approaching_sinma_kyun.jpg

ဆင်မကျွန်းဆီသို့။ ဓာတ်ပုံ – ဒိုးမနစ်ဟော်နာ

ဂေါ်ရင်ဂျီတောင်ဘက်

ဂေါ်ရင်ဂျီသည် လျှော့တွက်ခံရသည့် နေရာတစ်ခုဖြစ်သည်။ ယင်းမှာ ထွန်းကားဖွံ့ဖြိုးစ ကမ်းခြေအပမ်းဖြေနေရာ တစ်ခုဖြစ်နေသေးသော်လည်း သွားရောက်လည်ပတ်ရန် အကြောင်းပြချက်ကောင်းများစွာရှိသည်။ အထူးသဖြင့် ဂေါ်ရင်ဂျီ၏တောင်ဘက်ကမ်းရိုးတန်းမှာ လုံးဝမထိခိုက်မပျက်စီးသေးပေ။ ဂေါ်ရင်ဂျီကို လည်ပတ်ဖို့ ရွေးချယ်စရာများတွင် တနေ့တာအချိန်တိုအတွင်း နှံ့စပ်စွာလည်ပတ်ခြင်း၊ သို့မဟုတ် ပိုပြီးအပန်းဖြေနိုင်သည့် နှစ်ရက်တာခရီးစဉ်တို့ပါဝင်သည်။ ကျွန်တော်ကတော့ နှစ်ရက်ခရီးကို ထောက်ခံချင်ပါသည်။ နောက် ပတ္တမြား အပန်းဖြေရိပ်သာမှာ ညအိပ်ရန်ဖြစ်ပါသည်။

တောင်ကုန်းလေးများကိုဖြတ်ကာ တောင်စူးစူးသို့ ကမ်းခြေဦးနှင့် ငှက်ပျောချောင်းကမ်းခြေများ (၁၆.၄၆၆၇၂၄, ၉၄.၂၆၃၆၁၆) ကိုတွေ့သည်အထိ ရောက်အောင်သွားပါ။ စိတ်ချမ်းမြေ့ဖွယ် ပကတိ သဲတို့ဖြင့် အတိပြီးသော ၆ ဒသမ ၅ ကီလိုမီတာရှည်သော အပိုင်းကန့်တစ်ပိုင်းလည်းဖြစ်သည်။ အဆိုပါဧရိယာရှိ တံငါသည် အသိုင်းအဝိုင်းများမှာ ကမ်းစပ်နှင့်အဝေးတွင် သက်သောင့်သက်သာ အခြေကျနေသည်။ ယင်းအခြေအနေက အမှိုက်မရှိသလောက်ဖြစ်စေကာ ရင်သပ်ရှုမောဖွယ် ပင်လယ်ကမ်းရိုးတန်းကြီးများအဖြစ်သို့ ရောက်ရှိစေသည်။

ငှက်ပျောချောင်း၏တောင်ဘက်စွန်းတွင် ပတ္တမြား အပန်းဖြေရိပ်သာ (၁၆.၄၁၅၇၀၀, ၉၄.၂၅၂၃၀၆) ကို တွေ့ရမည်ဖြစ်သည်။ ယင်းမှာဂေါ်ရင်ဂျီတောင်ဘက်တွင် ခုထိတော့ တစ်ခုတည်းသော ဟိုတယ်ဖြစ်သည်။  ယင်းနေရာတွင် နေ့လယ်စာစားက ပုဂံနှင့် ရတနာကျွန်းများ(၁၆.၃၈၁၀၁၁, ၉၄.၂၁၄၄၂၀/ ၁၆.၄၂၀၇၃၄, ၉၄.၂၂၉၄၄၅) ဆီသွားဖို့ သင်္ဘောခရီးစဉ်တစ်ခု စီစဉ်နိုင်သည်။

နောက်နေရာတွင် လတ်ဆတ်သောသံပခြုပ်များကို စားသုံးနိုင်သည်။ စားဖို့လှမ်းမှာအပြီး တံငါသည် တစ်ယောက်သည် ထိုးထိုးထောင်ထောင်သံပခြုပ်တစ်ပုံကို ပဲကြီးရေပွလက်များဖြင့် ဆုပ်ယူကာ ကျွန်တော်တို့စားပွဲသို့ရောက်လာပြီး သံပခြုပ်များခွဲ၍ ကျွန်တော်တို့ဖန်ခွက်ထဲကို မက္ကဆီကိုအရက်ပြင်းစတိုင် ခွက်လည်ပင်းထိ လောင်းထည့်ပေးသည်။ ယင်းက ဦးနှောက်ဟင်းချိုပြစ်ပြစ်နှင့်ပင် တူသေးသည်။ သို့သော် အရသာက ကောင်းလှသည်။

about_to_tuck_into_a_plate_of_fresh_sea_urchins_on_yadanar_island.jpg

ရတနာကျွန်းပေါ်၌ လတ်လတ်ဆတ်ဆတ်သံပခြုပ်များကို စားသုံးသူအတွက်ပြင်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – ဒိုးမနစ်ဟော်နာ

ရွှေသောင်ယံနှင့် ဝန်းကျင်

ချောင်းသာမြောက်ဘက် တစ်နာရီပင်မသွားရသောနေရာမှာ ရွှေသောင်ယံ တည်ရှိသည်။ ရွှေသောင်ယံသည် ဧရာဝတီ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အပန်းဖြေနေရာသစ်များထဲက တစ်ခုဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျွန်တော်တို့၏ နောက်ဆုံးခရီးစဉ်တွင် ရွှေသောင်ယံဟိုတယ်မှာ တစ်ခုတည်းသော တည်းခိုစရာ ဖြစ်ခဲ့သည်။ သို့ပေမဲ့ ခုတော့ဖြင့် နောက်ထပ်ရွေးချယ်စရာ တည်းခိုစရာများ ရှိနေပြီဖြစ်သည်။

သည်နေရာမှာ တနေ့လုံး ဘာမှမလုပ်ဘဲ နားနေတာကိုက တနေ့တာကို အကောင်းဆုံးဖြတ်သန်းလိုက်တာပါပဲ။ သည်ရွှေသောင်ယံကမ်းခြေကို ကောင်းကောင်းထိန်းသိမ်းထားပြီး ဟိုတယ်ရှေ့ တိုတောင်းသော ကမ်းရိုးတန်းတကြောမှာ လှည့်လည်ရောင်းချသည့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များက ပင်လယ်ခရုလို ထူးဆန်းသော ပင်လယ်စာများကို ပြင်ဆင်ပေးနိုင်ကြသည်။ ယင်းကမ်းခြေတွင် အားပါးတရ အပန်းဖြေပြီးသည်နှင့် သင့်တံခါးဝတွင် အပျော်ခရီးအချို့က ရှိနေသည်။ ယင်းခရီးများက သင့်ရွှေသောင်ယံအတွေ့အကြုံကို နှစ်လိုဖွယ်ကမ်းခြေခရီးစဉ် တစ်ခုအဖြစ်မှ မမေ့နိုင်သော စွန့်စားခန်းအဖြစ် တိုးမြှင့်ပေးမည်ဖြစ်သည်။

ပထမဆုံးက လမုတောခရီးစဉ်ဖြစ်သည်။ ရွှေသောင်ယံတွင် ထိန်းသိမ်းထားသည့် ကျယ်ပြောလှသော လမုတောဧရိယာကြီး တစ်ခုရှိပြီး ယင်းနေရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက မိချောင်းများမရှိတော့ပါ။

အခကြေးငွေနည်းနည်းလေးဖြင့် နေ့ဝက်ခရီးကို သင်စီစဉ်နိုင်သေးသည်။ ယင်းခရီးစဉ်အတွင်း ကြွယ်ဝသည့် ဇီဝမျိုးစုံမျိုးကွဲ စိမ်းလန်းသောဂေဟစနစ်ကို သင့်လှေဖြင့် ကွေ့ပတ်ဖြတ်သန်းရင်း ရဲရင့်သည့် စူးစမ်းရှာဖွေသူအဖြစ် ဆင်နွှဲနိုင်သည်။ ယင်းခရီးအဆုံးတွင် သင့်အမည်ရေးထိုးထားသော မော်ကွန်းပြားတစ်ခုဖြင့် လမုပင် တစ်ပင်စိုက်နိုင်သည့် အခွင့်အရေးလည်း သင်ရရှိဦးမည်ဖြစ်သည်။

နောက်နေ့တွင် ဂျိတ်လက်ကျွန်းဆွယ်သို့ လှေတစ်စင်းဖြင့် ခရီးသွားခြင်းဖြင့် နောက်ထပ်အံ့ဖွယ်စွန့်စားခန်း တစ်ခုထပ်လုပ်ရန် အသင့်ပြင်ပါ။ ယင်းကျွန်းဆွယ်သို့ လှေတစ်စင်းဖြင့်သွားဖို့ စီစဉ်နိုင်သည့်ဆိပ်ကမ်း (၁၇.၁၅၁၇၀၆, ၉၄.၅၀၄၇၆၀) သို့ ဦးတည်သွားရမှာပါ။

ကျွန်တော်က စကားပြေကို ရွှန်းရွှန်းဝေအောင်ရေးလေ့ရှိသည်ကို ဟိုးတုန်းကတည်းက စာဖတ်လာသူများ သိမှာပါ။ သို့ပေသည့် သည်မြန်မာနိုင်ငံ၏ အစွန်အဖျားနေရာများက ဘယ့်ကလောက်ကြီးကြယ်ခမ်းနားသည်ကို ရေးပြရန်မှာ ခက်ခဲလှသည်။ ဂျိတ်လက်ရွာသို့ သွားသည့်လမ်းတွင် လုံးဝနီးပါး ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေသော ကမ်းခြေနှစ်ခုဖြစ်သည့် မီးလင်းချိုင့်နှင့် ဇီးချိုင် (၁၇.၂၅၅၆၆၄, ၉၄.၄၉၆၃၂၁/ ၁၇.၂၈၇၆၈၈, ၉၄.၅၀၁၁၂၆) တို့တွင် ရပ်နားလေ့လာနိုင်သည်။ ဇီးချိုင်တွင် အပျော်ခရီးထွက်သူများအတွက် စခန်းချသည့်နေရာ Bay of Treasure Host ရှိသည်။

ထိုကမ်းခြေနှစ်ခုစလုံးကို မြင်သည်နှင့် သဲဖြူ၊ မြစိမ်းရောင်ရေပြင်၊ ကောင်းမွန်သည့်အကြောင်းပြချက်စသည့် အဖန်တရာတေနေသော စကားအသုံးအနှုန်းများကို သတိရမိသည်။ ဂျိတ်လက်ကျေးရွာတွင် နေ့လယ်စာစားဖို့ နားလိုက်ပါဦး။ ယင်းရွာတွင် နိုင်ငံခြားသားများ အဆင်ပြေစွာတည်းနိုင်သည့် တစ်ခုတည်းသော ဧည့်ရိပ်သာ (၁၇.၂၉၈၇၉၆, ၉၄.၅၁၂၃၄၄) ရှိပြီး ယင်းနေရာတွင် အရည်ရွှန်းသော ပုဇွန်တုပ်ကြီးများအပါအဝင် လတ်ဆတ်သည့် ပင်လယ်စာများ ရရှိနိုင်သည်။ နေ့လယ်စာစားပြီးရင်တော့ ကျွန်းကိုလှည့်ကြည့်ချိန်ရောက်ပါပြီ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားသော လေဒီကျွန်း Lady Island (၁၇.၃၁၄၂၇၀, ၉၄.၅၀၃၁၇၇) သည် ထိုကျွန်းနှစ်ခုထက်ပိုကြီးသည်။ ကမ်းခြေက မခမ်းနားသည့်တိုင် ကြည်လင်သောရေပြင်က ထူထပ်သည့် သစ်တောနောက်ခံနှင့်ပေါင်းစပ်ကာ တသက်မမေ့နိုင်စရာ ရေကူးနိုင်သည့်အနေအထားကို ဖန်တီးပေးနိုင်သည်။

နောက်ဆုံးဆိုသော်လည်း ချန်ထားလို့မရသည့် ဗျိုင်းကျွန်း(၁၇.၃၀၅၅၃၂, ၉၄.၅၂၇၂၃၀) ကို ဦးတည်လိုက်ပါ။ သေးငယ်ပြီး ကျောက်ဆောင်ပေါများသည့် သည်ကျွန်းကို မိနစ်၂၀ အတွင်း လျှောက်သွားနိုင်သည်။

ကျောက်လွှာဖွဲ့စည်းမှုများနှင့် မြင်ကွင်းကျယ်ရှုခင်းများက ဓာတ်ပုံဆရာတို့အကြိုက်ဖြစ်ပြီး ပင်လယ်အော်မှာ သေးငယ်သော်လည်း ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်သည်။ ထို့အပြင် ရွှေသောင်ယံသို့မပြန်မီ နေဝင်ချိန်နေလုံးကြီးကို စောင့်ကြည့်ရန် အလွန်ကောင်းသောနေရာလည်းဖြစ်သည်။

planting_a_tree_during_the_mangrove_tour.jpg

လမုတောလေ့လာရေး ခရီးစဉ်၌ လမုပင်စိုက်ပျိုးပေးနေစဉ်။ ဓာတ်ပုံ – ဒိုးမနစ်ဟော်နာ

အချိန်ဘယ်လောက် လိုအပ်မည်လဲ

ဆင်မအတွက် တစ်ရက်၊ ဂေါ်ရင်ဂျီတောင်ဘက်အတွက် တစ်ရက်၊ သို့မဟုတ် နှစ်ရက်နှင့် ရွှေသောင်ယံအတွက် နှစ်ရက်၊ သို့မဟုတ် သုံးရက် အချိန်ပေးပါ။

ခရီးစဉ်သွားရောက်ခြင်း

ရွှေသောင်ယံကို ကားဖြင့်သွားနိုင်သော်လည်း ဆင်မနှင့် ဂေါ်ရင်ဂျီကို သွားရန် ဆိုင်ကယ်တစ်စီးလိုမည်ဖြစ်သည်။

သွားရောက်ရန် အကောင်းဆုံးအချိန်

မုတ်သုန်ရာသီမှအပ မည်သည့်အချိန်မဆို သွားနိုင်ပြီး နိုဝင်ဘာမှ မေလအတွင်း အန္တရာယ်ကင်းသည်။

ဘယ်မှာနေမလဲ

ဆင်မမှာတော့ နေလို့မရသလို သင်လည်းနေချင်မည်မဟုတ်။ ငွေဆောင်သို့ နောက်ကြောင်းပြန်လှည့်ရမည်။ ဂေါ်ရင်ဂျီအတွက် ကျွန်တော့်ထိပ်တန်းရွေးချယ်မှုမှာ Adventure Paradise ဖြစ်ပြီး အလွန်ကောင်းသည့် ကမ်းခြေဘားဖြစ်ကာ Hotel Shwe Thaung Yan ကတည်းရန်အကောင်းဆုံးဖြစ်သည်။ အဲသည်မှာ ရေကူးကန်၊ စားသောက်ဆိုင်ကောင်းကောင်းရှိသည့်အပြင် လမုတောခရီးစဉ်ကိုလည်း စီစဉ်ပေးနိုင်သည်။

သဘာဝရေပြင်စီးရီးနှင့်ပတ်သက်၍

ယခုဆောင်းပါးသည် ကျွန်တော်၏ မြန်မာနိုင်ငံ သဘာဝရေပြင်စီးရီးများထဲက အပိုင်း ရှစ်ဖြစ်ပြီး စာရှုသူများကို ရေကန်များ၊ မြစ်များ၊ ချောင်းများ၊ ရေကာတာများ၊ ရေတံခွန်များနှင့် နိုင်ငံတဝန်းရှိ ဝေးလံလှသည့် ပင်လယ်ကမ်းခြေများဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရွှေသောင်ယံကမ်းခြေမှ မိခင်တစ်ဦးနှင့်သူ့ရင်သွေး။ ဓာတ်ပုံ – ဒိုးမနစ်ဟော်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.