မြောက်ဦးမြို့ဟောင်းက အပုပ်နံ့ထနေတဲ့ ခြစားမှုတွေ

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးသမိုင်းဝင်နေရာကို ပြန်လည်ပြင်ဆင်မွမ်းမံဖို့ လျာထားငွေတွေ တိုးမြင့်လာခဲ့တာ ၂၀၁၁ ခုနှစ်ကတည်းက ဆိုပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ မြင့်မားလာတာ မတွေ့ရပါဘူး။

မြတ်ကျော်သူ ရေးသားသည်။

မြန်မာနိုင်ငံအနောက်ပိုင်းမှာ ၁၄၂၉ ခုနှစ်ကနေ ၁၇၈၅ ခုနှစ်ကြား နန်းစိုက်ခဲ့တဲ့ ရခိုင်ဘုရင်မင်းဆက်ရဲ့ အကြွယ်ဝဆုံး အမွေအနှစ်တွေထဲက တစ်ခုကတော့ ကုလားတန်မြစ်နားက မြောက်ဦးမြို့ ပတ်ပတ်လည်မှာ တည်ထားခဲ့တဲ့ ရာနဲ့ချီတဲ့ စေတီပုထိုးတွေပဲ ဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒေသ အနည်းငယ်ကို ကြီးစိုးခဲ့တဲ့ ရခိုင်ဘုရင်မင်းဆက်တစ်လျှောက် စေတီပုထိုးများစွာ တည်ထားခဲ့တယ် ဆိုပေမဲ့ ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသား ပြတိုက်တို့ရဲ့ အဆိုအရ မြောက်ဦးမြို့အတွင်း စေတီပုထိုးပေါင်း ၃၀၀ ခန့်သာ ရှိတယ်လို့ ဆိုတယ်။ မြောက်ဦးဟာ ပုဂံပြီးရင် မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံး သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ တူးဖော်ဖို့ ကျန်နေသေးတဲ့ စေတီပုထိုးများစွာ ရှိနေနိုင်ပါသေးတယ်။

မြောက်ဦးမြို့အတွင်းက ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်တူးဖော်ဖို့ ရခိုင်ပြည်နယ်အစိုးရက ပမာဏများပြားတဲ့ ဘတ်ဂျက်တွေ ချထားပေးခဲ့ပြီး ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံရေး စီမံကိန်းတွေကိုလည်း ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်တာကာလ ကြာပြီးတဲ့ဒီနေ့မှာ ထူးထူးခြားခြား ပြင်ဆင်မွမ်းမံနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

မြို့တော်ရဲ့ အထင်ကရ ရှေးဟောင်းစေတီပုထိုး နှစ်ဆူဖြစ်ကြတဲ့ ရှစ်သောင်းဘုရားနဲ့ ကိုးသောင်းဘုရားတို့ကို ပြန်လည်ပြင်ဆင်တဲ့နေရာမှာလည်း မြောက်ဦးမြို့က တခြားရှေးဟောင်းနေရာတွေကို တူးဖော်လုပ်ဆောင်တဲ့အတိုင်း ခေတ်ပေါ်နည်းပညာတွေ၊ ကွန်ကရစ်တွေ အသုံးပြုကာ ပုံစံတူပြန်လည် ပြုလုပ်နေတာကို တွေ့ခဲ့ရတယ်။

“ဒါက ထိန်းသိမ်းတာ မဟုတ်ဘူး၊ ပျက်စီးအောင် ဖျက်ဆီးနေတာ”လို့ မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက Frontier ကို ပြောပါတယ်။ “မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ် မြေနေရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုဟာ သုညအဆင့်မှာပဲ ရှိနေသေးတယ်”လို့ သူက ရှေးဟောင်းလက်ရာတွေ ပြန်လည်မွမ်းမံရာမှာ ကွန်ကရစ်တွေ သုံးလာတာကို ဝေဖန်ပြောကြားခဲ့ပါတယ်။ “ဘုရားပုထိုးတွေဟာ ၂၀၁၅ ပုံစံတွေ ဖြစ်ကုန်ပြီ။ တကယ့်မူရင်း မြောက်ဦး မဟုတ်တော့ဘူး၊ ကျွန်မ တော်တော်ဝမ်းနည်းတယ်”လို့ သူက ဆိုပါတယ်။

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ကို၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ ရှေးဟောင်းသုတေနပညာရှင်များနဲ့ စာပေပညာရှင်များက တည်ထောင်ခဲ့တာဖြစ်ပြီး အဆောက်အအုံတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အလေးထားနိုင်တဲ့ ရှေးဟောင်းနည်းပညာတွေကို ပြန်လည် ဖော်ထုတ်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ အကျိုးအမြတ်မရှာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

“ရှေးဟောင်းသုတေသနဌာနက ပြင်ဆင်တာတွေကို စောင့်ကြည့်တာမျိုး၊ ပြန်လည်စစ်ဆေးတာမျိုးတွေ မရှိဘူး။ တကယ်လို့ သူတို့ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် အားလုံး မူလပုံစံက ကွဲထွက်ပြီး ပုံစံသစ်တွေ ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကိုလည်း မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး”လို့ ဒေါ်ခင်သန်းက ဆိုပါတယ်။ အဲဒီနောက် “ပြောရရင် ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသားပြတိုက်တို့က မြောက်ဦးမြို့ကိုဖျက်ဆီးဖို့ တရားဝင်ခွင့်ပြုချက် ရထားသလိုပဲ”လို့ သူက ဝေဖန်ပါတယ်။

Sunset in Mrauk U. (Mratt Kyaw Thu / Frontier)

Sunset in Mrauk U. (Mratt Kyaw Thu / Frontier)

ဖွံ့ဖြိုးတိုးတက်မှုနဲ့ နောက်ဆက်တွဲကိစ္စရပ်တွေ

မြောက်ဦးမြို့၊ မြို့တွင်းက လူနေအိမ်နေရာတွေ၊ အစိုးရဌာန အဓိကအဆောက်အအုံတွေကို ပြောင်းရွှေ့သင့်တာတွေ ပြောင်းပြီး ယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာ အဆောက်အအုံသစ်တွေ ထပ် မဆောက်ကြဖို့ ပြည်နယ်အစိုးရက ကြေညာချက် ထုတ်ထားပါတယ်။

ဟိုတယ်ဇုန်ဟာ မြို့ရဲ့ ဆွဲဆောင်မှု အရှိဆုံးနေရာဖြစ်တဲ့ နန်းတော်ကုန်းနားမှာ ရှိနေပါတယ်။ မြို့ကို လာရောက်လည်ပတ်သူတွေ များပြားလာတဲ့အတွက် ဟိုတယ်တွေ ထပ်မံ ဆောက်လုပ်လာကြပြီး မြို့တွင်းအဆောက်အအုံသစ်တွေ ဆောက်လုပ်တာကို ရပ်နားဖို့ ဌာနဆိုင်ရာက ညွှန်ကြားချက်တစ်ရပ် ထုတ်ထားတဲ့အပြင် မြို့တွင်း ရှေးဟောင်းအမွေအနှစ်နေရာတွေကို ကာကွယ်ဖို့နဲ့ အဆောက်အအုံသစ်တွေ ဆောက်လုပ်တာကို ကန့်သတ်ထားတဲ့ ဥပဒေကို ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပေမဲ့ ရခိုင်ပြည်နယ်အစိုးရက ဟိုတယ်တွေ ဆောက်လုပ်ဖို့ ပါမစ်တွေ ချထားပေးခဲ့ပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်တွေ ဟိုတယ်ဆောက်နိုင်ဖို့ ဒေသအစိုးရကနေ ပါမစ်တော်တော်များများ ချပေးခဲ့တယ်”လို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်စိုးက ပြောပါတယ်။ မြို့တွင်းက ရှေးဟောင်းသုတေသနဌာနအနေနဲ့ ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိဘဲ “ဒေသအာဏာပိုင်တွေဟာလည်း ဒီလုပ်ဆောင်မှုတွေထဲ ပါဝင်နေကြတယ်”လို့ သူက ဆိုပါတယ်။

Monks inspect ruins in Mrauk U. (Mratt Kyaw Thu / Frontier)

Monks inspect ruins in Mrauk U. (Mratt Kyaw Thu / Frontier)

ပွင့်လင်းမြင်သာမှုမရှိ

မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် မြေနေရာထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ရှိတာက ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသားပြတိုက် ဖြစ်ပါတယ်။ ဌာနရဲ့ရုံးချုပ်က စစ်တွေမြို့မှာရှိပြီး ဇုန်အတွင်း ပါမစ်ထုတ်ပေးဖို့နဲ့ တခြားလုပ်ငန်းတွေ စီမံကွပ်ကဲဖို့ လုပ်ငန်းတွေအပါအဝင် စည်းမျဉ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်ပါတယ်။ လွန်ခဲ့တဲ့ သုံးလကတော့ ဇုန်အတွက် တာဝန်တွေကို မြောက်ဦးမြို့က ဌာနကို လွှဲပြောင်းပေးခဲ့ပြီး ဦးငြိမ်းလွင်က ညွှန်ကြားရေးမှူးအသစ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

“မြောက်ဦးနဲ့ပတ်သက်တဲ့ ကိစ္စတွေက ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး”လို့ စစ်တွေဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ခင်က Frontier ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်အတွင်း မြောက်ဦးမြို့အတွက် မပြီးဆုံးသေးတဲ့ စီမံကိန်းတွေ အပါအဝင် ဌာနဆိုင်ရာ လုပ်ဆောင်မှုတွေကို စစ်တွေရုံး တစ်ရုံးတည်းက စီမံကွပ်ကဲခဲ့တာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ဘတ်ဂျက်ငွေပမာဏကို ပြည်နယ်အစိုးရက ခွင့်ပြုပေးပါတယ်။ ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၁၁-၁၂ ခုနှစ်အတွင်း မြောက်ဦးမြို့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် ချထားပေးခဲ့တဲ့ ငွေပမာဏက ကျပ်ငွေ ၈၄ သိန်း (လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၆၇,၈၀၀) ရှိပါတယ်။

နောက်တစ်နှစ်မှာတော့ ပြည်နယ်အစိုးရက ဘတ်ဂျက်ငွေပမာဏကို ရှစ်ပုံတစ်ပုံလောက် တိုးမြှင့်လိုက်ပြီး ကျပ် သိန်းပေါင်း ၆၅၀ ရှိခဲ့ပေမဲ့ ၂၀၁၃-၁၄ ခုနှစ်မှာတော့ ကျပ်သိန်းပေါင်း ၅၅၀ ကို လျော့ကျသွားပါတယ်။

၂၀၁၄-၁၅ ခုနှစ်အတွက် မြောက်ဦးမြို့ကို ချထားပေးခဲ့တဲ့ ဘတ်ဂျက်ငွေပမာဏဟာ ကျပ်ငွေ ၆,၉၂၇ သိန်း အထိ မြင့်တက်ခဲ့ပြီး တစ်ဘက်မှာလည်း ပြည်ထောင်စုအစိုးရက ရှေးဟောင်းအမွေအနှစ်ဇုန်အတွက် ဘတ်ဂျက်ကျပ်ငွေ ၅၃၂ သိန်း ချပေးခဲ့ပါသေးတယ်။

အဲဒီဘဏ္ဍာနှစ်အတွင်း မြောက်ဦးမြို့မှာ အမျိုးသားပြတိုက် တည်ဆောက်ဖို့အတွက် ပြည်နယ်ဝန်ကြီး ဦးမောင်မောင်အုန်းက နောက်ထပ် ဘတ်ဂျက်ငွေ ကျပ် သိန်း ၃,၀၀၀ ထပ်မံ ချထားခဲ့ပေမဲ့လည်း ဒီငွေတွေကို ပြတိုက်အသစ် မတည်ဆောက်တော့ဘဲ အရင်က စုပေါင်းရုံးလို့ခေါ်တဲ့ ဗိသုကာလက်ရာမြောက် အုပ်ချုပ်ရေးဆိုင်ရာ ရုံးဟောင်းကြီး ပြင်ဆင်မွမ်းမံတဲ့နေရာမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅-၁၆ ခုနှစ်အတွင်း မြောက်ဦးအတွက် ဘတ်ဂျက်ခွင့်ပြုငွေဟာ ကျပ်သိန်း ၆,၃၉၀ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဝန်ကြီးဦးမောင်မောင်အုန်းနေရာကို အစားထိုးဝင်ရောက်ခဲ့တဲ့ ယာယီပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမြအောင်လက်ထက်မှာ မြောက်ဦးမြို့အတွင်း ဟိုတယ်နဲ့ တခြားအဆောက်အအုံ အများအပြား ပေါ်ထွက်ခဲ့တယ်လို့ မြို့တွင်းက သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Buddha statues at Mrauk U. (Mratt Kyaw Thu / Frontier)

Buddha statues at Mrauk U. (Mratt Kyaw Thu / Frontier)

အစိုးရသက်တမ်း ငါးနှစ်အတွင်း မြောက်ဦးမြို့ထိန်းသိမ်းရေးအတွက် စုစုပေါင်းဘတ်ဂျက်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် (၁၅,၁၃၈ သိန်း) ရှိပါတယ်။

စစ်တွေအခြေစိုက် အစိုးရဟာ မြောက်ဦးမြို့ထိန်းသိမ်းရေးစီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ရခိုင်အခြေစိုက် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူရာမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“အဲဒီဆောက်လုပ်ရေးကုမ္ပဏီတွေက ရှေးဟောင်းသုတေသနအမွေအနှစ်နဲ့ ရှေးဟောင်း လက်ရာတွေအကြောင်း နားမလည်ကြဘူး”လို့ ဒေါ်ခင်သန်းက ဆိုပြီး ရှေးဟောင်းသုတေသနဌာနအနေနဲ့လည်း ကျွမ်းကျင်သူတွေ လိုအပ်ခဲ့တယ်လို့ ပြောပါတယ်။

“ယဉ်ကျေးမှုအကြောင်း မသိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ ကန်ထရိုက်တွေ ပေးခဲ့တယ်”လို့ သူက စစ်တွေဌာနရုံးကို ရည်ညွှန်းပြောကြားပါတယ်။ ဥပဒေအရ ကျပ်သိန်း ၅၀ ထက်ပိုတဲ့ စီမံကိန်းဟာ တင်ဒါခေါ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ကစပြီး မြောက်ဦးမြို့မှာ လုပ်ဆောင်ခဲ့တဲ့ ကျပ်သိန်း ၁၀၀ ကျော်တဲ့ စီမံကိန်းတွေကို တင်ဒါခေါ်ယူခဲ့တဲ့ သက်သေမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၁၄ ခုနှစ်ကစပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၁၂ ခုဟာ မြောက်ဦးမြို့က စီမံကိန်းတွေအတွက် အစိုးရတင်ဒါတွေ အောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေဌာနရုံးဟာ မြောက်ဦးမြို့က ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေအတွက် တာဝန်မရှိဘူးလို့ ဦးကြည်ခင်က ဆိုပေမဲ့ ဌာနဟာ ဒေသဘတ်ဂျက်အောက်မှာ ရှိနေတဲ့ ခွင့်ပြုငွေတွေကို ဆက်လက် လက်ခံရရှိနေတယ်လို့  ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ဖြစ်တဲ့ ဦးထွန်းအောင်ဇံက ဆိုပါတယ်။

ရှေးဟောင်းဌာနဟာ ဆောက်လုပ်ရေးကုမ္ပဏီတချို့ကို တစ်ဆင့်ခံ ကန်ထရိုက်တွေ ထပ်ပေးထားသေးတယ်လို့ ယူဆရပါတယ်။

“အချို့ကိစ္စတွေက ပြောဖို့ တော်တော်ခက်ပါတယ်။ တချို့ဘတ်ဂျက်တွေကို ဆောက်လုပ်ရေးကုမ္ပဏီတွေကို ပေးပြီး ရှေးဟောင်းဌာနကလည်း တင်ဒါအောင်တဲ့အတွက် ဘတ်ဂျက်ရပါတယ်”လို့ ဦးထွန်းအောင်ဇံက ဆိုပါတယ်။

A man washes himself outside a Mrauk U temple. (Mratt Kyaw Thu / Frontier)

A man washes himself outside a Mrauk U temple. (Mratt Kyaw Thu / Frontier)

ဘယ်သူ့မှာ တာဝန်ရှိသလဲ

ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးက မြောက်ဦးမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအတွက် ငွေကြေးချမှတ်မှုတွေကို စောင့်ကြည့်ဖို့ တာဝန်ရှိတယ်ဆိုပေမဲ့ ငွေကြေးကို ဘယ်လိုအသုံးချခဲ့လဲ ဆိုတာနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ စာရွက်စာတမ်းတွေ မရှိဘူးလို့ ဦးထွန်းအောင်ဇံက  Frontier ကို ပြောကြားပါတယ်။

“ကျွန်တော်တို့က စာချုပ်တွေပဲ စစ်ဆေးနိုင်တာပါ။ ပါမစ်တွေနဲ့ ခွင့်ပြုမိန့်တွေကိုတော့ ဝန်ကြီးအဆင့်ကပဲ ချမှတ်ပါတယ်”လို့ သူက ဆိုပါတယ်။

နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ အထွေထွေ စာရင်းစစ်ရုံးအတွင်း အရာရှိအပြောင်းအလဲ မကြာခဏ ပြုလုပ်လေ့ရှိခြင်းပါပဲ။

အထွေထွေ စာရင်းစစ်ရုံးမှာ ရှိတဲ့ စာချုပ်တွေအရ စီမံကိန်းတွေကို သတ်မှတ်ထားတဲ့ရက်အတိုင်း မပြီးဆုံးခဲ့ပါက ကန်ထရိုက်တာတွေကို ပြစ်ဒဏ်ချမှတ်နိုင်ပေမဲ့ ခုချိန်အထိ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ ပြစ်ဒဏ်တစ်စုံတရာ ချမှတ်အရေးယူတာ မတွေ့ရသေးပါဘူး။

“စံနှုန်းမရှိတာ၊ ကျွမ်းကျင်မှုမရှိတာနဲ့ အကျင့်ပျက် ခြစားတာတွေကြောင့် ဒီလိုတွေ ဖြစ်နေရတာ”လို့ ဒေါ်ခင်သန်းက ဆိုပြီး “မြောက်ဦးမြို့က အကျင့်ပျက် ခြစားတာတွေကို လာမယ့်အစိုးရသစ်က အရေးယူသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်”လို့ သူက ဆက်လက်ပြောကြားပါတယ်။

ရဲထွဋ်သိန်းဘာသာပြန်သည်။

ဓာတ်ပုံများ – မြတ်ကျော်သူ/ Frontier

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.