ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့စဉ်က

ကုန်လွန်ခဲ့သော ၅၄ နှစ်ကာလ ၁၉၆၂ မတ် ၂ ရက်က အာဏာသိမ်းခဲ့သော အဖြစ်ဆိုးကြီးသည် ရာစုနှစ် တစ်ဝက်ကျော် ကြာခဲ့ပြီးသည့် ယနေ့တိုင် မြန်မာ့လူ့ဘောင်ဘဝကို ရိုက်ခတ်နေဆဲ ဖြစ်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

၁၉၆၂ ခု မတ်လ ၂ ရက် နံနက်စောစောတွင် ရန်ကုန်မြို့ လမ်းမကြီးများပေါ်သို့ တင့်ကားများ လှိမ့်ဝင်လာပြီး အတွင်းဝန်များရုံး၊ အစိုးရအိမ်တော်၊ တရားရုံးချုပ် အပါအဝင် အရေးကြီး အဆောက်အအုံကြီးများကို စစ်တပ်က ဝင်ရောက်စီးနင်း သိမ်းယူလိုက်သည်။

ဝန်ကြီးချုပ်ဦးနုနှင့် အခြားအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ သွေးမြေမကျသော အာဏာသိမ်းမှုဟု အချို့က ဆိုသော်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတစပ်ရွှေသိုက်၏ သားဖြစ်သူ စပ်မီမီသိုက်မှာ သူ့ဖခင်အား လာရောက် ဖမ်းဆီးကြသည်ကို ကာကွယ်ဖို့ ကြိုးစားရင်း ပစ်သတ်ခံလိုက်ရသည်။ အာဏာသိမ်း ဗိသုကာ ဗိုလ်နေဝင်းနှင့် သူ့အဖွဲ့သည် ထိုအချိန်မှစ၍ မာ့ခ်စ်ဝါဒ၊ ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးဝါဒတို့ကို ရောစနယ်ထားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်ကြီးကို ပွဲထုတ်လာသည်။

မဆလ လမ်းစဉ်ကြောင့် ထိုအချိန်က ဒေသတွင်းတွင် စီးပွားရေးအလားအလာ အကောင်းဆုံးနိုင်ငံ၏ စီးပွားရေးမှာ ချွတ်ခြုံကျအောင်ကို ဖျက်ဆီးခံလိုက်ရပြီး မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားတော့သည်။ တစ်နှစ်ထက်တစ်နှစ် စားဝတ်နေရေး ကြပ်တည်းလာသော လူထု၏ဒေါသသည် ၁၉၈၈ ခုနှစ်တွင် ပေါက်ကွဲအုံကြွလာရာ မဆလအစိုးရ ပြုတ်ကျသွားခဲ့သည်။

width=

 ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်၍ ၁၉၆၂ ခုတွင် စစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်သည့်  တော်လှန်ရေးကောင်စီ အစိုးရသည် လူထုက ရွေးကောက်တင်မြှောက်ထားသော ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် ပြည်ထောင်စုပါတီ ပ ထ စ အစိုးရကို ဖြုတ်ချကာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။

သန့်မြင့်ဦးရေးသောThe River of Lost Footsteps စာအုပ်တွင် ဗိုလ်ချုပ်နေဝင်းသည် အနောက်တိုင်းပုံစံ အကများ၊ အလှမယ်ရွေးပွဲများကို ပိတ်ပင်တားမြစ်ခဲ့ပြီး သူကိုယ်တိုင်က မြင်းပွဲဝါသနာပါသူ ဖြစ်သော်လည်း ကျိုက္ကဆံ မြင်းပြိုင်ကွင်းအတွင်း ပြုလုပ်သော မြင်းပွဲများကို ပိတ်ပင်တားမြစ်လိုက်သည်။ အနောက်နိုင်ငံများမှ အဖွဲ့အစည်းများကို နိုင်ငံမှ နှင်ထုတ်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့တော့သည်။

၁၉၆၀ ပြည့်လွန် ဆယ်စုနှစ်များအတွင်း ဆူပူလှုပ်ရှားမှုများ တီထွင်ဖန်တီးမှုများဖြင့် မယုံကြည်နိုင်လောက်အောင် တိုးတက်ဖြစ်ထွန်းနေချိန်တွင် ဗိုလ်ချုပ်နေဝင်းနှင့် သူ၏ စစ်ဗိုလ်တစ်စုသည် မြန်မာနိုင်ငံ၏ တံခါးဝတွင် မည်သူမှ မနှောင့်ယှက်ရဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲလိုက်ကာ ဧကစာကျင့်၍ နေကြလေတော့သည်။

ဤသို့နှင့် ၁၉၆၀ ပြည့်လွန် ဆယ်စုနှစ်များသည် မြန်မာနိုင်ငံကို ဖြတ်ကျော်သွားခဲ့လေသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်သူ သန့်မြင့်ဦးက သူ၏ စာအုပ်တွင် ရေးသားခဲ့သည်။

ဦးညွန့်လွင်သည် ဗိုလ်နေဝင်း အာဏာသိမ်းစဉ်က ရှစ်နှစ်သား အရွယ်သာ ရှိသေးရာ ထိုနေ့က သူတို့ မိသားစုအိမ်မှ မြင်ခဲ့ရသောမြင်ကွင်းကို ပြန်ပြောင်းပြောပြသည်။

“ကျွန်တော်က စပ်ရွှေသိုက်နဲ့ ခြံချင်းကပ်လျက်နေတာ။ စပ်ရွှေသိုက်ရဲ့အိမ်က ကမ္ဘာအေးဘုရားလမ်းပေါ်က အခုပုလဲကွန်ဒိုမီနီယံနေရာပေါ့၊ အဲဒီမနက်က အဖြစ်အပျက် အားလုံးကို ကျွန်တော်မြင်လိုက်ရတယ်။

“ကျွန်တော်တို့ မိသားစုတတွေ ပြတင်းပေါက်က ချောင်းကြည့်နေကြတယ်။ စစ်ကားကြီးတွေ ဂွတ္တလစ်လမ်း(အခု ဆရာစံလမ်း) တစ်လျှောက် ဝင်လာပြီး ကျွန်တော်တို့ ခြံရှေ့မှာ ထိုးရပ်ကြတယ်။ စော်ဘွားအိမ်တော်ထဲက သေနတ်သံတွေလည်း ကြိုကြားကြိုကြား ကြားရတယ်။  စော်ဘွားသား စပ်မီမီသိုက် ပစ်သတ်ခံလိုက်ရတယ် ဆိုတာ နောက်မှသိရတယ်။

“အာဏာလည်း သိမ်းပြီးရော အခြေအနေတွေဟာ အားလုံးပြောင်းလဲသွားတယ်။  ဝန်ဆောင်မှုလုပ်ငန်းတွေ ဈေးဆိုင်တွေ ကုမ္ပဏီတွေအားလုံးကို နိုင်ငံပိုင် သိမ်းလိုက်တယ်။  ဒီဒဏ်ရာဒဏ်ချက်တွေကို နိုင်ငံရဲ့ကဏ္ဍစုံမှာ အခုထိ ကျန်ခဲ့တယ်လို့ ပြောလို့ရတယ်”  ဟု ဦးညွန့်လွင်က ပြောပြသည်။

ဗိုလ်နေဝင်း၏ နိုင်ငံပိုင်ပြုလုပ်ရေး ပေါ်လစီကြောင့် မြန်မာပြည်ပေါက် တရုတ်များနှင့် တောင်အာရှသားများ(အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်၊ အရောင်းအဝယ်သမားများ) အတော်ပင် ဒုက္ခရောက်ခဲ့ကြသည်။

typeof=

ဒေါ်မိပုံသည် အာဏာသိမ်းစဉ်က ခြောက်နှစ်သမီးသာ ရှိသေးသည်။ သူက လူချမ်းသာတွေနေသည့်  ရွှေတောင်ကြားက ဝင်ဒါမီယာမှာ ဝန်ကြီးချုပ်ဦးနုနှင့် တစ်ခြံတည်းတွင် နေထိုင်သူ ဖြစ်သည်။ “ခါတိုင်းလည်း လူတွေဟာ ကန့်ကွက်ဆန္ဒပြဖို့ ခြံနားလာနေကျပါ။ ဒါပေမဲ့ အဲဒီနေ့ကတော့ လာတဲ့လူတွေ တော်တော်များတယ်”ဟု ဒေါ်မိပုံက သူမှတ်မိသမျှ ပြန်ပြောပြသည်။

“လူကြီးတွေ ပြောနေတာ ကျွန်မ မှတ်မိတယ်၊ ဘဘကြီးဦးနုကို ဖမ်းသွားကြပြီတဲ့။  ဘဘကြီးကို ကျွန်မ ကောင်းကောင်း မှတ်မိတယ်။ ဘဘကြီးရဲ့ အိမ်ကို ကျွန်မတို့ မကြာမကြာ သွားကန်တော့လေ့ရှိတယ်။ သူ့ရဲ့ ကြင်နာတဲ့အပြုံးက အလွန်ချိုမြိန်ပြီး ဘာသာတရား အလွန် ကိုင်းရှိုင်းသူ ဖြစ်တယ်” ဟု ဒေါ်မိပုံက ပြောပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးနုအစိုးရ အဖွဲ့ဝင်များနှင့်အတူ ရှမ်းစော်ဘွားများလည်း အဖမ်းခံခဲ့ကြရသည်။ ဗိုလ်နေဝင်းက သူတို့ကို ရန်ကုန်ကို အစည်းအဝေးခေါ်ပြီး ဖမ်းထားလိုက်ခြင်း ဖြစ်သည်။

စဝ်ဟိုဆန် Sao Heio Hsenသည် တောင်ပိုင်း သိန္နီနယ် Hsenwi ၏မြို့တော် မိုင်းရယ် Mongyai ၏ နောက်ဆုံးစော်ဘွား စဝ်သိုဟုမ် Sao Hso Holm ၏ သမီးတော်တစ်ပါး ဖြစ်သည်။ အာဏာသိမ်းစဉ်က သူသည် လားရှိုးတွင် ပညာသင်လျက်ရှိပြီး ဖခင်ဖြစ်သူကမူ ရန်ကုန်သို့ ရောက်နေသည်။ ရန်ကုန်တွင် သူပိုင်အိမ် မရှိသောကြောင့် မိတ်ဆွေ၏ အိမ်တွင် တည်းခိုလျက်ရှိရာ စစ်ထောက်လှမ်းရေးက သူ့ကို အာဏာသိမ်းပြီး သုံးရက်အကြာ မတ်လ ၅ ရက်တွင်မှ ခြေရာခံတွေ့ရှိပြီး ဖမ်းဆီးလိုက်သည်။

“ဖေဖေ ထိန်းသိမ်းခံနေခဲ့ရတဲ့ ခြောက်နှစ်အတွင်း ဖေဖေ့ကို နှစ်ခါသုံးခါပဲ တွေ့ခွင့်ရခဲ့ပါတယ်” ဟု သမီး တော် စဝ်ဟိုဆန်က ပြောသည်။

ဖခင် အဖမ်းခံရသဖြင့် မိခင်ကြီးမှာ အကြီးအကျယ် စိတ်ထိခိုက်ခဲ့သည်။ မိခင်မှာ အခြားမဟာဒေဝီ (စော်ဘွားကတော်) များနည်းတူပင် သူ့ခင်ပွန်းစော်ဘွားကြီးကို ဖမ်းဆီးထားစဉ် ခြောက်နှစ်အတွင်း နှစ် ကြိမ် သုံးကြိမ်သာ တွေ့ခွင့်ရခဲ့သည်။

“၁၉၆၄ ခုနှစ်သစ်မှာ ကောလာဟလတွေ ကြားရတယ်။ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စော်ဘွားတွေကို ပြန်လွှတ်ပေးလိမ့်မယ်ဆိုတဲ့ သတင်းပါ။ အမေကတော့ ဒီသတင်းအမှန် ဖြစ်ပါစေလို့ ဆုတောင်းပြီး စိတ်တွေ အရမ်းလှုပ်ရှားနေရှာတယ်။ ဇန်နဝါရီ ၃ ရက် လွတ်လပ်ရေး အကြိုနေ့မှာ အမေက ရေချိုးခန်းထဲမှာ ရေချိုးနေရင်း ဦးနှောက်သွေးကြောပေါက်ပြီး နှစ်နာရီအကြာမှာပဲ ဆုံးသွားပါတယ်” ဟု သူ့မိခင် မဟာဒေဝီ၏ ရင်နင့်ဖွယ် အဖြစ်ဆိုးကို ပြန်ပြောပြသည်။

တကယ်တော့ သူ့ဖခင် စော်ဘွားကြီးကို နောက်ထပ် လေးနှစ်အကြာ ၁၉၆၈ ကျမှ လွှတ်ခဲ့ရာ စော်ဘွားကြီးမှာ နောက်ထပ်အနှစ် ၂၀ တိုင်တိုင် အသက်ရှင် နေထိုင်သွားခဲ့ပါသည်။

“အဖေ ပြန်လွတ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ အဖေဟာ ကျွန်မတို့ သိခဲ့တဲ့ အဖေနဲ့ လုံးဝမတူတော့ပါဘူး” ဟုဆိုသည်။

ဗိုလ်နေဝင်း၏ နိုင်ငံပိုင်ပြုလုပ်ရေး ပေါ်လစီကြောင့် မြန်မာပြည်ပေါက် တရုတ်များနှင့် တောင်အာရှသားများ(အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်၊ အရောင်းအဝယ်သမားများ) အတော်ပင် ဒုက္ခရောက်ခဲ့ကြသည်။

မြန်မာပြည်ပေါက် တရုတ် ဦးကက်နက်အောင် (နာမည်ရင်းမဟုတ်) ၏ အဘိုးအဘွားတို့သည် ၁၉၆၂ မတိုင်ခင်က မန္တလေးမြို့အနီးအနားတွင် ပဲပိစပ်စက်ရုံတစ်ရုံ ပိုင်ဆိုင်ကြသည်။ ကြာညို့၊ ပဲငံပြာရည်တို့ ထုတ်လုပ်သော၊ အလွန်လည်း စီးပွားဖြစ်ထွန်း အောင်မြင်သောလုပ်ငန်းတစ်ခု ဖြစ်သည်။

“ဗိုလ်နေဝင်းက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းမှန်သမျှ နိုင်ငံပိုင် သိမ်းပစ်တော့ ကျွန်တော့် အဘိုးမှာ သူပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးသွားတယ်၊ သူ့မှာ ကျွေးမွေးစောင့်ရှောက်ရမယ့် ကလေး ၁၀ ယောက်နဲ့ ဘာအလုပ်မှ လုပ်စရာမရှိဘဲ ကျန်ခဲ့တယ်။ မကြာခင်မှာပဲ တရုတ်ဆန့်ကျင်မုန်းတီးရေး၊ တရုတ်-ဗမာအရေးအခင်း ဖြစ်လာတော့ ကျွန်တော်တို့မှာ လမ်းပေါ်မှာတောင် ထွက်မျက်နှာမပြရဲအောင် ရှိခဲ့ကြတယ်” ဟု ၎င်းကပြောသည်။

၁၉၆၇ ခုနှစ်က ရန်ကုန်မြို့တွင် တရုတ်ဆန့်ကျင် မုန်းတီးရေး ဆူပူအကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ရာတွင် တရုတ်လူမျိုး ဒါဇင်ပေါင်းများစွာ အသက်ဆုံးခဲ့ကြသည်။

“စစ်တပ်အာဏာသိမ်းပြီး နှစ်အနည်းငယ်အတွင်းမှာပင် ကျွန်တော့် အဘိုးနဲ့အဘွား နှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်။ သူတို့ ဥစ္စာပစ္စည်းတွေ အသိမ်းခံရလို့ စိတ်ထိခိုက်သွားကြတာပါ။

“တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် အာဏာသိမ်းရတာပါ ဆိုရင်လည်း တိုင်းပြည်ငြိမ်သက် တည်ငြိမ်သွားပြီဆိုရင် အာဏာပြန်ပေးသင့်တာပေါ့။ ဗိုလ်နေဝင်းဟာ တိုင်းပြည်ကို ကမ္ဘာနဲ့ တံခါးပိတ် အဆက်အသွယ်ဖြတ်ပြီး စီးပွားရေးကိုလည်း အောက်ခြေကနေ အထက်ပိုင်းအထိ ပျက်စီးသွားအောင် ဖျက်ဆီးပစ်ခဲ့တယ်။ ဒီဒဏ်ရာတွေ တိုင်းပြည် ခုထိခံစားရတုန်းပါ” ဟု ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.